အားလပ်ရပ်တွင်တောင် အနားမယူနိုင်ခဲ့ပေ.....
Vol. 14 Ch. 189
လီလော့တို့စီးနင်းလာသော ရထားလုံးသည် ရှည်လျားပြီး ဖုန်ထူသောလမ်းမှ ရှမြို့တော်ထဲသို့ မောင်းနှင်လာခဲ့သည်။
ရထားလုံးထဲတွင် မိန်းမပျိုသုံးယောက်၏ တွတ်တီးတွတ်တာ စကားသံများကြောင့် နွေဉီးရာသီသဖွယ် သက်ဝင်နေလေ၏။
ထိုသုံးယောက်ထဲတွင် ဒိုင်ခံပြောသူမှာ ချိုင်ဝေဖြစ်ပြီး တစ်လတာအတွင်း လော့လန်အိမ်တော်မှ ဖြစ်ပျက်ခဲ့သမျှကို ကျန်းချင်အာနှင့်လီလော့ဆီ အစီရင်ခံနေခြင်းဖြစ်သည်။
လီလော့တို့ ကျောင်းတကနေချိန်တွင် အိမ်တော်၏ ကိစ္စအဝဝကို ချိုင်ဝေကသာ တာဝန်ယူဖြေရှင်းနေရရှာသည်။
ချိုင်ဝေသည် စီမံခန့်ခွဲရာ၌ သူမတူအောင်ထူးချွန်သောကြောင့် အိမ်တော်၏ အရေးကိစ္စများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းထားနိုင်ခဲ့သည်။
" ရှီးယန်စံအိမ်ကိစ္စကလွဲရင် တခြားဘာမှထွေထွေထူးထူးသိပ်မရှိပါဘူး.....အခုဆို လီလော့ရဲ့ လျှို့ဝှက်ရေအရင်းမြစ်ကြောင့် ထျန်ရှုမှာရှိတဲ့ ရှီးယန်စံအိမ်ကနေ တစ်လကို အသားတင်အမြတ် သုံးသိန်းလောက်ရနေပြီ....."
ရှီးယန်စံအိမ်သည် ယခင်ကဆို တလျှင် တစ်သိန်းခန့်သာ အမြတ်ရခဲ့သော်လည်း လီလော့၏ လျှိုု့ဝှက်ရေအရင်းမြစ်ကြောင့် အမြတ်သုံးဆတိုးလာပြီဖြစ်သည်။
ဤအတိုင်းသာဆို တစ်နှစ်လျှင် ဝင်ငွေ သုံးသန်းတိုးလာတော့မည်။
ထိုသတင်းကြောင့် လီလော့ ပျော်ရွှင်သွားလေ၏။
" ဒါပေမယ့် ဒီလထဲမှာ သခင်လေးဝယ်ခိုင်းထားတဲ့ အဆင့်ခုနှစ် ဝိဉာရည်တွေ ဝယ်လိုက်တာ ၃သိန်း၂သောင်းကျော် ကုန်သွားပြီ....အဲ့တော့ ကျွန်မတို့ဘက်က ၂သောင်းကျော် အိတ်စိုက်လိုက်ရတယ်.... ...."
ထိုစကားကြောင့် လီလော့ အတော် တုန်လှုပ်သွားရှာသည်။
" ငါတို့သခင်လေးကတော့ ငွေကုန်ပေါက်ကို ခပ်နက်နက်လေးတူးထားတယ်ထင်ပါရဲ့......"
ယန်လင်းချီကလည်း စိတ်ပျက်နေဟန်ဖြင့်ဝင်ပြောလာသည်။
" ပိုက်ဆံဆိုတာ သုံးဖို့ရှာထားတာ.....အခုလို အကုန်အကျခံပြီး ဝိဉာဉ်ရည်တွေ ဝယ်တယ်ဆိုတာကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲလေ......လီလော့သာ မြို့စားအဆင့် မြန်မြန်ရောက်သွားရင် လော့လန်အိမ်တော်အတွက် အကျိုးရှိလာမှာပဲဟာကို....."
