လက်ဖဝါးပြင်ထက်ဝယ် ကခုန်ခြင်း
Vol. 20 Ch. 294
ရွှီချင်းသည် အိမ်ထဲသို့ ဝင်သွားသည်။
သဘာဝလွန်မိစ္ဆာသည် ခြေကားယားလက်ကားယားဖြင့် လှဲနေသည်။ သူ့ကိုယ်ပေါ်တွင် အသားများ မရှိတော့ပေ။ အကောင်းပကတိဖြစ်နေသော ခေါင်းမှလွဲ၍ အရိုးစုသာ ရှိတော့သည်။
သို့သော်လည်း သူ မသေသေးပေ။ သူ့အရိုးများပေါ်မှာ အနီရောင်ဖျော့ဖျော့ဝင်းလက်နေပြီး သူ့အသက်ကို ဆွဲဆန့်ထားသည်။
ချန်ဖေးယွမ်သည် ဒေါသများကိုဖွင့်ထုတ်ရင်း သဘာဝလွန်မိစ္ဆာအား မသေမရှင်လုပ်သည့် ထူးဆန်းသောနည်းလမ်းတစ်ခုလည်း သူ့မှာ ရှိနေပေသည်။ ရွှီချင်း လျှောက်သွားသည့်အခါ သဘာဝလွန်မိစ္ဆာ၏ မျက်လုံးများ ပွင့်လာပြီး ရွှီချင်းကို အသက်မဲ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီချင်းသည် လက်ကိုမြှောက်၍ သဘာဝလွန်မိစ္ဆာ၏ နဖူးပေါ် ဖိချလိုက်သည်။ ရွှေကျီးကန်းအစွမ်းများ ချက်ချင်း ပေါ်ထွက်လာသည်။ သဘာဝလွန်မိစ္ဆာမှာ ရင်တဒိန်းဒိန်းခုန်နေပြီး သူ့မူလစွမ်းအားများမှာ ရွှီချင်း၏ခန္ဓာကိုယ်ထဲသို့ ပို၍ စီးဝင်သွားသည်။
ထို့နောက် သဘာဝလွန်မိစ္ဆာ ဇီဝိန်ချုပ်သွားသည်။
တချိန်တည်းမှာပင် ကျစ်ထူနန်းမြို့တော်အပြင်ဘက်ရှိ အုတ်ဂူကြီးတစ်ဂူထဲ၌ ပေါက်ကွဲသံတစ်သံ မြည်ဟည်းသွားသည်။ မြေပြင်ကြီး ပွင့်ထွက်သွားကာ မြေသားများနှင့် အရိုးများ အရပ်မျက်နှာအနှံ့ ဖွာလန်ကြဲသွားသည်။ ထို့နောက် သက်လတ်ပိုင်းလူတစ်ယောက် ဆံပင်စုပ်ဖွားနှင့် လမ်းလျှောက်ထွက်လာသည်။
ထိုသက်လတ်ပိုင်းလူသည် ရက်စက်ကြမ်းကြုတ်ဟန်တူပြီး သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှ်နေသည်။ သို့သော်လည်း ထိုရူးသွပ်ခြင်းများထဲတွင် တစ်ခါမှ မကြုံဖူးသောအကြောက်တရားအငွေ့အသက်များ ရှိနေပေသည်။
“ သူတို့နှစ်ယောက်လုံး လူ့မိစ္ဆာတွေ ”
ထိုလူထွားကြီးသည် ဘယ်တော့မှ မသေနိုင်ဟု သိကြသည့် သဘာဝလွန်မိစ္ဆာမျိုးနွယ်မှ ကျင့်ကြံသူပင် ဖြစ်ပေသည်။
ဤခန္ဓာသည် သူ ငွေကြေးများစွာသုံးစွဲကာ ကြိုတင်၍ ပြင်ဆင်ထားခဲ့သော ပြီးပြည့်စုံသည့်ခန္ဓာဖြစ်သည်။ ထိုခန္ဓာကိုယ်၌ သက်စောင့်မီးလုံးသုံးလုံး ကျင့်ကြံခြင်းအဆင့် ရှိသည်။
မူလက ထိုခန္ဓာ သေသွားခဲ့လျှင် သူလည်း သေသွားမည်ကို စိုးရိမ်၍ ထိုခန္ဓာအား အသုံးမပြုချင်ခဲ့ပေ။ သို့သော် ယခု သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။
မြို့ထဲမှာ သူ နောက်ထပ်မနေဝံ့တော့။
