← Chapters

ကျင်းရှောင်အစီအစဉ်.....

Vol. 14 Ch. 185

ကျင်းရှောင်အစီအစဉ်.....

Vol. 14 Ch. 185

ဘုန်းးးး

ရလဒ်ကြေငြာပြီးသည်နှင့် ပထမရရှိသည့်အဖွဲ့နာမည်ရေးထိုးထားသော မီးရှူးမီးပန်းများကို ​ကောင်းကံယင်ထံတွင် တောက်ပစွာတွေ့မြင်လိုက်ရသည်။

တရားမျှတမှုအဖွဲ့........

" ဝိုးး လှလိုက်တာ....ခေါင်းဆောင်...အခုဆို ကျွန်မတို့အဖွဲ့ကို တစ်ကျောင်းလုံးသိကုန်ကြပြီပေါ့နော်....."

ပိုင်မျန်မျန်သည် ကလေးငယ်တစ်ခုသဖွယ် လက်ခုပ်လက်ဝါးတီးကာ ခုန်ပေါက်ပျော်မြူးနေလေ၏။

လီလော့က မီးရှူးမီးပန်းများကို တစ်ချက်ကြည့်ကာ....

" အဲ့လောက်ကြီးလဲမဟုတ်ပါဘူးဟာ....."

ထိုအရာသည် အမှန်ပင် အသုံးမဝင်သေယအရာဖြစ်နေသည်မဟုတ်လော။

ပကာသနများကို မနှစ်မြို့သော ရှင်းဖူသည် ရှားရှားပါးပါး လီလော့ကို ထောက်ခံသည့်အနေဖြင့်ခေါင်းညိတ်လိုက်သောလည်း လီလော့ထပ်ပြောလိုက်သည့်စကားကြောင့် ပြောရမည့်စကားများကို ကပျာကယာ မြိုသိပ်ထားလိုက်ရရှာသည်။

" ဒီမီးရှူးမီးပန်းတွေက သေးလွန်းတယ်....တကယ်ဆို ရှမြို့တော်တစ်ခုလုံးကနေ မြင်ရအောင် အကြီးကြီး ပစ်ဖောက်ပေးသင့်တာ....."

// ခေါင်းဆောင်ကို လျှော့တွက်မိတာ ငါ့အမှားပါ...ခေါင်းဆောင်ကတော့ ခေါင်းဆောင်ပီသပါပေတယ်.....//

ဘုန်းးးး

ကြယ်နှစ်ပွင့်ခန်းမမှ ပထမရသည့် ​အဖွဲ့နာမည်ကိုရေးထွင်းထားသည့် နောက်ထပ်မီးရှူးမီးပန်းတစ်ခု ထွက်ပေါ်လာပြန်သည်။

မီးနတ်သမီးအဖွဲ့.......

ကျန်းချင်းအာကို တစ်ခါလာနှုတ်ဆက်ဖူးသည့် ရဲချူတင်းများ ထိုအဖွဲ့တွင်ပါနေမလား လီလော့ သိချင်လာမိသည်။

ကြယ်သုံးပွင့်ခန်းမတိုက်ပွဲများသည် မဟူရာငန်း ဟုခေါ်သောအဖွဲ့ကြောင့် စောစီးစွာပြီးဆုံးသွားကြောင်းကိုလည်း သူကြားသိခဲ့ရသည်။ သေချာတာကတော့ ထိုအဖွဲ့သည် ကျန်းချင်းအာ၏ အဖွဲ့ဖြစ်လိမ့်မည်။

ကြယ်လေးပွင့်ခန်းမမှ ကျောင်းသားများသည် လပတ်စစ်ဆေးမှုဖြေဆိုရန် မလိုအပ်တော့ပေ။ ၎င်းတို့ထဲမှ အနိမ့်ဆုံးအဆင့်သည် ကမ္ဘာမြေနှင့်ရင်းနှီးခြင်းအဆင့်ဖြစ်ပြီး ကောင်းကင်နစ်မြှုပ်ခြင်းအဆင့်ရောက်နေသူများတောင် ရှိနေနိုင်သေးသည်။ ဤသည်မှာ ရှပြည်ထောင်စုတစ်ဝှမ်းလုံး အလေးအမြတ်ထားရသည့် အဆင့်များဖြစ်ကြသည်မဟုတ်လော။

