အုတ်ဂူရှေ့တွင် သေရည်သောက်၍ ကျမ်းစာရွတ်ခြင်း
Vol. 19 Ch. 289
ချီရွှဲ့ထုံဂိုဏ်း၌ ဆောင်းဦးသာ ရှိသေးသော်လည်း ကျစ်ထူ၌ ဆောင်းရာသီရောက်နေပြီဖြစ်သည်။
လေနှင့် နှင်းများ တဖွဲဖွဲကျဆင်းနေကာ နှစ်ထောင်ပေါင်းများစွာကြာ တည်ရှိလာခဲ့သော ရှေးဟောင်းမြို့ကြီးကို ဖုံးလွှမ်းနေသည်။
အဝေးမှကြည့်ပါက အဆုံးအစမဲ့နှင်းထုကြီးထဲတွင် အနီရင့်ရင့် နန်းတော်များနှင့် အဆောက်များကို မြှုပ်နှံထားသည့်အလား ထင်မှတ်ရသည်။
နယ်မြေတစ်ခုလုံး နှင်းထုကြီး ဖုံးလွှမ်းနေပြီး လမ်းများပေါ်တွင် လမ်းသွားလမ်းလာများစွာ မရှိပေ။ လမ်းပေါ်ရှိသည့်လူများသည်လည်း ထူထပ်သောအဝတ်အစားများ ဝတ်ထားကြသည်။ သို့သော် အဆက်မပြတ် ကျဆင်းနေသော နှင်းများကို သူတို့ မဖယ်နိုင်ရာ သူတို့ဆံပင်များ ဖွေးဖွေးလှုပ်ဖြူဆွတ်နေတော့သည်။
အဆက်မပြတ်ကျဆင်းနေသောနှင်းများနှင့် လမ်းသွားလမ်းလာများ၏ ထုံကျဉ်နေသော အမူအရာများ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားကာ အလိုမတူဘဲငြင်းဆန်ခြင်းနှင့် ဖိအားပေးခြင်းတို့ ရောယှက်နေသော ပတ်ဝန်းကျင်တစ်ခုအသွင် တဖြည်းဖြည်း ပြောင်းလဲလာသည်။
မြို့ကြီးထဲရှိ အဆောက်အအုံခေါင်းမိုးများက နှင်းပင်လယ်ကြီးထဲတွင် အထီးကျန်ကျွန်းများပမာပင်။
ဤနေရသည် ကျစ်ထူဖြစ်သည်။
နန်းဟွမ်ဒေသကြီး၏ နန်းမြို့တော်ဟောင်း တည်ရှိရာနေရာလည်း ဖြစ်သည်။
နှစ်တစ်သောင်းအကြာက နန်းဟွမ်ဒေသကြီးထဲတွင် ကျစ်လွီဆဲ့ဆိုသည့် တိုင်းပြည်ကြီးတစ်ခု တည်ရှိခဲ့သည်။ ထိုအချိန်က နန်းဟွမ်ဒေသကြီးတစ်ခုလုံး တစ်သွေးတသားတည်း ဖြစ်ခဲ့ပြီး မီးဖီးနစ်ငှက်ကြီးကို တိုင်းပြည်၏ သင်္ကေတအဖြစ် အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ထိုတိုင်းပြည်ကြီးမှာ ရက်စက်ကြမ်းကြုတ်သောလောကကြီးထဲတွင် ဆက်လက်ရပ်တည်နိုင်စွမ်း မရှိခဲ့ပေ။
အတွင်းပဋိပက္ခများနှင့်အတူ ပြိုလဲသွားခဲ့ပြီး သမိုင်းတွင် ကျန်ရစ်ခဲ့လေသည်။
ထိုအချိန်က တော်ဝင်မိသားစုနှင့် အမွေအနှစ်များကို သစ္စာဖောက်အင်အားစုများက ခွဲယူခဲ့ကြသည်။ သွေးမျိုးဆက်များကိုလည်း ထိုနည်းတူ ခွဲခြမ်းခဲ့ကြသည်။
သစ္စာဖောက်များက အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက် မိသားစုကြီးရှစ်စုဖြစ်လာကာ ကျစ်ထူကို အုပ်ချုပ်ခဲ့ကြသည်။ သူတို့က မီးဖီးနစ်ငှက်ကြီး၏ရုပ်ထုကိုလည်း သူတို့နတ်ဘုရားအဖြစ် ကိုးကွယ်ခဲ့ကြသည်။
