ဂုဏ်သိက္ခာ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးခြင်း
Vol. 24 Ch. 348
ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် ငှက်ကင်၏ အပြင်လွှာကို ဖယ်ရှားနေပြီး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ငှက်ကင်၏ ဗိုက်ထဲမှ ဟင်းခတ် အမွှေးအကြိုင်များအားလုံးကို ဖယ်ထုတ်နေသည်။
ငှက်ကင်၏ အပြင်ပိုင်းတစ်ခုလုံးကို ရွှေအိုရောင် အဆီလွှာက ဖုံးအုပ်နေပြီး မီးရောင်အောက်၌ ငှက်ကင်၏ အရေပြားက တောက်ပနေသည်။ ဘာရနံ့မှ မရှိသော်လည်း အသွင်အပြင် တစ်ခုတည်းကပင် အံ့ဩစရာ ကောင်းနေသည်။ ၎င်းက လူတစ်ယောက်အား တစ်ကိုက်ကိုက်ချင်စိတ်ကို ထိန်းမရအောင် ဖြစ်ပေါ်စေသည်။
“မစ္စတာဝိုင်”
ထိုစဉ် ကျန်းယုံက အသားကုန် အော်ဟစ်လာသည်။ သူ၏ အနည်းငယ် ဝနေသော ခန္ဓာကိုယ်ကိုနှင့် မလိုက်အောင် လျင်မြန်စွာ ပြေးလာ၏။ သူသည် ရဲ့လင်းချန်နားသို့ ပြေးလာပြီး ပြောလေသည်။
“မစ္စတာဝိုင်၊ ငါတို့အားလုံးက တစ်ဖွဲ့တည်းပဲလေ၊ မင်းတစ်ယောက်တည်း စားလို့မရဘူး”
သူ့မျက်လုံးများက နီရဲနေပြီး ရဲ့လင်းချန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။
“တစ်ကိုက်လောက်၊ တစ်ကိုက်လောက်ပဲ၊ အဲ့လောက် မရဘူးဆိုရင် ငါ့ကို ငှက်ကင် အရေပြားလေး နည်းနည်းလောက် ဝေမျှပါ၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး လုပ်ပါ”
“ဒါရိုက်တာကျန်း၊ ဒီမတိုင်ခင်က ကျွန်မတို့ကို မီးခြစ်လေးတောင် မငှားတာ၊ အခု ကျွန်မတို့က ရုတ်တရက်ကြီး တစ်ဖွဲ့တည်းသား ဖြစ်သွားပြီလား”
အာနယ်လ်က ရယ်ချင်စွာ မေးလိုက်သည်။
“နားလည်မှုလွဲတာပါ၊ ဒါတွေအားလုံးက နားလည်မှုလွဲတာ”
ကျန်းယုံက ချက်ချင်း သူ့ကိုယ်သူ ရှင်းပြပြောဆိုလေသည်။
“ငါ ဘယ်သူလဲ မင်း မသိဘူးလား၊ ငါက ဘယ်လိုလုပ် မင်းတို့ကို အဆာခံခိုင်းမှာလဲ၊ အဲ့ဒါက နောက်လိုက်တာပါ၊ ရသစုံရှုံးပွဲအတွက် ဟာသ လုပ်လိုက်တာပါ၊ ဝိုင်က ဒီလောက် အံ့ဩစရာ ကောင်းလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူက လက်နဲ့တောင် မီးမွှေးနိုင်တာပဲ”
ထို့နောက် သူက ရဲ့လင်းချန်ကို အားကျစွာ ကြည့်သည်။
“ဝိုင်က တကယ့်ကို ယောက်ျားကောင်းတစ်ယောက်ပဲ၊ သူက အရာအားလုံးကို သိတယ်၊ သူသာ ဘေးနားမှာ ရှိတယ်ဆိုရင် ဘယ်ဟာမဆို ဖြစ်နိုင်သလို အောင်မြင်မှုတွေလည်း ရနိုင်တယ်၊ ရိုးရိုးသားသား ပြောရရင် ငါ့ဘဝ သက်တမ်းတစ်ဝက်လောက် နေခဲ့ပြီးပင်မယ့် ဒီလောက် အံ့ဩစရာကောင်းတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး၊ ငါ့လေးစားမှုက နှလုံးသားထဲက လာတာပါ၊ အံ့ဩဖို့ကောင်းတယ်၊ တကယ်ကို အံ့ဩစရာကောင်းတာ”
