← Chapters

မိစ္ဆာအား မိစ္ဆာဖြင့် ရင်ဆိုင်ခြင်း ( ၂ )

Vol. 19 Ch. 291

မိစ္ဆာအား မိစ္ဆာဖြင့် ရင်ဆိုင်ခြင်း ( ၂ )

Vol. 19 Ch. 291

ခေါင်းဆောင်က နည်းလမ်းပေးခဲ့ပါသော်လည်း ရွှီချင်းမှာ ကိုယ်ပိုင်နည်းလမ်း ရှိသည်။

ဓာတ်နှောများကို ကျင့်ကြံသူမှန်သမျှ အရိပ်၏ စူးရှသောအာရုံခံခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ အရိပ်က ဓာတ်နှောများကို စားသုံးသည် မဟုတ်ပါလား။

ကျစ်ထူမှာ ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ရှိနေသော ကျင့်ကြံသူအများအပြား ရှိပါသော်လည်း တားမြစ်ပင်လယ်၏ အရှိန်အဝါလည်း ရှိနေသည့် ကျင့်ကြံသူကို ရှာဖွေမည်ဖြစ်ရာ ရှာဖွေမည့်အတိုင်းအတာ သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။

ထိုသို့လုပ်ရန်မှာ တခြားသူများအတွက် ခက်မည်ဖြစ်ပါသော်လည်း ရွှီချင်းအတွက် မခက်ပေ။

သူ လုပ်ရမည်မှာ သတ်ချက်များနှင့် ကိုက်ညီသော လူအနည်းအကျဉ်းထဲမှ လူသတ်သမားအစစ်ကို ရှာဖွေရန် ဖြစ်သည်။

ထိုအချက်အတွက်လည်း လွယ်ပေသည်။

သူ့ဆရာ၏ ဆေးပညာအရ အမှတ်အသားတစ်ခုခု မချန်ခဲ့နိုင်ကြောင်း ရွှီချင်း မယုံပေ။ ရွှီချင်း၏ လက်ရှိ ဆေးပညာအရပင် အသက်မသေခင် သူ့ရန်သူ၏ ကိုယ်ပေါ်မှာ စစ်ဆေး၍ မရနိုင်သော ဆေးအမှတ်အသားများ ချန်ထားနိုင်သည်။

ထို့ကြောင့် လမ်းကြားလေးထဲမှ ကြည့်နေစဉ်အခါက သလင်းကျောက်ခေါင်းတလားထဲရှိ ဆရာ၏ အလောင်းကို သူ သေသေချာချာအာရုံစိုက်ကြည့်နေခဲ့သည်။ အုတ်ဂူရှေ့ရှိ မြေသားမှတစ်ဆင့်လည်း အလောင်းကို အာရုံခံကြည့်ခဲ့သည်။

သူ့ဆရာ၏ ခန္ဓာကိုယ်မှာ ရှိနေသည့်အဆိပ်က အရုဏ်ဦးဆွေးမြေ့ဆေးဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

ထိုဆေးသည် ခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုအထိ အားဖြည့်ပေးနိုင်ပြီး တစ်နှစ်ပတ်လုံး အမြဲသောက်နေရန် လိုအပ်သည်။ သာမန်လူများအတွက်လည်း ဆေးအာနိသင်က အဆင်ပြေသည်။ တစ်ခုတည်းသော ဆိုးကျိုးမှာ သေသောအခါတွင် အလောင်းက မြန်မြန် ပုပ်ပွသွားတတ်သည်။ ယေဘုယျအားဖြင့် တစ်ရက်အတွင်း အလောင်းက အရည်ဖြစ်သွားသည်။

သမားတော်ကြီးပိုင်က အားလပ်ချိန်များတွင် ထိုဆေးကို ဖော်စပ်ထားခဲ့သည်။ ထိုဆေးဖော်နည်းမှာ ထူးဆန်းသော ဆေးဖော်စပ်နည်းများအနက် တစ်ခုအဖြစ် ယူဆနိုင်သည်။

ထိုဆေးကို သာမန်လူများ နားလည်ထားသည်မှာ ထိုမျှသာ ဖြစ်သည်။

သူ့တပည့်များသည်သာ အရုဏ်ဦးဆွေးမြေ့သစ်ပင်၏ အဓိကပါဝင်ပစ္စည်းမှာ ဝိညာဉ်မြူပင်ဖြစ်သည်ကို သိကြသည်။