ကျစ်ထူနန်းမြို့တော်တစ်ခုလုံး၏ အရွယ်အစားက ချီရွှဲ့ထုံဂိုဏ်းပင်မမြို့ကြီး၏ သုံးဆခန့်ရှိပြီး နယ်မြေရှစ်ခု ခွဲခြားထားသည်။
ထိုနယ်မြေရှစ်ခုသည် မိသားစုကြီးရှစ်စု၏ နယ်မြေများဖြစ်သည်။
နယ်မြေတစ်ခုစီ၌ နန်းတော်တစ်ဆောင်နှင့် ဆင်တူသော အဆောက်အအုံတစ်ခုရှိသည်။ ထိုနန်းဆောင်များသည် ထိုမိသားစုကြီးရှစ်စု၏ ဘိုးဘေးနယ်မြေများဖြစ်ကြသည်။
တချို့မိသားစုများ၏ နန်းတော်များကို ဘဲစားရေမှော်များဖြင့် ပြည့်နှက်နေသည့် ကျောက်စိမ်းရေများက ဝန်းရံထားသည်။ နန်းတော်၏ တံစက်မြိတ်များပေါ်တွင် လက်ရာမြောက်သောနဂါးများနှင့် ဖီးနစ်ပုံများ ထွင်းထုထားသည်။
တချို့နန်းတော်များ၌ ဆောင်းရာသီနေရောင်ခြည်အောက်တွင် တဖျပ်ဖျပ်ဝင်းလက်နေသော ရွှေချပ်ကြီးများ ရှိသည်။ အဝေးမှကြည့်ပါက တံစက်မြိတ်နှစ်ထပ်နန်းတော်များက ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။
ချီရွှဲ့ထုံဂိုဏ်းနှင့် ယှဉ်ပါက အလွန် ကွဲပြားခြားနားသောပုံစံ ဖြစ်သည်။
ကျစ်ထူသည် အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားသည့် ခေါင်းမာသော အဘိုးကြီးတစ်ယောက်နှင့် ဆင်တူသည်။ အရာအားလုံးက စည်းမျဉ်းများ၊ သွေးမျိုးဆက်များနှင့် မိသားစုဓလေ့ထုံးတမ်းများကိုသာ အခြေခံထားသည်။
ယင်းသည် ရက်စက်ကြမ်းတမ်းသောလောကကြီးထဲ၌ သူတို့၏ ရှင်သန်နေထိုင်နည်း ဖြစ်သည်။ အကျိုးအမြတ်ကိုသာ အဓိကထားသော ချီရွှဲ့ထုံဂိုဏ်းနှင့် လုံးလုံးလျားလျား ကွဲထွက်နေပြီး မည်သည့်အရာက ပိုကောင်းသည်ကို အလွယ်တကူပြောရန် ခက်သည်။
ခုနစ်ဂိုဏ်းမဟာမိတ်၏ အခွဲဖြစ်သော ချီရွှဲ့ထုံဂိုဏ်းသည် အစက ကျစ်ထူအောက် နိမ့်ကျခဲ့သည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ တဖြည်းဖြည်း အဆင့်တူအဖြစ်သို့ ရောက်လာခဲ့သည်။
ယခု ဘိုးဘေးရွှယ်လျန့်ကျစ်၏ အဆင့်တက်ခြင်းနှင့်အတူ ကျစ်ထူကို ကျော်တက်သွားခဲ့ပြီး လူသားမဟုတ်သောမျိုးနွယ်များနှင့်ပင် စစ်ခင်းဝံ့သော သတ္တိများ ရှိလာကြသည်။
သို့သော်လည်း ကျစ်ထူမှာ မတူညီပေ။
သူတို့က သီးခြားနေရသည်ကို နှစ်ခြိုက်ပြီး တခြားသူများက နှောင့်ယှက်လာသည်ကို သဘောမကျပေ။ အမှန်စင်စစ် သူတို့သည် ကောင်းကင်ရှိ နတ်ဘုရားမျက်နှာပျက်ကြီးကို လေးစားကြည်ညိုပြီး အပြင်လောကရှိ အင်အားစုအားလုံးကို အထင်သေးကြသည်။ ဝမ်ကူးဒေသကြီးကိုပင် သူတို့ သဘောမကျပေ။
