← Chapters

ရိုက်ကူးရေးဝန်ထမ်းများ ပြိုလဲခြင်း

Vol. 24 Ch. 347

ရိုက်ကူးရေးဝန်ထမ်းများ ပြိုလဲခြင်း

Vol. 24 Ch. 347

တိုက်ရိုက်ထုတ်လွှင့်ခြင်းမှ ကြည့်ရှုနေသော ပရိသတ်များလည်း နားဝေတိမ်တောင် ဖြစ်နေသည်။ သူတို့သည် ပေါ်ပေါ်တင်တင် ပါးစပ်ဟ၍ သည်းကြီးမည်းကြီး စားနေသော ပါဝင်သူများကို ပြူးကြည့်နေကြလေသည်။

[သောက်ကျိုးနည်း၊ ဟန်ဆောင်ကြပါ၊ ဆက်ပြီး ဟန်ဆောင်နေလိုက်ကြပါ၊ ဘယ်လိုလုပ် အဲ့ဒါက အရမ်း အရသာ ရှိမှာလဲ]

[ချီးပဲ၊ အဲ့လူတွေ သရုပ်ဆောင် မဟုတ်တာ နှမြောစရာပဲ၊ သူတို့ သေချာပေါက် အော်စကာဆု ရမှာ]

[သူတို့ သရုပ်ဆောင်ပုံက တော်တော် အသက်ဝင်တယ်၊ မျက်ရည်တွေတောင် ကျနေတာ၊ သူတို့ အဲ့လောက်ထိ ဟန်လုပ်ဖို့ လိုလို့လား]

[ဒီရှိုးပွဲက သေလောက်တယ်၊ ညသန်းခေါင်လောက်ဆို တကယ် သေစေနိုင်တာ၊ ငါ့ဗိုက်က ရုတ်တရက်ကြီး ဆာလာပြီ]

[ထပ်သည်းမခံနိုင်တော့ဘူး၊ ငါ့ပန်းတိုင်က ဝိတ်ကျဖို့ဟ]

…

ရှိုး၏ ရိုက်ကူးရေး အဖွဲ့သားများမှာမူ အရသာ ရှိသော မွှေးရနံ့၏ လွှမ်းခြုံခြင်း ခံထားရပြီး ကံဆိုးနေကြလေသည်။ ထိုမွှေးရနံ့ကို ဆိုးသွမ်းသော ကလေးတစ်ယောက်ဟုပင် သူတို့ ခံစားမိလာသည်။ ယင်းက သူတို့အနံ့အာရုံကို ဆက်တိုက် လာဆွပေးနေပြီး ပါးစပ်ထဲ ထို့နောက် လျှာအထဲထိ စိမ့်ဝင်လာပြီး သူတို့အား အဆက်မပြတ် တုန်ယင် လာစေသည်။

သူတို့သည် ရဲ့လင်းချန်နှင့် အဖွဲ့သားများ စားသောက်နေပုံကို ကြည့်ပြီး နှိပ်စက်မှုက ပိုဆိုးလာသည်ဟု ခံစား လာရသည်။ သူတို့ သွားများကို ကြိတ်၍ ထိန်းမနိုင်အောင် တုန်ယင်လာကြသည်။

“တောင့်ထား၊ အားလုံးပဲ တောင့်ထားကြ”

ကျန်းယုံ၏ တံတွေးက စီးကျနေသေးသည်။ သူ စကားပြောနေချိန်တွင် စီးကျလာသဖြင့် လက်ဖြင့် သုတ်လိုက် ရသည်။ သူ့မျက်လုံးများက နီရဲနေပြီဖြစ်သည်။

“မင်းတို့ရဲ့ ယောက်ျားသတ္တိကို ထုတ်သုံးစမ်းပါကွ၊ ဒါက အစားအသောက်လေးပဲ မဟုတ်ဘူးလား၊ ငါတို့ အညံ့မခံဘူးကွ”