မိသားစုကြီးရှစ်စု၏ အပြင်၌ဖြစ်စေ၊ အတွင်း၌ဖြစ်စေ မြို့ထဲမှာနေလျှင် အလွန်အန္တရာယ်များသည်ဟု သူ ခံစားလာရသည်။ တစ်ဖက်လူက အရိုးမှာ တွယ်ကပ်နေသော ရိုးတွင်းချင်ဆီအလား သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်နေပေရာ သူ ထိတ်လန့်တုန်လှုပ်လာရသည်။ အထူးသဖြင့် ထိုသဘာဝလွန်သတ္တဝါမှာ တစ်ခါမှ မကြုံဖူးလောက်အောင် အန္တရာယ်များသည်ဟု သူ ခံစားလာရသည်။
ထိုသဘာဝလွန်သတ္တဝါက အတိုင်းအတာတစ်ခုအထိ သူနှင့် အတော်လေး ဆင်တူသည်။ ထိုသတ္တဝါကြောင့် သူ လုပ်ကြံသတ်ဖြတ်ခဲ့သည့် လူများကဲ့သို့ သူ ခံစားလာရသည်။
ယင်းခံစားချက်မှာ နေရာတိုင်းတွင် ရှိနေသည်ဆိုသော ခံစားချက်ပင်။
ထိုအတွေးကြောင့် လူထွားကြီးမှာ တုန်ရီသွားရသည်။ ဘေးပတ်လည်ကို သူ လှည့်ပတ်ကြည့်ရှုလိုက်ပြီး ကျစ်ထူနန်းမြို့တော်၏ အဝေးသို့ ရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြီးသောအခါမှသာ သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။
“ ဒီလောက်တောင် ဝေးနေတာ ဒီတစ်ခေါက် သူတို့ ငါ့ကို မြန်မြန် ရှာမတွေ့လောက်ပါဘူး။ ငါ လွတ်နိုင်လောက်မှာပါ ”
ယခုတိုင်အောင် တစ်ဖက်လူ၏ ရုပ်သွင်ကို သူ မမြင်ရသေးပေ။ သူသည် သုန်မှုန်နေသောအမူအရာဖြင့် အလျင်အမြန် ပျံသန်းသွားသည်။ သူသည် သက်စောင့်မီးတောက်များကိုပင် အသက်သွင်းလိုက်ပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်ကာ အရှိန်တင်လိုက်သည်။
“ ပထမဆုံးအကြိမ် ငါ့ကို သတ်ပြီးတော့ ငါ့ကို ရှာဖို့ ညအမှောင်ထုကို အသုံးချခဲ့တယ်။ ဒုတိယအကြိမ်က နှစ်နာရီကြာတယ်။ တတိယအကြိမ်က တစ်နာရီကြာတယ် ”
ငါးမိနစ်ကြာပြီးနောက် လူထွားကြီး သိသိသာသာ မျက်နှာပျက်သွားသည်။ သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ မိုးကုတ်စက်ဝိုင်းဆီမှ သက်တန့်တစ်စင်းက မိုးမြေတုန်ဟီးစေသော အရှိန်အဝါနှင့် သူ့ထံသို့ တဝီဝီမြည်သံပေး၍ လာနေသည်ကို မြင်လိုက်ရသည်။
သက်တန့်ထဲရှိလူရိပ်က သက်လတ်ပိုင်းလူတစ်ယောက်နှင့် ဆင်တူသည်။ သူ့ကိုယ်ထဲမှာ တဟုန်းဟုန်း တောက်လောင်နေသော ဒေသကြီးတစ်ခု ရှိနေဟန်တူပြီး အရာအားလုံးကို ဖိနှိပ်နိုင်သည့်အလား သူ့အရှိန်အဝါများ အရပ်မျက်နှာအနှံ့ တဝုန်းဝုန်း ဖြာထွက်နေသည်။
သက်စောင့်မီးလုံးသုံးလုံး အစွမ်းဖြင့်ပင် လှမ်းကြည့်မိလိုက်သည်နှင့် သူ၏မျက်လုံးများ နာကျင်သွားရသည်။
“ မြန်လှချည်လား ”
