အကုန် ရစေရမယ်....
Vol. 14 Ch. 196
ခွပ်....ခွပ်....ခွပ်......
ရှီးယန်ရုံးချုပ်သို့ ဉီးတည်နေသော ရထားလုံးပေါ်တွင် လီလော့နှင့်အတူ ချိုင်ဝေနှင့် ကျန်းချင်းအာတို့ပါ အတူလိုက်ပါလာခဲ့ကြသည်။
ရုံးချုပ်ရှေ့သို့ရောက်သောအခါ လီလော့က ရထားလုံးပေါ်ကနေဆင်းလာသည်နှင့်......
" ဘာပွဲများရှိလို့လဲ....လူစုံတက်စုံပါလား...."
လီလော့ ရောက်လာသသည်ကို မြင်သည်နှင်အကြီးအကဲကျန်းက ဖြစ်ကြောင်းကုန်စဉ်ကိုအကျဉ်းချုံးရှင်းပြပေးလေသည်။
"သခင်လေးနဲ့ သခင်မလေး....ပြသာနာက ပေပါ့ပေါ့သေးသေးတော့မဟုတ်ဘူး.....ကြည့်ရတာ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဖေဟောင်ရှိနေလိမ့်မယ်ထင်တယ်....."
"လီလော့က ရှီးယန်ရုံးချုပ်ရဲ့ ဉက္ကဌဖြစ်နေပြီဆိုတော့ ဒီပြသာနာကို သူပဲဖြေရှင်းလိမ့်မယ်....ကျွန်မ ဝင်ပါမှာမဟုတ်ဘူး...."
" သခင်လေး ကျုပ်တို့တွေ ဒီပြသာနာကို ပြတ်ပြတ်သားသား ဖြေရှင်းမှဖြစ်မယ်.....ရှီလင်းဌာနခွဲကလူတွေ လော့လန်အိမ်တော်ကို ဒီ့ထက်ပိုပြီး.အရှက်မခွဲနိုင်တော့အောင် အကုန်လုံးကို အလုပ်ထုတ်ပစ်လိုက်ကြမလား....."
တကယ်ဆို ကျန်းချင်းအာဘက်ကလည်း အကြီးအကဲကျန်းနှင့် အတွေးတူနေခဲ့ပါသည်။ ရှီလင်းဌာနခွဲကို ဖေဟောင် ချုပ်ကိုင်ထားသည်ဆိုကတည်းက အကုန်လုံးကို အလုပ်ပစ်လိုက်မှသာ ဖေဟောင်ကိုအထိနာအောင် လုပ်နိုင်လိမ့်မည်။ အလုပ်ထုတ်ခံရသူများထဲတွင် အပြစ်မဲ့သူအချို့ရှိနေနိုင်သော်လည်း ဖေဟောင့်ကို အားနည်းအောင် လုပ်နိုင်ဖို့အတွက် ထိုမျှလောက်တော့ ပေးဆပ်ရမည်သာ......
လီလော့ကတော့ တန်ယွမ်တို့ဘက်လှည့်ပြီး......
" ခင်ဗျားတို့က ရှီလင်းဌာနခွဲရဲ့ ဉက္ကဌတွေဖြစ်တဲ့ တန်ယွမ်နဲ့ လုရှောင်ဖန်းတို့မဟုတ်လား......"
လီလော့ကို မြင်သည်နှင့် သြဇာအာဏာကြီးမားခဲ့သော် မိဘနှစ်ပါးကိုပါ တဆက်တည်းသတိကလိုက်မိသောကြောင့် တန်ယွမ်နှင့် လုရှောင်ဖန်းတို့နှစ်ဉီးစလုံး ကပြာကယာ ဒူးထောက်အရိုအသေပေးလိုက်မိကြသည်။
"သ...သခင်လေး....."
" ထပါ...မတ်တတ်ရပ်ပြီး အေးအေးဆေးဆေး ပြောကြတာပေါ့......"