ကျန်းချင်းအာ သူ့ဘက်က ဝင်ပြောပေးနေသည့်အတွက် လီလော့ ပျော်ရွှင်သွားရှာသည်။
// ငန်းဝတုတ်က အကောင်းဆုံးပဲ....//
သို့သော်လည်း အိတ်စိုက်ထားရသည်များ ကို ပြန်လည်ဖာထေးပေးရန် သူ့တွင် တာဝန်ရှိနေသေးသည်။
" အစ်မချိုင်ဝေ....ရှီးယန်ရုံးချုပ်ကို ဝင်ငွေတိုးအောင် လုပ်လို့ရမယ့် နည်းလမ်းလေးဘာလေးများရှိသေးလား....."
ထျန်ရှုတွင်ရှိသော ရှီးယန်စံအိမ်ကိုတောင် အမြတ်သုံးဆရအောင် လုပ်နိုင်ခဲ့လျှင် ရှီးယန်ရုံးချုပ်သာဆို မည်မျှလောက်ထိ ဝင်ငွေတိုးလာလိမ့်မည်နည်း။
" နည်းလမ်းရှိတယ်...ဒါပေမယ့် ရှီးယန်ရုံးချုပ်က အခုချိန်မှာ ကောင်းကောင်းလည်ပတ်နိုင်တာမဟုတ်သေးဘူးဆိိုတာ မေ့မနေနဲ့ဉီး...."
ဟုတ်ပေသည်။ သိပ်မကြာခင်က ဒူဇီအိမ်တော်လက်ချက်ဖြင့် ပညာရှင်တစ်ဝက်ကျော်လောက် ဆုံးရှုံးထားရသည်။
ပညာရှင်များသည် ဝိဉာဉ်ရည်ထုတ်လုပ်သည့်စံအိမ်တစ်ခုအတွက် အလွန်အရေးပါသူများဖြစ်ကြသည်။ လျှို့ဝှက်ရေအရင်းမြစ်တွေဘယ်လောက်များများရှိပါစေ ပညာရှင်မရှိလျှင် ဝိဉာဉ်ရည်ထုတ်လုပ်နိုင်မည်မဟုတ်ပေ။
" ဒီခွေးကောင်ကတော့ကွာ...."
လီလော့ ဒေါသထွက်လာတာကြောင့် နှုတ်ကနေ ကျိန်ဆဲလိုက်မိသည်။
" ပညာရှင်အသစ်တွေ စုဆောင်းတာ ဘယ်လိုဖြစ်နေပြီလဲ....."
" ငါလည်း အတတ်နိုင်ဆုံး ကြိုးစားတာပဲ....သခင်လေးရဲ့ လျှို့ဝှက်ရေအရင်းမြစ်ကို အဓိကထားပြီး မက်လုံးပေးထားပေမယ့် ထင်သလောက် ဖြစ်မလာဘူး....."
လီလော့ မျက်မှောင်ကြုံ့လိုက်မိသည်။အဆင့်ခုနှစ် အဆင့်မြင့် လျှို့ဝှက်ရေအရင်းမြစ်သည် ပညာရှင်များကို ကောင်းစွာ ဆွဲဆောင်ထားနိုင်သောအရာတစ်ခုဖြစ်သည်။
ဘာ့ကြောင့် အလုပ်မဖြစ်ရတာလဲ.....
" ဘယ်သူ ဝင်ရှုပ်နေပြန်ပြီလဲ....."
" ဘယ်သူရှိရမှာလဲ....ဒူဇီအိမ်တော်ရဲ့ စိမ့်ရေအိုင်စံအိမ်ပဲပေါ့.....ဟန်ဇီနဲ့ ပညာရှင်တစ်ဝက်လောက် သူတို့ဆီရောက်သွားတာကို ဘယ်လိုလုပ် အလွယ်တကူ နလန်ထူနိုင်မှာတုန်း.....ဒီလူတွေ ပြီးခဲ့တဲ့လကတည်းက ရှီးယန်ရုံးချုပ်ကို စောင့်ကြည့်နေကြတာ.....ငါတို့တွေ နလန်မထူနိူင်အောင် ပညာရှင်တွေကို နှစ်ဆပေးပြီး ဖြတ်ခုတ်နေကြတယ်လေ......"