သူတို့သွေးမျိုးဆက်သည်သာ အမြင့်မြတ်ဆုံးအဖြစ် ယူဆထားကြပြီး သူတို့ကိုယ်သူတို့ ရေတွင်းထဲက ဖားသူငယ်များအဖြစ် မမြင်ကြပေ။
သို့ဖြစ်၍ ကျစ်ထူတွင် ဆွေမျိုးစဉ်ဆက် ဆင်းသက်လာခဲ့သော သွေးမျိုးဆက်သာ မပိုင်ဆိုင်ထားပါက အနာဂတ်ရှိမည် မဟုတ်ပေ။ သဘာဝကျစွာပင် ထိုသူများ၌ မည်သည့်အားအင်မျှရှိမည် မဟုတ်ပေ။ ခယဝန်တွားခြင်းက သူတို့စိတ်ဝိညာဉ်ထဲ တဖြည်းဖြည်း စိမ့်ဝင်လာကာ မျိုးဆက်များ အဆက်ဆက်စီးဝင်သွားတော့သည်။
ပြီးခဲ့သည့် နှစ်ပေါင်းများစွာအကြာက သမားတော်ကြီးပိုင်သည် ကျစ်ထူရှိ ရည်မှန်းချက်ကြီးသော လူနည်းစုအနက် တစ်ယောက် ဖြစ်ခဲ့သည်။
သူသည် မိသားစုအစဉ်အလာများကို ချိုးဖောက်ကာ အပြင်လောကကြီးထဲရှိ လူသားမျိုးနွယ်များနှင့် ဆက်ဆံရေးတည်ဆောက်ခဲ့သည့် ပထမဆုံးလူလည်း ဖြစ်သည်။
သူ့အတွေးများသည် ကျစ်ထူ၏ အယူအဆများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြီး ယင်းအတွက် သာမန်လူတစ်ယောက်ဖြစ်လာခြင်းဖြင့် သူ ပေးဆပ်ခဲ့ရသည်။
သို့သော် သူ လက်မလျော့ပေ။ အပင်နှင့်အသီးအရွက်တာအိုတွင် နှိုင်းယှဉ်၍မရလောက်အောင် ကြီးမားသော ပါရမီကြောင့် ကန့်သတ်ထားသောအချိန်အတွင်း မတူညီသောလမ်းတစ်လမ်းကို ခက်ခဲပင်ပန်းစွာ သူ လျှောက်ခဲ့သည်။
ဆေးဖော်စပ်နည်းများစွာကို သူ တီထွင်ခဲ့သည်။ အပင်နှင့်အသီးအရွက်တာအို၌ သာမန်လူတစ်ယောက်ဖြစ်သော သူသည် ကျင့်ကြံသူများကို ကျော်လွန်ခဲ့သည်။
နန်းဟွမ်ဒေသကြီး၌ အထူးချွန်ဆုံး သမားတော်ကြီးတစ်ယောက်အဖြစ် သူ့ကို သတ်မှတ်နိုင်သည်။
ချီရွှဲ့ထုံဂိုဏ်းရှိ ယွမ်ယင်အဆင့် ဒုတိယတောင်သခင်ကြီးသည်ပင် သမားတော်ကြီးပိုင်ကို အလွန် လေးစားသည်။ သတ္တမမြောက်တောင်သခင်ကြီးသည်ပင် သူ့ကို သမားတော်ကြီးဟု ခေါ်ရသည်။
ထိုအခြင်းအရာများအရ သမားတော်ကြီးပိုင်၏ ဆေးပညာအသိပညာများက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း ပြသနေသည်။
သို့တိုင်အောင် ကျစ်ထူရှိ စည်းမျဉ်းအထပ်ထပ်က သူ့ကို ချုပ်နှောင်ထားဆဲပင်။ သူ လက်မှိုင်ချရသော ကိစ္စများစွာ ရှိသည်။ အရာအားလုံးမှာ သူ့သွေးမျိုးဆက်ကြောင့် ဖြစ်သည်။
သမားတော်ကြီးပိုင်သည် ပိုင်မိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်မှ ဆင်းသက်လာခြင်း မဟုတ်ပေ။ သူသည် မိသားစုခွဲမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သည်။