သွေးသံရဲရဲတိုက်ခိုက်စရာမလိုသည့် လပတ်စစ်ဆေးမှုများသည် ကြယ်လေးပွင့်ကျောင်းတော်သားများအတွက် အဓိပ္ပါယ်မရှိနိုင်တော့ပေ။

ကျောင်းသားအားလုံး မီးရှူးမီးပန်းများကို အာရုံစိုက်နေချိန်တွင် နည်းပြချီချန်းက ခရမ်းရောင်စာလိပ်တစ်ခုကိုင်ကာ သူတို့ဆီ လျှောက်လာနေသောကြောင့် လီလော့၏နှလုံးခုန်သံများဆူညံနေလေပြီ။

မျက်နှာပေါ်တွင် စည်းနှောင်ထားသော ပုဝါစနောက်ကွယ်တွင် အပြုံးတစ်ခုရှိနေမည်မှန်း လီလော့ သေချာသိနေသည်။

" ပထမရသွားတဲ့အဖွဲ့အတွက် အမှတ်သုံးထောင်တန် မြို့စားအဆင့် လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ် ပေးထားတယ်.....ဒါပေမယ့် ကျင့်စဉ်က တစ်ခုပဲရှိတာကြောင့် တစ်ယောက်တည်းပဲ ယူလို့ရမယ်....ကျင့်စဉ် မယူချင်တဲ့ နှစ်ယောက်အတွက် အမှတ် ၃၀၀၀စီပေးမယ်...."

လှိုင်းဆယ်နှစ်ဆင့်ကျင့်စဉ်သည် အဆင့်ခြောက်ပဲ့တင်ထပ်သံပိုင်ရှင်များသာ ကျင့်ကြံနိုင်သည့် မြို့စားအဆင့်ကျင့်စဉ်တစ်ခုဖြစ်ပြီး

အမှတ် ၃၀၀၀ ဆိုသည်မှာလည်း များပြားလှသော ပမာဏဖြစ်နေသည်။ တချို့ဆို ကြယ်နှစ်ပွင့်ခန်းမရောက်မှသာ ထိုပမာဏရအောင်စုဆောင်းနိုင်ကြသည်။နှစ်ခုစလုံးသည် မနာလိုအားကျစရာကောင်းလောက်သည့် ပမာဏများဖြစ်နေသည်။

လှိုင်းဆယ့်နှစ်ဆင့်ကျင့်စဉ်မပါလျှင်တောင် အမှတ်သုံးထောင်ဆိုသည်မှာ မက်လောက်သည့်ပမာဏဖြစ်နေသည်။

လီလော့က ခေါင်းဆောင်ပီပီ ရှေ့ထွက်ကာ ကျင့်စဉ်ကို ယူလိုက်ပြီး လူအုပ်ကြီးဘက်လှည့်ကာ......

" ဒီနေ့ ပထမရသွားခဲ့တဲ့အတွက် ကျုပ် အထူးကျေးဇူးတင်ရမယ့် နည်းပြတစ်ယောက်ရှိပါတယ်....သူကတော့......"

ထိုစဉ် ပြင်းထန်သော ဖိအားတစ်ချို့ကြောင့် ရုတ်တရက် အသက်ရှူကြပ်လာပြီးစကားစပြတ်သွားလေသည်။

တခဏကြာမှသာ ချီချန်းက သတိပြုမိလိုက်ပြီး လီလော့ရှေ့တွင် မားမားမတ်မတ်ရပ်တည်ပေးနေပြီး.......

" နည်းပြရှန်ကျင်းရှောင်......ဆုရကျောင်းသားတွေ ကျေးဇူးတင်စကားပြောနေချိန်မှာ ဝင်မရှုပ်ပါနဲ့......"

ရှန်ကျင်းရှောင်က မထိတထိသာပြုံးနေပြီး လီလော့ကို သတိပေးသည့်အကြည့်မျိုးဖြင့်ကြည့်နေလေ၏။

လီလော့ဘက်က ဆုလာဒ်ကို လက်ဝယ်ပိုက်ထားနိုင်ပြီဖြစ်သောကြောင့် ရှန်ကျင်းရှောင် ညစ်ပတ်နေမည်ကို ကြောက်စရာစရာမလိုတော့ပေ။

// ခင်ဗျားဘာသာ မြို့စားအဆင့်မကလို့ ဘာကြီးပဲဖြစ်နေ ဖြစ်နေ ဂရုစိုက်မနေတော့ဘူး... //

