← Chapters

အသက် အန္တရာယ် ခြိမ်းခြောက်မှု

Vol. 24 Ch. 350

အသက် အန္တရာယ် ခြိမ်းခြောက်မှု

Vol. 24 Ch. 350

ရဲ့လင်းချန်၏ လေသံတွင် အလွန် အလျင်လိုဟန် ပါဝင်နေသဖြင့် လူတိုင်း အံ့ဩသွားပြီး သူ့အား စူးစမ်းဟန်ဖြင့် ကြည့်လာကြသည်။

“ဝိုင် ဘာကိစ္စ ရှိလို့လဲ”

ချန်ရှောင်ယန်က စိုးရိမ်တကြီး မေးလာပြီး ရဲ့လင်းချန်၏ အမူအရာက သူမအား စိတ်မသက်မသာ ဖြစ်စေလေသည်။

“ညီလေးဝိုင် ဘာဖြစ်တာလဲ”

တလေကလည်း မေးလေသည်။

ရိုက်ကူးရေး အဖွဲ့သားများကလည်း ရဲ့လင်းချန်အား ဇဝေဇဝါ ဖြစ်နေသော အမူအရာတို့ဖြင့် ကြည့်နေကြသည်။

“ရှေ့မှာ အန္တရာယ် ရှိတယ်၊ ငါတို့ နောက်ပြန်လှည့်ပြီး အားကုန် လှော်ဖို့ လိုတယ်”

ရဲ့လင်းချန်၏ လေသံက အလွန်အမင်း လေးနက်နေပြီး ညှိနှိုင်းလိုစိတ် မရှိပေ။

*အန္တရာယ်လား*

လူတိုင်း ခေါင်းထောင်လာပြီး ကျယ်ပြောသော ပင်လယ်ပြင်အား လှမ်းကြည့်ကြသည်။ ၎င်းသည် တည်ငြိမ်နေပြီး ဆူနာမီ လာမည့် အရိပ်အယောင် မရှိချေ။

“ဝိုင် မင်း စိတ်ပူစရာ မလိုပါဘူး၊ ငါတို့ ရိုက်ကူးရေးအဖွဲ့က ရာသီဥတု အခြေအနေ အကောင်းဆုံးဖြစ်တဲ့ ဒီအချိန်ကို ရွေးထားတာ၊ ဘာဆူနာမီမှ ရှိလာမှာ မဟုတ်ဘူး၊ မင်းရဲ့ လုံခြုံရေးအတွက် စိတ်ချလို့ ရတယ်”

ကျန်းယုံက သူ့အား အားပေးလေသည်။

ရဲ့လင်းချန်က ကျန်းယုံကို ဒေါသတကြီး သုန်သုန်မှုန်မှုန်ဖြင့် စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို ချက်ချင်း နောက်ပြန်လှည့်ဖို့ ပြောနေတယ်လေ”

ယင်းက လူတိုင်းကို အံ့ဩသွားစေသည်။ ရဲ့လင်းချန် ဤသို့ ဒေါသထွက်နေသည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ကာ သူနှင့် ညှိနှိုင်း၍ မရ ဖြစ်နေသည်။

ပြီးခဲ့သည့် ရက်များအတွင်း ရဲ့လင်းချန်၏ အကျင့်စရိုက်ကို လူတိုင်း နားလည် သဘောပေါက်ခဲ့ကြသည်။ သူသည် လုံးဝ တည်ငြိမ်၍ အစွမ်းအစ ရှိသော လူတစ်ယောက် ဖြစ်သည်။ မည်သို့သော အခြေအနေတွင် ဖြစ်စေ သူသည် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ရှာတွေ့စမြဲပင်။ ထို့အပြင် သူသည် အခြားသူများအပေါ် ရင်းနှီးဖော်ရွေသည်။ အတိုချုံး၍ ပြောရလျင် သူ့အနား၌ နေရသည်က သက်တောင့်သက်သာ ရှိလှပေသည်။

