လှောင်အိမ်ထဲက ငှက်ကလေး
Vol. 19 Ch. 293
စွန့်ပစ်အိမ်ထဲမှ စူးစူးဝါးဝါးအော်ဟစ်သံများ နောက်ထပ် ထွက်မလာတော့ဘဲ ပကတိ ငြိမ်သက်သွားသည်။
ရွှီချင်းသည် မျက်လုံးများကို မှိတ်၍ ရွှေကျီးကန်းစုပ်ယူခဲ့သည့် ဇစ်မြစ်အရင်းအမြစ်အငွေ့အသက်ကို အာရုံခံကြည့်လိုက်သည်။ ယင်းအငွေ့အသက်က နည်းပါးနေသေးပြီး ကောင်းကောင်း အသုံးမပြုနိုင်သေးပေ။ သို့သော် ခြေရာခံရန် လုံလောက်သည်။
“ ဒါဆို … သူ ပြန်ရှင်လာရင် ပိုပြီး ကြောက်စရာကောင်းသွားမှာ။ အဲဒါက ကိစ္စမရှိပါဘူး။ ဇစ်မြစ်ကို အလုံအလောက်ရဖို့ ငါ သူ့ကို ဆယ့်နှစ်ခါလောက် သတ်ဖို့လိုတယ် ”
ရွှီချင်းသည် မျက်လုံးများကိုဖွင့်၍ အရိပ်ကို ကြည့်လိုက်သည်။
အရိပ်သည် မြေပြင်ပေါ်ရှိ သွေးများပေါ် ဖြန့်ကျက်သွား၏။ ထို့နောက် အလောင်းပေါ်ကို ဖြန့်ကျက်လိုက်ပြီး အသက်ရှူချိန်အနည်းငယ်အကြာတွင် ရွှီချင်းထံ ပြန်လာသည်။ ၎င်းက ခံစားချက်များ ပို့လွှတ်လိုက်ပြီး တောင်းပန်တိုးလျှိုနေဟန်ဖြင့် အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။
“ ဖမ်း … ကျနော်က … ဖမ်းတာ တော်တယ် ”
မကြာသေးခင်က ညှဉ်းပန်းနှိပ်စက်ခြင်းသည် သူ၏စိတ်ခံစားချက်ကြောင့်လည်းကောင်း၊ သဘာဝလွန်မိစ္ဆာကို ဝါးမျိုချင်သည့်အတွက်ကြောင့်လည်းကောင်း၊ အရိပ်ကို သဘာဝလွန်မိစ္ဆာ၏ အရိပ်အား ဝါးမျိုစေကာ ၎င်း၏တည်နေရာကို ပို၍ တိကျစွာ ခန့်မှန်းနိုင်လာစေရန်ကြောင့်လည်းကောင်း လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖြင့် သူ ရရှိလာခဲ့သည့် ဇစ်မြစ်စွမ်းအားအငွေ့အသက်များနှင့် ပေါင်းစပ်လိုက်သောအခါတွင် သဘာဝလွန်မိစ္ဆာမည်သည့်နေရာတွင် ပုန်းနေစေကာမူ သူ တိတိကျကျ ရှာဖွေနိုင်မည်သာ ဖြစ်သည်။
ထိုအချိန်၌ အရိပ်၏ စိတ်အားထက်သန်သော တောင်းဆိုမှုကို ရွှီချင်း အာရုံခံမိလိုက်ပြီး အတန်ငယ် တွေးတောကာ ခေါင်းညိတ်ပြလိုက်သည်။
အရိပ်သည် ထိုသို့လုပ်ရသည်မှာ အလွန်ပျော်စရာကောင်းနေသည့်အလား ချက်ချင်းပင် တက်ကြွသည့်ခံစားချက်များ ပို့လွှတ်လိုက်သည်။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ သူက အိမ်ထဲမှ လှည့်ကာ ပျောက်သွားသည်။ ထိုနှစ်ရက်တာအတောအတွင်း လူတစ်ယောက်က သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေသလို သူ ခံစားနေရသည်။
ထိုခံစားချက်က သိသိသာသာ ပြင်းထန်လာသည်။ ရွှီချင်းသည် ကျစ်ထူမှ သတိထားသွားမည်ကို မလိုချင်၍ သူ့ကိုယ်သူ ပို၍ ဖုံးကွယ်လိုက်သည်။
