မင်းကိုး
Vol. 20 Ch. 295
ချီရွှဲ့ထုံဂိုဏ်းနှင့် မနီးမဝေးရှိ တားမြစ်ပင်လယ်၏ အစွန်အဖျားတွင် မူလက စွန့်ပစ်ထားခဲ့သော တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်မှ အလင်းတန်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။ မန္တန်အစီအရင်ထဲမှ မြူခိုးအငွေ့အသက်လေးတစ်ခု ပေါ်လာပြီး မြူခိုးခန္ဓာတစ်ခုအဖြစ် ချက်ချင်း စုစည်းသွားသည်။
၎င်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်သို့ လျှောက်လာပြီးနောက် မန္တန်အစီအရင်ကို ချက်ချင်း ဖျက်ဆီးလိုက်သည်။ ထိုအခါမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး တဟားဟား ရယ်မောလိုက်သည်။
“ နောက်ဆုံးတော့လဲ မင်းဘိုးအေကြီး လွတ်မြောက်သွားပြီကွ ”
မြူခိုးများ စုစည်းသွားသည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ပုံစံ တဖြည်းဖြည်း စုစည်းသွားသည်။ ထိုအချိန်၌ သူ့မျက်နှာပေါ်တွင် သူ့ကိုယ်သူ တစ်ခါမှ မကြုံဖူးလောက်အောင် ဘဝင်ခိုက်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။
သူက ရွှီချင်း၏လက်ထဲတွင် တမင်အဖမ်းခံခဲ့သည်ဟူ၍ ပြောနိုင်သည်။ ရွှီချင်းကို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အား အသုံးချအောင်လုပ်ကာ သူ့အလုပ်ရှင်ပေးခဲ့သည့် လျှို့ဝှက်အတတ်ကို အသုံးပြုချင်ခဲ့သည်။
အရာအားလုံးမှာ သူ စီစဉ်ထားခဲ့သည့်အတိုင်း အဆင်ပြေချောမွေ့သွားခဲ့သည်။
“ ငါ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး။ နောက်တစ်ဆင့်က အလုပ်ရှင်နဲ့ အလဲအထပ်လုပ်ဖို့ပဲ။ ငွေစန္ဒာလက်ရွေးစင်အသွင်ပြောင်းဆေးလုံးရဲ့ ဒုတိယတွဲကို ငါ မှတ်ထားပြီးပြီ။ အခုချိန်မှာ ငါ တစ်ယောက်ပဲ ဒုတိယတွဲကို သိတာ။ သူတို့ ငါ့ကို ကတိပေးထားသလိုသာ မပေးရင် ဒုတိယတွဲကို ရဖို့ အိပ်မက်တောင် မက်မနေကြနဲ့တော့ ”
သက်လတ်ပိုင်းလူသည် ရယ်သွမ်းသွေးလိုက်ပြီး လျင်မြန်စွာ ထွက်သွားသည်။
လရောင်အောက်၌ သူသည် တောကြီးမြက်မည်းတစ်လျှောက် ပြေးလွှားနေသည်။ သို့သော်လည်း သူ့အရိပ်ထဲမှာ မျက်လုံးတစ်လုံး ရှိနေသည်ကို သူ သတိမထားမိပေ။
သူသည် သဘာဝလွန်မိစ္ဆာတစ်ကောင် ဖြစ်ပါသော်လည်း သူ့မှာ အရိပ်ရှိသေးသည်။ ထိုသို့ အရိပ်ရှိနေသမျှ ရွှီချင်း၏အရိပ်က ကပ်တွယ်နိုင်မည်သာ ဖြစ်သည်။
ရွှီချင်းသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
ဆဋ္ဌမမြောက်တောင်သခင်ကြီးကို တွေ့ချင်သည်ဆိုသော စကားကို ရွှီချင်း မယုံပေ။ ထိုမိစ္ဆာက ကြိမ်ဖန်များစွာ ညှဉ်းပန်းနှိပ်စက်ခံရပြီး အထပ်ထပ်အခါခါ သေနေသည့်တိုင်အောင် မည်သည့်စကားတစ်ခွန်းကိုမှ ထုတ်မပြောခဲ့ပေ။ ထို့ကြောင့် ထိုမိစ္ဆာကို လွှတ်ပေးလိုက်ခြင်းသည်သာ ဘေးကင်းမည်ဖြစ်ကြောင်း ရွှီချင်း တွေးမိလာခဲ့သည်။ ထိုအခါမှသာ ထိုမိစ္ဆာ၏ လမ်းပြပေးမှုဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာတွေ့ပေမည်။
