← Chapters

စိတ်တထင့်ထင့်ဖြစ်နေသော ရဲ့လင်းချန်

Vol. 24 Ch. 349

စိတ်တထင့်ထင့်ဖြစ်နေသော ရဲ့လင်းချန်

Vol. 24 Ch. 349

ချန်ရှောင်ယန်သည် သိပ်ကိုလှပလွန်းသည်။ အထူးသဖြင့် ယခုကဲ့သို့ လရောင်အောက်တွင် ဖြစ်သည်။ သူမအား ငွေမှင်ရောင် အလင်းတန်းတစ်လွှာက ဖုံးအုပ်ထားသည်ဟု ထင်မှတ်မှားရသည်။

ရဲ့လင်းချန်သည် ပြုံးနေသော ချန်ရှောင်ယန်ကို တစ်ခဏမျှ ကြည့်နေပြီးနောက် သူ့နှာခေါင်းကိုပွတ်၍ မနေတတ်စွာ အကြည့်လွှဲလိုက်ရသည်။

“ရှင် ကျွန်မနဲ့ အဖော်လုပ်ပြီး ကမ်းစပ်မှာ လမ်းလျှောက်ပေးနိုင်မလား”

ရုတ်တရက် ချန်ရှောင်ယန်က မေးလာသည်။

“အင်း”

ရဲ့လင်းချန် အပင်ပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် နှစ်ယောက်သား ကမ်းခြေ၌ တိတ်ဆိတ်စွာ လမ်းလျှောက် ကြသည်။

တိတ်ဆိတ်နေသော ညတာနှင့် ပင်လယ်လေညင်းတို့အောက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်တို့က စကားတစ်ခွန်းမှ မပြောဘဲ ကမ်းခြေ၌ လမ်းလျှောက်နေကြလေသည်။

ထိုအတောအတွင်း ချန်ရှောင်ယန်က ရဲ့လင်းချန်၏ မျက်နှာကို ကြည့်ရန် အလို့ငှာ ခဏခဏ စောင်းငဲ့ကြည့်သည်။ သူမ၏ မျက်လုံးများက ရီဝေနေပြီး အချိန်နှင့်အမျှ တိတ်တခိုး ပြုံးနေ၏။

“ဝိုင်၊ နင်က တအား ငယ်တာလား”

ချန်ရှောင်ယန်က ရုတ်ချည်းဆိုသလို မေးခွန်းထုတ်လာသည်။

ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်က မသိမသာ ကွေးတက်လာပြီး ခေါင်းခါပြလိုက်သည်။

“ငါ မငယ်မှန်း မင်း သိပါတယ်”

ချန်ရှောင်ယန် အနည်းငယ် မှင်တက်သွားပြီးနောက် ရှက်သွေးဖြာသွားလေသည်။ သူမသည် မရည်ရွယ်ဘဲ ပါးစပ်ထောင့်ကို လက်ဖြင့် သုတ်လိုက်မိပြီး သူ့အား စိတ်ပျက်သလို အကြည့်လွှဲလိုက်သည်။

“ယောက်ျားတွေအားလုံးက အတူတူပဲ”

“ဟေ့ အထင်မလွဲနဲ့လေ၊ ငါက ဖိအားပေးခံရတဲ့သူပါ၊ ဟုတ်ပြီလား”

ရဲ့လင်းချန်က ခါးသက်စွာ ပြုံး၍ ပြောလေသည်။ ချန်ရှောင်ယန်က လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ရဲ့လင်းချန်အား လှည့်ကြည့်၍ သူမ၏ နီရဲနေသော လျှာလေး ထုတ်ကာ နှုတ်ခမ်းကို သပ်လေသည်။

“ရှင် ပြန်အလည်သွားချင်လား”

ရဲ့လင်းချန်၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားပြီး အသည်းအသန် တစ်ဖက်လှည့်၍ ချောင်းဆိုးလေသည်။

“ဟွန်း ရှင်က လိုချင်နေပင်မယ့် သတ္တိလည်း မရှိဘူး”