“ ဝိညာဉ်မြူကို ကောင်းကင်မျက်လုံးလို့လည်း သိကြတယ်။ မြူတွေကနေ ပေါက်ဖွားလာတဲ့ အဆင့်မြင့်ဝိညာဉ်ဆေးပင်တစ်ပင်ပဲ။ ဝိညာဉ်ပေါ်မှာ အမှတ်အသားလုပ်နိုင်းပြီး အဲဒီအမှတ်အသားကို စစ်ဆေးဖို့နဲ့ ဖယ်ရှာဖို့ ခက်တယ်။ အရုဏ်ဦးဆွေးမြေ့ဆေးအတွက် အဓိကပါဝင်ပစ္စည်းပဲ ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ ယင်းသည် သမားတော်ကြီးပိုင် ချန်ခဲ့သည့် သဲလွန်စဖြစ်သည်။

လူသတ်သမား၏ ဝိညာဉ်မှာ ဖယ်ရှားရန် မဖြစ်နိုင်သော ဝိညာဉ်မြူအနံ့ သေချာပေါက် စွဲကျန်နေပေလိမ့်မည်။ ၎င်းကို စစ်ဆေးရန်နည်းလမ်းကိုလည်း ရွှီချင်း သိထားပြီး ဖြစ်သည်။

ထို့ကြောင့် သူ လျင်မြန်စွာ လှုပ်ရှားသွားသည်။ အမှောင်ထုထဲတွင် အရိပ်မှ အမှတ်အသား လုပ်ထားသည့် သဲလွန်စသုံးခုအနက် တစ်ခုသို့ သူ ရောက်လာသည်။ ယင်းမှာ တည်းခိုခန်း ဖြစ်သည်။ ရွှီချင်းသည် အနီးသို့ ရောက်လာပြီးနောက် သူ့အာရုံကို ဖြန့်ကျက်လိုက်ပြီး ခဏအကြာ ထွက်သွားသည်။

“ ဒီတစ်ခု မဟုတ်ဘူး ”

သူ မရပ်ပေ။ အမှောင်ထုကို အားပြု၍ ဒုတိယနေရာသို့ သူ ရောက်သွားသည်။ ဒုတိယနေရာသည် ကျစ်ထူနန်းမြို့တော်ကြီးထဲရှိ သာမန်လူတစ်ယောက်၏ နေအိမ်ဖြစ်သည်။ ယင်းနေရာတွင် ဓာတ်နှောများပင် မဆိုထားဘိ ကျင့်ကြံခြင်းအငွေ့အသက်များပင် မရှိပေ။

သို့သော်လည်း အရိပ်၏ ရှာဖွေခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ရွှီချင်းသည် အနီးသို့ ရောက်သွားသည်နှင့် ခြေလှမ်းများ ရပ်လိုက်သည်။ တခဏလေးအတွင်း သူ့မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ့ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး အိမ်ထဲ တစ်ခါတည်း ဝင်သွားသည်။

အိမ်သည် ရိုးရှင်းကာ ဖြစ်ကတတ်ဆန်း ဆောက်ထားဟန်တူသည်။ အိမ်ထဲတွင် အဘိုးအိုတစ်ယောက် လှဲအိမ်နေသည်။ ရွှီချင်း ဝင်လာသောအခါ အဘိုးအို၏ မျက်လုံးများ ပွင့်လာပြီး ရွှီချင်းကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ သူ ပြောရန် ပြင်လိုက်သည့်အခိုက် သံတုတ်နက်လေးက တဝီဝီမြည်ကာ သူ့အနားသို့ ချက်ချင်း ရောက်လာသည်။

အဘိုးအို၏ ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားသည်။ သူ့ကိုယ်မှ မည်သည့်ကျင့်ကြံခြင်းအငွေ့အသက်မျှ ထွက်မနေခဲ့ပါသော်လည်း ရွှမ်ယောက်အသွင်သဏ္ဍာန်ကို သူ ဖော်ထုတ်လိုက်ဟန်တူပြီး သံတုတ်နက်လေးကို ရှောင်တိမ်းကာ ရွှီချင်း၏ရှေ့တွင် ပေါ်လာသည်။