သို့သော် ရဲ့လင်းချန်က သူ့ဒေါသကို ပြလာသောအခါ သူတို့၏ စိတ်နှလုံး၌ တုန်လှုပ်သွားပြီး သူ့မျက်လုံးကိုပင် စေ့စေ့ မကြည့်ရဲတော့ချေ။

၎င်းက ကြောက်စရာ ကောင်းလွန်းလှသည်။ သူ ထုတ်ဖော်နေသော အရှိန်အဝါက သာမန်လူတစ်ယောက် ခံနိုင်ရည် ရှိသည့် တစ်စုံတစ်ခု မဟုတ်ပေ။

ကျန်းယုံ မျက်နှာ ဖြူရော်သွားပြီးနောက် ခါးသီးစွာ ပြုံး၍ ပြန်ပြောလိုက်သည်။

“ငါတို့ ဒီနေ့ အထူးအခြေအနေလေး တစ်ခု ရှိလာလို့ ငါတို့ ခရီးစဉ်ကို နည်းနည်းလောက် ပြောင်းရလိမ့်မယ်၊ နောက်ပြန်လှည့်ကြတာပေါ့”

ဘယ်သူမှ သူတို့၏ သဘောထား ကွဲလွဲမှုကို ထုတ်မပြောရဲကြချေ။

အားလုံးက သူတို့၏ ကယပ်လှေကို တိတ်ဆိတ်စွာ နောက်လှည့်လိုက်ပြီး ပြန်လှော်ခတ်ကြသည်။

အာနယ်လ်သည် ပါးစပ် ဟလိုက်သော်လည်း ရဲ့လင်းချန်၏ တင်းမာသော မျက်နှာ အမူအရာကို ကြည့်ပြီး မပြောရန် ဆုံးဖြတ်လိုက်သည်။

တိုက်ရိုက် ထုတ်လွှင့်မှုတွင်း၌ မှတ်ချက်များ ပလူပျံနေသလို ကြည့်ရှုသူများ၏ သိချင်စိတ်ကလည်း တိုးမြင့်နေ၏။

[ဘာဖြစ်တာလဲ၊ ဘာလို့ ဝိုင်ရဲ့ အမူအရာက ရုတ်တရက်ကြီး ဆိုးရွားသွားရတာလဲ]

[မိုက်တယ်၊ သူက ဒါရိုက်တာကိုတောင် ပြန်ပြောနိုင်တဲ့အထိ လွှမ်းမိုးနိုင်တာပဲ]

[ဝိုင်က အရမ်း စိတ်ဆတ်လွန်းတယ်၊ သူ့ကြောင့်သက်သက်နဲ့ ဘာလို့ အားလုံးက နောက်ပြန်လှည့်ရမှာလဲ]

[ဒါ ဇာတ်ညွှန်း ရေးထားတာလို့ ငါ ထင်တယ်၊ ငါတို့ စိတ်ဝင်စားမှုကို တိုးလာအောင် လုပ်တာမျိုး ဖြစ်နိုင်တယ်၊ မဟုတ်ရင် သူတို့က ဘာလို့ ရုတ်တရက်ကြီး ထလုပ်မှာလဲ]

[ဝိုင်က ပေါ့ပြက်ပြက်သမားတစ်ယောက် မဟုတ်ဘူး၊ ဒီနောက်ကွယ်မှာ အကြောင်းပြချက်တစ်ခု ရှိလောက်တယ်၊ သူ တစ်ခုခုကို သတိထားမိသွားတာပဲ ဖြစ်မှာ]

…

ကြည့်ရှုသူများက အချင်းချင်း စကားနိုင် လုနေကြသည်။ တစ်ချို့က ဝိုင်ကို ကာပြောပေးနေပြီး အချို့က ဤအခွင့်အရေးကို အမိအရ လက်ကိုင်ထား၍ ရဲ့လင်းချန်အား ပြောဆိုကြလေသည်။