လူထွားကြီးမှာ တစ်ခါမှမကြုံဖူးသော ကြောက်လန့်ခြင်းမျိုးဖြင့် အထိတ်တလန့် ရေရွတ်လိုက်သည်။ ရွှီချင်းနှင့်ပတ်သက်ပြီး သူ ခန့်မှန်းထားခဲ့ပါသော်လည်း ယခု သူ မြင်လိုက်ရသောအခါတွင် သူ၏ခန့်မှန်းချက် မှားနေသည်ကို တွေ့လိုက်ရသည်။
ယခုအချိန်၌ တစ်ဖက်လူ၏ အရှိန်အဝါက သက်စောင့်မီးလုံးသုံးလုံးထက်ပင် ကျော်လွန်နေသည်ဟု သူ ခံစားနေရသည်။ ယင်းမှာ …
“ သက်စောင့်မီးလုံးလေးလုံးလား ”
လူထွားကြီး၏ နဖူးမှ ချွေးများ စီးကျလာသည်။ သူသည် တွေဝေတွန့်ဆုတ်မနေဘဲ သူ့ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးလုံးသုံးလုံးကို အစွမ်းကုန် ထွန်းညှိလိုက်သည်။ သူသည် ဝုန်းခနဲ အရှိန်တင်လိုက်ပြီး အဝေးသို့ အရူးအမူး ပြေးသွားသည်။
သူ မှားယွင်းထင်မြင်လိုက်ခြင်း မဟုတ်ပေ။ သူ့နောက်သို့ ထပ်ကြပ်မကွာလိုက်ပါနေသော ရွှီချင်းသည် သက်စောင့်မီးလုံးလေးလုံးအစွမ်းကို အမှန်ပင် ပိုင်ဆိုင်ထားသည်။
သူသည် သက်စောင့်မီးလုံးတစ်လုံးသာ ရှိစဉ်အခါက သက်စောင့်မီးအိမ်ကို ထွန်းညှိလိုက်သောအခါ သက်စောင့်မီးလုံးနှစ်လုံးအစွမ်းကို ပိုင်ဆိုင်သွားသည်။ ဒုတိယမြောက်သက်စောင့်မီးလုံးကို သူ ထုတ်ဖော်နိုင်သောအခါတွင် သူ၏တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးသုံးလုံးအစွမ်းသို့ ရောက်နေခဲ့သည်။ ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ အစွမ်းများကိုပါ ပေါင်းစပ်လိုက်သောအခါ သူ၏အစွမ်းက သက်စောင့်မီးလုံးလေးလုံးကို ယှဉ်နိုင်သွားသည်။
သဘာဝလွန်မိစ္ဆာကို ထိုမျှလျင်မြန်စွာ သူ မီနိုင်ခဲ့သည့် တခြားအကြောင်းအရင်းမှာ အရိပ်လေးကို လမ်းပြရာတွင် သုံးရန် မလိုတော့သောကြောင့် ဖြစ်သည်။
ကျင်းဝူလျန့်ဝမ့်လင်အတတ်ဖြင့် စုပ်ယူလိုက်သော သဘာဝလွန်မိစ္ဆာ၏ မူလစွမ်းအားများက ရွှီချင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်ဖြစ်၍ ရွှီချင်း၏ အမြင်အာရုံထဲ၌ ထိုမိစ္ဆာမှာ ညအခါတွင် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်အလား ထင်ရသည်။
ထို့ကြောင့် ထိုမိစ္ဆာ ပြန်ရှင်လာသည်နှင့် သူ အာရုံခံမိခဲ့ပြီး အပြေးအလွှား ရောက်လာခြင်း ဖြစ်သည်။ ဤနေရာသို့ ရောက်ရန် သူ့အတွက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်သာ ကြာလိုက်သည်။
သဘာဝလွန်မိစ္ဆာကို သူ မြင်လိုက်သည်နှင့် သူ့မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဆူဝေလာသည်။