အားလုံးက သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လေသည်။
*ဖားနေတာ၊ တော်တော် မျက်နှာချိုသွေးတတ်တာပဲ*
*သူက ဒါရိုက်တာတစ်ယောက် ဖြစ်နေသေးတယ်လေ၊ သူ့ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားတာလဲ*
“ဒါရိုက်တာ ခင်ဗျား ဘယ်လိုလုပ် အဲ့လောက် အရှက်မရှိရတာလဲ”
တစ်ယောက်က သူ့ကို အားနှင့်မာန်နှင့် ပြောလာသည်။
“အစားအသောက်လေး အတွက်နဲ့ ဘယ်လိုလုပ် ခင်ဗျား ဂုဏ်သိက္ခာကို စွန့်ပစ်နိုင်ရတာလဲ၊ ခင်ဗျား ကျုပ်လို ဖြစ်သင့်တာ၊ ခင်ဗျား ဂုဏ်သိက္ခာရှိရှိ စားသင့်တယ်”
သူက ပြောလို့ပြီးသွားသည်နှင့် ရှေ့ကိုတည့်တည့်ကြည့်၍ ဒူးထောက်ကာ ရဲ့လင်းချန်၏ ပေါင်ကို ဖက်ကာ တောင်းပနန်လေသည်။
“ဝိုင်၊ ငါ့ကို နည်းနည်းလောက် ပေးကိုက်ပါကွာ …”
“ဝိုင် အမှန်အတိုင်း ပြောရရင် ငါ အတွေးတိမ်ပြီး မောက်မာခဲ့ပါတယ်၊ ကြီးမြတ်ခြင်းကို ငါ မြင်ခဲ့ရစဉ်တုန်းက မသိခဲ့ပဲ ငါ့မှာ ရှိတဲ့ အောင်မြင်မှုတွေနဲ့ ငါ့မိသားစုရဲ့မှာ ဂုဏ်ရှိရှိ ရပ်တည်ခဲ့တယ်၊ မင်းနဲ့ တွေ့ပြီးမှ ငါက လကို မြင်လိုက်ရတဲ့ ပိုးစုန်းကြူးလို၊ ပင်လယ်နဲ့ ဆုံတွေ့လိုက်ရတဲ့ မြစ်လိုမျိုး ဘယ်လောက် သေးငယ်လဲဆိုတာကို သိလိုက်ရတယ်၊ မင်းရဲ့ ကြီးမားတဲ့ စိတ်သဘောထား၊ ချောမောတဲ့မျက်နှာနဲ့ သူမတူတဲ့ အမူအကျင့်တွေက ငါ့ကို နက်နက်ရှိုင်းရှိုင်း သက်ရောက်စေတယ်၊ အထူးသဖြင့် မင်းရဲ့ ရုပ်ရည်အပြင် မင်းမှာ မယှဉ်နိုင်တဲ့ အရည်အချင်းလည်း ရှိတယ်၊ မင်း ငါ့ကို တစ်ကိုက်လောက် ပေးကိုက်လို့ ရနိုင်မလား”
“ဝိုင်၊ ငါ မင်းကို မြင်လိုက်ပြီးတော့ ရှေးခေတ်က စကားတစ်ခွန်းကို တွေးမိသွားတယ်၊ ‘လူငယ်တွေက တက်သစ်စ နေလိုပဲ၊ ကောင်းကင်ယံကို ထိုးတက်လာတဲ့ လမ်းတစ်လျှောက်လုံး အလင်းရောင် ပေးပြီးတော့ နွေရာသီရဲ့ အပူဆုံးအချိန် ပြီးသွားတာနဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းနဲ့ စီးဆင်းလာတဲ့ မြစ်လိုပဲ၊ ဟိန်းသံတစ်သံနဲ့ စိုးမိုးနိုင်တဲ့ နဂါးတစ်ကောင်လိုပဲတဲ့ …’၊ သူက မင်းအကြောင်းကို ပြောနေတာ၊ ဒါတွေက ငါ အသားတစ်ဖတ်အတွက် ပြောနေတာ မဟုတ်ဘူးနော်၊ ဒါတွေက စိတ်ရင်းနဲ့ ချီးကျူးတဲ့စကား၊ တကယ်တော့ ငါ မင်းချက်တဲ့ ဟင်းရဲ့ အနံ့ကို ရနိုင်တာနဲ့တင် ဝမ်းသာနေပါပြီ”
“အစ်ကိုဝိုင်၊ ငါတို့ အရင်ကတည်းက အချိန်အတော်ကြာအောင် သိကျွမ်းနေတယ်လို့ ငါ ခံစားမိနေတယ်၊ ငါတို့ အရင်ဘဝက သွေးသောက် ညီအစ်ကိုတွေ ဖြစ်ခဲ့ဖူးမယ်ထင်တယ်”
..
