ဝတ်ရုံနက်နှင့်မြို့စားအဆင့်ကျင့်ကြံသူ.......
Vol. 14 Ch. 186
ကောင်းကင်ယံတွင် အပြာရောင်တောက်ပနေသော လမင်းကြီးသည် ရှမြို့တော်တခွင် လရောင်ခြည်ဖက်ဖြန်းပေးနေသည်။
အိမ်တိုင်းတွင် ထွန်းညှိထားသော မီးပုံးနီနီလေးများသည် လရောင်အောက်တွင် တနည်းတဖုံ လှပနေလေ၏။
လော့လန်ပင်မအိမ်တော်သည်လည်း ထိုတောက်ပမှုကို ပံ့ပိုးပေးနေသည့်အထဲတွင်တစ်ခုအပါအဝင်ဖြစ်သည်။ သက်တော်စောင့်များသည် ပတ်၀န်းကျင်တွင် ကင်းလှည့်နေပြီး အိမ်တော်လုံခြုံရေးကိ တင်းကြပ်စွာ ကာကွယ်စောင့်ရှောက်နေကြသည်။
ယခုအချိန်တွင် အနက်ရောင်အရိပ်တစ်ခုသည် အကာအကွယ်များကို တိတ်တဆိတ်ဖြတ်ကျော်ဝင်ရောက်ကာ အိမ်တော်
ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူသည် အနက်ရောင်ဝတ်ရုံကို ခေါင်းမှ ခြေဖျားအထိ ၀တ်ဆင်ထားပြီး သံသယဖြစ်ဖွယ်ကောင်းသော်လည်း အိမ်တော်လုံခြုံရေးများသည် ထိုသူ့ကို နည်းနည်းလေးမှ သတိမထားမိဘဲ ကျော်သွားကြလေသည်။
ဤသည်မှာ လုံခြုံရေးများ မျက်လုံးကန်းနေခြင်းမဟုတ်ဘဲ ထိုသူသည် ကျွမ်းကျင်သော ကိုယ်ယောင်ဖျောက်စွမ်းရည်ပိုင်ဆိုင်ထားသောကြောင့်ပင်......
"ဟူးးး....လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့မရှိတော့ကတည်းက လော့လန်အိမ်တော် တော်တော်ဆုတ်ယုတ်လာပြီပဲ....."
ထိုသူသည် ထိုသို့ရေရွတ်လိုက်ပြီး အိမ်တော်အတွင်းပိုင်းသို့ ဆက်လက်တိုးဝင်သွားလေသည်။
..........................................................
လော့လန်ပင်မအိမ်တော်၏ စားဖိုဆောင်ထဲတွင်......
ညစာချက်ပြုတ်ပြီးပြီဖြစ်သော်ကြောင့် နွားသိုးကြီးပေါင်ပေါင်သည် လေညှင်းခံရန် မီးဖိုခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
"လီတိုင်ရွှမ်နဲ့တန်တိုင်လန်....ဒီမျိုးမစစ်လင်မယားနှစ်ယောက်က ငါ့ကို ကလေးနှစ်ကောင်နဲ့ပစ်ထားခဲ့ကြတယ်.....မသိရင်ငါကပဲ သူတို့ကလေးတွေရဲ့ အထိန်းတော်ကြီးကြနေတာပဲ.....မင်းတို့လင်မယားနဲ့တွေ့တာ ကံဆိုးတာပဲ....."
ပေါင်ပေါင်က အဆီဝင်းဝင်းနဲ့ ခေါင်းပြောင်ကိုကြီး ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး......
" အိမ်စောင့်ပေးရတယ်...ကလေးထိန်းပေးရတယ်....ငါ့ဘဝကလည်း လွယ်ကူမနေပါလားကွာ....."
ပေါင်ပေါင်သည် ပြောင်လက်တောက်ပနေသော ဓားမကြီးပေါ် လက်တင်ကာ စားဖိုဆောင်မှ တရွေ့ရွေ့ထွက်လာခဲ့သည်။
ထောင့်ချိုးတစ်ခုနားတွင်.....
လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်သည် မည်သူ့ကိုမျှ ဂရုမစိုက်ဟန်ဖြင့် ပြောင်ပြောင်တင်းတင်း လမ်းလျှောက်နေရာကနေ အမှောင်ထဲသို့ စိုက်ကြည့်လိုက်ပြီး.....
"လော့လန်အိမ်တော်မှာ ပုန်းနေတဲ့သူရှိလောက်မယ်ထင်တယ်......
" ဟေ့.... တစ္ဆေပွဲတော်နေ့မှာ ဘယ်ငချွတ်လေးက သတ္တိကောင်းပြီး အိမ်တော်ထဲခိုးဝင်လာတာလဲ....."