ထိုအချိန်၌ နှင်းများက ပို၍ ထူထပ်သိပ်သည်းစွာ ကျလာသည်။
နှင်းများ တဖွဲဖွဲကျနေခြင်းနှင့်အတူ ပိုင်မျိုးနွယ်စု တည်ရှိရာနေရာရှိ အများပိုင်သင်္ချိုင်းကြီးထဲတွင် လူဆယ်ယောက်ကျော် မတ်တတ်ရပ်နေကြသည်။ သူတို့ရှေ့တွင် သလင်းကျောက်ခေါင်းတလားတစ်လုံး ရှိသည်။ ထိုခေါင်းတလားထဲတွင် သမားတော်ကြီးပိုင်၏ အလောင်း ရှိနေပြီး သူ့မျက်ခုံးမွေးနှစ်ခုကြားရှိ ဒဏ်ရာမှာ ဖုံးလွှမ်းသွားပြီး ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲသို့ ဓမ္မစွမ်းအားများ ထည့်သွင်းလိုက်ပြီး သလင်းကျောက်ခေါင်းတလားထဲတွင် ပိတ်လှောင်ထားပါသော်လည်း အနီးကပ်ကြည့်ပါက သမားတော်ကြီးပိုင်၏ အလောင်းမှာ ပုပ်ပွကာ မည်းနက်လာသည်ကို မြင်ရပေမည်။
ယင်းသည် အဆိပ်မိထားသည့်လက္ခဏာဖြစ်သည်။ ထိုအဆိပ်သည် အလွန် ပြင်းထန်ပြီး အလျင်အမြန် ပုပ်ပွနေသည်။
ထို့ကြောင့် အလောင်းကို ကြာကြာထိန်းသိမ်းထား၍ မဖြစ်ဘဲ မြန်မြန်မြှုပ်နှံရမည် ဖြစ်သည်။
သမားတော်ကြီးပိုင်သည် သူ၏သွေးမျိုးဆက်ကြောင့် သေဆုံးပြီးနောက် မိသားစု၏ တော်ဝင်ဂူဗိမာန်ထဲတွင် မြှုပ်နှံခြင်း မခံရပေ။ ထိုသည်ကိုလည်း သမားတော်ကြီးပိုင်သည် အသက်ရှင်စဉ်အခါက ပြစ်တင်ဝေဖန်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သမားတော်ကြီးပိုင်သည် သူ သေပြီးနောက် အများပိုင်ဂူဗိမာန်ထဲတွင် မြှုပ်နှံရန် ညွှန်ကြားခဲ့သည်။
လက်ရှိ၌ ပိုင်ယွင်သုန်အပါအဝင် လူအများစု တိတ်ဆိတ်စွာ ရပ်နေကြသည်။
ယခု ရှိနေကြသည့်လူများသည် သမားတော်ကြီးပိုင်၏ မျိုးဆက်များ သို့မဟုတ် သမားတော်ကြီးပိုင်နှင့် ရင်းနှီးသူများသာ ဖြစ်ကြသည်။ ဘဝတွင် မိတ်ဆွေအပေါင်းအသင်းများစွာ ရှိနေရန် မလိုအပ်ဘဲ ရင်းနှီးသော သူငယ်ချင်း လေးယောက်၊ ငါးယောက်နှင့် လုံလောက်ပေသည်။
ခေါင်းတလားကို မြှုပ်နှံပြီးနောက် လူအားလုံး ပို၍ပင် လေးနက်တည်ကြည်လာသည်။ ထိုလူများထဲတွင် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ငိုကြွေးလိုက်သော မိန်းကလေးတစ်ယောက် ရှိသည်။
ထိုမိန်းကလေးမှာ ထင်းယွီဖြစ်သည်။
( ၂ ) နှစ်ကြာပြီးနောက် ထင်းယွီ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ ထင်းယွီသည် အကောင်းဆုံးအချိန်ကာလကို ရောက်ရှိနေပြီး စိတ်လက်ပေါ့ပါးစွာ အမြဲနေခဲ့ရသည်။ သို့သော် သမားတော်ကြီးပိုင်၏ သေဆုံးခြင်းနှင့်အတူ ထင်းယွီ၏ ကောင်းကင်ကြီး ပြိုလဲခဲ့ရသည်။
