← Chapters

ပုန်းကွယ်ရန် နေရာမရှိ

Vol. 19 Ch. 292

ပုန်းကွယ်ရန် နေရာမရှိ

Vol. 19 Ch. 292

သဘာဝလွန်မိစ္ဆာ၏ မျက်လုံးများ မှေးသွားပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ် ဇီဝိန်ချုပ်သွားသည်။

ကျစ်ထူ၏ ပိုင်မိသားစု ပိုင်နက်ထဲရှိ လမ်းကျဉ်းကျဉ်းလေးထဲတွင် အိမ်ခြေရာမဲ့ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် လှဲအိပ်နေကြပြီး ထိုလူများအနက် ဖုန်အလိမ်းလိမ်းနှင့် ပိန်ပိန်ပါးပါးလူငယ်လေး၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာသည်။

သူသည် မျက်လုံးများ ပွင့်သည်နှင့် ကြောက်လန့်တကြားဖြင့် လည်ပင်းကို အလိုလို ပွတ်သပ်ကြည့်လိုက်သည်။ သူက ဘေးဘီဝဲယာကို ကျီးကန်းတောင်းမှောက်ကြည့်ကာ အသက်ဝဝရှူသွင်းလိုက်ပြီးနောက် ပုံမှန်မျက်နှာအမူအရာ ပြန်ဖြစ်သွားသည်။

သို့သော်လည်း သူ့မျက်လုံးများထဲတွင် ကြောက်လန့်စိတ်များ ရှိနေဆဲပင်။

“ ဘာဖြစ်သွားတာတုံး။ အဲဒီလူက … ”

ထိုလူငယ်သည် သဘာဝလွန်မိစ္ဆာမျိုးနွယ်ဝင်မှလွဲ၍ တခြားသူ မဟုတ်ပေ။ သူ ဝင်ပူးထားသောလူကို ပထမအကြိမ် ရွှီချင်း ရှာတွေ့ခဲ့စဉ်က သူ အံ့သြသွားခဲ့ရပါသော်လည်း များစွာ တွေးတောမနေခဲ့ပေ။

ဒုတိယဝင်ပူးထားသောလူက ကျိုးမိသားစု၏ အစေခံတန်းလျားတွင် နေထိုင်သည်။ တစ်ဖက်လူက ကျိုးမိသားစုကို မဆက်သွယ်မချင်း သူ့ကို ရှာတွေ့မည်မဟုတ်ဟု သူ ယုံကြည်မှုရှိနေခဲ့သည်။ ကျိုးမိသားစုကို ဆက်သွယ်လိုက်ပါက ထိုလူ၏ သရုပ်မှန်ကို သူ သိသွားမည် ဖြစ်သည်။

ထိုအခွင့်အရေးကို အသုံးချ၍ လွတ်မြောက်ရန်နည်းလမ်းကိုလည်း သူ တွေးထားသည်။ ထိုအချိန်က သူသည် ကစားပွဲကို ထိန်းချုပ်ကာ သဘာဝလွန်မိစ္ဆာမျိုးနွယ်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ထိုသူကို ပြသရန် ရည်ရွယ်ထားခဲ့သည်။

ယင်းအပြင် ကျစ်ထူ၏ အပြင်လောကနှင့် တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့ထားပါသော်လည်း သူ သွေးရူးသွေးတမ်းမဖြစ်ခဲ့ပေ။ ထိုကဲ့သို့ ပိတ်ဆို့ခြင်းကို အချိန်ကြာမြင့်စွာ မလုပ်နိုင်ပေ။ သူ၏မှန်းဆချက်အရ အလွန်ဆုံး လေးရက်၊ ငါးရက်ခန့်သာ ပိတ်ဆို့မည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူ့ကို တစ်ယောက်မှ ရှာတွေ့တော့မည် မဟုတ်ပေ။ ရွှေအမြုတေအဆင့်ကျင့်ကြံသူ သို့မဟုတ် ယွမ်ယင်အဆင့်ကျင့်ကြံသူများပင် သူ့ကို တစ်ကြိမ် သတ်နိုင်ပါသော်လည်း အဆုံးသတ်တွင် သူ လွတ်မြောက်သွားမည်သာ ဖြစ်သည်။