စကားသံနှင့်အတူ ပေါင်ပေါင်သည် ထိုအရိပ်လူသားရှေ့တွင် ဘွားကနဲ ပေါ်လာခဲ့သည်။
" သန်မာတဲ့မြို့စားအဆင့်တစ်ယောက်ကို နှစ်ပေါင်းများစွာ စားဖိုမှူးလှပ်ခိုင်းထားတယ်ဆိုတော့....လီတိုင်ရွှမ်တို့လင်မယားရဲ့ သိမ်းသွင်းနိုင်စွမ်းကိုပဲ ချီးကျူးရမလား....ဒါမှမဟုတ် ခင်ဗျားရဲ့ ကျွန်ခံချင်စိတ်ကိုပဲရှုံ့ချရမလား....."
အရိပ်လူသား၏အသံသည် အဘက်ဘက်မှပျံ့လွှင့်လာသလို ဉီးတည်ချက်မှန်းရခက်နေသည်။
" ဟေ့ ငချွတ်လေး....ခေါင်းတခြားကိုယ်တခြားဖြစ်မှာစိုးလို့ လူလုံးမပြရဲတာလား...မင်းလိုကောင်မျိုးတွေကို ခုတ်ထစ်ပြီး ကြွက်စာကျွေးထားတာ အယောက်ပေါင်းမနည်းတော့ဘူး....."
"နှစ်ပေါင်းများစွာ အိမ်တော်ထဲကနေ ခြေတစ်လှမ်းမှမခွာသေးတဲ့အပြင် လော့လန်အိမိတော် ဖရိုဖရဲဖြစ်နေတာတောင် ခင်ဗျားဘာလို့ ငြိမ်နေသေးတာလဲ....."
" ဟားးး လော့လန်အိမ်တော်ကို ကလေးနှစ်ယောက်လက်ထဲ အပ်ထားပြီးပြီပဲ....အောင်မြင်သည်ဖြစ်စေ ကျရှူံးသည်ဖြစ်စေ ဂရုစိုက်နေစရာမှမလိုတာ.....ငါလည်းတစ်ခုလောက်တော့ သိချင်မိတယ်....မင်းတို့တွေ လော့လန်အိမ်တော်ကို စောင့်ကြည့်နေတာ ကြာပြီမလား.....မင်းတို့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ......"
အမြဲတစေဖော်ရွေနေတတ်သော ပေါင်ပေါင်၏ မျက်ဝန်းများသည် ယခုချိန်တွင် အေးစက်ခက်ထန်နေသည်။
" တုံးလိုက်တာ.....လီတိုင်ရွှမ်တို့လင်မယားထားခဲ့တဲ့ လျှို့ဝှက်ချက်ကို လူတိုင်းသိချင်နေကြတာပဲလေ......ကျုပ်ဘက်က တောင်းဆိုစရာရှိတယ်....ခင်ဗျား ဒီအိမ်ကနေ ထွက်လာခဲ့လိုက်တော့....နှစ်ပေါင်းများစွာ သစ္စာစောင့်သိခဲ့ပြီးပြီပဲ....တော်လောက်ရောပေါ့....ခင်ဗျားသာ ကျုပ်တို့နဲ့ပူးပေါင်းမယ်ဆိုရင် အနာဂတ်မှာ ဒီထက် တောက်ပလာစေရမယ်....."
" မင်းတို့နဲ့ ပူးပေါင်းရမယ်....ဒါဆိုမင်းတို့က ရှပြည်ထောင်စုမှာ ဘယ်လိုအနေအထားမျိုးရှိနေလို့လဲ....."
" ဟိုလင်မယားထားခဲ့တဲ့ လျှို့ဝှက်ချက်ကိုပြောပြပေးရင် ကျုပ်ဘက်ကလည်း ခင်ဗျားသိချင်တာကို ပြောပြပေးမယ်....."
" ကောင်းပြီ....ဒါဆိုလည်း မင်းအမေကိုသာသွားပြောပြလိုက်တော့....."
အရိပ်လူသားက ဘာတစ်ခွန်းမှ မပြောတော့ဘဲ စွမ်းအားများကို တိတ်တဆိတ်စုဆောင်းနေလေ၏။
ထိုသူသည် ဓားရှည်ကို ရုတ်တရက်ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်တစ်ခုလုံးဖုံးလွှမ်းလောက်သည် မဟူရာမီးကောဇောတစ်ချပ်ကို ဖန်တီးလိုက်လေသည်။
ကျန်နေသည့် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ မဟူရာမီးတောက်များ ထွက်ပေါ်လာပြန်သည်။
ထိုမီးတောက်သည် အရွယ်အစားသေးငယ်သော်လည်း လူတစ်ယောက်ကို တမဟုတ်ချင်းပြာကျသွားစေနိုင်သည်။
" လီတိုင်ရွှမ်တို့ရဲ့ အိမ်စောင့်ခွေးလေး ဘယ်လောက်စွမ်းလဲ ကြည့်ကြသေးတာပေါ့....."