" လာပြန်ပြီလား ဒူဇီအိမ်တော်....."
ဒူဇီအိမ်တော်ကြောင့် လီလော့ တော်တော် ခေါင်းကိုက်နေပြီဖြစ်သည်။ ကျောင်းမှာဆိုလည်း ဒူဇီမောင်နှမက အချိန်ပြည့် ဒုက္ခပေးဖို့ချောင်းနေကြသည်။
ကျောင်းတွင်းတိုက်ပွဲများက ပြသာနာသိပ်မရှိပေမယ့် အိမ်တော်အချင်းချင်း တိုက်ခိုက်ကြသည့်အခါ ပို၍ ရက်စက်ပြင်းထန်သော လှည့်ကွက်များကို ထုတ်သုံးနေကြသည်။
ဒူဇီအိမ်တော်သည် လော့လန်အိမ်တော်ကို ထိပ်တန်းအိမ်တော်ငါးခုစာရင်းမှ အပြီးတိုင်ဖြုတ်ချချင်နေပုံရသည်။
လီလော့နှင့် ကျန်းချင်းအာတို့သာ ကောလိပ်တွင် တက်ရောက်မနေခဲ့လျှင် အခုလောက်ဆို အပြီးတိုင် သုတ်သင်ခံနေရလောက်ပြီ.....
"သူတို့က ရှမြို့တော်မှာရှိတဲ့ အလွတ်တန်းပညာရှင်တွေကို လစာပိုပေးပြီး အကုန်သိမ်းသွင်းနေကြတယ်...."
ထိုနည်းလမ်းသည် အလွန်ရိုးရှင်းသော်လည်း ထိရောက်မှုရှိသည်။ လီလော့၏ လျှို့ဝှက်ရေအရင်းမြစ်ကြောင့်သာမဟုတ်လျှင် အခုလောက်ဆို ရှီးယန်ရုံးချုပ်လည်း ပျက်စီးနေလောက်ပြီ။
သို့တိုင်၊ ရှီးယန်ရုံးချုပ်သည် ပညာရှင်များကို ဆွဲဆောင်ရန် လုံလောက်သော အနေအထားတွင် ရှိမနေသေးပေ။
ပညာရှင်မရှိပါက ရှီးယန်ရုံးချုပ်ကို မည်သို့မျှ တိုးတက်အောင် လုပ်နိုင်ဉီးမည်မဟုတ်ပေ။
" ဖြည်းဖြည်းချင်း ကြိုးစားကြတာပေါ့....ရှီးယန်ရုံးချုပ်သာ အခြေခိုင်ပြီဆို သိပ်မကြာခင် အောင်မြင်လာမှာပါ....."
ကျန်းချင်းအာ၏ စကားကို လီလော့နှင့်ချိုင်ဝေတို့ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ထောက်ခံနေကြသည်။
" ခဏလေး....ဒီထက့်အရေးကြီးတဲ့ပြသာနာတစ်ခုရှိနေသေးတယ်.... ကျွန်မရထားတဲ့သတင်းတွေအရဆို ရှီလင်းပြည်နယ်မှာရှိတဲ့ ရုံးခွဲက ပညာရှင်တွေ ရှမြို့တော်ကို လာနေကြပြီတဲ့...သူတို့တွေကို ဖန်ချန်းချီဘက်က အရင်ဆက်သွယ်ထားတယ်လို့လဲ ကြားထားတယ်......"
" ရှီလင်းရုံးခွဲက ပညာရှင်တွေ??"
