မိစ္ဆာအား မိစ္ဆာဖြင့် ရင်ဆိုင်ခြင်း ( ၁ )
Vol. 19 Ch. 290
“ မဖြစ်နိုင်ဘူး။ အဲဒီကလေးက ဆရာ့ကို မှတ်မိနေဦးမယ်လို့ ငါ မယုံဘူး ”
ထိုအသံ ထွက်ပေါ်လာစဉ် ထင်းယွီသည် အမှောင်ထုထဲသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။ သမားတော်ကြီးပိုင်၏ အုတ်ဂူရှေ့သို့ ရောက်သောအခါ ဟာလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်၍ ငြိမ်သက်သွားသည်။
“ ငါ ပြောသားပဲ။ ဒီကို သူ လုံးဝမလာပါဘူး ”
ချန်ဖေးယွမ်သည် ထိုသို့ပြောလိုက်ပါသော်လည်း ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
“ သူ ဒီကို လာခဲ့တယ် ”
ထင်းယွီက သမားတော်ကြီးပိုင်၏ အုတ်ဂူကို ကြည့်၍ ဖျော့တော့သောလေသံဖြင့် ပြောလိုက်သည်။
ချန်ဖေးယွမ် အံ့အားသင့်သွားသည်။ ယင်းနောက် သူသည် ခေါင်းငုံ့၍ အုတ်ဂူရှေ့ကို ကြည့်လိုက်သည်။ အုတ်ဂူရှေ့တွင် သေရည်အနံ့အသက်များ ရှိနေသေးသည်။ သူတို့ ထွက်သွားပြီးနောက် လူတစ်ယောက် အရိုအသေပေးခဲ့သည်မှာ သေချာသည်။
“ သူ မဖြစ်နိုင်ဘူး။ တခြားတစ်ယောက်ပဲနေမှာ။ တကယ်လို့ သူ ဖြစ်နေရင်တောင် ဘာဖြစ်လဲ ”
တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ချန်ဖေးယွမ် သက်ပြင်းချလိုက်သည်။
ထင်းယွီက အောက်နှုတ်ခမ်းကို ကိုက်၍ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်ပါသော်လည်း ချီတုံချတုံဖြစ်သွားသည်။
“ အခု သူက ချီရွှဲ့ထုံဂိုဏ်းရဲ့ ဆက်ခံသူစာရင်းထဲ ရောက်နေလို့ အရှိန်အဝါကြီးမားတဲ့ အဆင့်ကို ရောက်နေရင်တောင် သတ္တမမြောက်သခင်ကြီးကို သူ့ဆရာအဖြစ် အရိုအသေမပေးရင် နောက်ဆုံးကျ အရိုင်းပင်ပဲ ဖြစ်သွားမှာ။ ဆရာ့ကိစ္စက သူ ဖြေရှင်းဖို့ မလွယ်ဘူး။ စိတ်ကူးယဉ်မနေနဲ့တော့။ နင် အမြင်မှားနေတာနေမှာ။ သူ့လိုကျေးဇူးကန်းတဲ့ကောင်က ဒီကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး ”
“ ငါတို့ပဲ လက်စားချေရမှာ ”
ချန်ဖေးယွမ်သည် ခပ်တိုးတိုးပြောလိုက်ပြီး ခါးသီးသောအမူအရာဖြင့် အုတ်ဂူကို တွေတွေလေးကြည့်နေသော ထင်းယွီအား ဆွဲထူလိုက်သည်။ ထင်းယွီကို သူမ၏စံအိမ်သို့ ပြန်ပို့ပေးပြီးနောက် သူက ချာခနဲ လှည့်ကာ ထွက်သွားသည်။ သူ၏အမူအရာက တည်ကြည်လေးနက်နေ၏။