ရှန်းကျင်းရှောင်သည် ခရမ်းအဆင့်နည်းပြ ဂုဏ်ပုဒ်ကို သုံး၍ လီလော့ကို ခက်ခဲစေခဲ့သော်လည်း အကန့်အသတ်များရှိနေပါသေးသည်။

သူ၏မြို့စားအဆင့်စွမ်းအားများနှင့်  လီလော့ကို ပိုးကောင်ကဲ့သို့ ကောင်းစွာချေမှုန်းနိုင်သော်လည်း ယခုချိန်တွင် သတ်ပေးသည့်အကြည့်မျိုးနှင့်သာ ကြည့်နေနိူင်ခဲ့သည်။

လီလော့က ချောင်းဟန့်လိုက်ပြီး....

" ဘာမှမဖြစ်ပါဘူး....."

ပွဲကြည့်ရမည်ထင်ပြီး ပျော်နေကြသော အခြားနည်းပြများ အနည်းငယ်စိတ်ပျက်သွားကြသည်။

ထိုအချိန်တွင် လီလော့က ကောက်ကာငင်ကာဖြင့်.......

" အရင်ဆုံး နည်းပြရှန်ကျင်းရှောင်ကို ကျေးဇူးတင်စကားပြောချင်ပါတယ်......ကျောင်းသားတွေအပေါ် ရက်ရက်ရောရော အိတ်စိုက်ပြီး အပိုဆုပေးခဲ့တဲ့ နည်းပြကို ပြောချင်တာကတော့......."

" ဆက်ပြောလေကွာ.....တို့လို့တန်းလန်း ရပ်မနေနဲ့......"

ကျောင်းသားများက လီလော့ပြောမည့်စကားကို သိချင်နေသောကြောင့် အားမလိုအားမရဖြစ်ကာ အော်ဟစ်နေကြသည်။

ကျောင်းသားများသည် ရှန်ကျင်းရှောင် ညစ်တွန်း တွန်းထားသည့်အကြောင်းက်ို မသိကြသော်လည်း အိတ်စိုက်ပြီး အမှတ်၃၀၀၀တန် ကျင့်စဉ် ဆုချသည့်အကြောင်းကို ပိိုစိတ်ဝင်စားနေကြသည်။ထိုဆုလာဒ်ကို သူတို့မရခဲ့သော်လည်း ရှန်ကျင်းရှောင်၏ ရက်ရောမှုက မက်လောက်စရာ ဖြစ်နေခဲ့သည် မဟုတ်လော။

လပတ်စစ်ဆေးမှုဖြေဆိုတိုင်းသာ ထိုသို့ ပေးမည်ဆို ဘယ်လောက်ကောင်းလိုက်မလဲ......

အကုန်လုံးက ရှန်ကျင်းရှောင်ကို လောဘတကြီး ကြည့်နေကြလေသည်။

"နည်းပြရှန်ရဲ့ ရက်ရောမှုက တကယ့်ကို ထိရှဖို့ကောင်းတယ်ဗျာ.....ဒါ့ကြောင့် အားလုံးကိုယ်စား ကျုပ်ကပဲ တောင်းဆိုလိုက်တော့မယ်...ဒီလိုအစီအစဉ်မျိုးကို နောက်လဲ ဆက်လုပ်ပေးပါဉီး.....ဒါက ဘယ်လောက်မှတန်ကြေးမရှိပေမယ့် ကျွန်တော်တို့အတွက် တွန်းအားဖြစ်စေတယ်မဟုတ်လား....ကျွန်တော်ကတော့ ဒီအစီအစဉ်အတွက် နာမည်တောင် စဉ်းစားထားပြီးပြီ.... "ကျင်းရှောင်အစီအစဉ်"တဲ့..... နည်းပြရှန်သာ ဒါကိုသဘောတူမယ်ဆို အားလုံးဝမ်းသာသွားမှာအသေအချာပဲ....ဟုတ်တယ်မလား သူငယ်ချင်းတို့....."