တစ်နာရီကြာပြီးနောက် ကျစ်ထူမြို့တော်ကြီး၏ အရှေ့ဘက်ဂိတ်တံခါးအပြင်ဘက်၌ လူများစွာ စီတန်းနေကြပြီး မြို့ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်နေကြသည်။ မြင်းလှည်းတန်းများလည်း ရှိပြီး ကျင့်ကြံသူများလည်း ရှိသည်။
ထိုလူအုပ်ထဲတွင် လူငယ်တစ်ယောက်ရှိသည်။ ထိုလူငယ်သည် အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သာမန်မိသားစုမှ ဖြစ်ဟန်မတူပေ။ သို့သော် မြို့ထဲမှ မြန်မြန် ထွက်သွားခွင့်မရှိဘဲ စီတန်းနေရသည်။ ထိုအချက်အရ ထိုလူငယ်က တော်ဝင်မျိုးရိုးမှ ဖြစ်ဟန်မတူသည်ကို ဖော်ပြနေသည်။
ထိုအချိန်၌ လူငယ်လေး၏မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး အသက်ရှူသံများ မြန်ဆန်နေသည်။ အချိန်တိုင်း ဘေးပတ်လည်ကို မသိမသာ အကဲခတ်နေသည်။ သူသည် သဘာဝလွန်မိစ္ဆာမှလွဲ၍ တခြားသူ မဟုတ်ပေ။
နောက်ဆုံး၌ မြို့ရိုးအပြင်ဘက်ရှိ ခန္ဓာကိုယ်အား အသုံးပြုရန် သူ မရွေးချယ်ခဲ့ပေ။ ထိုသို့ မရွေးချယ်ခဲ့ရခြင်းမှာ ထိုခန္ဓာကိုယ်ကို အသုံးပြု၍ အဝေးသို့ ထွက်ပြေးလိုက်သည်နှင့် သူ သေသွားလျှင် မြို့တော်သို့ ပြန်လာနိုင်မှာ မဟုတ်သောကြောင့် ဖြစ်သည်။
သူ၏မွေးရာပါအစွမ်းက အကန့်အသတ်ရှိသည်။
သူ့အတွက် သက်ရှိများစွာ ရှိနေသည့်နေရာက သူ့အစွမ်းကို ထုတ်ပြနိုင်သည့် အကောင်းဆုံးနေရာ ဖြစ်သည်။ ထို့ကြောင့် သူ အလွယ်တကူ ထွက်မသွားချင်ပေ။ သို့သော်လည်း ဤခန္ဓာကိုယ်သာ ပျက်စီးသွားခဲ့ပါက တခြားခန္ဓာကိုယ်များ ပျက်စီးသွားခဲ့သည်ထက် အဆပေါင်းများစွာ အပြင်းအထန် နာကျင်ခံစားရမည် ဖြစ်သည်။
သူက လက်ရှိခန္ဓာကိုယ်အား ထူးဆန်းသော နောက်ယောင်ခံလိုက်သူကို လှည့်စားရာတွင် အသုံးပြုမည်ဖြစ်သည်။ သူက မြို့ထဲမှ အယောင်ပြထွက်သွားပြီး ချက်ချင်း ပြန်ဝင်လာမည်ဖြစ်သည်။ ဤခန္ဓာကိုယ် သေဆုံးသွားခဲ့လျှင်ပင် သူ့အပေါ် များစွာ သက်ရောက်ခြင်း ဖြစ်မည် မဟုတ်ပေ။
သူ့ကို သုံးကြိမ်ဆက်တိုက် ရှာတွေ့သွားခဲ့သည်။ ယင်းကြောင့် တစ်ဖက်လူမှာ သူ့နောက်သို့ လိုက်ရန် နည်းလမ်းတစ်ခုခု ရှိနေသည်ကို သူ သတိထားမိလာသည်။ ထိုနည်းလမ်းကို သူ မသိသလို ရှောင်တိမ်းနိုင်စွမ်း မရှိခဲ့ပေ။
ယင်းကြောင့် သူ့စိတ်ထဲ လေးလံနေရပြီး အထူးသဖြင့် ထိုသူ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကိုယ်တိုင်ခံစားခဲ့ရပြီး နောက်ဆုံးစကားကို ကြားသောအခါတွင် ဖြစ်သည်။ သူ့စိတ်ထဲ လေအေးတစ်ချက် တိုက်ခတ်လာပြီး ထိုလေအေးက ပျောက်ကွယ်သွားခြင်းမရှိဘဲ အမြဲတိုက်ခတ်နေသည့်အလားပင်။