အသားတစ်ဖတ် စားနိုင်ရန်အလို့ငှာ ရိုက်ကူးရေးတစ်ဖွဲ့လုံးက အရှက်ကင်းမဲ့ခြင်း၏ အဓိပ္ပာယ်ကို မသိကျိုးကျွန် ပြုထားကြသည်။ ချန်ရှောင်ယန်တောင်မှ အံ့ဩမိနေသည်။ တစ်ချိန်တည်းမှာပင် သူမစိတ်ထဲ၌ ဂုဏ်ယူသလို ခံစားမိနေသည်။ အကြောင်းမှာ ဝိုင်က တကယ် အစွမ်းအစ ရှိနေသောကြောင့်ပင်။
ရဲ့လင်းချန်က ငှက်ကင်ကို ကောက်ကိုင်လိုက်ပြီး လူအုပ်ကြီး၏ မျက်လုံးများက သူ့နောက် အဆက်မပြတ် လိုက်ပါလာသည်။ အားလုံးက တံတွေးမျိုချနေပြီး မျက်နှာတွင် မျှော်လင့်စောင့်စားစိတ်တို့ ပြည့်နှက်နေ၏။
ထို့နောက် ရဲ့လင်းချန်က ငှက်ကင်အား တစ်ဝက် ဆွဲဖြဲလိုက်သည်ကို သူတို့ တွေ့လိုက်ရသည်။
“ငှက်ကင်က တစ်ကောင်တည်း ရှိတာ၊ အဲ့တော့ ခင်ဗျားတို့ ရိုက်ကူးရေးအဖွဲ့အတွက် ကျုပ် တစ်ဝက် ပိုင်းလိုက်တယ်”
“ကြင်နာတတ်တဲ့လူပဲ၊ တကယ်ကို ကြင်နာတတ်တဲ့သူ”
ကျန်းယုံ၏ မျက်နှာက လေးနက်သွားပြီး ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားမှုကြောင့် သူ ပြောစရာ စကား မဲ့သွားလေသည်။
“မစ္စတာဝိုင်က ဖြောင့်မတ်တာပဲ၊ သူက ငါတို့မျိုးဆက်အတွက် တကယ်ကို စံပြပုဂ္ဂိုလ်ပဲ”
ထိုသို့ပြောပြီးသည်နှင့် သူက ငှက်ကင်တစ်ခြမ်းကို လျှပ်စီးကဲ့သို့သော အလျင်ဖြင့် လှမ်းယူ၍ အားတက်သရော နောက်ဆုတ်သွားသည်။
“ဒါရိုက်တာက သူ့ဘာသာသူ စားချင်နေတာပဲ၊ သူ့ကို တားကြ”
“ယီးပဲ၊ ကျုပ် ခင်ဗျားကို ညှာမှာမဟုတ်ဘူး၊ ကျုပ် ခင်ဗျားနဲ့ချမှာ”
“မင်းတို့တွေ လူရော ဟုတ်သေးရဲ့လား၊ မင်းတို့ အရိုးတွေကိုတောင်မှ စားတာလား၊ ဒီအရိုးက ငါ့ဟာ၊ မယူနဲ့”
“ထွက်သွားမယ်မကြံနဲ့ သူခိုးကောင်၊ ငါ့ကို ငှက်ဖင်ဆီဖူးပေးဦး”
…
လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်းခြင်း၏ ပထမနေ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားလေသည်။ ဇာတ်ညွှန်းမှ ကွဲလွဲသည့် အချို့သော အဖြစ်အပျက်များ ရှိသော်လည်း သက်ရောက်မှုက အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လှသည်။ အွန်လိုင်းမှ ကြည့်ရှုသူ အရေအတွက်က မူလထက် နှစ်ဆတိုးလာပြီး ချီးမွမ်းမှုများက မဆုံးတော့ပေ။ ၎င်းက အအောင်မြင်ဆုံး ရိုက်ကူးမှုဟုပင် ဆိုနိုင်ပေသည်။
၎င်းအတွက် ရဲ့လင်းချန်ကို အတော်လေး ကျေးဇူးတင်ရပေမည်။ သူ၏ သူမတူသော အရည်အချင်းများကို ပြသခြင်းဖြင့် အစမှအဆုံးတိုင် တစ်ကိုယ်တော်ပြပွဲ ဖြစ်ခဲ့လေသည်။