ရိုက်ကူးရေးအဖွဲ့သားများ ခေါင်းညိတ်ကြသည်။

“သူတို့ ငါးခြောက်ကောင် စားပြီးတာကို ငါတို့ စောင့်နေဖို့ပဲ လိုတာ၊ အားလုံးပဲ တောင့်ထားကြဟေ့”

သူတို့အားလုံးက ခန့်မှန်းမရသော တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်နေရသကဲ့သို့ လေးနက်သော မျက်နှာထားများ ဖြစ်နေလေသည်။

“သွေးမပျက်နဲ့၊ ဒါရိုက်တာကျန်း ကျုပ် ငယ်ငယ်တုန်းက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးနောက်ကို လိုက်ပြီး ဓမ္မကို သင်ယူခဲ့တယ်၊ ဒီအခက်အခဲကို ဖြတ်ကျော်ဖို့ ကျုပ်တို့ကို အကူအညီဖြစ်စေနိုင်တဲ့ တရားစာ ရှိတယ်”

တစ်စုံတစ်ယောက်က ပြောသည်။

“ကောင်းတယ်၊ ရှောင်ကျန်း၊ ငါတို့ မင်းကိုပဲ အားကိုးရမယ်”

ကျန်းယုံက အားတက်နေသော မျက်နှာအမူအရာ ဖြစ်သွားလေသည်။

ရှောင်ကျန်းက ချက်ချင်း တင်ပျဉ်ခွေထိုင်၍ ‘နမော အာမိတဘ’ ဟု ရွတ်ဆိုလေသည်။

“အားလုံး လိုက်ဆိုကြ”

မကြာခင်မှာပင် ရိုက်ကူးရေး တစ်ဖွဲ့လုံးက တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။ အချိန် အတိုင်းအတာ တစ်ခုအထိ ဘုရားစာ ဆိုသံများကို အဆက်မပြတ် ကြားနေရပြီး အံ့ဩစရာ ကောင်းလှပေသည်။

“ခစ်ခစ်”

အာနယ်လ်သည် သူတို့ကို ကြည့်နေပြီးနောက် အသံကျယ်ကျယ်ဖြင့် ထရယ်လေသည်။

“ဒါရိုက်တာကျန်း၊ ရှင် ဘုရားစာကို သုံးပြီး ရှင့်ရဲ့ စားချင်စိတ်ကို ထိန်းချုပ်နေတာလား၊ ဒီဘုရားစာက ဘယ်လို အဓိပ္ပာယ် ရတာလဲဆိုတာကိုရော စဉ်းစားမိရဲ့လား”

တလေကလည်း ရယ်နေသည်။

“ဒါရိုက်တာကျန်း၊ ကျုပ် တစ်ခုခု ပြောဖို့ ကြိုးစားတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီစားကောင်း သောက်ဖွယ်တွေကို လက်လွှတ်လိုက်ရတာက တကယ်ကို တစ်ဘဝလုံး နောင်တရစေမှာ”

အစ်ကိုယန်ကလည်း စာနာသနားဟန်ဖြင့် ခေါင်းခါလေသည်။

သူတို့၏ မခံချင်အောင် ပြောသော စကားများနှင့် ရင်ဆိုင်ရသော်လည်း ကျန်းယုံက မကြားချင်ယောင်ဆောင်၍ သူ့ကိုယ်သူ ဘုရားစာထဲ အပြည့်အဝ စိတ်နှစ်ထားပုံရသည်။

ရဲ့လင်းချန် ပြုံးလိုက်ပြီး ငှက်ကင်ထံ လျှောက်သွားလိုက်သည်။

ဆက်၍ လောင်စရာမရှိတော့သောကြောင့် မီးက ငြိမ်းသွားလေပြီ။ သို့သော် ကြီးမားသော ရွှံ့လုံးကြီးက အငွေ့များ တထောင်းထောင်း ထနေဆဲဖြစ်ပြီး အနက်ရောင် ရွှံ့လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပုံ ရသည်။

