← Chapters

အိပ်မက်ထဲ၌ ကျန်ရစ်သွားခဲ့ပြီဖြစ်သည့် ကြီးမားသော ကရုဏာတရား

Vol. 19 Ch. 287

အိပ်မက်ထဲ၌ ကျန်ရစ်သွားခဲ့ပြီဖြစ်သည့် ကြီးမားသော ကရုဏာတရား

Vol. 19 Ch. 287

ထိုမိန်းကလေးကို ရွှီချင်း လျစ်လျူရှုထားသည်။

ယခုတိုင်အောင် ပိုးကောင်နက်လေးများသည် သူ၏သတ်မှတ်ချက်များနှင့် မကိုက်ညီသေးသလို အပြင်ဘက်မှ ကိုက်သည့်နည်းလမ်းကိုလည်း သူ အနည်းငယ် အားမရဖြစ်နေ၏။

“ လုပ်စရာနှစ်ခုရှိတယ်။ တစ်ခုက ပိုးကောင်နက်တွေကို ကြီးအောင်လုပ်ဖို့ပဲ။ နောက်တစ်ခုက သေးအောင်လုပ်ဖို့ ”

ရွှီချင်းက ပိုးကောင်နက်များကို သေးအောင်လုပ်ရန် ရွေးချယ်လိုက်သည်။

ထိုအခါမှသာ ပိုးကောင်နက်များမှာ တိတ်တဆိတ် သတ်ဖြတ်နိုင်မည်ဖြစ်သည်။ ရွှီချင်းသည် သူ၏လေ့လာသည့်နည်းလမ်းကို တည့်မတ်လိုက်ပြီး ဆက်လက်စူးစမ်းရှာဖွေလိုက်သည်။

အဖြေများကို ရှာဖွေလေ့လာနေရသော ခံစားချက်ကြောင့် သူ အလွန် ပျော်ရွှင်နေသည်။

အလောင်းအဆိပ်အပြင် ပြီးခဲ့သည့် ( ၂ ) နှစ်အတွင်း သူ ဖော်စပ်ခဲ့သည့် အဆိပ်များကိုလည်း ပေါင်းထည့်လိုက်သည်။ ထိုအဆိပ်များသည် ယခုအခါ သာမန်သာဖြစ်ပါသော်လည်း ထိုအဆိပ်များကို ပိုးကောင်နက်များအား စားသုံးစေခြင်းဖြင့် ပိုးကောင်နက်များကို ပို၍ အဆိပ်ဒဏ်ခံနိုင်စေချင်နေသည်။

“ ဒီတစ်ခေါက် အဆိပ်ဖော်တာ အောင်မြင်သွားရင် ငါ့ပထမဆုံးအဆိပ်လက်နက်ဖြစ်လာမှာ။ ပြီးတော့ အဲဒါက ကြိုက်သလို စေစားလို့ရတဲ့ အဆိပ်ဖြစ်လာမှာပဲ ”

ရွှီချင်းသည် ယခင်ဖော်စပ်ခဲ့သည့်ဆေးများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ယခု သူဖော်သည့်ဆေးမှာ အတော်လေး ကောင်းမွန်သည်ဟု ခံစားနေရသည်။

ထိုအတောအတွင်း ဝိညာဉ်ကျောက်တုံးများကိုလည်း ရေလိုသုံးနေခဲ့ရသည်ဖြစ်ရာ သူ ခေါင်းတဆစ်ဆစ် ကိုက်နေရသည်။

သူ ဆေးပင်အမျိုးမျိုး ဝယ်ယူခဲ့ပြီးပြီဖြစ်သည်။ အလွန် ဈေးခေါက်ခိုက်နေသော ဆေးပင်တချို့ကိုပင် သူ နှမျောတွန့်တိုခြင်း မရှိဘဲ ဝယ်ခဲ့သည်။

အဆိပ်မြက်ပင်များကိုလညး သူ ရွေးချယ်ပြီးသွားပြီဖြစ်သည်။ ပိုးကောင်နက်များကို သူ ဆက်ကျွေးနေစဉ် အဆိပ်ဖြင့် ထပ်ခါထပ်ခါ စမ်းသပ်နေစဉ်အတွင်း ပိုးကောင်နက်များအား ပို၍ သေးငယ်သွားနိုင်စေသော ဆေးပင်များကို နောက်ဆုံးတွင် သူ တွေ့ခဲ့ရသည်။