ထိုကဲ့သို့ အလားတူဖြစ်ရပ်များစွာကို သူ ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သို့သော်လည်း ယခုတစ်ခေါက်တွင် ထိုကျင့်ကြံသူက တစ်ခုခုလွဲမှားနေသကဲ့သို့ သူ့ကို ခံစားလာစေခဲ့သည်။

ထိုသူက သူ၏ဒုတိယရုပ်သွင်ကို အလွန်တိုတောင်းသောအချိန်လေးအတွင်း ရှာဖွေနိုင်ခဲ့သည်သာမက ရောက်လာသည့်လူကြောင့်ပင် သူ ကျောရိုးထဲစိမ့်တက်သွားရသည်။

အထူးသဖြင့် ထိုသူက အူများကို ထုတ်၍ သူ့လည်ပင်းကို လာပတ်ပြီး ထိုစကားများ ပြောသွားခဲ့သောအခါတွင် ဖြစ်သည်။ ထိုစကားများကို သူ တဖန်စဉ်းစားမိပြီး တုန်ရီသွားရပြန်သည်။

“ ကျုပ်သခင်လေးက မင်းကို နှုတ်ဆက်လိုက်တယ်။ ကစားပွဲက အခုစပြီလို့လည်း ကျုပ်ကို သခင်လေးက ပြောခိုင်းလိုက်တယ် ”

“ ကစားပွဲက အခုမှ စတာလား ”

သဘာဝလွန်မိစ္ဆာသည် ခပ်တိုးတိုးရေရွတ်ကာ တုန်ရီသွားသည်။ သူ ဒုက္ခရောက်နေပြီကို နားလည်လိုက်သည်။ တစ်ဖက်လူက အစွမ်းထက်သည်သာမက ထူးခြားသောနည်းလမ်းများလည်း ရှိနေသည်။

“ အဲဒီခန္ဓာကိုယ်ကို ငါ အသက်သွင်းလိုက်ရမလား ”

ထိုကျင့်ကြံသူသည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် လက်မလျော့ချင်သေးဟန်ဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူသည် မြို့အပြင်ဘက်တွင် အချိန်မရွေး အသက်သွင်းနိုင်သော ခန္ဓာကိုယ်ကို ပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း ထိုခန္ဓာကိုယ်ကို သူ အသက်သွင်းလိုက်သည်နှင့် ကျစ်ထူ၏ မြို့တော်မှ ထွက်သွားရမည် ဖြစ်သည်။ ယင်းကြောင့် သူ ချီတုံချတုံဖြစ်နေရသည်။ ဤနေရာတွင် ရက်အနည်းငယ်ကြာသည်အထိ သူ နေမည်ဆိုပါက အဆုံးသတ်တွင် တည်နေရာရွှေ့ပြောင်းခြင်းကို ပြန်ဖွင့်ပေးလောက်မည်ဖြစ်သည်။

“ ဒါ တိုက်ဆိုင်တာပဲ နေမှာပါ ”

သဘာဝလွန်မိစ္ဆာသည် အသက်ဝဝရှူလိုက်ပြီး ဘေးပတ်လည်ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။ နေမင်းကြီး မြင့်တက်လာပြီဖြစ်ပြီး လမ်းကြားထဲရှိ တခြားအိမ်ခြေရာမဲ့များသည်လည်း တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြပြီ ဖြစ်သည်။ သဘာဝလွန်မိစ္ဆာသည် လမ်းကြားဝင်ပေါက်သို့ ခပ်သုတ်သုတ် လျှောက်သွားသည်။

သူ့ခြေလှမ်းများ အနည်းငယ် အားပျော့နေသည်။ သူ့မွေးရာပါ ပါရမီက အစွမ်းထက်ပါသော်လည်း ခန္ဓာအသစ်မှာ သူ နိုးထလာသည့်အခါတိုင်း ထိုခန္ဓာက သူ ဝါးမျိုပြီးသားဖြစ်သွား၍ အလောင်းတစ်လောင်းသာ ဖြစ်သွားသည်။