“ မင်းက ငါ့ကို ရှာတွေ့သွားတယ်ပေါ့။ မင်းရုပ်ဖျက်ထားတာ အသိသာကြီး။ မင်း ဘယ်သူတုံး ငါ့ကို ပြစမ်းပါဦး ”

အဘိုးအိုက ပြောလိုက်သည်။ ယင်းနောက် သူက ညာလက်ကို မြှောက်၍ ရွှီချင်း၏ မျက်နှာကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်း၏ ဂါထာအကာအကွယ်ကို သူ ဖျက်ဆီးပစ်ချင်နေဟန်တူသည်။

သို့သော်လည်း ရုတ်တရက် အဘိုးအို ကွက်ခနဲ မျက်နှာပျက်သွားသည်။ ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြောင့် သူ ကတိုက်ကရိုက် နောက်ဆုတ်သွားသည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ ရွှီချင်း၏ကိုယ်မှ ကြောက်ခမန်းလိလိအားလှိုင်းများ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တဟုန်းဟုန်း လောင်ကျွမ်းနေသည့်အလားပင်။ သူက အဘိုးအိုကို ညှာတာမှုကင်းမဲ့စွာ ဒူးဖြင့် တိုက်လိုက်သည်။

အဘိုးအို၏ ခန္ဓာကိုယ် တုန်ခါသွားပြီး ရွှီချင်း၏ ဒူးဖြင့် တိုက်ခံလိုက်ရသည့် ဗိုက်မှာ ချိုင့်ဝင်သွားသည်။ သူ့အရိုးအသားများ စုတ်ပြတ်သွားသည်။ သူ ရုန်းကန်ရန်ပြင်လိုက်စဉ် ရွှီချင်း ရောက်လာပြီး မိစ္ဆာမီးတောက်ကို ထုတ်လွှတ်လိုက်သည်။ ထိုအဘိုးအို၌ ဝိညာဉ်မရှိပါသော်လည်း ရွှီချင်းမှာ ပကတိ တည်ငြိမ်နေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျင်းဝူလျန့်ဝမ့်လင်အစွမ်းများ လွင့်ပျံလာပြီး အဘိုးအိုကို အရူးအမူး စုပ်ယူလိုက်သည်။

ယခုတစ်ခေါက်တွင် အဘိုးအို၏ တစ်ကိုယ်လုံး တုန်ရီလာပြီး ချီနှင့်သွေးများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်ဖြင့် သူ့ကို စုပ်ယူပြီးနောက် အရေပြားအပိုင်းအစတစ်ခုသာ မြေပြင်ပေါ် ကျန်ရစ်ခဲ့သည်။

ရွှီချင်းမှာ အံ့အားသင့်မနေပေ။ သူ့ခြေထောက်အောက်ရှိ အရိပ်က အလျင်အမြန် ပြန့်ကားသွားသည်။ အရေပြားကို ဖုံးလွှမ်းလိုက်ပြီးနောက် အရိပ်က ရွှီချင်းကို သတင်းစကားတစ်ခု ပေးပို့လိုက်သည်။

“ ဘယ်လမ်းလဲ ”

အရိပ်မှာ ချက်ချင်းပင် သူ့ကို အလျင်အမြန် ညွှန်ပြလိုက်သည်။ ရွှီချင်းသည် ဘေးပတ်လည်ရှိ စွမ်းအင်အငွေ့အသက်များထဲ ပုန်းကွယ်နေသော အစီအမံများကို သိမ်းဆည်းလိုက်ပြီး အရိပ်ညွှန်ပြရာသို့ အလျင်အမြန် ပြေးသွားသည်။

သဘာဝလွန်မိစ္ဆာမျိုးနွယ်သည် ထူးဆန်းပြီး သတ်ရန်ခက်သည်ကို သူ သိသော်လည်း ကိစ္စမရှိပေ။ ထိုသူများကိုသာ အကြိမ်အနည်းငယ် သတ်ဖြတ်ပြီးပါက ထိုမျိုးနွယ်ဝင်မှာ တဖြည်းဖြည်းနှင့် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ရွှီချင်း စဉ်းစားနေသည်မှာ ကျင်းဝူလျန့်ဝမ့်လင်အတတ်ဖြင့် တစ်ဖက်လူ သေသွားပြီးနောက် ထိုမျိုးနွယ်ဝင်၏ ဇစ်မြစ်ကို အနည်းအကျဉ်းသာ သူ စုပ်ယူလိုက်ရသောကြောင့် ဖြစ်သည်။

