လက်သည်ကို ရှာဖွေရန် ကျစ်ထူသို့ သွားခြင်း
Vol. 19 Ch. 288
မွန်းတည့်အချိန်ဖြစ်၍ ကောင်းကင်ကြီးက အရှိန်တညီးညီး တောက်ပနေသည်။ သို့သော် ရွှီချင်း၏စိတ်ထဲ၌ လောကကြီးက ယခင်ကကဲ့သို့ တောက်ပခြင်းမရှိတော့ဟု ခံစားနေရသည်။
ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) သည် သက်ဝင်လှုပ်ရှားမှုများဖြင့် ဆူဆူညံညံဖြစ်နေပါသော်လည်း ရွှီချင်း၏ အမြင်အာရုံထဲ၌ အသံများအားလုံး ပျောက်ကွယ်သွားဟန်တူသည်။
ထိုအိပ်မက်ဆန်ဆန်ခံစားချက်ကြောင့် အရာအားလုံး ရယ်စရာကြီးဖြစ်နေသည့်အလား သူ ခံစားနေရသည်။ မနီးမဝေးမှ ဖြတ်သန်းသွားလာနေသော လူအုပ်ကြီး၊ ကောင်းကင်တွင် ပျံသန်းနေသော ငှက်ကလေးများ၊ ပင်လယ်ပြင်မှ ဆိုက်ကပ်လာနေသော လှေသံများ စသည့်အရာအားလုံးက သူ့အမြင်အာရုံနှင့် ကင်းကွာနေဟန်တူသည်။
သူ့အမြင်အာရုံထဲ၌ လောကကြီး နှစ်ခြမ်းကွဲသွားသည့်အလားပင်။ ပထမတစ်လွှာ၌ လောကကြီးတစ်ခုလုံးနှင့် လူအားလုံးရှိသည်။ ဒုတိယတစ်လွှာ၌ သူတစ်ယောက်တည်းသာ ရှိသည်။
အဖြစ်အပျက်က ရုတ်ချည်းဖြစ်ပျက်သွားခဲ့ခြင်းပင်။
ထိုကဲ့သို့ မမျှော်လင့်သောသတင်းကို ချက်ချင်း လက်ခံနိုင်သူ အလွန့်အလွန်နည်းပါးသည့်အပြင် ချက်ချင်းတုန့်ပြန်နိုင်သူမှာလည်း အလွန် နည်းပါးသည်။ ရွှီချင်းသည် မှော်သင်္ဘော၏ လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
ပင်လယ်လေများက သူ့ဆံပင်ရှည်များကို တဟူးဟူး တိုက်ခတ်သွားပါသော်လည်း သူ့ရင်ထဲမှ မွန်းကြပ်နေသောစိတ်ကို အဝေးသို့ လွင့်သွားအောင် မလုပ်နိုင်ပေ။ သူ အားကုန်အော်ဟစ်ပစ်ချင်ပါသော်လည်း မလုပ်နိုင်ပေ။
ရွှီချင်းသည် ကျေးဇူးတရားကို အလွန် အလေးထားသည်။
“ ပြန်တွေ့ကြဦးမှာလား ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။
ရတနာမုဆိုးစခန်းထဲ၌ ကောင်းကင်ကြမ္မာပန်းပွင့်အား ရှာဖွေခဲ့ရစဉ်အချိန်ကို သူ ပြန်တွေးမိလိုက်သည်။ သမားတော်ကြီးပိုင်၏ စူးရှသောအကြည့်၊ သူ၏ တခြားအပင်များကို ဆုပ်ကိုင်ကာ လိပ်ပြာမလုံစွာဖြင့် မေးမြန်းခဲ့သည့်ပုံရိပ်များကို သူ ပြန်တွေးမိလာသည်။
နောက်ဆုံး၌ ထွက်ခွာသွားသော လှည်းကြီးပေါ်၌ ထိုင်ကာ သူ့ကို ပြုံးပြနေသော သမားတော်ကြီးပိုင်၏ ပုံရိပ် သူ့စိတ်ထဲ ပေါ်လာသည်။
ယခု အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။
ခေါင်းဆောင်လဲ့သည် ရွှီချင်းကို မိသားစုဆိုသည့်ခံစားချက် ပေးခဲ့သည်။
သမားတော်ကြီးပိုင်က ရွှီချင်းကို တောင်ကြီးပမာ လေးလံသော ကျေးဇူးကြွေးများ ပေးခဲ့သည်။