ညအချိန် ရောက်သောအခါ တိုက်ရိုက် ထုတ်လွှင့်မှု ပြီးဆုံးသွားပြီး အားလုံး တဲထဲ ဝင်ကြသည်။ အာနယ်လ်တို့ မိန်းကလေး သုံးယောက်က ရဲ့လင်းချန် ဆောက်ပေးသော ဝါးအိမ်လေးသို့ လျှောက်သွားကြသည်။ သူတို့သည် စိတ်အားထက်သန်ကာ စိတ်လှုပ်ရှားနေပြီး မိန်းကလေးများအတွက် အလွန် ကြည်နူးစရာကောင်းသော နေရာတစ်ခုဟု တွေးမိနေလေသည်။
“ဪ ဒါနဲ့ စကားမစပ်၊ ဒါတွေကို မင်းတို့ ခေါင်းအုံးနား ထားထား”
ရဲ့လင်းချန်က သေးငယ်သော အလုံးလေးတစ်ချို့ကို ချန်ရှောင်ယန်တို့အား ပြောလာသည်။
“ဒါက ဘာလဲ၊ အနံ့တော့ ရှိတယ်၊ မွှေးတော့မွှေးသား”
အာနယ်လ်က သိချင်စိတ်ဖြင့် မေးလေသည်။
“ဒါတွေက ငါ တောထဲကနေ ကောက်လာတဲ့ အပင်တွေ၊ အဲ့ဒါက ခြင်တွေကို မောင်းထုတ်နိုင်တယ်”
ရဲ့လင်းချန်က အေးအေးလူလူ ပြောလိုက်သည်။
“ဝိုး … ကျေးဇူးတင်ပါတယ် မစ္စတာဝိုင်”
အာနယ်လ်က စိတ်လှုပ်ရှားစွာ ပြောသည်။
“နင်သာ ငါ့ချစ်သူ ဖြစ်မယ်ဆိုရင် ငါ ပျော်လွန်းလို့ သေလောက်တယ်”
တောနက်ထဲမှ ခြင်ရိုင်းများသည် သေစေနိုင်လောက်သည်။ ၎င်းတို့သည် တစ်ချက် ကိုက်လိုက်ရုံနှင့် ခန္ဓာကိုယ်ပေါ်တွင် ကိုက်ရာတစ်ခု ထင်ကျန်စေနိုင်ကာ အမျိုးသမီးများအတွက် ဆိုးရွားသော ကိစ္စပင်။ အာနယ်လ်တို့ မိန်းကလေးများသည် ထိုကိစ္စနှင့် ပတ်သက်၍ စိုးရိမ်နေသော်လည်း ရဲ့လင်းချန်က ထိုမျှ တွေးတတ် လိမ့်မည်ဟု သူမတို့ ထင်မထားမိပေ။
ရဲ့လင်းချန်က သူ့နှာခေါင်းသူ ပွတ်နေ၏။ ဤမိန်းကလေး၏ ရူးချင်စရာ စကားများနှင့် ပတ်သက်၍ သူ စိတ်ရှုပ်ခံ မနေတော့ပါ။
တဲထဲသို့ ပြန်ရောက်သောအခါ ရဲ့လင်းချန်က ကြမ်းပြင်ပေါ် လှဲလိုက်ပြီး သူ့အတွက် အိပ်ပျော်ရန် ခက်ခဲကြောင်း သတိပြုလိုက်မိသည်။ ထို့ကြောင့် သူ စနစ်ထဲသို့ ဝင်လိုက်ကာ မထင်မှတ်ဘဲ သူ၏ ရေပန်းစားမှုအမှတ်က ၂၀၃,၅၇၈ သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ဂျပန်နိုင်ငံနှင့် ပြိုင်ခဲ့သော ကစားပွဲ၏ သက်ရောက်မှုက ယခုအထိ ရှိနေဆဲဖြစ်ပြီး ပြည်ပနိုင်ငံများတောင်မှ ဝိုင်နတ်ဘုရား၏ နာမည်ကို တဖြည်းဖြည်း သိလာကြသည်။ ထို့ကြောင့် ရေပန်းစားမှုအမှတ်က အဆက်မပြတ် တိုးပွားလာနေသည်။ အဆိုတော်ဝိုင်၏ ရသစုံရှိုး၌ ပါဝင်လာမှုနှင့်ပါ ပေါင်းလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှု၌ အံ့ဩစရာတို့နှင့် ပြည့်စေခဲ့ပြီး ပရိသတ်များအား အံ့အားသင့်စေခဲ့သဖြင့် သူ၏ ရေပန်းစားမှုအမှတ်က ပို၍ တိုးလာ၏။