“ဟုတ်သားပဲ၊ ငှက်ကင် ရှိသေးတာပဲ”

အာနယ်လ်က အလွန် စိတ်လှုပ်ရှားလာပြီး ပါးစပ်ထောင့်မှ အဆီများကို သတ်လိုက်သည်။ သူမက ရွှံ့လုံးအား မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေသည်။

ငါးတစ်ကောင်က သူတို့၏ အစာစားချင်စိတ်ကို မတင်းတိမ်နိုင်စေပါ။ ငါးကင်ကို မြည်းစမ်းပြီးနောက် သူတို့သည် ရဲ့လင်းချန်၏ အရည်အချင်းက နတ်ဘုရားတစ်ပါးနှင့် ညီမျှသည်ဟု ထင်မှတ်သွားကြသည်။

*အရသာ ရှိလိုက်တာ*

“ငှက်ကင်က မရသေးဘူးလား”

ချန်ရှောင်ယန်သည်လည်း နှုတ်ခမ်းကိုသပ်၍ ရွှံ့လုံးကို ငြိမ်ကာ ကြည့်နေသည်။ သူမပါးစပ်ဖျားတွင် ငါးကင်၏ အရသာရှိပုံကို ယခုအထိ ခံတွင်းတွေ့နေမိဆဲပင်။

“ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြ၊ ဒီအနံ့က တအားမွှေးမှာ”

ရဲ့လင်းချန်က လူတိုင်းကို ကြိုအသိပေးလိုက်သည်။

“ဝိုး … ရှင်က အဲ့လိုပြောမှ ကျွန်မ ပိုပြီး မျှော်လင့်နေမိပြီ”

အာနယ်လ်က သူမနှုတ်ခမ်းကို ပို၍ သပ်လာသည်။

“ငါးကင်ထက် ပိုမွှေးတာလား”

တလေက သိချင်စိတ် ပြင်းပြနေ၏။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“အများကြီး ပိုတယ်”

*အများကြီး ပိုတာလား*

ရိုက်ကူးရေး အဖွဲ့မှ လူများအားလုံး အံ့ဩသွားကြသည်။ ထို့နောက် သူတို့အားလုံး လှောင်ရယ်ကြလေသည်။

*ငကြွားကောင်၊ အဲ့လောက် ပိုမွှေးမယ်ဆိုရင် နတ်ပြည် ပို့လိုက်သလို ဖြစ်မသွားဘူးလား၊ မဖြစ်နိုင်လိုက်တာ*

သို့သော် သူတို့၏ ရွတ်ဆိုသံကို မသိမသာ မြှင့်လိုက်မိသည်။ မသိလျင် သူတို့၏ အသံက ငှက်ကင်၏ ရနံ့ကို လွှမ်းမိုးနိုင်သည်ဟု ထင်မှတ်နေပုံရသည်။

ထိုအချိန်မှာပင် ရဲ့လင်းချန်က မြေကြီးပေါ်က ကျောက်တုံးတစ်တုံးကို ကောက်လိုက်သည်။ ထို့နောက် ကျယ်လောင်သော အသံနှင့်အတူ ရွှံ့လုံးက အက်ကွဲကာ ပွင့်သွားလေသည်။

“ဝိုး”

ထိုအခါ ပြင်းပြသော မွှေးရနံ့က နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီးနောက် အလင်းကို မြင်လိုက်ရသကဲ့သို့ ထွက်ပေါ်လာ၏။ ယင်းက မီးတောင် ပေါက်ကွဲသကဲ့သို့ ပေါ်ထွက်လာသည်။