လီလော့၏ လေသံသည် ချိုမြနေသော်လည်း ရှင်းပြခြင်းငှာ မစွမ်းသာလေသော သြဇာတချို့ကိန်းဝပ်နေသည်။
စစ်မရောက်ခင်ကတည်းက မျှားကုန်နေကြသူနှစ်ယောက်ကို ကြည့်ပြီး ဖန်းချန်းချီ အတော် စိတ်ဓာတ်ကျနေလေပြီ။ထို့ကြောင့် လီလော့ဘက်က ဘာမှမပြောနိုင်သေးခင် ကြိုတင်လက်ဉီးမှုယူသည့်အနေဖြင့်.....
" သခင်လေး ရောက်လာပြီဆိုတော့ ဌာနခွဲကညီအစ်ကိုတွေအတွက် ဖြေရှင်းချက်လေးများပေးနိုင်မလား......ရှီးယန်ရုံးချုပ်က ပညာရှင်တွေကျတော့ လျှို့ဝှက်ရေအရင်းမြစ်တွေရပြီး ရှီလင်းဌာနခွဲကိုကျတော့ ဘာလို့မပေးတာလဲ....မျက်နှာလိုက်တာလား....."
" ဖန်ချန်းချီ...မင်းကို အစောကြီးတည်းက ထုတ်ပယ်ထားပြီးသား.....မင်းဘာမှဝင်ပြောစရာမလိုဘူး....."
အကြီးအကဲကျန်း မနေသာတော့ဘဲ အော်ဟစ်လိုက်သည်။
" ဟုတ်ပါတယ်....ကျုပ်က ဖယ်ထုတ်
ခံလိုက်ရတယ်ဆိုပေမယ့် ရှီးယန်ရုံးချုပ်ကို နှစ်ပေါင်းများစွာ သွေး၊ချွေးရင်းပြီး ပေးဆပ်ခဲ့တာပါ....ရှီလင်းဌာနခွဲကလူတွေလည်း ကျုပ်လိုပါပဲ.....သူတို့တွေ မမျှမတဆက်ဆံခဲနေရတာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး...... "
"သခင်လေး...ကျုပ်ပြောတဲ့စကားတွေ ဘောင်ကျော်နေတယ်ထင်ရင် ကျုပ်ကို အများရှေ့မှာ တခါတည်းသာ အလုပ်ထုတ်လိုက်ပါတော့......"
ဖန်ချန်းချီ ဉာဏ်ကောင်းလွန်းခဲ့သည်။ အကယ်၍ လီလော့သာ သူ့ကို အလုပ်ထုတ်ပစ်မည်ဆိုပါက ပြသာနာပိုကြီးလာလိမ့်မည်။
ပညာရှင်များကို အကဲခတ်ကြည့်လိုက်သည့်အခါ အကုန်လုံးက ဖန်းချန်းချီကို တလေးတစားကြည့်နေကြ၏။
ရင့်သောဂျင်းသည် ဂျင်းစိမ်းထက်ပိုစပ်သည်ဟူသောစကားအတိုင်းပင်.....
" ဒါဆို ကျုပ်ဘက်က ဘာလုပ်ပေးသင့်လဲ အလင်းပြပေးပါဉီး..... "
" ရှီလင်းဌာနခွဲကိုလည်း လျှို့ဝှက်ရေအရင်းမြစ်တွေ ထောက်ပံ့ပေးသင့်တယ်....အကယ်၍ ထောက်ပံ့ဖို့အတွက် အဆင်မပြေရင် ဖော်မြုလာပေးလိုက်လဲရတာပဲ...ဒါဆို သယ်ယူပို့ဆောင်ရေးစရိတ်တောင် ပိုသက်သာဉီးမယ်....."
အကြီးအကဲကျန်းကတော့ ဖန်းချန်းချီကို မျက်ခွက်ချည်းသာ ဖြတ်ရိုက်ချင်နေတော့သည်။
လျှို့ဝှက်ရေအရင်းမြစ်ဖော်မြုလာ လိုချင်နေတယ်ပေါ့....
ငရဲသာသွားလိုက်တော့.......
" ဖန်းချန်းချီ ပြသာနာရှာနေပြီ....."
ချိုင်ဝေက ကျန်းချင်းအာကို နှစ်ကိုယ်ကြား လေသံနှင့်ပြောလိုက်သည်။
" သူက လီလော့ကို ဆွပေးနေတာ...လီလော့သာ ဒေါသထွက်ပြီး စကားမှားသွားရင် ဒါကိုနင်းပြီး ရှီလင်းကလူတွေကို ပုန်ကန်ခိုင်းလိမ့်မယ်....."