ထိုနည်းလမ်းသည် မပြည့်စုံသေးပေ။ ဆေးညွှန်းကို ထိန်းညှိကာ စမ်းသပ်ကြည့်ရန် လိုသေးသည်။ သို့ဖြစ်၍ ဆေးစမ်းသပ်ခံများလည်း သူ လိုလာသည်။

သို့သော် လူဆိုးထိန်းဌာနတစ်ခုလုံးရှိ အကျဉ်းသားအားလုံး သေသွားကြပြီဖြစ်သည်။ တျန်ဌာနခွဲမှ အကျဉ်းသားများသည်လည်း ရေရှည်အတွက် လုံလောက်မည်မဟုတ်ဟု သူ ခံစားနေရသည်။

ရွှီချင်းမှာ အရေးကြီးသောအခိုက်အတန့်သို့ ရောက်နေပြီဟု ခံစားနေရသည်ဖြစ်၍ အနည်းငယ် စိတ်ပျက်သွားသည်။

“ ပင်လယ်ထဲ ငါ သွားရမလား ”

ရွှီချင်းသည် အတန်ငယ် တွေးတောကြည့်လိုက်သော်လည်း ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ သူက ကျောက်စိမ်းပေလွှာကို ထုတ်၍ လူဆိုးထိန်းဌာနတစ်ခုလုံးကို တာဝန်တစ်ခု ထုတ်ပြန်လိုက်သည်။

မကြာခင် သတ္တမမြောက်တောင်ထိပ်၏ လူဆိုးထိန်းဌာနမှ ဂိုဏ်းသားများက အရူးအမူး ပြေးထွက်သွားကြပြီး ချီရွှ့ထုံဂိုဏ်း၏ ဆိပ်ကမ်းတစ်လျှောက် တစ်ခါမှမကြုံဖူးလောက်အောင် ဖမ်းဆီးရှာဖွေလာကြသည်။

ဆိပ်ကမ်းရှိ ရာဇဝတ်ကောင်များအားလုံး ရင်တဒိန်းဒိန်းခုန်သွားကြသည်။ ရာဇဝတ်ကောင်အများအပြား ဖမ်းဆီးခံလိုက်ရသည်ဖြစ်၍ ဆိပ်ကမ်းတစ်ခုလုံးရှိ လုံခြုံရေး အလွန် ကောင်းမွန်သွားသည်။

တချိန်တည်းမှာပင် ရွှီချင်းက အလုပ်ကြိုးစားနေသည်ကို ခေါင်းဆောင်မြင်သွားသည်။ သူသည် အားကျမခံဘဲ အသိဉာဏ်ဌာန၏ စစ်ဆင်ရေးများကို ဆောင်ရွက်ကာ သူလျှိုများကို နေ့စဉ် ဖမ်းဆီးလေသည်။

ခေါင်းဆောင်သည် ဖမ်းဆီးရမိသော သူလျှိုများကို အပြစ်ပေးရာတွင် မှတ်တမ်းတင်ပြီးနောက် ငါးအသေးစားများကို ဂရုမစိုက်ဘဲ ငါးအကြီးစားများကိုသာ အာရုံစိုက်သည်။ ထိုသို့ဖြင့် ဆိပ်ကမ်းတစ်ခုလုံး သာယာအေးချမ်းလာသည်။

ဂိုဏ်းထဲ၌ ရွှီချင်းနှင့် ခေါင်းဆောင်တို့၏ နာမည်က ပို၍ပင် ကြီးလာခဲ့သည်။

သို့သော်လည်း ခေါင်းဆောင်က ‘ ခွေးရူး ’ ဆိုသောနာမည်နှင့် လူသိများလာခြင်းဖြစ်သည်။ ရွှီချင်းကိုမူ ‘ မိစ္ဆာ ’ ဟု ခေါ်ကြသည်။