ထင်းယွီသည် အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်ပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ထင်းယွီ၏ဘေးတွင် အသက် ( ၁၈ )နှစ်၊ ( ၁၉ ) နှစ်အရွယ် လူငယ်တစ်ယောက်ရှိသည်။ ထိုလူငယ်သည် အရပ်ထောင်ထောင်မောင်းမောင်းရှိပြီး မာနကြီးသောရုပ်ရည်သွင်ပြင်ရှိသည်။ သူ့ဝတ်ရုံသည် အလွန် အဖိုးတန်ပြီး သူ၏ခါးရှိ ကျောက်စိမ်းဆွဲသီးမှာ ဓမ္မအသုံးအဆောင်တစ်ခု၏ အလင်းများ ဖြာထွက်နေသည်။
ထိုလူငယ်မှာ ချန်ဖေးယွမ်ပင်။
သူသည် ချန်မိသားစု၏ မျိုးဆက်များထဲ အကြီးဆုံးသား ဖြစ်သည်။ အမှန်စင်စစ် သမားတော်ကြီးပိုင် သေဆုံးပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းများကို ပိတ်ဆို့ခဲ့သူမှာ သူ ဖြစ်သည်။
သူသည် လက်သီးကို တင်းကြပ်စွာ ဆုပ်ထားပြီး အသက်ရှူသံများ မြန်ဆန်နေသည်။ သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ထင်းခနဲ ပေါ်လွင်နေသည်။
သူတို့ ဝမ်းနည်းပူဆွေးနေစဉ် ထိုဂူဗိမာန်နှင့် မနီးမဝေးတစ်နေရာရှိ လမ်းကြားလေးတစ်ခုထဲမှ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ထိုနေရာအား တိတ်ဆိတ်စွာ ကြည့်နေသည်ကို သူတို့ သတိမထားမိကြပေ။
သက်လတ်ပိုင်းလူသည် လျှော်ဖြင့်ရက်လုပ်ထားသည့် ထူထပ်သောဝတ်ရုံကို ဝတ်ဆင်ထားပြီး သာမန်ပုံစံရှိသည်။ သူ့မျက်နှာက အနည်းငယ် ဝါကြင့်ကြင့်ဖြစ်နေပါသော်လည်း သူ့မျက်လုံးများထဲတွင် အဆုံးမဲ့ဝမ်းနည်းပူဆွေးခြင်းများ ရှိနေသည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ခါနေပြီး သူ့ညာလက်ကို ဘေးရှိနံရံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုရာ အုတ်များ ကျိုးကြေသွားသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မည်းလာသည်။ နေမင်းကြီး တဖြည်းဖြည်း ဝင်သွားပြီး ဆည်းဆာရောင်ခြည်များ လွင့်ပျယ်သွားတော့မည့်အတွက်ကြောင့် သမားတော်ကြီးပိုင်၏ အုတ်ဂူရှေ့ရှိ လူအားလုံး တိတ်ဆိတ်စွာ ထွက်သွားကြသည်။
နောက်ဆုံးမှ ထွက်သူများမှာ ထင်းယွီ၊ ချန်ဖေးယွမ်နှင့် ချန်ဖေးယွမ်၏ နောက်လိုက်များ ဖြစ်သည်။
သက်လတ်ပိုင်းလူသည် တိတ်ဆိတ်စွာ ရှေ့ဆက်သွားသည်။ သူသည် ထွက်သွားသောလူများကို မကြည့်ဘဲ ထိုအများပိုင်သင်္ချိုင်းနှင့် ပို၍ နီးကပ်လာသည်။ လမ်းတစ်လျှောက်တွင် သူသည် ချန်ဖေးယွမ်နှင့် ထင်းယွီတို့ကို ကျော်ဖြတ်လာခဲ့သည်။