ကျန်းချင်းအာ ထိုသို့ပြောပြီးသည်နှင့် အနီးအနားကို ဝေ့ကြည့်လိုက်သည်။ ဖေဟောင်ရှိနေသည်ကို အာရုံခံမိနေသောကြောင့်ပင်.......
ပြသာနာရှာထားပြီး ပွဲထိုင်ကြည့်နေတယ်ပေါ့......
လီလော့ဘက်က ဒေါသထွက်သည့်အရိပ်အယောင်မရှိဘဲ သူပြောခဲ့သမျှတိုင်းကိုသေသေချာချာ တွေးတောနေပုံရတာကြောင့် ဖန်ချန်းချီ နေမထိထိုင်မသာဖြစ်နေလေ၏။
"ဒါဆို ခင်ဗျားတို့က လျှို့ဝှက်ရေအရင်းမြစ်လိုချင်နေတာပေါ့....."
လီလော့၏ မေးခွန်းကို တန်ယွမ်ကခေါင်းညိတ်ပြီးအဖြေပေးနေသည်။
" သခင်လေး လျှို့ဝှက်အရင်းအမြစ်တွေက ကျုပ်တို့လို ပညာရှင်တွေအတွက် သိပ်အကျိုးရှိတဲ့အရာတွေပါ...ဒါတွေကိုသာ ကာလရှည်ကြာ သုံးမယ်ဆို ပညာရပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေရှိလာနိုင်တယ်....."
ထိုအဖြေကိုကြောင့် လီလော့ ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး.....
" ကျုပ်မှတ်မိသလောက်ဆို ရှီလင်းဌာနခွဲကနေ ပိုက်ဆံတပြားမှမရတာ အတော်ကြာနေပြီပဲ......"
လုရှောင်ဖန်း ထိုစကားကြောင့် သေလောက်အောင် ထိတ်လန့်သွားပြီး.....
" အာ....ဒီလိုကိစ္စတွေရှိနေမှန်း တကယ်မသိခဲ့ပါဘူး....ကျုပ်တို့ဌာနခွဲက ပုံမှန် ပို့ပေးပါတယ်.....ရုံးချုပ်ကို ဘာလို့မရောက်တာလဲတော့ ကျုပ်တို့လည်း မသိဘူး......"
ထိုဖြေရှင်းချက်သည် လိမ်ဆင်ကြီးမှန်း သိသာလွန်းလှသည်။
ဖေဟောင့်လက်ထဲအပ်လိုက်မှတော့ ရုံးချုပ်ဆီရောက်လာပါတော့မလား....
လီလော့က ထိုကိစ္စနှင့်ပတ်သတ်ပြီး ဆူဆူပူပူမလုပ်သည့်အပြင် အကုန်လုံးကို ပြုံးပြုံးကြီးသာ စိုက်ကြည့်လိုက်ပြီး......
" ကျုပ် ခင်ဗျားတို့ကို လျှို့ဝှက်ရေအရင်းမြစ်ထောက်ပံ့ပေးမယ်....."
ထိုကြေငြာချက်ကြောင့် အကုန်လုံး အံ့အားသင့်ကုန်ကြသည်။
အကြီးအကဲကျန်းဘက်က ကန့်ကွက်စကားထွက်မလာခင် လီလော့က လက်ဝှေ့ယမ်းပြလိုက်ပြီး.....
" ဒါပေမယ့် အခြေနေတစ်ခုတော့ရှိတယ်.....ခင်ဗျားတို့ကို ရုံးချုပ်မှာ တလလောက် ယာယီအလုပ်လုပ်ပေးစေချင်တယ်.....ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့အချိန်မှာလည်း လျှို့ဝှက်ရေအရင်းမြစ် သုံးခွင့်ပေးမှာပါ.....လစာကိုလည်း ရုံးချုပ်က ပညာရှင်တွေနဲ့တန်းတူပေးမယ်....ခင်ဗျားတို့တွေ ရုံးချုပ်ကလူတွေထက် ပိုတော်မယ်လို့ ယုံကြည်လို့လဲ အခုလိုအခွင့်ရေးမျိုးပေးတာပါ....ခင်ဗျားတို့ဘက်က ကောင်းကောင်းစွမ်းဆောင်နိုင်တယ်ဆို ရှီလင်းဌာနခွဲကိုလည်း လျှို့ဝှက်ရေအရင်းမြစ်တွေထောက်ပံ့ပေးမယ်...ကဲ....ဘာပြောစရာရှိကြသေးလဲ....."