လူဆိုးထိန်းဌာနတစ်ခုလုံးရှိ အကျဉ်းသားအားလုံးကို ရွှီချင်းက အဆိပ်စမ်းသပ်ရာတွင် အသုံးချနေသည်ဆိုသောသတင်းများ ပျံ့နှံ့သွားပြီဖြစ်သည်။ သို့ဖြစ်၍ ရွှီချင်းသည် နာမည်ဂုဏ်သတင်းအရ အတိုင်းအတာတစ်ခုအထိ ခေါင်းဆောင်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသွားသည်။

သို့တိုင်အောင် ရွှီချင်း၏ အဆိပ်စမ်းသပ်ခြင်းက မပြီးသေးပေ။ ထို့ကြောင့် တခြားတောင်ထိပ်ခြောက်လုံးရှိ လူဆိုးထိန်းဌာနများ၏ အကျဉ်းသားများကို သူ ပစ်မှတ်ထားလာသည်။ သို့သော်လည်း တခြားတောင်ထိပ်များနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် သူ အငြင်းခံလိုက်ရသည်။

ပထမတောင်ထိပ်မှ လူဆိုးထိန်းဌာနသည်သာ အကျဉ်းသားအနည်းအကျဉ်းကို စေလွှတ်ပေးလိုက်သည်။ ထိုသို့ဖြင့် ရွှီချင်းသည် သူ့လက်အောက်ငယ်သားများကို တခြားနယ်မြေများသို့ သွား၍ ရာဇဝတ်ကောင်များကို ဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။

နယ်ကျော်ခြင်းကို တားမြစ်ထားပါသော်လည်း ရွှီချင်းမှာ ဂရုမစိုက်ပေ။ ရွှီချင်းက ထိုသို့ ပြုမူနေသည်ကို ခေါင်းဆောင်မြင်၍ သူသည်လည်း နယ်ကျော်စပြုလာသည်။

တခြားတောင်ထိပ်ခြောက်လုံးရှိ အသိဉာဏ်ဌာနများနှင့် လူဆိုးထိန်းဌာနများ စိတ်ကသိကအောက် ဖြစ်သွားကြပြီး သူတို့သည်လည်း တခြားဒေသများကို အလားတူစစ်ဆင်ရေးများ ချက်ချင်း ဆောင်ရွက်ကြလေသည်။ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး အပြိုင်အဆိုင်ဖြစ်နေ၏။

နောက်ထပ်လဝက်ကုန်လွန်သွားသည်။ ချီရွှဲ့ထုံဂိုဏ်း၏ တပ်ဖွဲ့က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲသို့ ခြေချသွားပြီး အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ရပ် ဆင်နွှဲနေချိန်တွင် ချီရွှဲ့ထုံဂိုဏ်းရှိ အသိဉာဏ်ဌာများနှင့် လူဆိုးထိန်းဌာနများ၏ ပြိုင်ဆိုင်မှုများ ဆုံးခန်းတိုင်သွားသည်။

ထိုသို့ ဆုံးခန်းတိုင်သွားရသည့်အဓိကအကြောင်းအရင်းမှာ ရွှီချင်းသည် ပိုးကောင်နက်များကို အနက်ရောင်ဆေးလုံးများကိုပင် ကျွေး၍ အလွန် နက်နဲသောအဆင့်အထိ လေ့လာခဲ့ပြီးပြီဟု ခံစားလာရသောကြောင့် ဖြစ်သည်။

ထိုပိုးကောင်နက်များ၏ စုစုပေါင်းအရေအတွက်သည်လည်း ပုလင်းတစ်ဝက်မှ ပုလင်းငါးလုံးအထိ တိုးပွားလာပြီဖြစ်သည်။

ပုလင်းတစ်လုံးစီ၌ ရေကဲ့သို့ ပိုးကောင်နက်များ မရေမတွက်နိုင်လောက်အောင် ရှိနေသည်။ ထိုပိုးကောင်နက်များသည် ယခင်က ရွှီချင်း ရခဲ့သည့် ပိုးကောင်နက်များထက် တစ်ဝက်ခန့် ပို၍ သေးငယ်သည်။

ပိုးကောင်နက်တစ်ကောင်ကိုသာ လွှတ်လိုက်ပါက ပကတိမျက်စိဖြင့် မြင်ရန် လုံးဝဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ထိုပိုးကောင်နက်များ၏ အရောင်ကို ပြောင်းလဲရန် ခက်ခဲသည်။ ထိုပိုးကောင်နက်များက အနက်ရောင်ဖြစ်သောကြောင့် ပိုးကောင်နက်များသာ အများကြီးဖြစ်နေပါက အမည်းရောင်မြူခိုးများနှင့် ဆင်တူသွားသည်။