ချန်ရှောင်ယန် နှုတ်ခမ်းစူသွားပြီးနောက် ဆက်ပြောသည်။

“မနောက်နဲ့တော့”

ရဲ့လင်းချန် အောင့်သက်သက် ပြုံးလိုက်သည်။

ချန်ရှောင်ယန်၏ မျက်လုံးတွင် စိတ်ပျက်သော အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူမက ရုတ်တရက်ကြီး ခြေဖျားထောက်၍ ရဲ့လင်းချန်၏ လည်ပင်းကို သိုင်းဖက်ကာ ခေါင်းမော့လိုက်သည်။ ထိုအခါ တစ်ယောက်နှင့် တစ်ယောက် နှုတ်ခမ်းချင်း ထိကပ်မိသွားသည်။

ခပ်ဖွဖွ နမ်းလိုက်ပြီးနောက် ချန်ရှောင်ယန်က ရဲ့လင်းချန်ကို နက်ရှိုင်းစွာ စိုက်ကြည့်၍ ပြောလေသည်။

“ကျေးဇူး အများကြီး တင်ပါတယ် ဝိုင်၊ ရှင်က ကျွန်မကို ဘဝသစ်တစ်ခု ပေးခဲ့တယ်၊ အမှောင်ထုကို လွင့်ပြယ်စေ ပြီးတော့ ကျွန်မရဲ့ ကမ္ဘာကို အလှတရားတွေနဲ့ ပြည့်စေခဲ့တာ”

ချန်ရှောင်ယန်က သိုင်းဖက်ထားရာမှ လွှတ်လိုက်ပြီး ရဲ့လင်းချန် ပြန်ပြောသည်ကို မစောင့်ဘဲ ဝါးအိမ်ဘက်သို့ ခပ်သွက်သွက် ပြန်လျှောက်သွားသည်။

ရဲ့လင်းချန်က သူမ၏ နောက်ကျောကို ကြည့်ပြီး နှာခေါင်းကို ပွတ်ကာ သက်ပြင်းချလိုက်သည်။

*လိုချင်ပင်မယ့် သတ္တိ မရှိဘူးတဲ့လား၊ ငါက ဘာလို့ အဲ့လောက် မဝံ့မရဲ ဖြစ်ရတာလဲ*

…

နောက်သုံးရက်အတွင်း လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်းအတွက် ရိုက်ကူးမှုက တိုးတက်လာသည်။ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသည့် အရေအတွက်ကလည်း အများအပြား တိုးလာ၏။ သို့ရာတွင် လူတော်တော် များများက “လူသူမဲ့ကျွန်း၌ ရှင်သန်ခြင်း” ဟူသည့် နာမည်ကို “တောင့်တလိုချင်မိသော ဘဝတစ်ခု” ဟု ပြောင်းလဲရန် တောင်းဆိုနေကြသည်။

လူတိုင်းက အလွန် သက်တောင့်သက်သာ နေခဲ့ရသဖြင့် ရဲ့လင်းချန်သည် သားကောင်များ ဖမ်းရုံသာမက အရသာရှိသော ဟင်းလျာများလည်း ချက်ပြုတ်ပေးခဲ့သည်။ ယင်းက တကယ့်ကို ကောင်းကင်ဘုံလိုပင်။

ယနေ့တွင် နေအလင်းရောင်က တောက်ပလင်းလက်နေပြီး ပင်လယ်ပြင်ပေါ် ကျရောက်နေကာ မျက်စိကျိန်း လောက်သည့် သံလျပ်များ တဖျတ်ဖျတ် လက်နေ၏။ ယနေ့သည် အလွန် နေသာသော နေ့တစ်နေ့လည်း ဖြစ်ပေသည်။

“ဘူ ဘူ ဘူ …”

ထိုသို့သောအချိန်၌ ခပ်ဝေးဝေး ပင်လယ်ပြင်မှ သင်္ဘော ဥဩသံများ ထွက်ပေါ်လာသဖြင့် လူတိုင်း အလိုလို ထရပ်လိုက်မိပြီး အဝေးသို့ လှမ်းကြည့်ကြသည်။

“သင်္ဘောတစ်စင်း လာနေပြီ”