ထိုသူသည် အေးစက်စွာပြုံးလိုက်ပြီး ပေါင်ပေါင့်ဆီ မီးတောက်များပစ်လွှတ်လိုက်လေသည်။
ပေါင်ပေါင်က မီးတောက်များကို ခပ်အေးအေးသာကြည့်နေလိုက်ပြီး ခေါင်းပြောင်ပြောင်ကြီးကို ပွတ်ကာ.....
" သိုသိုသိပ်သိပ်နေပါများတော့ အဆင့်လေးမြို့စားအဆင့်တွေကတောင် ငါ့ကို အထင်သေးနေကြပြီပဲ....."
ချွင်......
အေးစက်သောအလင်းတန်းတစ်ခုနှင့်အတူ ကြည်လင်ပြတ်သားသော သတ္ထုချင်းထိခတ်သံတစ်ခု တစ်ပြိုက်နက်ထွက်ပေါ်လာသည်။ ထိုအသံသည် နတ်ဆိုးတစ်ကောင်ငရဲမှလွတ်မြောက်လာသလို ကြောက်မက်ဖွယ်ကောင်းလှသည်။
ယခုချိန်တွင် ပေါင်ပေါင်သည် အရိပ်လူသား၏ နောက်ကျောဘက်သို့ရောက်နေပြီး ဝက်သားခုတ်သည့်ဓားမကြီးကလည်း ခါးတွင်ချိတ်ဆွဲထားဆဲပင်......
ပေါင်ပေါင်၏အရှိန်သည် အလွန်တရာလျင်မြန်လွန်းလှသဖြင့် နဂိုရပ်နေသည့်နေရာတွင် ပုံရိပ်ယောင်တစ်ခုသာကျန်ရှိနေပြီး လေအဝှေ့တွင် တစ တစကွယ်ပျောက်သွားလေသည်။
အရိပ်လူသားပစ်လွှတ်လိုက်သော မီးတောက်များလည်း နှစ်ခြမ်းကွဲသွားပြီး တမဟုတ်ချင်း ပျောက်ကွယ်သွားကြသည်။
အရိပ်လူသား၏ ခန္ဓာကိုယ်ပေါ်တွင် သေးငယ်ပါးလျသည် ဓားရာတစ်ခုရှိနေပြီး တခအတွင်း ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားပေတော့မည်။
" ပြင်းထန်လိုက်တဲ့ဓားချက်......သွေးမမြင်ဖူးတောင်ထင်ရတဲ့ ခပ်တုံးတုံး စာဖိုမှုးတစ်ယောက်က ရှပြည်ထောင်စုမှာ ရာစုနှစ်ကြာအောင်ပျောက်ကွယ်နေတဲ့ ဓားရေးကျွမ်းကျင်သူဖြစ်နေတယ်.....လီတိုင်ရွှမ်တို့လင်မယားအနားမှာ ခင်ဗျားလိုလူကို ခေါ်ထားနိုင်တယ်ဆိုတော့ ဒီလင်မယားက တစ်ခုခုတော့ တစ်ခုခုပဲ......ဒီအချက်ကြောင့် သူတို့လင်မယားထားခဲ့တဲ့ လျှို့ဝှက်ချက်ကို ပိုသိချင်နေကြတာ.....နွားသိုးကြီးပေါင်ပေါင်.... ခင်ဗျား ကြာကြာထိမ်းသိမ်းထားနိုင်တော့မှာမဟုတ်ဘူး.....သူတို့လင်မယားထားခဲ့တဲ့ အစီအရင်တွေ တဖြည်းဖြည်း အားနည်းလာပြီ....ခင်ဗျား မထွက်သွားရင် ဘယ်လိုမှ အခြေနေကောင်းနိုင်မှာမဟုတ်ဘူး......ခင်ဗျားက ခွေးတစ်ကောင်လို ချည်နှောင်ခံထားရတာ....."
အရိပ်လူသား၏ ခန္ဓာကိုယ်သည် မီးတောက်များနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။
ဤသည်မှာ စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကိုယ်ပွားတစ်ခုမျှသာပင်......
ထိုသူပြောသည့်အတိုင်း လီတိုင်ရွှမ်တို့ချန်ထားခဲ့သည် အစီအရင်များ တကယ်အားနည်းနေခဲ့ပြီ။ ထိုအစီအရင်များကို မြို့စားအဆင့်များသာ ဖြတ်ကျော်နိုင်သည်ဆိုသော်လည်း ကိုယ်ပွားတစ်ခုတောင် အလွယ်တကူဝင်ရောက်နိုင်နေခြင်းသည် အမှန်တကယ် အားနည်းနေသော လက္ခဏာပင်......
" ဟူးးးး ကြည့်ရတာ ကလေးတွေကို ပြောပြရတော့မယ်ထင်တယ်....."