နတ်ဘုရားမျက်နှာပျက်ကြီး၏ မျက်လုံးများပွင့်စဉ်အခါက သွေးမိုးများနှင့် အလောင်းများကြောင့် ဝိညာဉ်ဘုံတစ်ခုကဲ့သို့ ဖြစ်နေသော မြို့ကြီးထဲမှ ထွက်လာသည့် လူငယ်လေးကို ထိုအဘိုးကြီးနှစ်ယောက်က ဆွဲတင်ခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း လောကကြီးက အကြင်နာတရားကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်လှသည်။
ဤလောကကြီးထဲတွင် လူ့အသက်များက တန်ဖိုးကင်းမဲ့လှ၏။
ချီရွှဲ့ထုံဂိုဏ်းသို့ ရွှီချင်း ရောက်လာပြီးနောက် ရတနာမုဆိုးစခန်းကဲ့သို့ တသီးတခြားဆန်သော ခံစားချက်မျိုးကို မခံစားရတော့ပေ။ ထိုအစား ရက်စက်ကြမ်းကြုတ်ခြင်းများကိုသာ မြင်တွေ့လာခဲ့ရသည်။
အစာအတွက် ကလေးများကို ရောင်းချခြင်းဖြစ်စေ၊ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်စေ ဤလောကကြီးထဲတွင် အမြဲတစေ ဖြစ်ပျက်နေသည်။
ရွှီချင်း၏စိတ်ထဲ လူသတ်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။ သူ့ကိုယ်ထဲတွင် လူသတ်ချင်စိတ်များ ထကြွသောင်းကျန်းနေသည့် စူးရှချွန်ထက်သော ဓားတစ်လက်ရှိနေပြီး ထိုဓားက သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ လောကကြီးအား ထက်ခြမ်းခွဲပစ်နေသည့်အလားပင်။
ရွှီချင်း၏ခန္ဓာကိုယ် တုန်ရီလာကြသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး စိုးရိမ်ပူပန်နေဟန်ရှိသောခေါင်းဆောင်ကို ကြည့်ကာ ခပ်အက်အက်လေသံဖြင့် ပြောလိုက်သည်။
“ ကျနော် အဆင်ပြေပါတယ် ”
ရွှီချင်းသည် ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်ကို ငြိမ်သက်စေရန် အတင်းအကြပ် ထိန်းချုပ်လိုက်ပြီးနောက် အနီရောင်ပေလွှာကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။
သတ္တမမြောက်သခင်ကြီးသည် အဆက်အသွယ်များစွာနှင့် ထူးခြားသောအရည်အချင်းများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ကျောက်စိမ်းပေလွှာထဲ၌ သမားတော်ကြီးပိုင်၏ သေဆုံးမှုအကြောင်း သတင်းပေးစကားသာမက လူသတ်သမားနှင့် ပတ်သက်သောအချက်အလက်များ၊ ကျစ်ထူမှ ရခဲ့သည့်သဲလွန်စများလည်း ပါသည်။
သမားတော်ကြီးပိုင်ကို သတ်ရသည့် အဓိကအကြောင်းအရင်းကို ယခုတိုင်အောင် တစ်ယောက်မှ မသိကြသေးပေ။ သို့သော်လည်း သမားတော်ကြီးပိုင် အသတ်ခံလိုက်ရပြီးနောက် ‘ ငွေစန္ဒာလက်ရွေးစင်အသွင်ပြောင်းဆေး ’ဟုခေါ်သည့် ဆေးညွှန်း၏ ဒုတိယအတွဲမှလွဲ၍ သူ့ပိုင်ဆိုင်မှုများဖြစ်စေ၊ သူ့နေအိမ်မှဖြစ်စေ မည်သည့်အရာတစ်ခုမှ ပျောက်မသွားကြောင်း ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားသည်။