အရေးအကြီးဆုံးမှာ ယခုတစ်ခေါက်တွင် သူ ပြန်ရှင်လာပြီးနောက် ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်မျိုး ခံစားခဲ့ရသည်။ သူ့ကိုယ်မှ အရေးကြီးသောအရာတချို့ ဆုံးရှုံးသွားခဲ့ရသည့်အလားပင်။
ထိုခံစားချက်ကြောင့် ပထမဆုံးအကြိမ်အဖြစ် သေရေးရှင်ရေးအန္တရာယ်နှင့် ရင်ဆိုင်နေရသလို သူ ခံစားလာရသည်။
“ ထူးဆန်းတယ်။ ဒါပေမဲ့ ငါ မယုံဘူး။ နည်းလမ်းအကုန်သုံးတာတောင် ရှာတွေ့ဦးမယ်လို့ မထင်ဘူး ”
လူငယ်လေးမှာ စိတ်ထဲတုန်ရီနေစဉ် မနီးမဝေးရှိ မြို့ရိုးဂိတ်တံခါးမှ အစောင့်တစ်ယောက်၏ အရိပ်မှာ မျက်လုံးတစ်လုံး ပေါ်လာပြီး သူ့အား ကြည့်နေသည်ကို သူ သတိမထားမိပေ။
ထို့နောက် ဂိတ်တံခါးသို့ လူငယ် ရောက်တော့မည့်အချိန်တွင် ခြင်တစ်ကောင် ပျံသန်းလာပြီး လူငယ်၏ လည်ပင်းပေါ် တိတ်ဆိတ်စွာ ခိုနားလိုက်သည်။ လူငယ် သတိမထားမိသေးခင်မှာပင် ခြင်က လူငယ်၏လည်ပင်းသွေးကြောကို ကြမ်းတမ်းစွာ ကိုက်လိုက်သည်။
ထို့နောက် ခြင်က နတ်အာရုံဖြင့် တီးတိုးပြောလိုက်သည်။
“ ကျုပ်သခင်လေးက မင်းကို နှုတ်ဆက်လိုက်တယ် ”
ယင်းနောက် ခြင် ပေါက်ကွဲသွားပြီး ခြင်ထဲမှ ပိုးကောင်နက်များစွာ ထွက်လာကာ လူငယ်၏ ကိုယ်ထဲ ဝင်ရောက်သွားသည်။
လူငယ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာပြီး စူးစူးရှရှအော်ဟစ်လိုက်ရာ လူအုပ်ကြီး ရုန့်ရင်းဆန်ခတ်ဖြစ်သွားသည်။ သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး အဆက်မပြတ် လူးလှိမ့်နေသည်။ နောက်ဆုံး၌ သူ့တစ်ကိုယ်လုံး သွေးအိုင်ကြီး ဖြစ်သွားသည်။
ရုတ်တရက် မြို့ရိုးဂိတ်တံခါးရှိ အစောင့်တစ်ယောက်၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သော သူက တခြားတစ်ယောက်အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။
သူသည် ပရမ်းပတာဖြစ်နေသည်ကို အခွင့်အရေးယူ၍ စကားတစ်ခွန်းမဆိုဘဲ မြို့ထဲမှ ထွက်သွားရန် လှည့်လိုက်သည်။ သို့သော်လည်း ရုတ်တရက် သူ့ခန္ဓာကိုယ် ရပ်သွားကာ တောင့်တင်းသွားသည်။
သူ့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များ ပေါ်လာသည်။ သူ ခေါင်းငုံ့ချင်ပါသော်လည်း မငုံ့နိုင်ပေ။ သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့သွားဟန်တူပြီး သူ့ဆံပင်များကို ထောင်ထသွားစေနိုင်လောက်အောင် တဟားဟား ရယ်မောသံသဲ့သဲ့ သူ့ပါးစပ်မှ ထွက်လာသည်။
“ အဟ … ငါ စွမ်းဆောင်နိုင်လိုက်ပြီကွ။ မင်းကို မိပြီ ”