ရှပြည်ထောင်စုတခွင်တွင် ရှီးယန်ရုံးချုပ်အပြင် နောက်ထပ်ရုံးခွဲနှစ်ခုရှိနေသေးသည်။ တစ်ခုက ထျန်ရှုပြည်နယ်တွင်ဖြစ်ပြီး၊ နောက်တစ်ခုက ရှီလင်းပြည်နယ်တွင်ရှိနေသည်။
ရှီလင်းပြည်နယ်သည် ဖေဟောင်၏ပိုက်နက်ဖြစ်ပြီး ရုံးချုပ်ကို ပုန်ကန်နေခဲ့သည်မှာ အချိန်အတော်ကြာနေပြီ။
မည်သို့ကြောင့် ရှီလင်းမှပညာရှင်များ ရှမြို့တော်သို့ ချီတက်လာကြသနည်း။
" ဒီကိစ္စရဲ့နောက်ကွယ်မှာ ဖေဟောင်ရှိနေတယ်မဟုတ်လား....."
ရှီလင်းမှ ပညာရှင်များနှင့် ဖန်ချန်းချီတို့သည် ဖေဟောင့်ဘက်တော်သားများဖြစ်ကြသောကြောင့် ခွင့်ပြုချက်မရှိဘဲ အခုလိုလှုပ်ရှားရဲမည်မဟုတ်ပေ။
" ဖေဟောင်...."
ထိုနာမည်ကိုရေရွတ်နေသည့်အချိန်တွင် လီလော့၏ အကြည့်များပိုမိုခက်ထန်လာသည်။
// ဒီကောင် အတွင်းရော၊အပြင်မှာပါ ပြသာနာပတ်ရှာနေတာပဲ.....//
" ဒါဆို ဖန်ချန်းချီကိုစောင့်ကြည့်ဖို့ အကြီးအကဲလဲ့ကျန်းကို အကြောင်းကြားမှဖြစ်မယ်....ပြီးရင် ဖေဟောင်ကိုလည်း တွေ့အောင်ရှာရမယ်....သူ ရှမြို့တော်ထဲမှာပဲရှိလောက်မယ်ထင်တယ်...."
" ဖေဟောင်က ဒီရောက်နေတာလား...."
"အင်း.... ငါ့အဲ့လို ထင်နေတယ်"
" သူသာရှမြို့တော်မှာရှိနေရင် ဒင်းကို ဖယ်ထုတ်ဖို့ နည်းလမ်းရှာမှဖြစ်တော့မယ် ...."
ဖေဟောင်ကို သတ်ပစ်လိုက်ခြင်းက ပြသာနာများကို မဖြေရှင်းနိုင်သော်လည်း ပိုဆိုးလာမည့်အခြေနေများကိုတော့ တားဆီးနိုင်ပေလိမ့်မည်။ ထိုသို့သာဆို လော့လန်အိမ်တော်လည်း အခြေငြိမ်လာပြီး ကောင်းမွန်စွာ ရှေ့ဆက်နိုင်တော့မည်။
" တကယ်ဆို ဖေဟောင့်ကို ကြောက်ရမှာမဟုတ်ဘူး..သူ့နောက်ကွယ်မှာရှိနေတဲ့ အင်အားစုကိုကြောက်ရမှာ....."
ကျန်းချင်းအာက ထိုစကားကို လေသံနှိမ့်ပြီးပြောလိုက်ခြင်းဖြစ်သည်။
လီလော့လည်း ထိုအချက်ကို စဉ်းစားထားပြီးဖြစ်သည်။ ယုံကြည်ရလောက်အောင် အားကောင်းသည့် ထောက်ခံသူမရှိဘဲ မိဘနှစ်ပါး ပျောက်သွားပြီးပြီးချင်း ဖေဟောင့်ဘက်က ပုန်ကန်ရဲလိမ့်မည်မဟုတ်ပေ။
ဘယ်သူတွေများလဲ....ဒူဇီအိမ်တော်လား၊ ဂျိယန်အိမ်တော်လား.....ဒီအိမ်တော်နှစ်ခုစလုံးက လော့လန်အိမ်တော်ကို ပုန်ကန်ရဲလောက်တဲ့အထိ အားကောင်းကြတယ်...ဒါမှမဟုတ် အခြားသူတစ်ယောက်ယောက်များလား.....
ဟူးးး ဒီတစ်ခေါက်ပိတ်ရက်မှာ နားရတော့မယ်မထင်ဘူး.....