“ သဘာဝလွန်မိစ္ဆာမျိုးနွယ်ရဲ့ ဇစ်မြစ်က ထူးဆန်းတယ်။ ပြီးတော့ သူက မြန်မြန်သေသွားလို့ ငါ အများကြီး မစုပ်ယူလိုက်ရဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ့ကို စိုးရိမ်ကြောက်လန့်အောင် လုပ်လိုက်ရင် ပိုပြီး စုပ်ယူနိုင်မှာပဲ ”

ထိုအချိန်၌ မိသားစုကြီးရှစ်စုအနက် ကျိုးမိသားစုထဲ၌ အိပ်မောကျနေသော အလုပ်ကြမ်းသမားတစ်ယောက်၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာသည်။ သူ့မျက်လုံးများထဲတွင် အံ့အားသင့်သည့်အရိပ်အယောင်တစ်ခု ပေါ်လာပြီး အသက်ပြင်းပြင်းရှူသွင်းကာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။

“ အဲဒီကောင် ဘယ်သူတုံး။ ငါ့ကို ရှာတွေ့နိုင်ရုံတင်မကဘူး။ အချိန်အကြာကြီး စုစည်းထားခဲ့တဲ့ ငါ့သွေးကြောတွေကိုတောင် ဖိနှိပ်နိုင်လောက်အောင် အစွမ်းထက်တယ်။ သူ့တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးသုံးလုံးကို ယှဉ်နိုင်တယ် ”

“ ငါ့ပါရမီက အကန့်အသတ်ရှိနေလို့ သာမန်လူတွေကိုပဲ ကပ်တွယ်နိုင်တာ နာတာပဲ။ တစ်ယောက်ယောက်ကို ကယ်တွယ်လိုက်တိုင်း ငါ့အစွမ်းတွေ အပြည့်အဝ ရဖို့ အချိန်နည်းနည်း ယူနေရသေးတယ်။ မဟုတ်ရင် အေးအေးဆေးဆေးနဲ့ ငါ လွတ်နိုင်မှာ။ ချီးပဲကွာ ဒီတာဝန်က အစက လွယ်နေခဲ့တာပါ။ တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ထားရင်တောင် အကြာကြီး ပိတ်ထားနိုင်မှာ မဟုတ်ဘူး။ အခုကျ ဘာလို့ အဲဒီလို ထူးဆန်းတဲ့ကျင့်ကြံသူ ပေါ်လာရတာတုံး ”

အလုပ်ကြမ်းသမား၏ မျက်လုံးများ ဖျတ်ခနဲ ဝင်းလက်သွားသည်။ သူ တွေးတောနေရင်း သူ့မျက်လုံးများထဲ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ခု ပေါ်လာကာ ဘေးပတ်လည်ကို ကျီးကန်းတောင်းမှောက် ကြည့်လိုက်သည်။

“ ကိစ္စမရှိဘူး။ ငါ ပြန်ရှင်လာတဲ့ဒီလူက ကျိုးမိသားစုရဲ့ အစေခံပဲ။ သူ့အိမ်က ကျိုးမိသားစုရဲ့ တော်ဝင်နန်းတော်ပိုင်နက်ထဲမှာ ရှိတာ။ ကျိုးမိသားစုကို သူ့ကို အကူအညီပေးဖို့ မတောင်ဘဲ ခိုးဝင်လာရင် ချက်ချင်း သေမှာပဲ ”

ထိုသို့ဖြင့် ထိုသူ သတိထားအာရုံစိုက်နေစဉ် ညတစ်ည ကုန်လွန်သွားသည်။ နောက်တစ်နေ့မနက်ခင်း နေရောင်ခြည်များ တိုးဝင်လာစဉ် မျက်နှာအမာရွတ်နှင့် ချီစုစည်းခြင်းအဆင့် လူထွားကြီးတစ်ယောက်သည် အလုပ်ကြမ်းသမားများ နေထိုင်သည့် တံခါးကို တွန်းဖွင့်လိုက်သည်။