သူသည် ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေသည်ဖြစ်၍ သူ့မျက်လုံးများထဲတွင် အရာအားလုံး နှေးကွေးနေသည်။ လူထွားကြီး၏ အမြန်နှုန်းက အတူတူပင်။ မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်းသည် လူထွားကြီးရှေ့သို့ ရောက်သွားပြီး ပါးကို ဖြန်းခနဲ ရိုက်ချလိုက်သည်။
လူထွားကြီးသည် ကြိုးပြတ်သွားသော စွန်အလား မြေပြင်နှင့် အရှိန်ပြင်းစွာ မိတ်ဆက်သွားသည်။
မြေကြီး ချိုင့်သွားသည်။ လူထွားကြီးက မတ်တတ်ရပ်ရန်ပြင်လိုက်စဉ် ရွှီချင်းက လူထွားကြီးအနီးသို့ ရောက်သွားပြီး ဗိုက်ကို ပိတ်ကန်လိုက်သည်။
လူထွားကြီး၏ပါးစပ်မှ သွေးများ အန်ထွက်လာပြန်သည်။ လူထွားကြီး၏ ခန္ဓာကိုယ် နောက်သို့ လိမ့်လာသောအခါတွင် ရွှီချင်းသည် ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ပြီးသား ဖြစ်နေပြီး ဓားမြှောင်ဖြင့် လူထွားကြီးကို ထိုးလိုက်သည်။
သူက ထပ်ခါထပ်ခါ ဓားဖြင့် ထိုးလိုက်သည်။ ထို့နောက် လူထွားကြီး၏ ညာလက်ကို အတင်းအကြပ် ဆွဲဖြုတ်လိုက်ပြီးနောက် နဖူးကို ပိတ်ထိုးလိုက်သည်။
လူထွားကြီးထံမှ သွေးပျက်ခမန်း စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာပြီး သူ့ဦးခေါင်းခွံ ကျိုးကြေသွားသည်။ လူထွားကြီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သည်။ ရွှီချင်း၏ရှေ့မှောက်တွင် သက်စောင့်မီးလုံးသုံးလုံးအစွမ်းမှာ နောက်ဆုတ်ရန် အခွင့်အရေး မရှိပေ။ သူ့မျက်လုံးများထဲရှိ ကြောက်လန့်ခြင်းများနှင့် ထိတ်လန့်ခြင်းများသည်လည်း အဆုံးစွန်သို့ ရောက်နေပြီ ဖြစ်သည်။
ထို့နောက် သူက အရူးအမူးလှည့်လိုက်လိုက်ပြီး ကောင်းကင်ကြီးကို ကြည့်၍ မာန်သွင်းအော်ဟစ်လိုက်သည်။ ရွှီချင်း နီးကပ်လာသည်နှင့် သူက ရှေ့တက်သွားပြီး သူ့သက်စောင့်မီးလုံးများကို ဖောက်ခွဲရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သက်စောင့်မီးလုံးများ၏ ပျက်စီးခြင်းအရှိန်အဝါများ လွင့်ပျယ်မသွားခင်မှာပင် အရိပ်လေးက ၎င်း၏ခန္ဓာကိုယ်နှင့် ပေါင်းစည်းနေခဲ့သည်မှာ ကြာနေပြီဖြစ်ပြီး သက်စောင့်မီးလုံးသုံးလုံးကို ခုန်အုပ်လိုက်သည်။
တခဏလေးအတွင်း လူထွားကြီး၏ ခန္ဓာကိုယ်ထဲရှိ မီးတောင်မှာ ငြိမ်းသက်သွားသည်။
သူ၏ခန္ဓာကိုယ်က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အတင်းအကြပ် ဖျက်ဆီးလိုက်၍ တန်ပြန်ဒဏ်ခံလိုက်ရသည်။ ထိုတန်ပြန်ဒဏ်ကြောင့် သူ့ဓမ္မတံခါးများ ပျက်စီးသွားသည်။