ထိုခန္ဓာကို သူ သုံးသောအခါ သူ့အစွမ်းက သာမန်ဖြစ်သွားပြီး သူ၏မူလအစွမ်းကို ပြန်ရရန် အချိန်ယူရသည်။

ထိုသို့ အချိန်မယူချင်ပါက သူ၏မွေးရာပါအစွမ်းကို သူ သုံးမည့်ခန္ဓာကိုယ်ထဲ ကြို၍ ထည့်ထားရသည်။ သို့သော် ထိုနည်းလမ်းက အားအင်များစွာ ကုန်ခမ်းသည်ဖြစ်၍ မြို့အပြင်ဘက်ရှိ ခန္ဓာကိုယ်ပေါ်တွင်သာ သူ့ဝိညာဉ်ကို ထားခဲ့သည်။

သူ ရှေ့ဆက်သွားနေစဉ် သူ့ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေသည်။

“ ချီးပဲကွာ အရင်တုန်းက တခြားသူတွေက အလင်းမှာနေတာ၊ ငါက အမြဲတမ်း အမှောင်ထဲမှာပဲ နေခဲ့တာ။ ဒီတစ်ခေါက်တော့ ပြောင်းပြန်ပဲ။ အဲဒီကောင် ဘယ်သူတုံး။ ဒီလိုထူးဆန်းတဲ့ကောင်မျိုး ငါ တစ်ခါမှ မကြားဖူးဘူး ”

“ သူက တခြားလူတွေကို ထိန်းချုပ်နိုင်တာလား။ မဟုတ်သေးဘူး။ နတ်အာရုံကိုသုံးတာမဟုတ်ရင် ထိန်းချုပ်တိုင်း အစွမ်းနည်းနည်းပါးပါးတော့ ထွက်လာရမှာပါ။ ယွမ်ယင်အဆင့်ကျင့်ကြံသူတွေပဲ အဲဒီလို လုပ်နိုင်တာ။ အဲဒါတောင် ခဏခဏ လုပ်နိုင်တာ မဟုတ်ဘူး ”

“ အဲဒီကောင်က ယွမ်ယင်အဆင့်ကျင့်ကြံသူ မဖြစ်နိုင်ဘူး။ သဘာဝလွန်သတ္တဝါတစ်ကောင်ကောင်ကို သုံးနေသလိုမျိုး ငါ ခံစားနေရတယ် ”

သဘာဝလွန်မိစ္ဆာသည် အဆက်မပြတ် တွေးတောနေရင်း လမ်းကြားလေးထဲမှ ထွက်လာခဲ့သည်။ ထို့နောက် စိုးရိမ်ပူပန်စွာဖြင့် လမ်းကြိုလမ်းကြားများထဲ တိုးဝင်ကာ ကျစ်ထူ၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ အလျင်အမြန်သွားနေသည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်အနီးတဝိုက်တွင် သူ နေကာ တည်နေရာရွှေ့ပြောင်းခြင်းကို ဖွင့်မည့်အချိန်အထိ သူ စောင့်နေမည် ဖြစ်သည်။ အမှောင်ထဲတွင် ပုန်းအောင်းကာ သူ့ကို ရှာတွေ့နိုင်မည့်နည်းလမ်းများအား ရည်ရွယ်ချက်ရှိရှိပြရင်း ထိုသူကိုလည်း သူ မြင်ချင်နေသေးသည်။

သို့သော်လည်း သူ ထွက်လာပြီး တစ်နာရီမပြည့်ခင်မှာပင် လမ်းကြားလေးတစ်ခုကို သူ ဖြတ်ကျော်သွားသည့််အခိုက် အမှောင်ထုထဲမှ လက်တစ်ဖက် ဆတ်ခနဲ ထွက်လာပြီး သူ့ပါးစပ်ကို ပိတ်လိုက်သည်။ လက်တစ်ချောင်းက သူ့ပါးစပ်ထဲသို့ပင် ဝင်လာပြီး သူ့ကိုယ်သူ သတ်မသေစေရန် ပါးစပ်ကို အတင်းအကြပ် ထောက်ထားသည်။