အစောင့်သည် ပြောရင်းဆိုရင်း တဖြည်းဖြည်း လှည့်သွားသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများက အပြုံးတစ်စအသွင် ကွေးညွတ်သွားသည်။ သူက ဘေးရှိ တခြားအစောင့်များကို နှုတ်ဆက်လိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ရှေ့လျှောက်သွားသည်။
သူ သွားနေစဉ် မြို့ရိုးဂိတ်တံခါးရှိ အစောင့်အားလုံးနှင့် စီတန်းနေသော လူအားလုံး၏ အရိပ်များထဲရှိ မျက်လုံးအမြောက်အမြား အလျင်အမြန် ပျောက်ကွယ်သွားပြီး သူ့ခြေထောက်မှာ စုစည်းနေသည်။
မြို့ရိုးဂိတ်တံခါးရှိ လူအားလုံး၏ အရိပ်များမှာ မျက်လုံးများ ရှိနေခဲ့သည်။ အရိပ်က ပုန်းလျှိုးကွယ်လျှိုးဖြင့် ရှာဖွေရာတွင် ထူးချွန်သည်။ သဘာဝလွန်မိစ္ဆာကို ၎င်းက ရှာတွေ့ပြီးနောက် မြို့ရိုးတံခါးရှိ လူအားလုံးကို ကပ်တွယ်ကာ သဘာဝလွန်မိစ္ဆာ ရောက်လာမည်ကို စောင့်နေခဲ့သည်။
သဘာဝလွန်မိစ္ဆာမှာ တွက်ချက်မှုလွဲသွားခဲ့ပြီး အရိပ်၏ထောင်ချောက်ထဲ သက်ဆင်းသွားခဲ့သည်။
ထိုအချိန်၌ သူ့မျက်လုံးများထဲတွင် အပြင်းအထန်ကြောက်လန့်တုန်ရီခြင်းများ ရှိနေသည်။ သူ့ဘဝတစ်လျှောက် ထိုကဲ့သို့ အရာမျိုး တစ်ခါမှ သူ မကြုံခဲ့ရဖူးချေ။ သူ၏နှလုံးသားတစ်ခုလုံး တုန်ရီကာ စိတ်ဓာတ်ကျသွားတော့သည်။
ပထမဆုံးကြိမ်အဖြစ် သူ သွေးရူးသွေးတမ်းဖြစ်လာသည်။
ထိုသို့ဖြစ်လာရခြင်းမှာ သူ့ထက်ပင် ပို၍ ကြောက်စရာကောင်းသော သဘာဝလွန်သတ္တဝါတစ်ကောင်ကို သူ ကြုံတွေ့လိုက်ရပြီမှန်း နားလည်လိုက်သောကြောင့် ဖြစ်သည်။
ထိုသို့ဖြင့် အရိပ်မှာ ပျော်မြူးနေစဉ် အစောင့်သည် လူအုပ်ကြီးထဲမှ ရှောင်ဖယ်ကာ လမ်းကြားလေးထဲရှိ စွန့်ပစ်အိမ်နောက်တစ်အိမ်ဆီသို့ သွားလေသည်။
ကျစ်ထူနန်းမြို့တော်၌ သေဆုံးခြင်းများ မကြာခဏ ရှိတတ်၍ စွန့်ပစ်အိမ်များစွာ ရှိသည်။
အိမ်ထဲ ဝင်လိုက်သောအခါ သဘာဝလွန်မိစ္ဆာသည် တည်ငြိမ်သောအမူအရာဖြင့် သူ့ကို ထိုင်စောင့်နေသော ရွှီချင်းအား မြင်လိုက်ရသည်။
ရွှီချင်းကို မြင်၍ သဘာဝလွန်မိစ္ဆာပိုင်ဆိုင်ထားသည့် အရိပ်၏ ထိန်းချုပ်ခြင်းခံထားရသောအစောင့်သည် ဆတ်ခနဲ ဒူးထောက်လိုက်သည်။ သူ့လက်များက ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်နေသည်။
ရွှီချင်းသည် ဖျတ်ခနဲ ကြည့်လိုက်ပါသော်လည်း ဘာမှမပြောပေ။ ထို့နောက် တံခါးအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