အရေးကြီးဆုံးအရာမှာ ၎င်းတို့၏ အန္တရာယ်ပေးနိုင်စွမ်း ဖြစ်သည်။ ရွှီချင်းသည် စစ်ဆေးကြည့်ပြီးနောက် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ထိုပိုးကောင်နက်များ ထိုးဖောက်ဝင်ရောက်သွားပါက ချက်ချင်း မျိုးပွားကာ အသွေးအသားကို စားသုံးမည်ဖြစ်သည်။ ထိုအတောအတွင်း ၎င်းတို့က ဓာတ်နှောနှင့် အဆိပ်များ အများအပြား ထုတ်လွှတ်ကြမည်ဖြစ်သည်။

ယင်းအပြင် ထိုပိုးကောင်နက်များကို ဖယ်ရှားရန် အလွန်ခက်ခဲသည်။ ခန္ဓာကိုယ်ထဲသို့ ထိုပိုးကောင်နက်များ ဝင်ရောက်သွားသည်နှင့် ရိုးတွင်းခြင်ဆီပမာ ခန္ဓာကိုယ်ထဲ နက်ရှိုင်းစွာ အမြစ်တွယ်နေမည်ဖြစ်သည်။

ဝတ်စုံနက်မိန်းကလေးကို တိုက်ခိုက်ခဲ့စဉ်အခါက ယခု ပိုးကောင်နက်များသာ ရှိနေခဲ့လျှင် ထိုဝတ်စုံနက်မိန်းကလေးကို အသက်ရှူချိန်အနည်းငယ်အတွင်း သေသွားအောင် လုပ်နိုင်မည်ဟု ရွှီချင်း ခံစားနေရသည်။

ထိုအစွမ်းကြောင့် ပိုးကောင်နက်များသည် သူ့သတ်မှတ်ချက်များနှင့် ပြည့်မီရုံမျှရှိနေပြီဖြစ်ပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်ပြီဟု ခံစားနေရသည်။

သူ့ဘေးမှာ ရွှေအမြုတေအဆင့်အစမ်းသပ်ခံ မရှိနေသည်မှာ နှမျောစရာကောင်းသည်။ သို့သော် ရွှေအမြုတေအဆင့်ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ထိုပိုးကောင်နက်များက တစ်နည်းနည်းဖြင့် အသုံးဝင်မည်ဟု သူ ခံစားနေရသည်။

“ ပြီးတော့ င့ါပိုးကောင်နက်တွေက ဆက်ပြီး တိုးပွားလာနိုင်တယ် ”

ထိုအချက်ကြောင့် ရွှီချင်းမှာ အလွန် သဘောကျနေသည်။ ယင်းမှာ သူ၏ အဆက်မပြတ် လေ့လာခြင်းနှင့် ဆေးပင်များစွာ ဝယ်ယူသုံးစွဲခဲ့ခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။

“ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို တကယ် စမ်းသပ်ကြည့်ရမယ့်နေ့ မရောက်လာရင် ကောင်းမယ် ”

ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ကြုံလိုက်ရပါက အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရပြီဟု ဆိုနိုင်သည်။

ရွှီချင်းက သူ့သွေးများကို ပိုးကောင်နက်များအား ထည့်ထားသည့် ပုလင်းငါးလုံးထဲသို့ ထည့်လိုက်သည်။ ယင်းသည် မရေမတွက်နိုင်သော ပိုးကောင်နက်များအား ထိန်းချုပ်သည့်နည်းလမ်း ဖြစ်သည်။

ထိုပိုးကောင်နက်များသည် ရန်သူကို အဆိပ်ခတ်နိုင်ပြီး သူက ပိုးကောင်နက်များကို အဆိပ်ခတ်သည်။

ထိုပိုးကောင်နက်များသည် အတန်ငယ်ကြာသွားတိုင်း သူ့သွေးတစ်စက်ကို စုပ်ရသည်။ ထိုသို့မဟုတ်ပါက သေသွားမည်ဖြစ်သည်။ သက်ရှိသတ္တဝါများ၏ အလိုလိုသိစိတ်အရ ထိုပိုးကောင်များသည် အသိဉာဏ်မရှိပါသော်လည်း ရွှီချင်းကို ကာကွယ်ပေးမည်သာ ဖြစ်သည်။