ဖြစ်ပျက်သွားခဲ့သည်မှာ မြန်ဆန်လွန်းသည်။ သဘာဝလွန်မိစ္ဆာမှာ အလျင်အမြန် တုံ့ပြန်ခဲ့ပါသော်လည်း သူ့ခန္ဓာကိုယ်က များစွာ နှေးကွေးနေခဲ့သည်။ ထို့နောက် အားကြီးတစ်ခုက သူ့ကို လမ်းကြားထဲ ဆွဲခေါ်သွားသည်။

သဘာဝလွန်မိစ္ဆာသည် တစ်ဖက်လူ၏ ရုပ်သွင်ကို မြင်ရန် ကြိုးစားပါသော်လည်း ခေါင်းပင် လှည့်မကြည့်နိုင်ပေ။ မကြာခင် သူသည် စွန့်ပစ်ထားသောအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး မြေပြင်ပေါ် ဖိချခံလိုက်ရသည်။

ထိုအခါမှသာ သူ့ရှေ့ရှိ လူကို မြင်သွားသည်။ ထိုလူသည် ယမန်နေ့က သူ၏ပထမဆုံးခန္ဓာအား သတ်ဖြတ်သွားခဲ့သည့် သက်လတ်ပိုင်းကျင့်ကြံသူ ဖြစ်သည်။

တစ်ဖက်လူ၏ မျက်လုံးများသည် ကြောက်စရာကောင်းလောက်အောင် အေးစက်နေသည်။ သူတို့အကြည့်ချင်း ဆုံသွားသည့်အခိုက် သဘာဝလွန်မိစ္ဆာ၏စိတ်ထဲ တုန်ခါသွားရသည်။ ယင်းနောက် သူ၏မေးရိုးများ အတင်းအကြပ် ဆွဲဖြဲခံလိုက်ရပြီး နာကျင်မှုကြောင့် နဖူးကြောများ ထောင်ထလာသည်။

ယင်းကြောင့် သူသည် လျှာကိုက်ကာ သူ့ကိုယ်သူ သတ်မသေနိုင်ပေ။ ယင်းအပြင် သူ၏ကျင့်ကြံခြင်းနှင့် တိုက်ရည်ခိုက်ရည်များကို ပြန်မရသေးသည်ဖြစ်၍ ထိုသက်လတ်ပိုင်းကျင့်ကြံသူ၏ရှေ့တွင် မည်သည့်နည်းနှင့်ဖြစ်စေ သူ့ကိုယ်သူ သတ်မသေနိုင်တော့ပေ။

“ ဝူး ဝါး …”

သဘာဝလွန်မိစ္ဆာက အသံထွက်အောင် လုပ်လိုက်သည်နှင့် ရွှီချင်းက အေးတိအေးစက်ဖြင့် သဘာဝလွန်မိစ္ဆာ၏ကိုယ်ပေါ် အဆိပ်များ ပက်လိုက်သည်။

ထိုအဆိပ်က မပြင်းပေ။ ထိုအဆိပ်ကို ယခင်က ရွှီချင်း ရောစပ်ခဲ့ခြင်း ဖြစ်သည်။ ထိုအဆိပ်၏ အစွမ်းမှာ ခန္ဓာကိုယ်ရှိ အာရုံခံအင်္ဂါများကို အားကောင်းသွားစေခြင်း ဖြစ်သည်။

သဘာဝလွန်မိစ္ဆာ၏ ကိုယ်ထဲသို့ အဆိပ်များ တဖြည်းဖြည်း ပျံ့နှံ့သွားစဉ် ရွှီချင်းသည် မျက်နှာသေဖြင့် သဘာဝလွန်မိစ္ဆာ၏ လက်ချောင်းကို လက်မနှင့်လက်ညှိုးသုံးကာ ဖိချလိုက်သည်။

ဂျွတ်၊ ဂျွတ်

လက်ချောင်းကို တစ်ဆစ်ချင်း သူ ချိုးလိုက်သည်။

နာကျင်မှုကြောင့် သဘာဝလွန်မိစ္ဆာ၏ခန္ဓာကိုယ် တုန်ရီသွားသည်။ အဆိပ်မှုန့်က အာရုံခံအင်္ဂါများကို နှိုးဆွပေးလိုက်သောကြောင့် နာကျင်မှုက စူးစူးဝါးဝါး အော်ညည်းသံအဖြစ် ပြောင်းလဲသွားသည်။