ထိုဆေးညွှန်းသည် လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ဆန္ဒမွန်သေတ္တာထဲမှ ရရှိခဲ့သော ဆေးညွှန်းဖြစ်သည်။ ယခင်ခေတ်မှ ဆင်းသက်လာခဲ့သော ဆေးညွှန်းဖြစ်ပြီး အမျိုးအမည်ခွဲခြားရခက်သော သားရဲသားရေပေါ်တွင် ထိုဆေးညွှန်းကို မှတ်သားထားသည်။ ထိုဆေးညွှန်းထဲတွင် ဖော်ပြထားသည့် ဆေးလုံးမှာ အလွန် ရက်စက်ကြမ်းကြုတ်ကာ အကြင်နာတရားကင်းမဲ့သည်။
ငွေစန္ဒာလက်ရွေးစင်အသွင်ပြောင်းဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းမှာ ကောင်းကင်လက်ရွေးစင်များဖြစ်သည်။ ကောင်းကင်လက်ရွေးစင်သုံးယောက်ကို ပါဝင်ပစ္စည်းတစ်ခုနှုန်းဖြင့် သွေးဆေးလုံးဖြစ်လာရန် ပါဝင်ပစ္စည်းခြောက်ခုကို တစ်ပြိုင်နက်တည်း ဖော်စပ်ရန် လိုသည်။
ထိုဆေးလုံးကို ဝါးမျိုလိုက်ပါက သာမန်လူများကို ကောင်းကင်ကို ဖီဆန်၍ ကောင်းကင်လက်ရွေးစင်များအဖြစ် ပြောင်းလဲပေးနိုင်သည်။
သမားတော်ကြီးပိုင်သည် ဒုတိယတွဲကို ကံအားလျော်စွာ တွေ့ရှိခဲ့ပြီး ထိုဆေးလုံးက အလွန်ရက်စက်ကြမ်းကြုတ်သည်ဟု ခံစားခဲ့ရသည်။ အစက ထိုဆေးညွှန်းကို ဖျက်ဆီးရန် ကြံရွယ်ခဲ့ပါသော်လည်း ဆေးပညာဗဟုသုတများ ပါဝင်နေ၍ သူ သိမ်းထားလိုက်သည်။ ထိုအကြောင်းကို သိသူ အပြင်လူ များများစားစား မရှိပေ။
လူသတ်သမား၏ ပုံပန်းသွင်ပြင်ကို ကျစ်ထူသည်လည်း စုံစမ်းနေဆဲဖြစ်သည်။ သတ္တမမြောက်သခင်ကြီးသည် ပို၍ အသေးစိတ်ကျသောအချက်အလက်များကို မသိပါသော်လည်း ကျစ်ထူရှိ သူ၏အဆက်အသွယ်များကြောင့် သဲလွန်စအနည်းငယ် သိခဲ့ရသည်။
လူသတ်သမားသည် လူသားတစ်ယောက်မဟုတ်ဘဲ သဘာဝလွန်မိစ္ဆာမျိုးနွယ် ဆိုသည့် တားမြစ်ပင်လယ်ထဲ၌ ရှိသော အလွန့်အလွန်ရှားပါးသည့် မျိုးနွယ်စုတစ်စုမှ ဖြစ်သည်။
ထိုမျိုးနွယ်ကို မသေနိုင်သောမျိုးနွယ်အဖြစ် သိကြသည်။ ယင်းသို့ ခေါ်ကြခြင်းမှာ သူတို့က မသေနိုင်ခြင်းကြောင့် မဟုတ်ဘဲ သူတို့၏ ထူးဆန်းသော အစွမ်းများကြောင့် အပြင်လူများအနေဖြင့် သူတို့ကို ဖမ်းဆီးသတ်ဖြတ်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်သောကြောင့် ဖြစ်သည်။ သူတို့က သေသွားသည့်အခါတိုင်း သူတို့ အမှတ်အသားပြုထားသည့် သတ္တဝါတစ်ကောင်၏ ကိုယ်ထဲတွင် ချက်ချင်း ပြန်ရှင်လာတတ်ကြသည်။
ထိုပြန်လည်ရှင်သန်ခြင်းနည်းလမ်းမှာ အစွမ်းအနည်းငယ် ကုန်ပါသော်လည်း အများကြီး မဟုတ်ပေ။
ထိုအချက်ကြောင့် ကျစ်ထူမှာ စုံစမ်းရှာဖွေရှာတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။ ယင်းအပြင် ကျစ်ထူမှာ အခြေအနေများ ရှုပ်ထွေးနေသည်။ မိသားစုအသီးသီးက အကျိုးအမြတ်အတွက် တိုက်ခိုက်နေကြ၏။ သမားတော်ကြီးပိုင်အသက်ရှင်စဉ်အခါက အလွန်တန်ဖိုးထားခံခဲ့ရပြီး သမားတော်ကြီးပိုင်ကြောင့် လူမရေမတွက်နိုင်လောက်အောင် အကျိုးကျေးဇူးများစွာ ခံစားခဲ့ကြရသည်။