သူ့တစ်ကိုယ်လုံး ဆိုးဆိုးဝါးဝါး ပျက်စီးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့မျက်လုံးများထဲရှိ ကြောက်ရွံ့စိတ်များ ပို၍ ပြင်းထန်လာသည်။ သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းက စောင့်ကြိုနေကြောင်း သူ့ခန့်မှန်းမိနေသည့်အလား လှုပ်ရှားနိုင်သေးသော ဘယ်လက်ကို မြှောက်၍ သူ့နဖူးကို ရိုက်ကာ အဆုံးစီရင်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း သံတုတ်နက်လေး ချက်ချင်း ပေါ်လာပြီး မြှောက်ထားသော သူ့ဘယ်လက်ကို ထိုးဖောက်သွားသည်။
ရွှီချင်းက လူသတ်ချင်စိတ်များ ဆူဝေနေလျက် လူထွားကြီးထံ လျှောက်သွားသည်။ သူ့နောက်တွင် ဂီးခနဲ မြည်သွားပြီး ရွှေကျီးကန်းပေါ်လာသည်။ ရွှေကျီးကကန်းသည် ကောင်းကင်တွင် ဝဲပျံနေပြီးနောက် လူထွားကြီးထံ ခုန်အုပ်ကာ အရူးအမူး စုပ်ယူလိုက်သည်။
သဘာဝလွန်မိစ္ဆာ၏ခန္ဓာကိုယ် အပြင်းအထန် တုန်ရီနေသည်။ သူ့စိတ်ထဲ တုန်လှုပ်ချောက်ချားသွားစဉ်မှာပင် သူ့တစ်ကိုယ်လုံးရှိ သွေးနှင့်ချီများ ဝုန်းခနဲ ထွက်လာသည်။ ထိုသွေးနှင့်ချီများထဲတွင် သူ၏မူလစွမ်းအားများလည်း ပါဝင်နေပြီး ၎င်းတို့ကို ရွှေကျီးကန်းက စုပ်ယူသွားသည်။
ယင်းနောက် သူ့ကို စောင့်ကြိုနေသည်မှာ သူ့မျက်လုံးများကို ထိုးဖောက်လာသည့် ရွှီချင်း၏ လက်ချောင်းများဖြစ်ပြီး ထိုလက်ချောင်းများက သူ့မျက်လုံးများကို အစိတ်စိတ်အမြွှာမြွှာချေမွကာ သူ့ခေါင်းကို ဖျက်ဆီးသွားသည်။
သူ မသေခင်အချိန်လေးတွင် သူ့အတွက် အိပ်မက်ဆိုးတစ်ခုပမာ စကားသံတစ်သံက သူ့နားများထဲ ဝင်ရောက်လာသည်။
“ငါ လိုချင်တဲ့အဖြေကို မြန်မြန်မပေးနဲ့။ ငါ မင်းနဲ့ နောက်ထပ် ကစားချင်သေးတယ်။ ခဏနေရင် ငါတို့ ပြန်တွေ့မယ် ”
ထို့နောက် ကျစ်ထူအပြင်ဘက်ရှိ တောကြီးမျက်မည်းတစ်ခု၌ ယုန်လေးတစ်ကောင် ချုံပုတ်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။ ယုန်လေးသည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ပြီး ၎င်းက အဝေးသို့ အားကုန်ပြေးလွှားနေသည်။
အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းစာအချိန်ကြာသောအခါတွင် ကောင်းကင်ယံ၌ အနက်ရောင်အစက်လေးတစ်စက် ပေါ်လာသည်။ ထိုအနက်ရောင်အစက်လေးက ယုန်လေးထံသို့ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ပြေးသွားသည်။