“ သခင်လေး၊ စောစောက သခင်လေးပြောတဲ့ ကျေးဇူးကန်းတဲ့ကောင်က မကြာသေးခင်က နန်းဟွမ်ဒေသကြီးတစ်ခုလုံးမှာ နာမည်ကြီးလာတဲ့ ရွှီချင်းလား ”
ထိုလူငယ်၏ စကားဆုံးသည်နှင့် ချန်ဖေးယွမ်က ဆတ်ခနဲ လှည့်ကြည့်လိုက်ပြီး သူ့နောက်တွင် နှစ်ပေါင်းများစွာ လိုက်နေခဲ့သော သူ၏နောက်လိုက်လူငယ်အား အေးတိအေးစက်ကြည့်ကာ ပါးကို ရို်က်လိုက်သည်။
ပြင်းထန်သော ပါးရိုက်ချက်ကြောင့် ထိုလူငယ်၏ခန္ဓာကိုယ် လွင့်ပျံသွားသည်။ ထိုလူငယ်သည် ဘေးသို့ ကျသွားပြီးနောက် တုန်တုန်ရီရီဖြင့် အလျင်အမြန် ဒူးထောက်လိုက်သည်။
“ ငါ ဘယ်လိုပဲ သူ့ကို ကျေးဇူးကန်းတဲ့ကောင်လို့ပဲ ပြောပြော ငါက သူ့ရဲ့ ဆရာတူအစ်ကိုပဲ။ သူ့ကို ငါ သဘောမကျဘူးဆိုရင်တောင် ဆရာက သူ့ကို အသိအမှတ်ပြုထားတော့ ငါကလည်း သူ့ကို အသိအမှတ်ပြုရမှာပဲ ”
“ ဒါပေမဲ့ မင်းက မင်းကိုယ်မင်း ဘာထင်နေတာတုံး။ ငါ့ရှေ့မှာ သူ့အကြောင်း ပြောဝံ့လောက်အောင် အတင့်ရဲလှချည်လား ”
ချန်ဖေးယွမ်က အေးစက်စက်ပြောလိုက်သည်။ ထိုအခါ နောက်လိုက်လူငယ်၏ခန္ဓာကိုယ်မှာ တုန်ခါလာပြီး အဆက်မပြတ် ကန်တော့သည်။
“ ငါ့နောက်ကို နှစ်တွေအများကြီး လိုက်ခဲ့တာကို ထောက်ပြီး မင်းကို ကောင်းကောင်း သင်္ဂြိုဟ်ပေးမယ် ”
ချန်ဖေးယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ နောက်လိုက်၏ သွေးရူးသွေးတန်းဖြင့် တောင်းပန်တိုးလျှိုးသံများကြားတွင် တခြားနောက်လိုက်များက သူ့ကို ဆွဲခေါ်သွားကာ လည်ကိုချိုးလိုက်သည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။
ချန်ဖေးယွမ်က ကြည့်ပင်မကြည့်ပေ။ သူ့မျက်နှာပေါ်တွင် လေးလေးနက်နက် စဉ်းစားနေသောအမူအရာတစ်ခု ပေါ်လာသည်။ ခဏအကြာ သူက ပြောလိုက်သည်။
“ ငါ မွေးထားခဲ့တဲ့ သူလျှိုတွေအားလုံးကို မိသားစုကြီးရှစ်စုက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ဖို့ ပြောလိုက်။ ငါ အလိုရှိတဲ့အခါ သူတို့ကို ဆက်သွယ်လိုက်မယ် ”
“ သူတို့အားလုံးကို ပြောရမှာလား ”
ချန်ဖေးယွမ်နောက်ရှိ နောက်လိုက်များ မှင်သက်သွားသည်။
“ ဟုတ်တယ်။ သူတို့အားလုံးကို ပြောလိုက်။ အဲဒီကျေးဇူးကန်းတဲ့ကောင်ရွှီချင်းရဲ့ လက်ရှိအစွမ်းက ဘယ်လိုလဲ မသိဘူး။ ကျစ်ထူကလည်း ဆရာသေတဲ့ကိစ္စမှာ ပတ်သက်နေလောက်တယ်လို့ သံသယဝင်နေတယ်။ သူ ဝင်လာရင် ဒုက္ခရောက်မှာပဲ ”