သို့သော်လည်း သူက ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ နေဝင်ချိန် ရောက်နေပြီဖြစ်သည့် သာမန်အဘိုးအိုတစ်ယောက်သာ ဖြစ်သည်။
လူသားတစ်ယောက်က မည်မျှပင် ကြီးကြီးမားမား ဆောင်ရွက်ခဲ့ပါစေ ကျင့်ကြံသူများ၏ အမြင်၌ အထူးသဖြင့် ကျစ်ထူရှိ အာဏာချင်း ပြိုင်နေသော ထိုခေါင်းမာသောလူတစ်စု၏ အမြင်၌ နိမ့်ကျနေဆဲပင်။
သာမန်လူများက အသုံးချစရာပစ္စည်းများသာ ဖြစ်သည်။
ထို့ကြောင့် သမားတော်ကြီးပိုင် သေသွားပြီးနောက် ကျစ်ထူမှာ အကြီးအကျယ် ဒေါသထွက်သွားပြီး စုံစမ်းရှာဖွေခဲ့ပါသော်လည်း များစွာအားအင်မစိုက်ထုတ်ပေ။ သမားတော်ပိုင်၏ ကျေးဇူးကြွေး ရှိနေသူများသည်ပင် မလှုပ်ရှားကြပေ။
လူများ ထွက်သွားပြီးနောက် ဆက်ဆံရေးများ ရပ်စဲသွားကြပြီဖြစ်သည်။ အထူးသဖြင့် ဤရက်စက်ကြမ်းကြုတ်သော လောကကြီးထဲတွင် ပို၍ ဆိုးသည်။
သို့သော်လည်း သူတို့က ကျစ်ထူမှ အပြင်လောကကြီးသို့ တည်နေရာရွှေ့ပြောင်းခြင်းများအားလုံးကို ပိတ်ဆို့ပေးခဲ့သည်။ လီထူဂိုဏ်း၊ အမှန်တရားဂိုဏ်းနှင့် ချီရွှဲ့ထုံဂိုဏ်းတို့ကိုလည်း တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့ရန် အကြောင်းကြားထားသည်။
ထိုသို့ လုပ်ပြီးနောက် ကျစ်ထူက သမားတော်ကြီးပိုင်၏ ဆေးအမွေအနှစ်များကို အာရုံရောက်သွားသည်။ ပိုင်မိသားစုသည်ပင် ထိုကိစ္စကို မရေမရာဖြစ်နေကြသည်။ ပိုင်မျိုးနွယ်စုဝင်တချို့က လက်စားချေချင်ကြပြီး တချို့က သမားတော်ကြီးပိုင်၏ အမွေများကို ခွဲယူချင်နေကြသည်။
ယင်းသည် ကျစ်ထူပင်။
ထို့ကြောင့်ပင် ကျစ်ထူက အင်အားကြီးအုပ်စုထဲတွင် ပါဝင်လာကာ နန်းဟွမ်ဒေသကြီး၏ ဒေသခံစစ်စစ်များ ဖြစ်နေရခြင်းလည်း ဖြစ်သည်။ သူတို့၏ ခေါင်းမာပြီး သံယောဇဉ်မထားတတ်သော စရိုက်က သူတို့အရိုးုများတိုင်အောင် အမြစ်တွယ်နေပြီဖြစ်သည်။
ထို့ကြောင့် သတ္တမမြောက်သခင်ကြီးက အနီရောင်ကျောက်စိမ်းပေလွှာကို ပို့လွှတ်လိုက်ခြင်းဖြစ်သည်။ သူက အလျင်အမြန် ပြန်မလာနိုင်သောကြောင့် ထိုတာဝန်ကို ခေါင်းဆောင်အား လွှဲပေးခဲ့သည်။ ထိုသို့ လွှဲပေးခြင်းမှာနန်းဟွမ်ဒေသကြီးတစ်ခုလုံး၌ တားမြစ်ပင်လယ်အကြောင်း နားအလည်ဆုံးမှာ ချီရွှဲ့ထုံဂိုဏ်းရှိ သတ္တမမြောက်တောင်ထိပ် ဖြစ်၍ပင်။
သူတို့က တားမြစ်ပင်လယ်ရှိ လူသားမဟုတ်သော မျိုးနွယ်များကို ခြေရာခံရှာဖွေရာ၌ များစွာ ကျွမ်းကျင်ပိုင်နိုင်ကြသည်။