သူ့မေးရိုး ချိုးခံထားရသည့်တိုင်အောင် နာကျင်မှုကြောင့် ဖြစ်လာသောအသံကို လည်မျိုမှ ထွက်မလာအောင် မဟန့်တားနိုင်ပေ။

ရွှီချင်းသည် မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိပေ။ သူ့မျက်လုံးများထဲတွင် မုန်းတီးစိတ်များသာ ရှိနေပြီး သဘာဝလွန်မိစ္ဆာ၏လက်ကို အသားစများဖြစ်သွားသည့်တိုင်အောင် ချိုးချေလိုက်သည်။ ယင်းနောက် သဘာဝလွန်မိစ္ဆာ နိုးထနေစေရန် ဆေးလုံးတစ်လုံး တိုက်လိုက်သည်။

ထိုသဘာဝလွန်မိစ္ဆာသည် စူးစူးဝါးဝါးဖြင့် အော်ဟစ်ညည်းညူနေပါသော်လည်း သူ့မျက်လုံးများထဲတွင် ရွှီချင်း ရင်းနှီးနေသော ကြောက်ရွံ့စိတ်များကို မမြင်ရပေ။

အစမှအဆုံးတိုင်အောင် ထိုမိစ္ဆာသည် နာကျင်စွာ အော်ဟစ်သည့်တိုင်အောင် မကြောက်လန့်ပေ။

ရွှီချင်း၏အကြည့်မှာ ပို၍ အေးစက်တင်းမာလာသည်။ တဖြည်းဖြည်းနှင့် ထိုမိစ္ဆာ၏ လက်တစ်ဖက်လုံး အသားစများဖြစ်သွားသည်။ ပြီးသည်နှင့် ရွှီချင်းက နောက်လက်တစ်ဖက်ကိုလည်း တစ်ဆစ်ချင်း ချိုးလိုက်သည်။

သူသည် ဓားမြှောင်တစ်လက်ကို ထုတ်၍ သဘာဝလွန်မိစ္ဆာ၏ အော်ဟစ်ညည်းညူသံများကြားတွင် ခြေထောက်များကို ဖြတ်လိုက်သည်။ သူက သဘာဝလွန်မိစ္ဆာ၏ အရေပြားတစ်လက်မကိုပင် အလွတ်မပေးပေ။

သွေးများ မြေပြင်ပေါ် ပြန့်ကျဲနေပါသော်လည်း သဘာဝလွန်မိစ္ဆာမှာ မသေသေးပေ။ ရွှီချင်း၏ ဆေးလုံးများက သူ၏အသက်ကို ဆွဲဆန့်ပေးသောကြောင့် ထိုသို့ မသေသေးခြင်း ဖြစ်သည်။

သွေးပျက်ခမန်းအော်ဟစ်သံများ ထပ်မံ ပေါ်ထွက်လာပြန်သည်။ သို့သော်လည်း ထိုအော်ဟစ်သံများကြားတွင် သဘာဝလွန်မိစ္ဆာ၏ မျက်လုံးများထဲ ရန်စသည့််အရိပ်အယောင်တစ်ခု ပေါ်လာသည်။

“ ငါ ဘာလို့ အော်ဟစ်နေတာတုံး မင်း သိလား။ ဘာလို့တုံးဆိုတော့ ငါ့ကို ဒီလိုမျိုး လုပ်ဖူးတာ မင်းတစ်ကောင်တည်း မဟုတ်သလို မင်းက ငါ့ကို ဒီလိုမျိုး နောက်ဆုံးလုပ်တာလည်း မဟုတ်လို့ပဲ။ ပြီးတော့ အသံကနေ နာကျင်မှုတွေကို ထုတ်လွှတ်တဲ့နည်းကို ငါ သင်ပြီးသွားပြီ ”