ချန်ဖေးယွမ်သည် ရှိုက်ကြီးတငင် ငိုကြွေးနေသော ထင်းယွီကို ဖေးမထားပြီး သက်လတ်ပိုင်းလူကိုလည်း သတိထားမိလိုက်သည်။ သို့သော် ဝမ်းနည်းပူဆွေးနေသည်ဖြစ်၍ သူ များစွာ အာရုံမစိုက်ပေ။ ဤဂူဗိမာန်သည် အလွန် ကြီးမားပြီး လူများစွာ နေ့စဉ်သွားလာနေကြသည် မဟုတ်ပါလား။
ယင်းအချက်သည်လည်း သူ့ကို မခံမရပ်နိုင်အောင် ဖြစ်သွားစေသည်။ ဤနေရာတွင် သူ့ဆရာကို မြှုပ်နှံခဲ့ပါသော်လည်း သူ ဘာမှမတတ်နိုင်ချေ။
“ သူ လာမယ်လို့ နင် ထင်လား ”
ထင်းယွီက မျက်ရည်များကို သုတ်လိုက်ရင်း ဖျော့တော့စွာ မေးမြန်းလိုက်သည်။
“ သူလား၊ ဟမ့် … သူူ လာရင် ရောက်နေတာကြာပေါ့။ အခုထိတောင် မရောက်သေးဘူးဆိုတော့ သူလည်း တခြားသူတွေလို ကျေးဇူးမသိတတ်တဲ့သူပဲ ”
ချန်ဖေးယွမ်သည် ထင်းယွီပြောသည့်သူကို စဉ်းစားနေရန် မလိုပေ။ သူ အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
ထင်းယွီ တိတ်ဆိတ်သွားသည်။
သက်လတ်ပိုင်းလူသည် လူအားလုံး သူ့ကို ကျော်ဖြတ်သွားသည်အထိ တိတ်ဆိတ်စွာ လျှောက်သွားသည်။ ထို့နောက် သမားတော်ကြီးပိုင်၏ အုတ်ဂူရှေ့သို့ ရောက်သွားပြီး နီမြန်းနေသော မျက်လုံးများဖြင့် အုတ်ဂူကို ကြည့်လိုက်သည်။
“ ဆရာ … ”
သက်လတ်ပိုင်းလူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့အသံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး အုတ်ဂူရှေ့တွင် သူ ဒူးထောက်လိုက်သည်။
သူသည် ကျစ်ထူသို့ တည်နေရာရွှေ့ပြောင်းလာခဲ့သော ရွှီချင်း ဖြစ်သည်။
ကျစ်ထူသို့ တည်နေရာရွှေ့ပြောင်းပြီးနောက် ရွှီချင်းသည် သမားတော်ကြီးပိုင်၏ သင်္ဂြိုဟ်ခြင်းအခမ်းအနားကို ချက်ချင်းသိခဲ့ရပြီး အပြေးအလွှား ရောက်လာခဲ့သည်။ သို့သော် သူ့တာအိုဝတ်ရုံက ထင်ပေါ်လွန်းနေပြီး လူသတ်သမားအား ခြေရာခံ၍ မရနိုင်သည်ကို သူ သိသည်။
ထို့ကြောင့် သူသည် ရုပ်ဖျက်ကာ ရောက်လာခြင်း ဖြစ်သည်။
အုတ်ဂူကို ကြည့်၍ ရွှီချင်း၏ ရင်ထဲ နာကျင်သွားာသည်။ ယင်းနာကျင်မှုသည် နက်ရှိုင်းသည်ထက် နက်ရှိုင်းလာခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည်။
ယခုအချိန်တိုင်အောင် အုတ်ဂူနှစ်ဂူရှေ့၌သာ သူ ဒူးထောက်ခဲ့ဖူးသည်။ တစ်ခုက ခေါင်းဆောင်လဲ့၏ အုတ်ဂူဖြစ်ပြီး နောက်တစ်ခုက သမားတော်ကြီးပိုင်၏ အုတ်ဂူဖြစ်သည်။