ထိုအခိုက်တွင် ကင်မရာက ရဲ့လင်းချန်နှင့် အခြား ပါဝင်သူ ငါးဦးကြား၌ ကူးလူး၍ ရိုက်ပြနေသည်။ ထိုစဉ် ကြည့်ရှုသူများသည် သူတို့၏ ဖန်သားပြင်ရှေ့၌ အေးစက် တောင့်တင်းသွားကြသည်။

*ခုနက … ပင်လယ် ရေမျက်နှာပြင်မှာ တစ်ခုခု ကူးခပ်နေသလားလို့*

မယုံသင်္ကာစိတ်တို့ဖြင့် ပြည့်နှက်လာပြီးနောက် သူတို့ ပို၍ သတိထား ကြည့်လိုက်ကြသည်။

ထိုအခါ သူတို့အားလုံး မျက်လုံးပြူးသွားပြီး မျက်နှာတွင် မယုံနိုင်ဟန်တို့ ပေါ်လွင်လာကာ နှလုံးခုန်နှုန်း မြန်ဆန်လာ၏။

မှတ်ချက်များ ပလူပျံလာလေသည်။

[လခွမ်း၊ သူတို့အနောက်က ဘာကြီးလဲ၊ မကောင်းဆိုးဝါးလား]

[မင်း ရူးနေလား၊ အဲ့ဒါ ငါးမန်းကွ၊ ငါးမန်တောင်ပံက ရေမျက်နှာပြင်ကို ဖြတ်နေတယ်လေ]

[ငါးမန်းဟ၊ တစ်ကောင်တောင် မဟုတ်ဘူး၊ အုပ်လိုက်ကြီး]

[သောက်ရမ်း ကြောက်ဖို့ကောင်းတာပဲ၊ ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ငါးမန်းအုပ်ကြီးက ဒီမှာ ပေါ်လာတာလဲ၊ ရိုက်ကူးရေး အဖွဲ့က တစ်ခုခု လုပ်လိုက်တာ မဟုတ်လား]

[မြန်မြန်လှော်ကြ၊ အဲ့မှာ လူတွေ အများကြီးပဲ၊ ဘာမှမဖြစ်ဖို့ မျှော်လင့်ရတာပဲ]

[မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဘယ်လိုလုပ် သူတို့က ငါးမန်းတွေကို ကျောနိုင်မှာလဲ၊ ဒါ အဆုံးသတ် လှမှာ မဟုတ်ဘူး]

…

မှတ်ချက်များ ပြည့်နှက်နေသလို ကြည့်ရှုသူ အရေအတွက်ကလည်း အသည်းအသန် များပြားလာ၏။ လူပေါင်းများစွာက ထိုအကြောင်း ကြားပြီး အပြေး ဝင်ကြည့်ကြသည်။ ဝေ့ပေါ်တွင် ယင်းက ရေပန်းစားနေသော ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးသို့ ချက်ချင်း တက်သွားလေသည်။

ယင်းက သတင်းထူးကြီးတစ်ခုပင်။ အထူးသဖြင့် ယင်းသည် အနုပညာရှင်များ ပြည့်နှက်နေသည့် ရသစုံ ရှိုးပွဲတစ်ခု ဖြစ်သည် မဟုတ်ပါလော။

“ရွှစ်”

ထိုသို့သောအချိန်၌ ငါးလေးများက ကယပ်လှေများအောက်မှ လျင်မြန်စွာ ကူးခပ်သွားကြသဖြင့် သူတို့၏ ဟန်ချက်ကို ထိခိုက်လာစေသည်။

“ဘာလို့ ဒီလောက် ငါးအများကြီးက ပြေးနေတာလဲ၊ သူတို့က တစ်ခုခုဆီကနေ ပြေးလာတာများလား”

အဖွဲ့သားတစ်ယောက်က အဖြစ်အပျက်ကို သတိထားမိပြီး ပြောလာသည်။ ၎င်းက သူ့အား မကောင်းသော ခံစားချက် ဖြစ်ပေါ်လာစေသည်။