သဘာဝလွန်မိစ္ဆာ၏ ခန္ဓာကိုယ်ထဲမှ အသံ ထွက်လာသည်။

လူနှစ်ယောက်အဖြစ် ပိုင်းဖြတ်ခြင်း ခံလိုက်ရသည့်အလား စူးစူးဝါးဝါးအော်ဟစ်သံနှင့်အတူ သူ့အသံ ထွက်လာသည်။

“ မင်း ငါ့ကို လွယ်လွယ်နဲ့ မသတ်ဘူးဆိုတာလည်း ငါ သိတယ်။ သမားတော်ကြီးပိုင်အတွက် မင်း လက်စားချေချင်နေတာမလား။ အဲဒီအဘိုးကြီး မသေခင်တုန်းက စာတစ်စောင် သူ ရေးခဲ့သေးတယ်။ ဘယ်သူ့ဆီကို ရေးမှန်း ငါ သိချင်နေတာ။ အဲဒါ မင်းမလား ”

“ မင်း ငါ့ကို ဘယ်လိုရှာတွေ့လဲ ငါ မသိပေမဲ့ မင်းက ငါ့နောက်ကွယ်က ကြိုးကိုင်နေတဲ့လူကို တွေ့ချင်နေတာမလား။ မင်း သိချင်တဲ့အဖြေတွေအားလုံး ငါ့မှာရှိတယ်။ ဒါပေမဲ့ ငါ မင်းကို … မပြောဘူး ”

ထိုကျင့်ကြံသူ၏ မျက်လုံးများ နီမြန်းလာပြီး စူးစူးဝါးဝါး အော်ဟစ်လေသည်။ ရွှီချင်းသည် လက်သီးဖြင့် ထိုးလိုက်ပြီး ပါးစပ်ကို ရိုက်ချိုးလိုက်သည်။ သဘာဝလွန်မိစ္ဆာ၏ ပါးစပ်တွင် အသားစများဖြင့် ပိတ်ဆို့သွားပြီး သူ မအော်ဟစ်နိုင်တော့ပေ။

သို့သော်လည်း သူ့ကိုယ်ထဲမှ တဟားဟား ရယ်မောသံများ ထွက်ပေါ်လာသည်။

“ အဲဒီအဘိုးကြီးကို ငါ ဘယ်လိုသတ်ခဲ့တုံး မင်းသိလား။ ဟား ဟား အစကတော့ ထင်းယွီဆိုတဲ့ အဲဒီကြက်မလေးကို ဝင်ပူးမလို့ပါပဲ။ ဒါပေမဲ့ ပျော်စရာကောင်းမယ်လို့ ငါ မထင်ဘူး။ နောက်ဆုံးကျ ဘယ်သူ့ကို ငါ ဝင်ပူးခဲ့တုံး မှန်းကြည့်စမ်း ”

ရွှီချင်းသည် ရပ်လိုက်ပြီး သဘာဝလွန်မိစ္ဆာကို ကြည့်လိုက်သည်။ သူ့မျက်လုံးများ တဖြည်းဖြည်း မှေးလာကာ သူ့ကိုယ်မှ အားကောင်းသော စွမ်းအင်အငွေ့အသက်များ ကြောက်ခမန်းလိလိ ထွက်ပေါ်လာသည်။

ထိုဖြစ်ရပ်ကြောင့် သဘာဝလွန်မိစ္ဆာမှာ စိတ်ထဲ တုန်ရီသွားရသည်။ အမှန်စင်စစ် သူ ပြောနေသည် တွေးနေသည်ကြားတွင် အနည်းငယ် ကွာခြားချက်ရှိသေးသည်။ သူသည် အမှန်ပင် သေရမည်ကို မကြောက်ဘဲ နှိပ်စက်ခံရခြင်းကို အသားကျနေပြီ ဖြစ်သည်။ သို့သော်လည်း ရွှီချင်း၏ အညှာအတာကင်းမဲ့သော အပြုအမူများကြောင့် သူ့နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီလာရသည်။

အထူးသဖြင့် အစကတည်းက စကားတစ်ခွန်းမျှ မပြောသလို မေးမြန်းခြင်းလည်း မရှိသောအခါတွင် ပို၍ ဆိုးသည်။