အရိပ်မျက်လုံး၏ လက်လှမ်းမီသောအကွာအဝေးနှင့်ပတ်သက်၍ တစ္ဆေတစ်ရာညဉ့်ပျော်ပွဲကို ရှာဖွေခဲ့စဉ်အခါက ရွှီချင်း စစ်ဆေးကြည့်ခဲ့ဖူးသည်။ ၎င်းက အလွန်ကွာဝေးသောနေရာအထိ ကြားနိုင်မြင်နိုင်သေးပြီး လက်ရှိတွင် ၎င်းက သူ၏အမြင်အာရုံထဲမှာ ရှိနေသေးသည်။ အလွန် ကွာဝေးသောနေရာသို့ ရောက်နေ၍ အမြင်အာရုံ အနည်းငယ် ဝေဝါးပါသော်လည်း ပြဿနာမရှိပေ။
တည်နေရာကို သိရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။
ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ချိန်ညှိကာ သူ၏အမြင်အာရုံညွှန်ပြရာအရပ်မှ မန္တန်အစီအရင်ကို အသက်သွင်းလိုက်သည်။ တခြားတည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဖျက်ဆီးခံလိုက်ရပြီဖြစ်သော်လည်း ကိစ္စမရှိပေ။ တည်နေရာကို သူ သိထားသည့်အတွက်ကြောင့် အနီးအနားရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို အသုံးပြုနိုင်သည်။
တခဏလေးအတွင်း ရွှီချင်း ပျောက်သွားသည်။
ထိုအချိန်၌ မြူခိုးများမှ ဖြစ်လာသော သက်လတ်ပိုင်းလူသည် နန်းဟွမ်ဒေသကြီး၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အလွန်လျင်မြန်စွာ ပြေးလွှားနေသည်။ သူသည် အမှောင်ထုကို အားပြု၍ တဟုန်ထိုး သွားနေသည်။ ထိုအတောအတွင်း သူသည် ဘေးပတ်လည်ကို မကြာခဏ အကဲခတ်ကာ သူ့အမြင်အာရုံကိုပင် ဖြန့်ကျက်၍ စစ်ဆေးကြည့်တတ်သည်။
တစ်ယောက်မှ သူ့နောက် လိုက်မလာကြောင်း သူ ထပ်ခါထပ်ခါ အတည်ပြုပြီးသည့်တိုင်အောင် အလွန် သတိထားနေဆဲပင်။ သို့သော်လည်း အရိပ်လေး၏ ထူးဆန်းသောအစွမ်းမှာ သူ နားမလည်နိုင်သောအရာဖြစ်နေ၍ သူ့အရိပ်ထဲမှာ မျက်လုံးတစ်လုံး ရှိနေသည်ကို သူ မသိပေ။
သို့သော်လည်း ထိုသဘာဝလွန်မိစ္ဆာမှာ သတိကြီးသည်။ သူက တွေ့ရန်ချိန်းဆိုထားသည့်နေရာသို့ ချက်ချင်းမသွားဘဲ တစ်ညလုံး လျှောက်သွားနေခဲ့သည်။ သူက ပင်လယ်ကမ်းခြေတစ်ခုသို့ ရောက်သွားပြီး အဝေးတွင် ကျောက်ချထားသော ကုန်တင်သင်္ဘောကြီးကို လှမ်းကြည့်လိုက်သည်။
“ လာခဲ့တော့၊ ကျုပ် ခင်ဗျား လိုချင်တာ ရခဲ့ပြီ ”
ထို့နောက် ဘေးပတ်လည်ကို စူးစမ်းကြည့်နေရင်း သူ စိတ်ရှည်စွာ စောင့်နေသည်။ သို့သော်လည်း အရိပ်ထဲရှိ မျက်လုံးမှာ အနည်းငယ် ပွင့်လာပြီး သူ့အား ကြည့်နေသည်ကို သူ သတိမထားမိပေ။