‘ ငါတို့ကို လာမတွေ့တာ မှန်ကန်တဲ့လုပ်ရပ်ပဲ။ ထင်းယွီက ဘာမှမသိဘူး။ သူက မာရေကြောရေမရှိတော့ ဆေးဖော်စပ်တာကို လေ့လာနေတာပဲ ကောင်းတယ်။ သဲလွန်စတွေကို သူ ဖော်မိလိုက်လို့ တခြားသူတွေက ရွှီချင်း ဒီကို ရောက်နေတာ သိသွားရင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ ဆုကြေးကို စိတ်ဝင်စားသွားမှာ သေချာတယ် ’
‘ ပြီးတော့ ဆရာသေတဲ့ကိစ္စနဲ့ သူ့ကို ဒီလာအောင် လုပ်နေတယ်လို့တောင် ထင်တယ်။ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်တာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က ဆရာသေတာကို ထောင်ချောက်ဆင်ပြီး အကျိုးအမြတ်ရအောင် ကြံတာလား’
“ ငါ အတွေးလွန်နေတာလည်း ဖြစ်မှာပါ ”
ချန်ဖေးယွမ်သည် အသက်ဝဝရှူသွင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်ပြန်သည်။
ပြီးခဲ့သည် ( ၂ ) နှစ်အတွင်း ရွှီချင်းသာ များစွာ ပြောင်းလဲသွားခဲ့သည် မဟုတ်ပေ။ ချန်ဖေးယွမ်သည်လည်း ကျစ်ထူသို့ ပြန်ရောက်လာပြီး မိသားစုအာဏာကို ရရှိပြီးနောက် များစွာ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် အသိဉာဏ်နှင့် လှည့်ကွက်များအရာတွင် ပြောင်းလဲလာသည်။ တချိန်တည်းမှာပင် သမားတော်ကြီးပိုင်၏ အယူအဆများဖြင့် လွှမ်းမိုးခြင်းကိုလည်း ခံထားရသည်ဖြစ်၍ ကျစ်ထူ၏ လက်ရှိအခြေအနေကို သူ မုန်းတီးသည်။
သူက ပြောပြီးသည်နှင့် သူ့နောက်ရှိ နောက်လိုက်နှစ်ယောက်ကို မုန်းတီးသည်။
“ မင်းတို့ စီစဉ်ပြီးကြပြီလား ”
နောက်လိုက်နှစ်ယောက် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူတို့ ခေါင်းညိတ်လိုက်သည့်အခိုက် သူတို့ခန္ဓာကိုယ်များ ချက်ချင်း တုန်ခါလာပြီး သူတို့မျက်နှာများ မည်းနက်သွားသည်။ သူတို့ပါးစပ်မှ သွေးများ ထွက်လာကာ သေဆုံးသွားသည်။
‘ ငါ့ကို အပြစ်မတင်နဲ့။ မင်းတို့ကောင်တွေကိုလည်း ငါ မယုံဘူး။ မင်းတို့တာဝန်ပြီးသွားတော့ မင်းတို့လမ်းကို ငါ ပို့ပေးရတာပေါ့ ’
ချန်ဖေးယွမ်က တီးတိုးရေရွတ်လိုက်သည်။ ကျစ်ထူတစ်ခုလုံး၌ သူ ယုံကြည်သည်မှာ သူ၏ဆရာနှင့် ထင်းယွီသာ ဖြစ်သည်။ ယခု သူ့ဆရာ အသတ်ခံလိုက်ရပြီဖြစ်ရာ ထင်းယွီတစ်ယောက်သာ ကျန်တော့သည်။