ယင်းအနက်ရောင်အစက်လေးမှာ လင်းတကြီးတစ်ကောင်ပင်။ ထိုလင်းတကြီးသည် ယုန်လေးအနီးသို့ လျှပ်တစ်ပြက်အတွင်း ရောက်သွားသည်။ ၎င်းက ယုန်လေးကို သုတ်ချီမသွားဘဲ ခန္ဓာကိုယ်ဖြင့် ပစ်တိုက်လိုက်ရာ ယုန်လေးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။ ယုန်လေးကို မသုတ်သင်ခင် လင်းတကြီးက သွေးအေးသောလေသံဖြင့် ပြောလိုက်သည်။
“ ဟေ့ကောင်လေး ”
ထို့နောက် ယုန်လေး သေဆုံးသွားသည်။
မျက်တောင်တစ်ချက်အတွင်း တခြားနေရာ၌ မြွေတစ်ကောင်က ညှိုးနွမ်းခြောက်ကပ်သော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ဖြည်းညင်းစွာ တက်သွားသည်။
သို့သော်လည်း ရှစ်မိနစ်မပြည့်ခင်မှာပင် အဝေးမှ တဝီဝီမြည်သံဖြင့် သံတုတ်နက်လေး လွင့်ပျံလာပြီး မြွေကို ချက်ချင်း ထိုးဖောက်သွားကာ မြေပြင်ပေါ် စိုက်ဝင်သွားသည်။
မြွေက အပြင်းအထန် ကြောက်လန့်တုန်ရီနေလျက် ဇီဝိန်ချုပ်သွားသည်။ ထို့နောက် ဝေဟင်ပေါ်တွင် ပျံသန်းနေသော မြွေကြီးသည် အတန်ငယ် ရပ်တန့်သွားပြီးနောက် ခဏအကြာ အရှိန်တင်သွားသည်။
၎င်းကို စောင့်ကြိုနေသည်မှာ ရွှေကျီးကန်းကြီးဖြစ်ပြီး ရွှေကျီးကန်းကြီးက ၎င်းကို ချက်ချင်း ဝါးမျိုလိုက်သည်။
ထိုကဲ့သို့ ဖြစ်ရပ်များ တောနက်ကြီးထဲ ဆက်လက်ဖြစ်ပွားနေသည်။
ထိုသဘာဝလွန်မိစ္ဆာက သူ့ပါရမီကို အစွမ်းကုန်ထုတ်ကာ လွတ်မြောက်ရန် တစ်ကောင်ပြီးတစ်ကောင် ပြောင်းလဲနေသည့်တိုင်အောင် သူ့ကို စောင့်ကြိုနေသည်မှာ လျှပ်တစ်ပြက် ရောက်လာသော သံတုတ်နက်၊ ကပ်တွယ်ခံထားရသော သတ္တဝါများ သို့မဟုတ် ရွှီချင်း ဖြစ်သည်။
ထိုအခြင်းအရာအားလုံးကြောင့် သူ့စိတ် ပြိုလဲသွားရသည်။ ယင်းအပြင် ထပ်ခါထပ်ခါ သေရခြင်းကြောင့် သူ မောပန်းနွမ်းနယ်လာသည်။ သူ အစွမ်းများစွာ မသုံးခဲ့ပါသော်လည်း ကြိမ်ဖန်များစွာ သေသွားပြီးသောအခါ သူ တောင့်မခံနိုင်တော့ပေ။
အထူးသဖြင့် ရွှီချင်း၏လက်ချက်ဖြင့် သေသွားသောအခါတွင် ဖြစ်သည်။ ထိုသို့ သူ သေသွားတိုင်း အရေးကြီးသော တစ်ခုခု မရှိတော့သလို သူ ခံစားနေရသည်။ နောက်ဆုံး၌ ဝံပုလွေပေါက်လေးတစ်ကောင်ထဲ ပြန်ရှင်လာသောအခါ ထိုဝံပုလွေပေါက်လေးနှင့် ချက်ချင်း ပေါင်းစပ်မသွားဘဲ အတားအဆီးအနည်းငယ်ကို ကြုံတွေ့လိုက်ရပြီး သူ သွေးရူးသွေးတမ်း ဖြစ်သွား၏။
“ ငါ့ပါရမီတွေကို သူ စုပ်ယူနေတာပဲ ”
ထိုတွေ့ရှိချက်ကြောင့် သူ့စိတ်ထဲ တုန်လှုပ်သွားရသည်။