ရွှီချင်းအသက်ရှင်မှသာ သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပါလား။

ယင်းအပြင် ထိုပိုးကောင်နက်များသည် နေ့တိုင်း ဆေးပင်အများပြားနှင့် အဆိပ်မြက်ပင်များကို စားသုံးရန် လိုအပ်သည်။ ယင်းသည် ပိုးကောင်နက်များကို မွေးမြူသည့်နည်းလမ်းတစ်ခုလည်း ဖြစ်ပြီး အသုံးစားရိတ် အလွန်ကြီးသည်။ ရွှီချင်းမှာ ယခင်က ချမ်းသာကြွယ်ဝနေပြီဟု ထင်နေခဲ့ပါသော်လည်း ယခုတွင် ဆင်းရဲနေသေးမှန်း နားလည်သွားသည်။

သို့သော်လည်း သူ့မှာ နောက်ထပ်ငွေဝင်ပေါက်တစ်ခု ရှိသေးပြီး ထိုငွေဝင်ပေါက်မှာ ဝတ်စုံနက်မိန်းကလေး ဖြစ်သည်။

ဝတ်စုံနက်မိန်းကလေးကို ရွှမ်ဌာနခွဲတွင် ချုပ်နှောင်ထားဆဲဖြစ်ပါသော်လည်း ဝတ်စုံနက်မိန်းကလေးမှာ အော်ဟစ်ဆဲဆိုခြင်း မရှိတော့ပေ။ အကျဉ်းခန်းထဲတွင်သာ ထိုင်၍ အကျဉ်းသားအသစ်များ ရောက်လာပြီး ရွှီချင်းက အဆိပ်ကို စမ်းသပ်သည့်အခါမျိုးတွင် ရွှီချင်းကို သူမ ငေးကြည့်နေတတ်သည်။ သူမ၏မျက်လုံးများထဲရှိ ထူးဆန်းသောအရိပ်အယောင်များမှာ အားကောင်းသည်ထက် အားကောင်းလာသည်။

သူမက အကူအညီပေးချင်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားသော်လည်း သူမ၏အမူအရာအရ အမှန်အကန်ပြောနေခြင်းဖြစ်ကြောင်း ရွှီချင်း သိသည်။

ထိုအခြင်းအရာကြောင့် ရွှီချင်း အနည်းငယ် ထူးဆန်းသွားရသည်။ တချိန်တည်းမှာပင် ဝိညာဉ်ကျောက်တုံးအများအပြား ကုန်ခမ်းလာခြင်းကြောင့် သူ အနည်းငယ် စိုးရိမ်ကြောင့်ကြလာသည်။ ဆိပ်ကမ်းမှ အကျိုးအမြတ်များကို ရရန် သူ အချိန်အနည်းငယ် စောင့်ရဦးမည် ဖြစ်သည်။ ဆိပ်ကမ်းမှာလည်း ထပ်မံတိုးချဲ့ရန်အတွက် ဝိညာဉ်ကျောက်တုံးများစွာ သုံးစွဲရသေးသည် မဟုတ်ပါလား။

ထိုသို့ဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စုပ်ယူခဲ့၍ ဓမ္မအသုံးအဆောင်အတုများဖြစ်သွားသော ဓမ္မအသုံးအဆောင်များကို ရွှီချငး တွေးမိသွားသည်။ ထိုဓမ္မအသုံးအဆောင်များကို ရောင်းချရန် မှောင်ခိုဈေးကွက်ကို သူ ရှာရမည်ဖြစ်သည်။

ထိုကိစ္စကို ရွှီချင်း တွေးနေစဉ် သတ္တမမြောက်တောင်ထိပ်၏ အသိဉာဏ်ဌာနသို့ စစ်မြေပြင်မှ အနီရောင်ကျောက်စိမ်းပေလွှာတစ်ခု တည်နေရာရွှေ့ပြောင်း၍ ရောက်လာသည်။

ထိုအနီရောင်ကျောက်စိမ်းပေလွှာသည် အလွန့်အလွန် အရေးကြီးသော ကိစ္စတစ်ခုကို ကိုယ်စားပြုသည်။