‘ ကျေးဇူးကန်းတဲ့ကောင်ကိုလည်း ယုံလို့ရတယ်။ အရုဏ်ဦးဆွေးမြေ့ဆေးလုံးကို သူ ရှာတွေ့နိုင်ပါ့မလား။ ဒါပေမဲ့ အပင်နဲ့အသီးအရွက်ကို သူ့ရဲ့နားလည်မှုအရဆိုရင် ဆရာ့ကိုယ်ပေါ်က အဆိပ်ကနေ ညွှန်ပြနေတဲ့ သဲလွန်စတွေကို သူ တွေ့လောက်မှာပါ ’
ချန်ဖေးယွမ် မျက်မှောင်ကြုတ်သွားပြီး အလောင်းများကို ရှင်းလင်းကာ ထွက်သွားသည်။
တချိန်တည်းမှာပင် ကျစ်ထူ၏ မြို့တော်၌ ရွှီချင်းသည် အမှောင်ထဲ လျှောက်နေသည်။ သူ့အရှိန်အဝါများအားလုံး အပြင်သို့ ထွက်ပေါ်လာခြင်းမရှိဘဲ သူသည် အေးစက်စက်မျက်ဝန်းများဖြင့် ရှေ့ဆက်သွားနေ၏။
ထင်းယွီနှင့် ချန်ဖေးယွမ်တို့ကို သူ မတွေ့ခဲ့သည်မှာ မလိုလားအပ်သော အရှုပ်အရှင်းများ ရှိလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ရွှီချင်းက လက်ရှိသူ့တန်ဖိုးကို ကောင်းစွာ သိသည်။ ကျစ်ထူသို့ သူ ရောက်လာစေရန် လူတစ်ယောက်က ဤကိစ္စအား အသုံးချနေသည်လား ဆိုသည်ကိုလည်း သူ ထင်နေသည်။
သို့သော် တခြားအင်အားစုတစ်စု အမှန်တကယ် ပါဝင်နေခဲ့မည်ဆိုလျှင်တောင် သမားတော်ကြီးပိုင်ကို သတ်ဖြတ်သွားခဲ့သည့်အဖွဲ့နှင့် သက်ဆိုင်မှုရှိမည် မဟုတ်ကြောင်း သူ ခံစားမိနေသည်။
ငွေစန္ဒာအသွင်ပြောင်းဆေးညွှန်းမှ သဲလွန်စများကို သူ ရှာတွေ့ထားပြီ ဖြစ်သည်။ တစ်ဖက်လူက ကြီးကျယ်သော ကိစ္စတစ်ခုကို စီစဉ်နေခြင်း ဖြစ်သည်။
“ ငါ့ကို အပြင်ထွက်အောင် လုပ်ချင်တာဆိုရင် ကျစ်ထူက လူတွေပဲ ဖြစ်ဖို့များတယ်။ ငါ အတွေးများနေတာလည်း နေမှာပါ။ ဒါပေမဲ့ ငါ သတိထားမှဖြစ်မယ် ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး သူ့အရှိန်အဝါကို ဖုံးကွယ်ရန် သူ့ကိုယ်ပေါ်သို့ အဆိပ်မှုန့်အနည်းငယ် လိမ်းကျံလိုက်ပြီး ရှေ့ဆက်သွားလေသည်။
သံသယဝင်စရာကောင်းသော လူသတ်သမား၏ ခြေရာလက်ရာများနှင့် သဲလွန်စများကို သူ ရှာတွေ့ခဲ့ပြီ ဖြစ်သည်။
သတ္တမမြောက်သခင်ကြီး ပေးခဲ့သည့် အနီရောင်ကျောက်စိမ်းပေလွှာထဲတွင် လူသတ်သမား၏ စရိုက်လက္ခဏာများကို ဖော်ပြထားသည်။ တချိန်တည်းမှာပင် လူသတ်သမားက အလွန် ဖမ်းဆီးရခက်သော သဘာဝလွန်မိစ္ဆာမျိုးနွယ်မှဖြစ်သည်ကိုလည်း ပြောပြထားသည်။