“ ဆရာ၊ လူသတ်သမားနဲ့ နောက်ကွယ်ကလက်သည်ကို ကျနော် ရှာမှာပါ ”
ရွှီချင်းက ခါးသီးစွာဖြင့် ခပ်တိုးတိုးပြောလိုက်သည်။ အုတ်ဂူကို ကန်တော့ပြီးနောက် သူသည် သေရည်အိုးကို ထုတ်၍ အုတ်ဂူရှေ့တွင် ချလိုက်သည်။
“ ဆရာက သေရည်သောက်ရတာကို ကြိုက်တယ်လို့ ခေါင်းဆောင်လဲ့ ပြောခဲ့ဖူးတယ်။ ဒါကြောင့် တပည့် ဆရာ့ကို အဖော်ပြုပေးပါ့မယ် ”
ရွှီချင်းသည် ပြောပြီးနောက် သေရည်အိုးကို မ,ကာ တစ်ကျိုက်မော့ချလိုက်သည်။ ထို့နောက် အုတ်ဂူရှေ့တွင် သေရည်များကို အသာအယာ လောင်းချလိုက်ပြီး သေရည်အိုးကို ဘေးတွင် ပြန်ချထားလိုက်သည်။
“ ဆရာ၊ ဆရာပေးခဲ့တဲ့ မြက်သစ်သားကျမ်းစာကို ကျနော် အလွတ်ကျက်ပြီးပါပြီ။ ကျနော် ဆရာ့ကို ရွတ်ပြပါ့မယ် ”
“ အပင်နဲ့အသီးအရွက်တာအိုဆိုတာ သဘာဝတရားကြီးရဲ့ အသင်္ချေသောသရုပ်သကန်တွေထဲက တစ်ခုပါ။ အပင်နဲ့အသီးအရွက်တာအိုဟာ မဟာတာအိုနဲ့ ယှဉ်နိုင်ပြီး ကောင်းကင်ကြီးရဲ့နိယာမတွေနဲ့ သဘာဝပစ္စည်းတွေအားလုံးကို ချိုးဖျက်နိုင်ပါတယ် ”
“ ပထမအပင်က သုံးရွက်ပုလဲ ဒါမှမဟုတ် အအေးဓာတ်မြက်ပင်လို့လည်း သိကြတဲ့ ရွှေလိမ်မြက်ပင်ပါ။ အဲဒီအပင်က ကိုင်းမြက်အနွယ်မြက်ပင်ဖြစ်ပြီး နှစ်ပေါင်းများစွာကြာမှ ပန်းပွင့်ပါတယ်။ တောင်တန်းဘေးက တောအုပ်တွေ၊ စိုစွတ်တဲ့နေရာတွေမှာ ပေါက်ပါတယ်။ လင်းယုံ၊ နန်းဟွမ်ဒေသတောင်ပိုင်း၊ ကွမ်းလင်းဒေသကြီးနစ်ခုမှာ အဲဒီအပင်တွေကို တွေ့နိုင်ပါတယ် ”
“ ဒုတိယအပင်က တိမ်လွှာအိပ်မက်လျှော်လို့လည်း သိကြတဲ့ မီးကြံ့ပန်းပွင့်ပါ။ အဲဒီအပင်က မီးအမျိုးအစား ဝိညာဉ်ပင်ဖြစ်ပါတယ်။ အဲဒီအပင်က အဆုပ်ကို အားကောင်းစေပြီး ချောင်းဆိုးပျောက်စေပါတယ်။ အဆိပ်ဖြေနိုင်ပြီးတော့ မြွေကိုက်ခံရတဲ့ရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ် ”
***
“ တစ်ရာသုံးဆယ့်ခုနစ်ခုမြောက်အပင်၊ ကောင်းကင်မျက်လုံးအပင်လို့လည်း သိကြတဲ့ ဝိညာဉ်မြူအပင် ဖြစ်ပါတယ်။ ဝိညာဉ်တွေကနေ မွေးဖွားလာတဲ့ အဆင့်မြင့်ဝိညာဉ်ပင်တစ်ပင် ဖြစ်ပါတယ်။ ဝိညာဉ်ပေါ်မှာ အမှတ်အသားလုပ်နိုင်ပြီး အဲဒီအမှတ်အသားကို စစ်ဆေးကြည့်ရန်နဲ့ ဖယ်ရှားရန် ခက်ခဲပါတယ်။ အရုဏ်ဦးဆွေးမြေ့ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်းဖြစ်ပါတယ် ”
ရွှီချင်းသည် မြက်သစ်သားကျမ်းစာမှ သူ ကျက်ထားခဲ့သည့် ဆေးပင်များကို ရွတ်လိုက်သည်။