လက်ရှိတွင် ထိုရနံ့က လူမရှိသော ကျွန်းတစ်ခုလုံးသို့ ပျံ့လွင့်သွားပြီး ပုံရိပ်ယောင်တစ်ခု ဖြစ်လာသည်ဟုပင် ထင်ရလေသည်။ လူတိုင်း ထိုရနံ့ကို ရှူရှိုက်မိပြီး သူတို့စိတ်များ ကစဉ့်ကလျား ဖြစ်ကုန်သည်။

*မွှေးလိုက်တာ*

*မွှေးလွန်းတယ်*

“ဟင်”

အာနယ်လ် အံ့ဩမှင်တက်မိသွားသည်။ ရနံ့က ပြင်းလွန်းသဖြင့် သူမကို အသက်ရှူကြပ်စေသလို ခံစားလိုက် ရသည်။ ယင်းက သူမနှာခေါင်းကို ပိတ်၍ အသက်မရှူနိုင်အောင် လုပ်ထားသလိုပင်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ချန်ရှောင်ယန်နှင့် ကျန်လူများသည် လက်ရှိ သူတို့ ခံစားနေရပုံအား ဘယ်စကားနှင့်မှ မဖော်ပြနိုင် ဖြစ်နေသည်။ သူတို့၏ ဦးနှောက်များက ဗလာဖြစ်နေပြီး ရနံ့ထဲ ရစ်မူးနေ၏။

ဘုရားစာရွတ်သံသည်လည်း ချက်ချင်း ရပ်တန့်သွားသည်။ ရိုက်ကူးရေး အဖွဲ့မှလူများအားလုံး ပါးစပ်ကို တင်းနေအောင် စေ့ထားကြသည်။ အသက်အောင့်ထားသဖြင့် မွန်းကာ မျက်နှာ နီမြန်းလာ၏။ သူတို့ ပါးစပ်ဟလိုက်သည်နှင့် မွှေးရနံ့၏ ထိန်းချုပ်ခြင်း ခံစားရလိမ့်မည်ဟု ထင်မှတ်မိကာ ပို၍ အခက်တွေ့နေသည်။

သူတို့သည် အရိုးရှင်းဆုံး ဟင်းလျာဖြစ်သော ယာဂုနှင့် ပေါင်မုန့်ကိုသာ ညစာအဖြစ် စားထားရသည်။ အများစုက ဗိုက်မပြည့်သေးပေ။ ထိုစဉ် သူတို့ အစာအိမ်ထဲမှ တဂွီဂွီမြည်သံများ စတင် ထွက်ပေါ်လာပြီး အချိန်တစ်ခုအထိ မရပ်သွားချေ။

“ဂလု”

ထို့နောက် သူတို့၏ လည်ဇလုတ်က အထက်အောက် ရွေ့လာပြီး တံတွေးမျိုချသံကို ကျယ်လောင်စွာ အဆက် မပြတ် ကြားလိုက်ရသည်။

ကျန်းယုံ၏ ပါးပေါ်သို့ မျက်ရည်များ စီးကျလာသည်။

သူ သည်းမခံနိုင်တော့ပါ။ သူ တကယ် ဆက်၍ သည်းမခံနိုင်တော့ပေ။

*ဒါက ဘာလို့ အဲ့လောက် မွှေးရတာလဲဆိုတာကို တစ်ယောက်ယောက် ငါ့ကို ရှင်းပြပေးနိုင်မလား၊ ဒါ တရား မဝင်ဘူး၊ လုံးဝ တရားမဝင်ဘူး*

“အီးဟီးဟီး ငါ သည်းမခံနိုင်တော့ဘူး၊ ငါ ထပ်မခံနိုင်တော့ဘူး”

ရိုက်ကူးရေး အဖွဲ့ထဲမှ တစ်ယောက်က ရုတ်တရက် ထရပ်လာသည်။

“ဒါက အရမ်း မွှေးလွန်းတယ်၊ ငါ မစားနိုင်တဲ့အချိန်မှာ ဘာလို့ အဲ့လောက် မွှေးတဲ့ အနံ့ကို ရှူနေရတာလဲ၊ အီးဟီးဟီး …”