တောင်သခင်ကြီးများသာ ထိုကျောက်စိမ်းပေလွှာကို ပို့လွှတ်နိုင်ကြသည်။ စစ်မြေပြင်က မည်မျှဝေးကွာသောနေရာတွင် ရှိသည်ဖြစ်စေ ထိုကျောက်စိမ်းပေလွှာများက ဂိုဏ်းထဲရှိ သတ်မှတ်ထားသောနေရာသို့ ချက်ချင်း အရောက်သွားနိုင်ကြသည်။

ဤစစ်ပွဲအတွင်း အနီရောင်ကျောက်စိမ်းပေလွှာကို သုံးကြိမ် ပို့လွှတ်ခဲ့သည်။ ထိုသို့ပို့လွှတ်ခဲ့သည့်အကြိမ်တိုင်း ဂိုဏ်းကို ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သော ဗျူဟာမြောက်အခွင့်အရေးတစ်ခုအကြောင်း ဖြစ်သည်။

သို့သော်လည်း ယခုတစ်ခေါက်တွင် စစ်ပွဲနှင့် ဘာမှမသက်ဆိုင်ပေ။ သတ္တမမြောက်သခင်ကြီးက ထိုအနီရောင်ကျောက်စိမ်းပေလွှာကို ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

ခေါင်းဆောင်သည် ထိုကျောက်စိမ်းပေလွှာကို လက်ခံပြီးနောက် အထဲသို့ နတ်အာရုံကို ပို့လွှတ်ကြည့်ကာ သိသိသာသာ မျက်နှာပျက်သွားသည်။ ခဏအကြာ လက်ထဲရှိ ပန်းသီးကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် မတ်တတ်ရပ်ကာ ရွှီချင်းကို သွားတွေ့ရန် ပြင်လိုက်သည်။

သို့သော် သူ ချီတုံချတုံ ဖြစ်သွားသည်။ နောက်ဆုံး၌ သူသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ရွှီချင်း၏ မှော်သင်္ဘောထံ တန်းတန်းမတ်မတ် သွားလိုက်သည်။

ရွှီချင်းကို ခေါင်းဆောင် တွေ့သောအခါ ရွှီချင်းက ဓမ္မလက်နက်များကို အစီအရီထပ်နေပြီး ထိုလက်နက်များကို ရောင်းရန် ပြင်နေသည်။

အစက ရွှီချင်းသည် ခေါင်းဆောင် ရုတ်တရက် ပေါ်လာခြင်းကို များများစားစား တွေးတောမနေပါသော်လည်း ခေါင်းဆောင်၏ တည်ကြည်သောမျက်နှာကို မြင်၍ ရပ်သွားသည်။

“ ခေါင်းဆောင် ”

“ ရွှီချင်း ”

ခေါင်းဆောင် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ရွှီချင်းကို ကြည့်၍ တွန့်ဆုတ်နေသောလေသံဖြင့် ပြောလိုက်သည်။

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်သည်။ တစ်ခုခု လွဲနေသကဲ့သို့ သူ ခံစားလိုက်ရသည်။

“ ရွှီချင်း … အဘိုးကြီးက ငါ့ကို တာဝန်တစ်ခု ပေးလိုက်တယ် ”

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချလိုက်ဟန် အရိပ်အယောင်များ ပေါ်လာပြီး ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

“ အဲဒီတာဝန်အရ ချီရွှဲ့ထုံဂိုဏ်းကနေ ကျစ်ထူကို ငါ သွားရမယ်။ အဲဒီတာဝန်က အရေးကြီးတယ်။ အဘိုးကြီးက စစ်ပွဲထဲရောက်နေလို့ မသွားနိုင်ဘူး။ မဟုတ်ရင် သူကိုယ်တိုင် သွားမှာ။ အဘိုးကြီးက အဲဒီတာဝန်ကို မင်းကိုယ်တိုင် လုပ်မလားဆိုပြီးတော့လည်း ငါ့ကို မေးခိုင်းလိုက်တယ် ”

ရွှီချင်း၏မျက်နှာ မည်းမှောင်သွားသည်။ ခေါင်းဆောင် ပြောနေသည့် အဘိုးကြီးဆိုသူကို သူ ကောင်းကောင်း သိသည်။