“ငါးမန်းတွေ၊ ငါးမန်းတွေ လာနေပါလား”

ကင်မရာသမားတစ်ယောက်က တုန်ယင်နေသော အသံဖြင့် ထအော်လာပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ အချိန်တိုလေးအတွင်း၌ သူ့နဖူးတွင် ချွေးများ စို့လာပြီး အသက်ရှူသံ ပြင်းလာ၏။

*ငါးမန်းတွေလား*

လူတိုင်း လှမ်းကြည့်လိုက်သောအခါ ပင်လယ်ရေ မျက်နှာပြင်က လှုပ်ခါနေပြီး ခပ်ဝေးဝေးတွင် တစ်စုံတစ်ရာက သူတို့ထံ လျင်မြန်စွာ ကူးခပ်လာနေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် ရေမျက်နှာပြင်ပေါ်၌ ဆူးတောင် ရှစ်ခုကိုပါ မြင်နေရသည်။

ဤသို့သော အဖြစ်အပျက်ကို သူတို့ ရုပ်ရှင်ထဲ၌သာ မြင်ဖူးသော်လည်း ရင်းနှီးနေပါသည်။ ၎င်းတို့က ငါးမန်း ဆူးတောင်များပင်။

“အားးးး ငါးမန်းတွေ”

တစ်ယောက်က ဆောက်တည်ရာမရ အော်ဟစ်လေသည်။

“ငါတို့ ဘာလုပ်ကြမလဲ၊ ငါ မသေချင်ဘူး၊ ငါ မသေချင်သေးဘူး”

“ဟင့်ဟင့်ဟင့် ငါတော့ ကံဆိုးပါပြီ၊ အဲ့ဒါ ငါးမန်းတွေ”

“ဒီငါးမန်းတွေ ဘာလို့ ဒီရောက်လာတာလဲ၊ စုစုပေါင်း ရှစ်ကောင်တောင်၊ ငါတော့ သေပြီပဲ”

ချက်ချင်းဆိုသလိုပင် ရိုက်ကူးရေး အဖွဲ့တစ်ခုလုံး၌ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။ လူတိုင်း ကြံရာမရ ဖြစ်ကာ တော်တော်များများက မျက်ရည်ကျနေ၏။

အာနယ်လ်သည်လည်း မျက်နှာ ဖြူဖျော့‌နေသည်။ သူမ၏ ခန္ဓာကိုယ်လေးက ထိန်းမရအောင် တုန်ယင်နေသည်။

“ဟင့်ဟင့်ဟင့် ငါးမန်း ကိုက်တာက အရမ်း နာတယ်လို့ ငါ ကြားဖူးတယ်၊ အားးးး ငါ ငါးမန်းစား မဖြစ်ချင်ဘူး”

ရှောင်မိုကမူ သူမခြေထောက်ကို သူမ ပြန်ဖက်ထားသည်။ သူမ ကြံရာမရ ဖြစ်နေသောကြောင့် စကားပင် မပြောနိုင်ချေ။

ချန်ရှောင်ယန်က သိသိသာသာ တုံ့ပြန်မှု မရှိသော်လည်း သူမ ရဲ့လင်းချန်၏ လက်မောင်းကို ဖက်ထားမိသည်။ မသိစိတ်အရ သူမက လက်သည်းများ နစ်ဝင်သည်အထိ ရဲ့လင်းချန်ကို တင်းနေအောင် ဖက်တွယ်ထားလေသည်။