“ များသောအားဖြင့် ဒီလိုလုပ်ကြံသတ်ဖြတ်မှုတွေမှာ လူသတ်သမား အများကြီး မရှိနိုင်ဘူး။ သဘာဝလွန်မိစ္ဆာမျိုးနွယ်စုရဲ့ စရိုက်နဲ့ဆိုရင် လက်သည်က တစ်ယောက်ပဲ ရှိလောက်မယ်။ ပြီးတော့ သူ့ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအဆင့်ကို မရောက်လောက်သေးဘူး ”
“ ဘာဖြစ်လို့လဲဆိုတော့ ကျစ်ထူရဲ့ မန္တန်အစီအရင်ကြီးက မျက်နှာစိမ်းရွှေအမြုတေအဆင့်ကျင့်ကြံသူတွေဆိုရင် ပြင်းပြင်းထန်ထန် ဖိနှိပ်တတ်လို့ပဲ။ လူသားမဟုတ်တဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ကျစ်ထူကို သွားရင် အလိမ်ပေါ်နိုင်ချေက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ထက်တောင် မြင့်တယ် ”
“ ဒါကြောင့် ကျစ်ထူက ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေကို ရှာဖွေဖို့ မလိုဘူးလို့ ချီရွှဲ့ထုံဂိုဏ်းကို တောင်းဆိုခဲ့တာ။ ငါ သွားရင် တားမြစ်ပင်လယ်အရှိန်အဝါရှိနေတဲ့ ဓာတ်နှောတွေထဲ ရှာတွေ့ရမှာ။ အဲဒါကို ကာကွယ်ဖို့ဆိုရင် ထူးခြားတဲ့ ဓမ္မအသုံးအဆောင်တွေ ရှိမှဖြစ်မယ်။ အဲဒီအတွက်က အချိန်နည်းနည်းကြာမယ်။ ပြီးတော့ ကျစ်ထူရဲ့ ပိတ်ဆို့မှုက အချိန်ဘယ်လောက်ကြာမလဲ ငါ မသိဘူး ”
“ ကျစ်ထူမှာက မိသားစုတွေအများကြီးရှိတာ။ ပိုင်မိသားစုဆိုတာ အဲဒီမိသားစုတွေထဲက တစ်ခုပဲ ”
ခေါင်းဆောင်က ရွှီချင်းကို ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။
“ ကျနော် သွားလိုက်မယ် ”
ရွှီချင်းက ခေါင်းမော့၍ တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားတွင် မည်သည့်ခံစားချက်မျှ မပါဝင်ပါသော်လည်း အချိန်မရွေး ပေါက်ကွဲတော့မည့် မုန်တိုင်းတစ်ခု ရှိနေကြောင်း ခေါင်းဆောင် အာရုံရလိုက်သည်။
“ ရွှီချင်း၊ နောက်ကျ မင်း ပြန်လာရင် သုံးဖို့ လျှို့ဝှက်တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို ငါ ဖွင့်ပေးမယ်။ လူသတ်သမားကို မင်း ရှာတွေ့ရင် ပြန်ပြီး တည်နေရာရွှေ့ပြောင်းလာခဲ့။ လူသတ်သမားကို ဖမ်းတဲ့အခါ အဓိကအချက်က … ”
“ အဓိကအချက်က နောက်ကွယ်ကလက်သည်ကို ရှာဖို့ပဲမလား ”
ရွှီချင်းသည် လေထဲသို့ ပျံတက်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ပင်လယ်ပြင် တဝုန်းဝုန်း မြည်ဟည်းသွားကာ သူ၏ မှော်သင်္ဘောမှာ ပြိုးပြိုးပြက်ပြက်ဝင်းလက်သွားပြီး ရွှီချင်း၏ သိမ်းဆည်းခြင်း ခံလိုက်ရသည်။ ရွှီချင်းသည် ချီရွှဲ့ထုံဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ တန်းတန်းမတ်မတ် သွားလိုက်သည်။