“ ခေါင်းဆောင် … ဒီလောက် ထိမ်ချန်နေဖို့ မလိုပါဘူး။ ဘာကိစ္စလဲ ”

ခေါင်းဆောင်က ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီး အနီရောင်ကျောက်စိမ်းပေလွှာကို ပေးလိုက်သည်။

ရွှီချင်းက အနီရောင်ကျောက်စိမ်းပေလွှာကို ယူ၍ ဓမ္မစွမ်းအားများ ထည့်လိုက်သောအခါ သတင်းအချက်အလက်တစ်ခု သူ့ခေါင်းထဲ ပေါ်လာသည်။

“ ဒီနေ့မနက်က ကျစ်ထူမှာ ငါ့မိတ်ဆွေကြီး သမားတော်ကြီးပိုင် အသတ်ခံလိုက်ရတယ် ”

ထိုသတင်းကို ကြားသောအခါ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား ရွှီချင်း ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ် အနည်းငယ် ယိမ်းယိုင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သွေးရောင်ပြန်လွှမ်းလာသည်။ သူ့နဖူးကြောကြီးများ ထောင်ထလာပြီး ကျောက်စိမ်းပေလွှာကို ကိုင်ထားသည့်လက်မှာ တဆတ်ဆတ်တုန်ရီလာသည်။

မြန်ဆန်နေသော အသက်ရှူသံကို ငြိမ်နေရန် ကြိုးစားနေပြီး သူ့ကိုယ်သူ အတတ်နိုင်ဆုံး ကြိုးစား၍ ထိန်းချုပ်နေဟန်တူသည်။

သူ့စိတ်ထဲ မယုံကြည်နိုင်အောင် ဖြစ်နေပြီး မျက်လုံးများကို မှိတ်လိုက်သည်။

သူ့ရှေ့ရှိ မည်းမှောင်နေသော လောကကြီးထဲ၌ ရွက်ဖျင်တဲတစ်တဲ ပေါ်လာသည်။ ထို့နောက် အိုမင်းရင့်ရော်နေသောအသံတစ်သံက သြဇာအပြည့်ဖြင့် လွင့်ပျံလာ၏။

“ ကလေး၊ မင်း ဖြေစမ်း ”

“ အခုကစပြီး မင်း အပြင်ဘက်မှာ ရပ်မနေတော့နဲ့။ ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက် ဆေးပင်တွေလည်း ယူမလာတော့နဲ့။ မနက်ဖန်ကစပြီး မင်း ရွက်ဖျင်တဲထဲကို လာနားထောင်လို့ရတယ် ”

“ လောကကြီးဆိုတာ သက်ရှိသက်မဲ့အရာခပ်သိမ်းရဲ့ ဧည့်ဂေဟာကြီးပဲ။ အချိန်ဆိုတာ နှစ်ပဋိစ္ဆေဒ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားဧည့်သည်ပဲ။ ငါတို့ မသေသေးရင် ပြန်တွေ့ဦးမှာပါ။ ငါ မင်းကို နောက်တစ်ကြိမ် ပြန်တွေ့ခဲ့ရင် ပါရမီရှင်တစ်ယောက် ဖြစ်နေစေချင်တယ် ”

မည်းမှောင်သောလောကကြီးထဲရှိ ထိုရွက်ဖျင်တဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး ပြာများအဖြစ် ပြောင်းလဲသွားကာ ရွှီချင်း၏ မြင်ကွင်းမှ ပျောက်ကွယ်နေသည်။ နောက်ဆုံးစကားတစ်ခွန်းက သူ့နားထဲ ပဲ့တင်ထပ်နေဆဲဖြစ်ပြီး သက်ဆုံးတိုင် စွဲထင်လာတော့သည်။

“ ကျနော်တို့ မသေသေးရင် ပြန်တွေ့ကြဦးမှာပါ ”

ရွှီချင်းသည် ပြတ်တောင်းပြတ်တောင်းဖြင့် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

သမားတော်ကြီးပိုင်သည် သူ၏ဘဝကို ပြောင်းလဲသွားစေခဲ့သည့် လက်ဦးဆရာ ဖြစ်ပေသည်။

All Chapters