လီလော့၏တောင်းဆိုချက်ကို ကျောင်းသားအားလုံးက တခဲနက် ထောက်ခံအားပေးနေကြသည်။

ထိုတောင်းဆိုချက်ကြောင့် ရှန်ကျင်းရှောင် ထိန်းမရအောင် မျက်နှာပျက်နေလေပြီ။

// ခွေးသားလေးကတော့ ဓားမသုံးဘဲ ငါ့ကိုသတ်နေပြီ.....လပတ်စစ်ဆေးမှုတိုင်း ဆုပေးရမယ်တဲ့ တစ်ကြိမ်၊နှစ်ကြိမ်ဆို ပြသာနာမရှိပေမယ့် နှစ်တိုင်းသာ ပေးနေရရင်မွဲကိန်းဆိုက်ကုန်တော့မယ်.....//

ကျောင်းသားတွေက ဒီကိစ္စရဲ့နောက်ကွယ်က အကြောင်းအရာတွေကို မသိကြပေမယ့် သိနေကြတဲ့လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့နောက်ကွယ်တွင်လှောင်ရယ်နေကြတော့မည်။

ချီချန်းနှင့် ချောင်ရှန်းတို့က အခုချိန်မှာ ဘာကိုမျှစိတ်မဝင်စားသလို ဟန်ဆောင်နေပေမယ့် သူတို့ကြည့်ရတာ ကျေနပ်ပီတိဖြစ်နေကြမှန်းသိသာလွန်းနေသည်။

ရှန်ကျင်းရှောင် ကိုယ့်ရှူးကိုယ်ပတ်ဆိုသလို ဖြစ်နေလေပြီ။

အထိနာထားသော်လည်း ရှန်ကျင်းရှောင်တစ်ယောက် ဟန်မပျက်ဘဲ.....

" ဒါက ကောင်းမွန်တဲ့တောင်းဆိုချက်ပါပဲ.....ဆုပေးရတာ ဘာမှပြသာနာမရှိပေမယ့်ရေရှည်အတွက်ဆို ဒုကျောင်းအုပ်ဆီက ခွင််ပြုချက်တောင်းရလိမ့်မယ်...ဒုကျောင်းအုပ်နဲ့ဆွေးနွေးပြီးမှ ထပ်ပြောကြတာပေါ့....."

ရှန်ကျင်းရှောင် ထိုသို့ပြောပြီးသည်နှင့် တချိုးတည်းလှည့်ပြန်သွားလေတော့သည်။

" ဟုတ်ကဲ့.... ခရီးလမ်းသာယာပါစေ ....ပုံမှန်ဆုချနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်....."

လီလော့၏ ခပ်မြူးမြူးစကားသံကြောင့် ရှန်ကျင်းရှောင် နထူးကြောများထောင်လာသည်အထိ ဒေါသထွက်နေလေပြီ။

အခြားနည်းပြများကလည်း တိုးတိုးကြိတ်ကြိတ်ရယ်မောနေကြလေ၏။

" လီလော့....ဒီနေ့က တစ္ဆေပွဲတော်နေ့.....ပြီးတော့ နင်တို့ ပထမရထားတယ်ဆိုတော့ အောင်ပွဲခံကြရအောင်....."

ထိုအချိန်တွင် လုချင်းအာရောက်လာလေသည်။

လီလော့ ကောင်းကင်ပေါ်မော့ကြည့်ပြီး တွေးတောနေမိခဲ့သည်။

// တစ္ဆေပွဲတော် ရောက်လာခဲ့ပြန်ပြီ...ဒီအချိန်ဆို မိသားစုတွေ စုစည်းပြီး ပွဲတော်ကျင်းပသင့်တယ်မဟုတ်လား.....အမေနဲ့အဖေကို လွမ်းလိုက်တာ....သူတို့တွေ စစ်တလင်းမှာအဆင်ပြေနေရဲ့လား....//

လက်ရှိအခြေနေနှင့် ဘာကိုမျှ မပြောင်းလဲနိုင်သေးသည့်အတွက် အတွေးများကို ဖယ်ထုတ်ထားလိုက်တော့သည်။ကျန်ရှိနေသည့်ငါးနှစ်တာ သက်တမ်းအတွင်း မြို့စားအဆင့်ရောက်နိုင်ဖို့ကိုသာ အာရုံစိုက်ထားရမည်။

ထို့နောက် လုချင်းအာကို ပြုံးပြလိုက်ပြီး.....

"ယုလန်တို့ကျောက်ခွော်တို့ကိုပါခေါ်လိုက်. ဒီည ငါဒကာခံမှာမို့ လာဖြစ်အောင်လာခဲ့ကြဖို့လည်းပြောလိုက်ဉီး....."

All Chapters