ထို့ကြောင့် ရွှီချင်းက သူ့ကို ဖမ်းဆုပ်ကာ သန့်စင်ပြီး စုပ်ယူရန် ပြင်လိုက်စဉ် သူက အလျင်အမြန် ပြောလိုက်သည်။
“ နောက်ထပ်သုံးကြိမ်ပြီးရင် ငါ တစ်ခါတည်း သေသွားတော့မှာနော်။ ငါ သေသွားရင် ငါ့နောက်က ကြိုးကိုင်တဲ့လူကို မင်း ဘယ်တော့မှ သိရမှာ မဟုတ်ဘူး ”
သူ့ကို စောင့်ကြိုနေသည်မှာ ရွှီချင်း၏ လက်ဝါးချက်ဖြစ်သည်။
ဖြန်းခနဲ မြည်သံနှင့်အတူ ဝံပုလွေပေါက်လေး လဲကျသွားသည်။ ဝံပုလွေပေါက်လေး၏ ကိုယ်မှ မူလစွမ်းအားအမျှင်တန်းကို ရွှေကျီးကန်းက စုပ်ယူသွားပြီးနောက် ဝံပုလွေပေါက်လေး သေသွားသည်။
အသက်ရှူကြိမ်သုံးဆယ်ခန့်ကြာပြီးနောက် ကောင်းကင်ယံတွင် ကျီးကန်းတစ်ကောင်က အလျင်အမြန် ပြောလိုက်သည်။
“ မင်းက ချီရွှဲ့ထုံဂိုဏ်းကပဲ။ မင်းကျင့်ကြံခြင်းအတတ်ရဲ့ အစွမ်းကို ငါ အာရုံခံလို့ရတယ်။ ငါ့နောက်က ကြိုးကိုင်တဲ့လူကို ငါ ပြောပြပေးမယ်။ ဒါပေမဲ့ ဆဋ္ဌမမြောက်တောင်သခင်ကြီးကို ငါ တွေ့ချင်တယ်။ သူ့တစ်ယောက်တည်းကိုပဲ ငါ ပြောပြမှာ ”
ထို့နောက် သံတုတ်နက်က ၎င်းကို ထိုးဖောက်သွားသည်။ ရွှီချင်းက ရွှေကျီးကန်း၏ အလောင်းကို မျက်နှာသေဖြင့် ကြည့်လိုက်သည်။ သူက ထပ်မံအာရုံခံကြည့်ပြီးနောက် မြေပြင်ကို သေချာကြည့်လိုက်သည်။ ထို့နောက် သူ့ညာခြေက မြေပြင်ကို ကြမ်းတမ်းစွာ ဆောင့်ချလိုက်ရာ မြေပြင်ထပ်ခြမ်းကွဲသွားသည်။ ထိုမြေသားအက်ကွဲကြောင်းထဲတွင် ပုန်းနေသော သင်းခွေချပ်တစ်ကောင် ပေါ်လာသည်။
သင်းခွေချပ်မှာ တုန်ရီနေပြီး စိတ်ဓာတ်ကျနေသောအကြည့်ဖြင့် ရွှီချင်းထံ နတ်အာရုံတစ်ခု ပို့လွှတ်လိုက်သည်။
“ လာလေ ငါ့ကို သတ်လိုက်။ ငါ သေသွားရင် အဖြေသိရဖို့ တွေးမနေနဲ့တော့။ ငါ့ကို ဆဋ္ဌမမြောက်တောင်သခင်ကြီးဆီသာ ခေါ်သွားပေး၊ သူ့တစ်ယောက်တည်းကိုပဲ ငါ ပြောပြမှာ ”
ရွှီချင်းက သင်းခွေချပ်ကို ဖြန်းခနဲ ပိတ်ရိုက်လိုက်သည်။
သင်းခွေချပ်မှာ အရူးအမူးဖြစ်နေဟန်တူသည်။ ၎င်းမှာ စိတ်ဓာတ်ကျကာ တစ်ခါမှ မကြုံဖူးသော သေခြင်းအငွေ့အသက်များ ၎င်းကို ဖုံးလွှမ်းလာပါသော်လည်း စကားဆက်မပြောတော့ပေ။
ရွှီချင်းသည် ၎င်းအား ပိတ်ရိုက်ခြင်းကို ရပ်လိုက်သည်။ သူက ၎င်းကို သူ့ရှေ့တည့်တည့်သို့ ရောက်သည်အထိ ဆွဲယူလိုက်ပြီး သွေးအေးစွာဖြင့် စူးစိုက်ကြည့်လိုက်သည်။
အတန်ကြာသောအခါမှသာ ရွှီချင်း အကြည့်လွှဲသွားသည်။ သူက သင်းခွေချပ်ကို သူ့အတွက် ခေါင်းဆောင်ဖွင့်ပေးထားသော တည်နေရာရွှေ့ပြောင်းခြင်းဆုံမှတ်ဆီသို့ ဆွဲခေါ်သွားသည်။ ထိုနေရာသည် လက်ရှိသူရောက်နေသောနေရာနှင့် မဝေးသဖြင့် ထိုနေရာသို့ ရောက်ရန် အချိန်မယူလိုက်ရပေ။