ဘေးပတ်လည်ရှိ အလုပ်ကြမ်းသမားများမှာ ထိုအမာရွတ်နှင့်လူထွားကြီးကို မြင်သောအခါ မျက်နှာများ ပျက်သွားကြသည်။ သူတို့ မဟန့်တားဝံ့ဘဲ အလျင်အမြန် မတ်တတ်များရပ်လိုက်ကြသည်။ ထိုအမာရွတ်နှင့် လူထွားကြီးကို ကျိုးမိသားစု၏ အလုပ်ကြမ်းသမားများအနက် အယုံကြည်ရဆုံးအစေခံတစ်ယောက်အဖြစ် ယူဆနိုင်သည်။ သူက အလုပ်ကြမ်းသမားကို ဆဲဆိုကြိမ်းမောင်းလေ့ရှိပြီး အစေခံအများစုကို သူက အသက်သေသည်အထိ ရိုက်နှက်လေ့ရှိသည်။

အလုပ်ကြမ်းသမားများ၏ အသက်များက ဈေးပေါပြီး သူတို့သေသွားလျှင် တစ်ယောက်မှ ဂရုမစိုက်ကြတော့ပေ။

အလုပ်ကြမ်းသမားများ စိုးရိမ်ထိတ်လန့်နေကြစဉ် အမာရွတ်နှင့် လူထွားကြီးသည် တံတွေးများကို ထွေးကာ သူတို့ထံ လျှောက်လာသည်။ သူသည် အလုပ်ကြမ်းသမားတစ်ယောက်ပြီးတစ်ယောက် ကျော်ဖြတ်ကာ သဘာဝလွန်မိစ္ဆာမျိုးနွယ်ဝင် ပူးကပ်နေသော အလုပ်ကြမ်းသမားထံ ရောက်သွားသည်။

ထိုအလုပ်ကြမ်းသမားကို စေ့စေ့စပ်စပ်ကြည့်ပြီးနောက် လူထွားကြီးက အသွားတစ်ဖက်ဓားတစ်လက်ကို ဆတ်ခနဲ ထုတ်ကာ အလုပ်ကြမ်းသမား၏ နှလုံးသားကို ထိုးသွင်းလိုက်သည်။ သူက ဓားကို အလျင်အမြန် ထုတ်လိုက်ပြီးနောက် အလုပ်ကြမ်းသမား၏ လည်ပင်းကို အညှာအတာကင်းမဲ့စွာ လှီးဖြတ်လိုက်သည်။

ဖြစ်ပျက်သွားခဲ့သည်မှာ မြန်ဆန်လွန်း၍ အလုပ်ကြမ်းသမားမှာ မယုံကြည်နိုင်အောင်ဖြစ်ကာ စိတ်ရှုပ်ထွေးနေလျက် မျက်လုံးပြူးကြီးများဖြင့်သာ ကြည့်နေနိုင်သည်။

ဖြစ်ပျက်သွားခဲ့သမျှကို သူ နားမလည်တော့ပေ။ လူထွားကြီးသည် ချောက်ချားစရာကောင်းစွာ တဟားဟား ရယ်မောလိုက်သည်။ ဘေးပတ်လည်ရှိ အလုပ်ကြမ်းသမားများအားလုံး အထိတ်တလန့်ဖြင့် နောက်ဆုတ်သွားကြစဉ် လူထွားကြီးသည် သူ့ဗိုက်ကို ခွဲကာ အူများကို ဆွဲနှုတ်လိုက်သည်။ ယင်းနောက် ထိုအူများကို အလုပ်ကြမ်းသမား၏ လည်ပင်းမှာ ရစ်ပတ်လိုက်ပြီး အလုပ်ကြမ်းသမားကို မှီကာ ခပ်တိုးတိုး ပြောလိုက်သည်။

“ ကျုပ်သခင်လေးက မင်းကို နှုတ်ဆက်လိုက်တယ်။ ကစားပွဲက အခု စပြီလို့လည်း ကျုပ်ကို သခင်လေးက ပြောခိုင်းလိုက်တယ် ”

All Chapters