တလေက တအံ့တဩ ပြောလာသည်။

“ဘာလို့ သင်္ဘောတစ်စင်းက လာနေတာလဲ”

“ဒါရိုက်တာ၊ ရိုက်ကူးရေးက စောစော ပြီးသွားလို့လား၊ ဘာလို့ သင်္ဘောတစ်စင်းက လာနေတာလဲ”

“ငါတို့ နေရာပြောင်းရမှာလား”

လူတိုင်းက ကျန်းယုံကို ကြည့်ပြီး ထင်ကြေးများ ပေးလာကြသည်။

ကျန်းယုံ၏ အမူအရာက တည်ငြိမ်နေ၏။ အရာအားလုံးက သူ စီစဉ်ထားသလို ဖြစ်နေသော်လည်း သူက ဘာအဖြေမှ မပေးချေ။ ထိုအစား သူက မချိုမချဉ် ပြုံးနေသဖြင့် လူတိုင်း ကျောရိုးထဲအထိ အေးစိမ့်လာသလို ခံစားသွားရပြီး မကောင်းသော ခံစားချက် ရလာလေသည်။

သင်္ဘောသည် ယခင်က လူတိုင်းကို ကျွန်းထံ ပို့ခဲ့သည့် သင်္ဘောပင်။ မလိုအပ်သော စကားများ ပြောမနေဘဲ သူတို့က သင်္ဘောပေါ်မှနေ၍ ကယပ်လှေအချို့ ချပေးပြီး တစ်ခွန်းပင် မပြောဘဲ ပြန်ထွက်သွားသည်။

“သူတို့ ပြန်သွားတာလား”

“ဘာတွေဖြစ်နေတာလဲ၊ ဒီကယပ်လှေတွေက ဘာသဘောလဲ”

“အားလုံး လူစုကြပါ”

ကျန်းယုံက အော်လိုက်သည်။

“လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်းက အစီအစဉ်သစ်တစ်ခု ထုတ်ဖော်လိုက်ကြောင်း ပြောချင်ပါတယ်၊ အခုကစပြီး လူသူမဲ့ကျွန်းကနေ ထွက်ပြေးရမှာပါ”

*လူမရှိတဲ့ကျွန်းကနေ ထွက်ပြေးရမယ် ဟုတ်လား*

လူတိုင်း စဉ်းစားသွားသည်။

“ဒါရိုက်တာကျန်း၊ ခင်ဗျားက ကျုပ်တို့ကို ဒီကယပ်လှေနဲ့ တစ်ဖက်ကျွန်းကို လှော်စေချင်တာလား”

ရဲ့လင်းချန် မေးလိုက်သည်။ ကျန်းယုံ အနည်းငယ် ပြုံးသွားသည်။

“မင်း ခန့်မှန်းနိုင်တာပဲ ဝိုင်”

“ဘာ၊ ဒါ မဖြစ်နိုင်ဘူးလေ၊ ဒီလို ကယပ်လှေမျိုးနဲ့ ငါတို့ ဘယ်လောက် ကြာကြာ လှော်ရမှာလဲ”

“ချီးပဲ၊ ဒါက လွန်လွန်းသွားပြီ၊ ဒါက အရမ်း ပင်ပန်းမှာ ခင်ဗျား သိလား”

“လေတိုက်ရင် ကျုပ်တို့ ကယပ်လှေ နောက်ကို တွန်းပို့ခံရမှာကိုတောင် စိုးမိတယ်”

လူတိုင်း ညည်းညူကြသည်။

ရိုက်ကူးရေး အဖွဲ့က လူတိုင်း၏ ညည်းညူသံကို လျစ်လျူရှု၍ ကြေညာလိုက်သည်။

“မင်းတို့ ဒီကို လာတုန်းက ဖွဲ့ခဲ့တဲ့ အဖွဲ့အတိုင်း သွားရမှာပါ၊ စုစုပေါင်း အဖွဲ့သုံးဖွဲ့ ရှိပြီးတော့ လူနှစ်ယောက်က ကယပ်လှေ တစ်စီးကို မျှစီးရမယ်၊ ဒါ မင်းတို့ရဲ့ သဟဇာတ ဖြစ်မှုနဲ့ စည်းလုံးမှုကို စစ်ဆေးတဲ့ပွဲတစ်ခုပဲ”