လူရှေ့ထွက်မှု တိုးလာခြင်းက ရေပန်းစားမှုကို မြန်နိုင်သမျှ မြန်မြန် တိုးမြင့်စေနိုင်သည့် နည်းလမ်း ဖြစ်ရုံရသည်။
အချိန်အတော်ကြာအောင် လွန်ဆွဲနေပြီးနောက် သူ့၌ အခြေခံအဆင့်မှ အဆင့်မြင့်ခြင်း မရှိသေးသဖြင့် သူ ယင်းကို ဘေးဖယ်ထားလိုက်ရသည်။
ဟိုဘက်ဒီဘက် လူးလိမ့်နေပြီးနောက် အိပ်ပျော်ရန် ခက်နေဆဲပင်။ ထို့ကြောင့် ရဲ့လင်းချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး တဲပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သစ်ပင်ပေါ်သို့ ဟိုခုန်ဒီခုန်ဖြင့် တက်လိုက်ပြီး သစ်ကိုင်း တစ်ကိုင်းပေါ်၌ လှဲချလိုက်သည်။ သူက လက်နှစ်ဖက်ကို ခေါင်းခုအုံး၍ ကောင်းကင်ကို မော့ကြည့်လေသည်။
ဤနေရာမှ ညကောင်းကင်ယံက အလွန် လှပသည်ကို သူ ဝန်ခံရပေမည်။ မီးခိုးမြူများ ရစ်ဝဲနေခြင်း မရှိသလို ဆိုင်မျိုးစုံ၏ အရောင်မျိုးစုံ အလင်းရောင်များလည်း မရှိပေ။ ကြယ်များ စုပြုံ ထွက်ပေါ်နေပြီး တလက်လက် တောက်ပ နေ၏။ ဆူညံလှုပ်ရှားသွားလာနေသော မြို့ပြနှင့် မိုင်ပေါင်းများစွာ ဝေးကွာသဖြင့် အလွန် အေးချမ်းလှသည်။ သူ့နားထဲ၌ တဝဲဝဲလည်လည် ကြားနေရသော အသံဟူ၍ ပိုးကောင်းမျိုးစုံ၏ အသံများသာ ရှိလေသည်။
“ကျွီ”
ထိုစဉ် သူ့တဲအပြင်ဘက်မှ ကျွီခနဲ အသံတစ်သံ ထွက်လာသဖြင့် ရဲ့လင်းချန် မသိမသာ မျက်ခုံးပင့်လိုက်မိသည်။
*ဒီလောက် ညဉ့်နက်နေတောင် လမ်းလျှောက်တဲ့သူ ရှိသေးတာလား*
သူ ငုံ့ကြည့်လိုက်သောအခါ မျက်လုံးတစ်စုံနှင့် အကြည့်ခြင်း စုံလေသည်။ ချန်ရှောင်ယန်က မြေကြီးပေါ်၌ ရပ်နေပြီး သစ်ပင်ပေါ် ထိုင်နေသော ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေသည်။ ထို့နောက် သူမက ပြုံးသည်။
“ရှင် မအိပ်သေးဘူးပဲ”
“အင်း”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“မင်း ဘာလို့ မအိပ်သေးတာလဲ”
“ကျွန်မ သိပ်ပျော်နေလို့ပါ”
ချန်ရှောင်ယန်က ရဲ့လင်းချန်ကို ကြည့်နေသည်။ သူမ၏ မျက်လုံးများက လခြမ်းကွေးသဖွယ် ကွေးညွတ်နေပြီး ရဲ့လင်းချန်အား ပြုံးကာ ကြည့်နေ၏။
“ရှင် ကျွန်မကို အဖော်ပြုပေးနေတယ်ဆိုတာကို တွေးမိရုံနဲ့တင် ကျွန်မ ပျော်လွန်းလို့ အိပ်လို့မရဘူး …”