ပုန်ကန်ရန်ရောက်လာကြသည့် ပညာရှင်များအားလုံး တယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဘာလုပ်လို့ဘာကိုက်ရမှန်းမသိကြတော့ပေ။
သူတို့အတွက်သာ လျှို့ဝှက်ရေရင်းမြစ်ထောက်ပံ့ပေးမည်ဆိုပါက ရုံးချုပ်တွင် တလတာအလုပ်လုပ်ပေးရသည်ကို အပန်းကြီးသည်ဟုမဆိုသာတော့ပေ။
တန်ယွမ်နှင့်လုရှောင်ဖန်းတို့ကလည်း ထိုကမ်းလှမ်းချက်ကို သဘောတူချင်နေကြသည်။
" သခင်လေး ဆုံးဖြတ်တာ သမာသမတ်ကျပါတယ်....ကျုပ်တို့ဘက်က ငြင်းစရာမရှိပါဘူး......"
ဖန်ချန်းချီ ရှုံ့မဲ့နေလေပြီ.....
ဘယ်မလဲ ပုန်ကန်မှု၊ ဘယ်မလဲရန်ပွဲ....လီလော့ဘက်က အချိုတွေပစ်ကျွေးနေမှတော့ ရန်ဖြစ်ဖို့ ခေါင်းစဉ်ပျောက်ကုန်ပြီ......ဟိုကောင်တွေကလည်း သိပ်ကိုကျေနပ်နေလိုက်ကြတာ......
ချိုင်ဝေက ကျန်းချင်းအာနားကို ကပ်ပြီး......
" လီလော့ ဘယ်တုန်းက ဒီလောက်အပြောကောင်းတဲ့သူဖြစ်သွားတာလဲ....."
"ဟင်းးဟင်းးး လီလော့က အစားကြူးတယ်....."
" ဒါ..ဒါဆို ရှီလင်းကလူတွေအားလုံးကို အပိုင်စီးတော့မှာပေါ့....အဲ့ထဲမှာ ဖေဟောင့်ဘက်တော်သားတွေအများကြီးပဲနော်....."
" ဒါပေါ့....အရင်တုန်းကလည်း ရုံးချုပ်မှာ ဖေဟောင့်ဘက်တော်သားတွေရှိနေခဲ့တာပဲ....အခုသူတို့တွေ ဘယ်ရောက်သွားပြီလဲ....."
ကျန်းချင်းအာ ပြောလိုက်သည့်စကားကြောင့် ချိုင်ဝေ မျက်ခုံးပင့်လိုက်မိသည်။
ဤသည်မှာ စည်းရုံးရေးဆင်းသည့် တိုက်ပွဲဆိုပါက လီလော့ဘက်ကအပြတ်အသတ်နိုင်နေပြီဟုဆိုရပေတော့မည်။
ကျေနပ်လောက်သည့်ဖြေရှင်းချက်ရပြီးပြီဖြစ်သောကြောင့် ရုံးချုပ် အဝတွင် စုဝေးနေသူများလည်း တဖြည်းဖြည်း လူစုခွဲကုန်ကြပြီ.....
လီလော့ကတော့ မနီးမဝေးတွင်ရှိသော စားသောက်ဆိုင်ဘက် လှည့်ပြီး အကုန်လုံးကြားအောင်အော်ပြောလိုက်သည်က......
" သေးငယ်တဲ့လက်ဆောင်လေးဆိုပေမယ့် စေတနာအပြည့်ပါမှန်းသိနေတာကြောင့် ကျေကျေနပ်နပ်ကြီး လက်ခံပေးလိုက်ပြီနော်......ကျေးဇူးပဲ!!!"