အရာအားလုံး ပိတ်ဆို့ခံထားရပါသော်လည်း ကျောက်စိမ်းပေလွှာနှင့် တစ်ဖက်သွားလမ်းကြောင်းကို လုပ်ဆောင်နိုင်သေးသည်။
ထိုအချိန်၌ ရွှီချင်း၏ ရင်ထဲတွင် လူသတ်ချင်စိတ်များနှင့် စိုးရိမ်ကြောင့်ကြစိတ်များ ရောပြွမ်းနေသည်။ ယင်းခံစားချက်များက သူ့ရင်ထဲရှိ အနက်ရှိုင်းဆုံးနေရာသို့ပင် ရောက်သွားရာ သူ အရှိန်တင်လိုက်တော့သည်။
သူ၏အမြန်နှုန်းမှ တရွှီရွှီမြည်သံများကြောင့် ချီရွှဲ့ထုံဂိုဏ်းရှိလူအားလုံး ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။
တခဏလေးအတွင်း ချီရွှဲ့ထုံဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တည်နေရာ၌ ရွှီချင်း ပေါ်လာသည်။ သူ ဆင်းသက်လိုက်သည့်အချိန်မှာပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲ ရပ်လျက်သား ဖြစ်သွားသည်။
“ ကျစ်ထူက ပင်မမြို့ကြီးဆီသွားမယ် ”
ရွှီချင်းက မျက်နှာသေဖြင့် ပြောလိုက်သည်။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တာဝန်ယူထားကြသည့် ဂိုဏ်းသားများသည် ရွှီချင်းကို မှတ်မိသွားကြပြီး အစီအရင်ကို ချက်ချင်း ထိန်းညှိလိုက်ကြသည်။ အသက်ရှူချိန်သုံးကြိမ်စာကြာပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဝင်းလက်သွားပြီး ရွှီချင်းမှာ ချက်ချင်း ပျောက်သွားသည်။
တည်နေရာရွှေ့ပြောင်းခြင်းအငွေ့အသက်များ အဖက်ဖက်သို့ လွင့်ပျံသွားသည်။ ရွှီချင်း ပျောက်သွားပြီးနောက် ခေါင်းဆောင်သည်လည်း တဟုန်ထိုး ရောက်လာသည်။
ခေါင်းဆောင်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်၌ ရပ်၍ အဝေးသို့ ငေးကြည့်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူ အသိဉာဏ်ဌာန၏ ဌာနမှူးဖြစ်လာပြီးနောက် ရွှီချင်းနှင့် သမားတော်ကြီးပိုင်အကြောင်းကို စာဖိုင်တစ်ခုထဲတွင် ဖတ်ခဲ့ရဖူးသည်။ ထိုကိစ္စတွင် အဘိုးကြီးက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကိုလည်း သူ သိခဲ့ရသည်။
ရွှီချင်းကို ထောက်ခံပေးခဲ့သူက အဘိုးကြီးဖြစ်ပြီး သမားတော်ကြီးပိုင်က ရွှီချင်းကို တဖြည်းဖြည်းနှင့် အသိအမှတ်ပြုလာခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုကိစ္စတွင် သူ ဝင်မပါသင့်သည်ကို ခေါင်းဆောင် သိသည်။
ရွှီချင်းသည်လည်း တခြားသူများအား ဝင်မပါစေချင်သည်ကို သူ သိသည်။
“ အရင်တုန်းက … ငါလည်း ရွှီချင်းလို ခံစားခဲ့ရတယ်။ အဲဒီတုန်းက ငါ တစ်ယောက်တည်းပဲ နေချင်ခဲ့တာ ”