ထိုနေရာသည် တောင်ကြားလေးတစ်ခုဖြစ်သည်။ ရွှီချင်းသည် မျက်နှာသေဖြင့် တောင်ကြားအတွင်းသို့ ဝင်သွားသည်။ အထဲတွင် စွန့်ပစ်ထားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိသည်။ ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပေါ်တွင် ရပ်၍ ရွှီချင်းက ဂိုဏ်းတံဆိပ်ပြားကို ထုတ်ကာ ဖိချလိုက်ပြီး ငြိမ်သက်စွာ စောင့်နေသည်။
ခဏအကြာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဝင်းလက်လာသည်။
သို့သော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်သွားသည်နှင့် တစ်ပြိုင်နက် ရွှီချင်း၏ လက်ထဲရှိ သင်းခွေချပ်မှာ ချက်ချင်း တုန်ရီလာသည်။ ၎င်း၏ခန္ဓာကိုယ် ခြောက်ကပ်သွားပြီး ဇီဝိန်ချုပ်သွားသည်။ ၎င်း သေဆုံးသွားသည့်တချိန်တည်းမှာပင် တည်နေရာရွှေ့ပြောင်းခြင်း ပြီးသွားသည့်အလား တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ လူတစ်ယောက်က ရွှီချင်းထက် ဦးစွာ တည်နေရာရွှေ့ပြောင်းသွားခဲ့ဟန်တူသည်။
ထိုတည်နေရာရွှေ့ပြောင်းသွားသူမှာ သဘာဝလွန်မိစ္ဆာဖြစ်သည်။ သူက အစောကတည်းက ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ သူ၏ရည်ရွယ်ချက်က တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးချကာ ထွက်ပြေးရန် ဖြစ်သည်။
ယင်းအပြင် မည်သည့်နည်းလမ်းကို သူ အသုံးပြုလိုက်သည် မသိရပါသော်လည်း သူ တည်နေရာရွှေ့ပြောင်းသွားသည့်နေရာမှာ မှုန်ဝါးဝါးဖြစ်သွားသည်။ အပြင်လူများအနေဖြင့် နေရာအတိအကျကို သိနိုင်တော့မည် မဟုတ်ပေ။
ခဏအကြာ တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ပျောက်ကွယ်သွားပြီး အထဲတွင် ရွှီချင်း ရှိနေသေးသည်။
သဘာဝလွန်မိစ္ဆာ လွတ်မြောက်သွားခဲ့ပြီ ဖြစ်သော်လည်း ရွှီချင်း၏ မျက်နှာတွင် အံ့အားသင့်သွားဟန် သို့မဟုတ် ဒေါသထွက်နေဟန် အနည်းငယ်မျှပင် ရှိမနေပေ။ သူသည် လက်ထဲရှိ သင်းခွေချပ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် သင်းခွေချပ်အား ဘေးသို့ လွှင့်ပစ်လိုက်သည်။
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး အာရုံခံကြည့်လိုက်သည်။ ခဏအကြာ သူ၏မျက်လုံးများ ပွင့်လာပြီး အေးစက်စက်ဝင်းလက်နေသည်။
“ မင်း တွေ့ချင်နေတဲ့လူကို မြန်မြန် တွေ့နိုင်ဖို့ ငါ ဆုတောင်းပေးတယ် ”