“ ဒီနေရာအထိတောင် ရောက်နေပြီပဲ ဘာလို့ အထဲကို မဝင်တာတုံး ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အရိပ်၏ ထိန်းချုပ်ခြင်းခံထားရသော အစောင့်သည် အတန်ငယ် ငြိမ်သက်သွားပြီး ခဏအကြာ သူ့ကိုယ်သူ ဆက်ပါးရိုက်လိုက်လေသည်။
ရွှီချင်းပြောပြီးနောက် မရှေးမနှောင်းမှာပင် တံခါးအပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲမှ လူငယ်တစ်ယောက် ထွက်လာသည်။
ထိုလူငယ်သည် ခမ်းနားထည်ဝါသော ဝတ်စုံနှင့် အစိမ်းဖျော့ဖျော့လက်နေသည့် ကျောက်စိမ်းလည်ဆွဲကို ဝတ်ဆင်ထားသည်။ သူသည် အလွန် ချောမောပါသော်လည်း ရွှီချင်းကို စိတ်ရှုပ်ထွေးနေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုလူငယ်မှာ ချန်ဖေးယွမ်ပင်။
ရွှီချင်းက ချန်ဖေးယွမ်ကို ကြည့်လိုက်သည်။ ချန်ဖေးယွမ်၏ ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်က ထူးဆန်းသည်။ သူသည် မြင့်မားသောကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်မထားပါဘဲ သူ့အရှိန်အဝါက အလွန် အားနည်းနေသည့်တိုင်အောင် သူ့ကိုမြင်လိုက်သည်နှင့် ရွှီချင်းမှာ အန္တရာယ်ရှိသောခံစားချက် ရနေသည်။
အရိပ်သည်ပင် နောက်ယောင်ခံလိုက်ခံနေရသည်ကို သတိမထားမိခဲ့ပေ။
“ ခင်ဗျားက ရတနာအကျဉ်းသား ဖြစ်သွားတာလား ”
ရွှီချင်းက ရုတ်တရက် မေးမြန်းလိုက်သည်။
ချန်ဖေးယွမ်ထံမှ တစ်စုံတခုကို သူ အာရုံရလိုက်သည်။ ချန်ဖေးယွမ်သည် ချီစုစည်းခြင်းအဆင့်သာ ရှိသေးသော်လည်း သူ့ကိုယ်ပေါ်ရှိ စွမ်းအင်အငွေ့အသက်များက သူ့သွေးမျိုးဆက်ထဲမှာ စီးဆင်းနေဟန်တူသည်။ ယင်းအပြင် သူ့ကိုယ်ထဲမှာ ရတနာပစ္စည်းတစ်မျိုးကို သိမ်းဆည်းထားသလိုမျိုး ခံစားနေရသည်။
“ ရတနာအကျဉ်းသား မဟုတ်ဘူး။ ကျစ်ထူက မိသားစုကြီးရှစ်စုရဲ့ တိုက်ရိုက်မျိုးဆက်တွေက မိသားစုရဲ့ တစ်ခုတည်းသော ဓမ္မရတနာတွေနဲ့ ပေါင်းစပ်နိုင်ကြတယ်။ ငါ ပြန်ရောက်တော့ အဲဒီရတနာနဲ့ ထိတွေ့ခဲ့ပြီး အဲဒီရတနာရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ ငါ သဟဇာတဖြစ်သွားတယ်။ ကျစ်ထူက မိသားစုကြီးရှစ်စုရဲ့ ခေါင်းဆောင်တိုင်းက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြတာ အဲဒါကြောင့်ပဲ ”
“ ငါတို့ရဲ့ ကျင့်ကြံရေးမှာ ကျင့်ကြံခြင်းက အရေးပါတယ်ဆိုပေမဲ့ သွေးမျိုးဆက်က ပိုပြီး အရေးကြီးတယ် ”
ချန်ဖေးယွမ်က လျှောက်လာပြီး ဘေးတွင် ထိုင်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ ရိုက်နေသော သဘာဝလွန်မိစ္ဆာအား ကြည့်လိုက်သည်။
“ ထူးဆန်းတဲ့ ကျင့်ကြံခြင်းနည်းလမ်းပဲ ”
ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်သည်။
“ ကျစ်လွီဆဲ့တိုင်းပြည်ကြီးရဲ့ တော်ဝင်မိသားစုမှာ ထူးဆန်းတဲ့အရာတစ်ခုရှိတယ်။ အဲဒါက သူတို့ရဲ့ သွေးမျိုးဆက်ပါရမီပဲ။ သူတို့က ဓမ္မရတနာအားလုံးနဲ့ ပေါင်းစပ်နိုင်တယ်။ နောက်ကျ သူတို့ိုကို ငါတို့မျိုးနွယ်စုကြီးရှစ်စုက လုပ်ကြံခဲ့တယ်။ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပြုပြန်ဖန်တီးပြီးတဲ့အခါ အဲဒီသွေးမျိုးဆက်ပါရမီကို ငါတို့သွေးမျိုးဆက်တွေနဲ့ ပေါင်းစပ်လာနိုင်ခဲ့တယ် ”
ချန်ဖေးယွမ်က ပခုံးတွန့်၍ ရွှီချင်းကို ကြည့်လိုက်သည်။
“ ချီရွှဲ့ထုံဂိုဏ်းမှာ မင်း နာမည်ကြီးလာတာကို ငါ ဂုဏ်မပြုရသေးဘူးပဲ ”
“ ခင်ဗျား အများကြီး ပြောင်းလဲသွားပြီပဲ ”
ရွှီချင်းက အလေးအနက် ပြောလိုက်သည်။
သူ့မှတ်ဉာဏ်ထဲတွင် ချန်ဖေးယွမ်က ထိုသို့ မဟုတ်ပေ။ အမှန်စင်စစ် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူ့နောက်သို့ လူတစ်ယောက် တိတ်တဆိတ် လိုက်နေသည်ကို သူ ဝိုးတဝါး သတိထားမိခဲ့သည်။ သို့သော်လည်း မည်သည့်ခြေရာလက်ရာကိုမျှ သူ ရှာမတွေ့ခဲ့ဘဲ ယနေ့ တစ်ဖက်လူ ကိုယ်ထင်ပြလာသောအခါမှသာ သူ သိခဲ့ရခြင်း ဖြစ်သည်။
“ ဆရာ့ရဲ့အမွေနဲ့ ဓမ္မရတနာရဲ့ လွှမ်းမိုးမှုကြောင့် နေမှာပါ ”
ချန်ဖေးယွမ်က ခေါင်းယမ်းလိုက်သည်။
“ ဒါနဲ့ မင်းပြောင်လဲသွားတာလည်း သေးသေးလေး မဟုတ်ဘူးနော်။ အဲဒီတုန်းက ကလေးပေါက်လေးက ချီရွှဲ့ထုံဂိုဏ်းရဲ့ ဆက်ခံသူတွေထဲက တစ်ယောက်ဖြစ်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး ”
ချန်ဖေးယွမ်က ရွှီချင်းကို လှမ်းကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ ရိုက်နေသည့် သဘာဝလွန်မိစ္ဆာအပေါ် အကြည့်ရောက်သွားသည်။ သူ့မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် ဝင်းလက်လာသည်။
“ ဒီကောင်လား ”
“ ခန္ဓာကိုယ်တွေထဲက တစ်ခုပဲ ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။
“ အရင်တစ်ခေါက် မင်းနေရာကို ငါ ရောက်သွားတော့ သွေးကွက်တွေ တွေ့ခဲ့ရတယ်။ ဒီတစ်ခေါက်တော့ ငါပဲ လုပ်လိုက်မယ် ”
ချန်ဖေးယွမ်၏ မျက်လုံးများထဲတွင် မုန်းတီးခြင်းများ ကိန်းအောင်းနေသော ရက်စက်ကြမ်းကြုတ်ခြင်းများ၊ ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေပြီး သဘာဝလွန်မိစ္ဆာကို စူးစိုက်၍ ကြည့်လိုက်သည်။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး အိမ်အပြင်ဘက်သို့ ထွက်သွားကာ မတ်တတ်ရပ်နေသည်။ အရိပ်သည်လည်း ထိန်းချုပ်မှုကို လွှတ်ပေးကာ ရွှီချင်းထံ ပြန်ရောက်သွားသည်။ တခဏလေးအတွင်း အခန်းထဲမှ အော်ဟစ်ညည်းညူသံများ လွင့်ပျံလာသည်။
ထိုအသံများသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အထိ ကြာမြင့်သွားသည်။ စူူးစူးဝါးဝါးအော်ဟစ်သည့်ပုံစံက နောက်ဆုံးတစ်ခေါက် ရွှီချင်း နှိပ်စက်ခဲ့စဉ်အချိန်ကနှင့် တစ်ထပ်တည်းနီးပါးပင်။
နောက်ဆုံးတွင် အခန်းထဲမှ ချန်ဖေးယွမ် ထွက်လာသည်။ သူ့နှလုံးသားထဲရှိ ရက်စက်ကြမ်းကြုတ်ခြင်းများနှင့် ရူးသွပ်ခြင်းများ ပျောက်ကွယ်မသွားသေးသည့်အလား သူ့ခန္ဓာကိုယ် အနည်းငယ် တုန်ရီနေသေးသည်။ သူ့မျက်လုံးများ နဂိုထက် ပို၍ နီမြန်းနေ၏။ ရွှီချင်းဘေးသို့ ရောက်သောအခါ သူက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
“ ထင်းယွီက ဒီကို မင်းရောက်နေတယ်လို့ ထင်နေပေမဲ့ ငါက မင်း မလာဘူးလို့ ပြောထားတယ် ”
“ ကျစ်ထူက မိသားစုကြီးတွေက အခုထိ မင်းရောက်နေမှန်း မသိကြသေးဘူး။ ငါ သတင်းတွေကို ပိတ်ထားတယ်။ ဒါပေမဲ့ ငါ လုပ်နိုင်တာက အကန့်အသတ်ရှိတယ်။ သတင်းတွေကို ကြာကြာပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ အကောင်းဆုံးလုပ်မှာပါ။ ဆရာ့အတွက် မင်း အေးအေးဆေးဆေးနဲ့ လက်စားချေလို့ရတယ်။ အဲဒါပြီးရင် မြန်မြန်ထွက်သွားတော့။ ဒီလိုမှမဟုတ်ရင် မင်း အန္တရာယ်နှင့် ကြုံရနိုင်တယ် ”
“ အဲဒီလိုရန်သူသေသွားမှာကို သဘောမကျတဲ့ အဘိုးကြီးတွေက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ထုတ်ထားတဲ့ ဆုကြေးငွေကို စိတ်ဝင်စားနေကြမှာ။ အဲဒီအဘိုးကြီးတွေက လူမဟုတ်တော့ဘူး။ အသက်ရှင်ရပ်တည်ဖို့အတွက်ဆို ဘာနေနေ လုပ်ကြမှာ ”
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ”
ချန်ဖေးယွမ်က ခပ်တိုးတိုးပြောလိုက်သည်။ သူက ပြောပြီးသည်နှင့် အဝေးသို့ လျှောက်သွားသည်။
ရွှီချင်းက ချန်ဖေးယွမ်ကို ကြည့်၍ ရုတ်တရက် ပြောလိုက်သည်။
“ ဆရာတူအစ်ကိုလဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ”
ချန်ဖေးယွမ်ထံတွင် သမားတော်ကြီးပိုင်၏ စရိုက်ကို ရွှီချင်း မြင်နေရသည်။ ယင်းစရိုက်မှာ ကျစ်ထူကို ပြောင်းလဲပစ်ချင်နေသည့်စိတ်ပင်။
ချန်ဖေးယွမ်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သို့သော် သူ နောက်လှည့်မကြည့်ပေ။ သူသည် ဆုံးဖြတ်ချက်ခိုင်မာသည်ထက် ခိုင်မာစွာဖြင့် ဆက်လျှောက်သွားပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။