ခေါင်းဆောင်၏ မျက်လုံးများထဲ မှတ်ဉာဏ်အပိုင်းအစများ ပေါ်လာပြီး သူ့ရင်ထဲတွင် ဝမ်းနည်းစိတ်များ ပေါ်လာသည်။ သို့သော်လည်း တခဏလေးအတွင်း ထိုစိတ်များ ချိုးနှိမ်ခံလိုက်ရသည်။
သူက ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ အသိဉာဏ်ဌာနထဲက လူအားလုံး ဒီနေရာကို စောင့်ကြပ်ကြမယ် ”
သူ့အသံ လွင့်ပျံသွားသည်နှင့် ချီရွှဲ့ထုံဂိုဏ်း၏ တည်နေရာရွှေ့ပြောင်ခြင်းအစီအရင်မှာ ချက်ချင်း ပြောင်ရှင်းသွားပြီး အသိဉာဏ်ဌာနမှ ဂိုဏ်းသားများက ထိန်းချုပ်လိုက်သည်။ ပြီးသည်နှင့် ခေါင်းဆောင်က အသက်ဝဝရှူသွင်းကာ ကောင်းကင်ကြီးကို ကြည့်လိုက်သည်။
“ သတ္တမမြောက်တောင်ထိပ်က ဆက်ခံသူစာရင်းမှာ အဆင့်သုံးဆိုတဲ့ အဆင့်နဲ့ သတ္တမမြောက်တောင်ထိပ်ရဲ့ ဌာနမှူးဆိုတဲ့ရာထူးအရ ချီရွှဲ့ထုံဂိုဏ်းရဲ့ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်အားလုံးနှင့် ဆိပ်ကမ်းတစ်ခုလုံးကို ပိတ်ဆို့ထားစေ ”
“ လှေတွေနဲ့ သင်္ဘောတွေအားလုံး ဆိပ်ကမ်းကို ဝင်ထွက်သွားလာခြင်း မပြုရ ”
ခေါင်းဆောင်၏အသံဟိန်းထွက်သွားသည်နှင့် ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး၏ မန္တန်အစီအရင်ကြီး တဂျုံးဂျုံးမြည်ဟည်းသွားသည်။ မကြာခင် ဆဋ္ဌမမြောက်တောင်ထိပ်မှ နတ်အာရုံတစ်ခု ကျရောက်လာသည်။
ခေါင်းဆောင်က လက်နှစ်ဖက်ကို ဆုပ်၍ ဆဋ္ဌမမြောက်တောင်ထိပ်ကို အရိုအသေပေးလိုက်သည်။
“ ဆဋ္ဌမမြောက်ဂိုဏ်းတူဦးလေးခင်ဗျား … ကျွန်တော့်မှာ သက်သေနည်းနည်းနဲ့ မှန်းဆထားတာတွေ ရှိပါတယ်။ အရင်တုန်းက ဂိုဏ်းတူအစ်ကိုချန် အသတ်ခံရတဲ့ကိစ္စကိုလည်း ရှာတွေ့နိုင်လောက်မှာပါ။ အဲဒါကြောင့် တစ်ဂိုဏ်းလုံးကို ပိတ်ဆို့ပေးဖို့ ကျွန်တော့်ကို ခွင့်ပြုပေးပါ ”
ဆဋ္ဌမမြောက်တောင်တစ်ခုလုံး ရုတ်တရက် တဝုန်းဝုန်းမြည်ဟည်းသွားပြီး ကောင်းကင်ကြီး အရောင်ပြောင်းကာ လေပြင်းများ တိုက်ခတ်လာသည်။ ခဏအကြာ တင်းမာပြတ်သားသော အသံတစ်သံ လွင့်ပျံလာသည်။
“ ခွင့်ပြုတယ် ”
ခေါင်းဆောင်က ခေါင်းငုံ့၍ အလေးအနက် အရိုအသေပေးလိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။
“ ချင်းလေး၊ ဒါ မင်းအတွက် ငါ လုပ်ပေးနိုင်တာအကုန်ပဲ။ အဲဒီကိစ္စကို မင်း အောင်အောင်မြင်မြင်နဲ့ စုံစမ်းနိုင်ဖို့ ငါ မျှော်လင့်တယ်။ အဲဒီကိစ္စက ထင်သလောက်မရိုးရှင်းဘူးလို့ ငါ ခံစားနေရတယ် ”
“ ငွေစန္ဒာလက်ရွေးစင်အသွင်ပြောင်းဆေး ”
“ ဟိုးအရင်နှစ်တွေတုန်းက ပင်လယ်ကြီးထဲ ပျောက်သွားတဲ့ ကောင်းကင်လက်ရွေးစင်တွေ အများကြီး ရှိတယ် ”
ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး သူ့အကြည့်က နက်ရှိုင်းနေသည်။