တစ်ဖက်လူက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ နှိပ်စက်ခြင်းအပေါ်တွင်သာ နှစ်မြုပ်ထားသည့်အလားပင်။ သူ့လှုပ်ရှားမှုများသည် ကျွမ်းကျင်ပိုင်နိုင်နေပြီး နှောင့်နှေးတွေဝေခြင်း မရှိပေ။ အရေးကြီးသော သွေးကြောကြီးများကိုပင် ရှောင်ကွင်းသွားခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် ထိုသူသည် ယခင်က ယခုလိုအလုပ်မျိုး ကြိမ်ဖန်များစွာ လုပ်ခဲ့ကြောင်း သူ နားလည်လိုက်သည်။

“ ဒါ အရူးတစ်ယောက်၊ မဟုတ်သေးဘူး လူ့မိစ္ဆာပဲ ”

ထို့ကြောင့် သူသည် တစ်ဖက်လူ ဒေါသထွက်ကာ သူ့ကို သတ်စေချင်နေသည်။ သူသည် ခန္ဓာတစ်ခုချင်းစီ၌ သေမည့်အချိန်ကို ကြာကြာထားခဲ့ပါသော်လည်း ယခုတွင် မြန်မြန်သေချင်နေသည်။

ရွှီချင်းသည် ရှေ့မှ သဘာဝလွန်မိစ္ဆာကို ကြည့်လိုက်သည်။ သူ့ကျောမှ ဆေးမှင်ကြောင်က တဖျပ်ဖျပ်ဝင်းလက်လာပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် မီးတောက်နက်များ တဟုန်းဟုန်း တောက်လောင်လာသည်။ ထိုမီးတောက်နက်များသည် ရွှေကျီးကန်း၏ အရိပ်အဖြစ် ပြောင်းလဲမသွားဘဲ ရွှီချင်း၏ညာလက်နှင့် ပေါင်းစည်းသွားသည်။ ထို့နောက် ရွှီချင်းက ညာလက်ကို သဘာဝလွန်မိစ္ဆာ၏ နဖူးပေါ် ဖိချလိုက်သည်။

တခဏလေးအတွင်း သူ့လက်မှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာသည်။ သဘာဝလွန်မိစ္ဆာ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်လာပြီး တစ်ကိုယ်လုံး အလျင်အမြန် ခြောက်ကပ်လာသည်။ သွေးချီအမြောက်အမြား လွင့်ပျံလာကာ ရွှီချင်း၏ညာလက်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။ အစောပိုင်းက ပြင်းထန်သော နာကျင်မှုများကြောင့် နောက်ဆုံးတွင် ဇစ်မြစ်မြူအပိုင်းအစလည်း ပေါ်လာကာ ဆွဲနှုတ်ခံလိုက်ရလေသည်။

ထိုဇစ်မြစ်မြူခိုးများသည် သဘာဝလွန်မိစ္ဆာမျိုးနွယ်၏ မူလစွမ်းအားဖြစ်သည်။

ပထမအကြိမ် သဘာဝလွန်မိစ္ဆာကို တိုက်ခိုက်ခဲ့စဉ်အခါက သဘာဝလွန်မိစ္ဆာ၏ ဇစ်မြစ်ကို သူ မစုပ်ယူနိုင်ခဲ့ပေ။ ထို့ကြောင့် ယခုတစ်ခေါက်တွင် သဘာဝလွန်မိစ္ဆာကို ညှဉ်းပန်းနှိပ်စက်ကာ ဇစ်မြစ်စွမ်းအားကို ပို၍ လွယ်ကူစွာ စုပ်ယူနိုင်စေရန် ပြင်းပြင်းထန်ထန်နာကျင်ခံစားရအောင် လုပ်ခဲ့သည်။

သဘာဝလွန်မိစ္ဆာ မသေခင်ခဏလေးတွင် ရွှီချင်းသည် ပထမဆုံးအဖြစ် သဘာဝလွန်မိစ္ဆာ၏ နားများသို့ ကပ်ကာ စကားတစ်ခွန်း ပြောလိုက်လေသည်။

“ မပြီးသေးဘူး။ ငါတို့ ခဏနေရင် ပြန်တွေ့မယ် ”

All Chapters