သူသည် တွေဝေငေးမောနေရင်း သမားတော်ကြီးပိုင်၏ ရုပ်သွင်ကို မြင်လာရဟန်တူသည်။ သမားတော်ကြီးပိုင်သည် သူ့ကို သေရည်သောက်ရင်း ပြုံး၍ ကြည့်နေသည်။ သမားတော်ကြီးပိုင်၏အကြည့်က စူးရှတောာက်ပနေပါသော်လည်း သူ့မျက်လုံးများထဲရှိ စိတ်အေးချမ်းသောအရိပ်အငွေ့များကို မကွယ်ဝှက်နိုင်ပေ။
“ ယဲ့ရှစ်ချန်းနျူဆေးပင်၊ အဲဒီအပင်ကို တောင်အမြစ်ဂန္ဓာပန်းပင်လို့လည်း သိကြပါတယ်။ ဂန္ဓမာပန်းအနွယ်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ အေးစိမ့်နေတဲ့စမ်းချောင်းတွေ၊ တောအုပ်တွေနဲ့ ယင်စွမ်းအားတွေ ကန်းအောင်းနေတဲ့ လျှိုမြောင်တွေမှာ ပေါက်ရောက်တဲ့ သစ်နွယ်ပင်တစ်ပင် ဖြစ်ပါတယ်။ အဲဒီအပင်ရဲ့အရသာက ခါးသက်သက်နဲ့ နည်းနည်းပူပါတယ်။ ပုပ်ပွနေတဲ့ အရသာမျိုးလည်းရှိပါတယ်။ လေတိုက်နှုန်းကို လျော့ကျစေနိုင်တဲ့ ထူးဆန်းတဲ့အာနိသင်လည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီအပင်က အဆိပ်ပြင်းလို့ ယင်ယန်အစွန်းနှစ်ဖက်အပင်တွေထဲမှာ ပါဝင်ပါတယ်”
လေအေးများ တဟူးဟူး တိုက်ခတ်လာပြီး နှင်းများ တဖွဲဖွဲကျလာသည်။ ညအချိန်သို့ ရောက်လာပြီး သူ့အရိပ်က ခံစားချက်အမျှင်တန်းလေးတစ်ခုကို ပို့လွှတ်လာသည့်တိုင်အောင် သမားတော်ကြီးပိုင်၏ အုတ်ဂူရှေ့တွင် ရွှီချင်း၏အသံက ပဲ့တင်ထပ်နေခဲ့သည်။
ယင်းက လက်သည်တရားခံကို ရှာတွေ့နေပြီဖြစ်ကြောင်း သူ့ကို ပြောနေသည်။
ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့ကာ သမားတော်ကြီးပိုင်၏ အုတ်ဂူကို ကြည့်လိုက်သည်။ သူ သုံးကြိမ်တိတိ လေးပင်စွာ ကန်တော့လိုက်သည်။ သူ မတ်တတ်ရပ်လိုက်သည့်အခိုက် သူ့ကိုယ်ထဲမှ လူသတ်ငွေ့များ ကြောက်စရာကောင်းလောက်အောင် ထွက်ပေါ်လာပြီး ညအမှောင်ထုကြီးထဲ သူ ပျောက်ကွယ်သွားသည်။
သူ ထွက်သွားပြီး မရှေးမနှောင်းမှာပင် အဝေးမှနေ၍ လူရိပ်များစွာ ချက်ချင်း ရောက်လာသည်။ ရှေ့ဆုံးမှလူမှာ ထင်းယွီဖြစ်သည်။ ထင်းယွီနောက်တွင် ချန်ဖေးယွမ်နှင့် ချန်ဖေးယွမ်၏နောက်လိုက်များ ဖြစ်သည်။
“ ထင်းယွီ၊ နင် အမြင်မှားတာနေမှာပါ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက အခု ချီရွှဲ့ထုံဂိုဏ်းမှာ နာမည်ကြီးတဲ့လူတစ်ယောက်ဖြစ်နေပြီလေ။ ဆရာ့ကို သတိရပါဦးမလား ”
“ ငါ အမြင်မမှားဘူး။ သူ့အကြည့်ကို ငါ မှတ်မိတယ်။ ငါ အမြင်မှားမှာစိုးလို့ နောက်တစ်ခေါက် လာကြည့်တာ။ သူပဲဖြစ်မှာ ”