ရဲ့လင်းချန်၏ သန်မာသော ခန္ဓာကိုယ်ကြောင့်သာမ မဟုတ်လျင် အတော်လေး နာနေလောက်သည်။

ရဲ့လင်းချန်က ချန်ရှောင်ယန်၏လက်ကို အသာပုတ်၍ စိတ်အေးအေးထားရန် ပြောနေသည်။

ချန်ရှောင်ယန်က မျက်ရည်များ ဝေ့နေသော မျက်ဝန်းတို့ဖြင့် ရဲ့လင်းချန်ကို စိုက်ကြည့်သည်။ သူမ နှုတ်ခမ်းကိုက်နေပြီးနောက် သူမရင်ထဲမှ စိုးရိမ်တုန်လှုပ်စိတ်က တဖြည်းဖြည်း လွင့်ပြယ်လာသည်။

“ကျေးဇူးပြုပြီးတော့ အားလုံး သွေးမပျက်ကြပါနဲ့၊ မြန်မြန်လှော်ပြီး ဒီငါးမန်းတွေနဲ့ ဝေးအောင် လုပ်ကြပါ”

ရဲ့လင်းချန်က ပြောလိုက်သည်။

“ဘယ်လိုလုပ် ငါတို့ ကယပ်လှေက ငါးမန်းတစ်ကောင်ထက် ပိုမြန်နိုင်မှာလဲ၊ အီးဟီးဟီး … ငါ အိမ်ပြန်ချင်တယ် …”

“ငါးမန်းတွေက ငါတို့နောက််ကို တမင် လိုက်နေတာမျိုး မဟုတ်ဘူး၊ ငါတို့ တိတ်တိတ်လေး လှေလှော်ပြီး ဒီနေရာကနေ ထွက်သွားဖို့ပဲ လိုတာ”

ရဲ့လင်းချန်က ညွှန်ကြား၍ ထပ်ပြောလိုက်သည်။

“ပြီးတော့ ငါးမန်းတွေ အာရုံမစိုက်မိအောင် မင်းတို့ အသံကို တိုးထားပါ၊ ငြိမ်ငြိမ်လေးနေပါ၊ အရေးအကြီးဆုံးက မင်းတို့ ရေထဲ မကျသွားဖို့ပဲ၊ ဒီကနေ ရေကူးပြီး ပြေးမယ်လို့ မစဉ်းစားကြပါနဲ့”

ရဲ့လင်းချန်၏ စကားက ထိရောက်သည်။ ယင်းက လူတိုင်းကို အနည်းငယ် စိတ်တည်ငြိမ်သွားစေသည်။ သူတို့အားလုံး အသံမထွက်မိအောင် အစွမ်းကုန် ကြိုးစားကြသည်။ တစ်ချို့ဆိုလျင် သူတို့၏ ရှိုက်သံကို မထိန်းနိုင်သဖြင့် ပါးစပ်ကို လက်ဖြင့် တင်းနေအောင် အုပ်ထားလေသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်က တုန်ယင်နေဆဲပင်။

ထိုအခို်ကတွင် သူတို့သည် စိတ်ထဲမှနေ၍သာ ကျိတ်ရေရွတ်မိကြသည်။

*မင်း ငါ့ကို မမြင်နိုင်ဘူး … မင်း ငါ့ကို မမြင်နိုင်ဘူး*

ဖန်သားပြင်ရှေ့မှ ကြည့်ရှုသူများသည်လည်း အသက်အောင့်ထားမိကာ အသံမထွက်ရဲချေ။ သူတို့သည် ဖန်သားပြင် ကိုသာ စိုးရိမ်တကြီး ကြည့်နေကြသည်။

လက်ရှိအချိန်တွင် သူတို့သည် အစောပိုင်းက အဘယ်ကြောင့် ရဲ့လင်းချန်က ရန်လိုသော စိတ်အနေအထား ဖြစ်နေသလဲ ဆိုသည်ကို နားလည်သွားကြလေသည်။ သူ တကယ့် အန္တရာယ်ကို သတိထားမိသောကြောင့် သူတို့ကို ထွက်သွားရန် ဆော်ဩခြင်း ဖြစ်သည်။ စိတ်မကောင်းစရာက အချိန်နှောင်းသွားခြင်းပင်။

All Chapters