“ငါ သဘောမတူဘူး”

အာနယ်လ်က ချက်ချင်း လက်မြှောက်သည်။

“ရှောင်မိုနဲ့ ငါက နှစ်ယောက်လုံး မိန်းကလေးတွေလေ၊ ငါတို့က ရုပ်ပိုင်းဆိုင်ရာမှာ ပိုအားနည်းတာ အသိသာကြီးပဲ၊ ဒါရိုက်တာ ရှင် ကျွန်မတို့အပေါ် မတရားဘူး”

“မင်းရဲ့ ငြင်းဆန်မှုက အကျုံးမဝင်ဘူး”

ကျန်းယုံက အဖွဲ့ဝင်များကို သနားစိတ် မရှိပေ။

“ဖွဲ့ထားတဲ့ အဖွဲ့တွေက အပတ်တကုတ် ကြိုးစားမှရမယ်၊ မျက်ရည် ထွက်ရင်တောင်မှပေါ့၊ အရှုံးမပေးနဲ့၊ အရှုံးမပေးနဲ့”

“ရက်စက်တဲ့ ဒါရိုက်တာ”

အာနယ်လ်က ချက်ချင်း ကျန်းယုံကို ပြစ်တင် ပြောဆိုသည်။

အဖွဲ့သုံးဖွဲ့သည် ရိုက်ကူးရေးအဖွဲ့၏ အစီအစဉ်အတိုင်း ကယပ်လှေဖြင့် ခပ်မြန်မြန် ထွက်ခွာကြသည်။ တစ်ချိန်တည်းမှာပင် လူတစ်ယောက်ချင်းစီအတွက် အရေးပေါ်အခြေအနေမျိုးအတွက် အသက်ကယ်အင်္ကျီများ ပေးထားလေသည်။ ထို့နောက် သူတို့ကို လှော်တက်တစ်တက်စီ ပေးသည်။

ရိုက်ကူးရေးအဖွဲ့တွင် ကိုယ်ပိုင် ကယပ်လှေများ ရှိသည်။ သူတို့က အားလုံးဘေးမှ လိုက်ပြီး သူတို့၏ ဘေးကင်းမှုကို ကာကွယ်ပေးသည်။

“ငါ ဒီဟာကို ဘယ်လို သုံးရမှာလဲ”

လူတိုင်း၏ မျက်နှာတွင် ခါးသီးခြင်းတို့နှင့် ပြည့်နှက်နေ၏။ သူတို့ အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း တစ်နေရာတည်းတွင် လည်လျင်လည်၊ မလည်လျင် အနောက်သို့ ရောက်သွားလေသည်။ သူတို့ အရပ်မျက်နှာကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

အာနယ်လ်နှင့် ရှောင်မိုတို့သည် သွေးပျက်စွာ အော်ဟစ်ကြသည်။ သူတို့သည် ကယပ်လှေကို မထိန်းနိုင်ကြပေ။ ၎င်းသည် ဘေးတစ်ဖက်တစ်ချက်သို့ အရှိန်ဖြင့် ယိမ်းနေပြီး အချိန်မရွေး မှောက်တော့မယောင် ဖြစ်နေ၏။

ရဲ့လင်းချန်က တစ်ဦးတည်းသော ခြွင်းချက်ပင်။ သူသည် လှော်တက်အား အေးအေးလူလူ လှော်ခက်နေပြီး ဘာအတားအဆီးမှ မရှိသည့်ဟန်ဖြင့် အရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ ထို့အပြင် သူသည် အရပ်မျက်နှာကိုလည်း ထိန်းချုပ်နိုင်ပြီး လူအများဘေး၌ လှော်ခက်နေလေသည်။

“ဝိုင် မင်း အရင်က ကယပ်လှေ လှော်ဖူးတာလား”

အားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

*ဒီလူက ဘာမဆိုသိပြီး အားလုံး လုပ်တတ်နေပါလား*

“အများကြီးတော့ မဟုတ်ပါဘူး၊ ငါ အရင်က နည်းနည်းပါးပါး ဖတ်ဖူးရုံလေးပါ”

ရဲ့လင်းချန်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

*စာလေး နည်းနည်းလောက် ဖတ်ဖူးရုံနဲ့ လုပ်နိုင်တာလား*

*ဟဲဟဲ အဲ့လို လေလုံးထွားတာကို အမှတ်ပြည့် ပေးရမယ်*

“အရင်ဆုံး ကယပ်လှေပေါ်မှာ ကိုယ်အနေအထားကို ထိန်းရမယ်၊ ပြီးတော့ မင်း လှော်တက်ကို ကိုင်ထားတဲ့ပုံက မမှန်ဘူး၊ လှော်တာက အားမစိုက်ရဘူး၊ အရည်အချင်းပဲ လိုတာ”

ရဲ့လင်းချန်က သူတို့ကိုကြည့်၍ သရုပ်ပြကာ ရှင်းပြနေသည်။

“ဒီလို ဖြစ်သင့်တာ … ပြီးရင် ဒီလို … ပြီးတော့ ဒီလိုမျိုး …”

အာနယ်လ်က ရဲ့လင်းချန်၏ နည်းလမ်းအတိုင်း အတိအကျ လိုက်လုပ်ပြီးနောက် ချက်ချင်း ပျော်မြူးသွားသည်။

“တကယ်ကြီး ငြိမ်သွားတာပဲ၊ ကယပ်လှေက ရှေ့ကို တိုးနိုင်ပြီ”

“လခွမ်း ဒီနည်းလမ်းက တကယ် ထိရောက်တာပဲ၊ ဝိုင် ပြောတဲ့အတိုင်းပဲ”

တလေနှင့် အစ်ကိုယန်တို့ကလည်း ရယ်၍ ပြောသည်။

လူတိုင်း ပြုံးနေပြီး ဦးတည်ရာအရပ်သို့ ဖြည်းဖြည်းချင်း စရွေ့လျားကြသည်။

ကယပ်လှေတစ်စီးသာ ဖြစ်ပြီး လူသစ်များလည်း ဖြစ်ကြသဖြင့် ထင်သလောက် မမြန်ပေ။ သို့သော် ဘယ်သူမှ အလျင်မလိုပါ။ သူတို့က စကားပြောလိုက်၊ ရယ်လိုက်ဖြင့် ပင်လယ်လေညင်းကို ခံစားနေ၏။ ယင်းက စိတ်အေးချမ်းကာ သက်တောင့်သက်သာ ရှိလှသည်။

သို့သော် ထိုသို့သောအချိန်၌ ရဲ့လင်းချန်၏ မျက်လုံးအိမ်က ပြင်းထန်စွာ လှုပ်ခါသွားသည်။

သူ့နှလုံးသားက အနည်းငယ် အေးခဲသွားပြီး ပတ်ဝန်းကျင် ပင်လယ်ပြင်အား ကြည့်လိုက်သည်။ အသာအယာ တိုက်ခတ်နေသော ပင်လယ်လေအောက်၌ သေးငယ်သော လှိုင်းလုံးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသည်။

ရဲ့လင်းချန်၏ မကောင်းသော ခံစားချက်က ပိုပို၍ ပြင်းထန်လာသည်။ အရာအားလုံးက တည်ငြိမ် အေးချမ်း လွန်းနေ၏။ ထိုသို့ တည်ငြိမ်အေးချမ်းနေခြင်းကပင် ကြောက်စရာ ကောင်းလှသည်။

ရဲ့လင်းချန်၏ အကြည့်က အားလုံးအပေါ် ဖြတ်ပြေးသွားပြီး မျက်နှာအမူအရာ မည်းမှောင်သွားသည်။ သူက ချက်ချင်း အော်ဟစ်၍ သတိပေးလိုက်လေသည်။

“အားလုံး ကိုယ် မြန်နိုင်သလောက် မြန်မြန် ပြန်ဆုတ်ကြ”

…

All Chapters