သူ့မျက်ရည်များက တာကျိုးသကဲ့သို့ စီးကျလာသည်။ သူသည် လောကတွင်း၌ အရက်စက်ဆုံး နှိပ်စက်မှုနှင့် ကြုံတွေ့နေရသကဲ့သို့ အငို မရပ်နိုင်ချေ။

“အခု ငါ့ရှေ့မှာ ငှက်ကင်ရဲ့ အနံ့ ရှိနေတယ်၊ ဒါပေမဲ့ ငါ စားလို့မရနိုင်ဘူး၊ ဒါထက် ဘာကမှ ပိုပြီး မနာကျင်နိုင်ဘူး၊ ဘာလို့ ဘုရားသခင်က ငါ့အပေါ် ရက်စက်လွန်းတာလဲ”

တစ်ယောက်က မျက်ရည်များကြောင့် ဝေဝါးနေသော အမြင်အာရုံနှင့် အော်ဟစ်လေသည်။

“ဟူးဟူးဟူး … ငါ တကယ် စားချင်တယ်၊ အမေရေ ကျွန်တော် အိမ်ကို လွမ်းလာပြီ၊ ကျွန်တော် ငှက်ကင် စားချင်တယ်လို့ ဟူးဟူးဟူး …”

ထို့အပြင် လူတစ်ချို့သည် တစ်ဖက်မှ လက်ကျန် ပေါင်မုန့်ကို ကောက်ယူလိုက်ပြီး ရှားပါး ရတနာတစ်ခုကို ကိုင်ထားသကဲ့သို့ သေချာ လက်ဖြင့် ကိုင်ထားလေသည်။

ထို့နောက် သူသည် မြင်ယောင်နေသော အမူအရာဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူက ပေါင်မုန့်ကို ကိုက်လိုက်သည်။

“အရသာ ရှိတယ်၊ အရသာ ရှိတယ်”

သူ အလွန် စိတ်လှုပ်ရှားနေပြီး ခပ်မြန်မြန် ဝါးစားလိုက်သည်။ ထိုမွှေးရနံ့နှင့်အတူ ပေါင်မုန့်ကို စားရခြင်းက အလွန် ကျေနပ်စရာ ကောင်းလှသည်။

အခြားသူများသည် ယာဂုကို ယူ၍ ထိုရနံ့နှင့်အတူ စတင် စားသောက်ကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် မြင်ယောင်စေကာ တီးတိုး ရေရွတ်နေလေသည်။

“အရသာ ရှိတယ်၊ ငှက်ကင်က တအား အရသာ ရှိတယ်”

[လခွမ်း ဒါက တကယ်ကြီးလား၊ အဲ့လောက် ချဲ့ကားဖို့ လိုလို့လား]

[ရိုက်ကူးရေးအဖွဲ့က ဒီရှိုးပွဲအတွက် အစွမ်းကုန် လုပ်နေကြတာပဲ၊ သူတို့ စိတ်ရောဂါ ရသလို ဟန်ဆောင်နေတာ များလား]

[ဘလာ ဘလာ … ဒါကြီးက များလွန်းတယ်၊ ဟန်ဆောင်တာက အတိုင်းအတာ ရှိသင့်တယ်၊ ဒါကြီးက အတုဆန် လွန်းလိုက်တာ]

[ဒါ တကယ်လို့ ငါ ဘာလို့ ခန့်စားမိနေတာလဲ၊ ဒီလိုအရာမျိုးက ဟန်ဆောင်လို့ မရနိုင်ဘူးလေ၊ ဟုတ်တယ်မလား၊ သူတို့ တကယ် ငိုနေတာ]

[အဲ့လောက် အရသာ ရှိတာလား၊ ကြောက်ဖို့ ကောင်းလိုက်တာ]

All Chapters