အချိန်အတော်ကြာသည့်တိုင်အောင် ဘာမှဖြစ်မလာပေ။ သဘာဝလွန်မိစ္ဆာသည် ချာခနဲလှည့်ကာ ဦးတည်ရာပြောင်းလိုက်သည်။ အစောပိုင်းက လုပ်ခဲ့သမျှအရာအားလုံးသည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်သည်။ သူ့နောက်သို့ တစ်ယောက်မှ လိုက်မလာကြောင်းနှင့် သူ အမှန်တကယ် ဘေးကင်းကြောင်း ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင် သူ စိတ်အေးလက်အေးဖြစ်သွားပြီး သူ့မျက်နှာပေါ်မှာ ဘဝင်ခိုက်နေသည့်အမူအရာတစ်ခု ပေါ်လာပြန်သည်။ မနက်ခင်းဝေလီဝေလင်းအချိန်တွင် သူသည် တခြားအရပ်မျက်နှာတစ်ခုသို့ သွားကာ ပင်လယ်ကမ်းခြေသို့ ရောက်သွားသည်။ ထို့နောက် သူက တွေဝေတွန့်ဆုတ်မနေဘဲ ခုန်ဆင်းလိုက်သည်။
ခဏအကြာ ပင်လယ်ထဲတွင် ကူးခတ်နေသော ဓားငါးတစ်ကောင်၏ခန္ဓာကိုယ် ဆတ်ခနဲ တုန်ရီသွားပြီး တခြားအရပ်မျက်နှာတစ်ခုသို့ ကူးခတ်သွားသည်။ သို့သော်လည်း အရိပ်မျက်လုံးက သဘာဝလွန်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ ကပ်တွယ်နေဆဲပင်။ ထို့ကြောင့် သဘာဝလွန်မိစ္ဆာမှာ ခန္ဓာအသစ်ရှိနေသည့်တိုင်အောင် အရိပ်မျက်လုံးမှာ ရှိနေဆဲဖြစ်သည်။
သဘာဝလွန်သတ္တဝါများ၏ ထူးဆန်းသောအစွမ်းများသည် ၎င်းတို့၏အဆင့်များအပေါ် မူတည်သည်။ အရိပ်သည် သဘာဝလွန်မိစ္ဆာထက် ပို၍ ထူးဆန်းသည်။ အရိပ်ကို သဘာဝလွန်မိစ္ဆာ၏ ဘဝပေးရန်သူတော်ကြီးအဖြစ်ပင် ပြောနိုင်သည်။ တချိန်တည်းမှာပင် အရိပ်မှာ ခံစားချက်အနည်းငယ် ဖြစ်လာရသည်။
၎င်းက သဘာဝလွန်မိစ္ဆာမျိုးနွယ်နှင့် ပို၍ သင့်တော်သည်ကို ရှာတွေ့လာသည်။ ‘ အကယ်၍ ယခင်က ကပ်တွယ်ခဲ့သူမှာ ရွှီချင်းမဟုတ်ဘဲ သဘာဝလွန်မိစ္ဆာတစ်ကောင်သာ ဖြစ်နေခဲ့လျှင် … ’ ဆိုသော အတွေးကကို တွေးမိလိုက်ပြီး အရိပ်မှာ ချက်ချင်းပင် ထိုအတွေးကို ရပ်ပစ်ကာ စက်ဆုပ်ရွံရှာသောအမူအရာတစ်ခု ပေါ်လာသည်။
သဘာဝလွန်မိစ္ဆာက မိစ္ဆာရွှီကိုပင် မဆိုထားဘိ ၎င်းနှင့်ယှဉ်ပြိုင်ရန်ပင် မထိုက်တန်ဟု ၎င်းမှာ ခံစားမိသည်။ သဘာဝလွန်မိစ္ဆာမှာ ၎င်း၏အစာသာ ဖြစ်သည်။ အစာကို ကပ်တွယ်ချင်သည့်အတွေး မည်သည့်အတွက်ကြောင့် ရှိနေရမည်နည်း။
အရိပ်မှာ ၎င်း၏အတွေးများကြောင့် ၎င်းကိုယ်၎င်း ရှက်သွားသည်။ တချိန်တည်းမှာပင် မိစ္ဆာရွှီ၏ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့်အတွေ့အကြုံများကို ပြန်တွေးမိကာ တုန်ရီသွားသည်။
ထို့ကြောင့် ၎င်းက သတိကြီးကြီးဖြင့် စစ်ဆေးကြည့်လိုက်ပြီး ရွှီချင်းထံသို့ တည်နေရာများ ပို့ပေးလိုက်သည်။
သဘာဝလွန်မိစ္ဆာမှာ ထိုအခြင်းအရာအားလံးုကို မသိပေ။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာခဲ့သည်။ သူ ပူးကပ်ထားသည့် ဓားငါးက ပင်လယ်ထဲ အလျင်အမြန် ကူးခတ်နေပြီး တစ်နေရာပြီးတစ်နေရာ သွားလာနေသည်။ ထိုအတောအတွင်း သူသည် ပင်လယ်သတ္တဝါခုနစ်ကောင်၊ ရှစ်ကောင်ခန့် ပြောင်းလဲခဲ့သည်။ နောက်တစ်ညတွင် ကြယ်ငါးတစ်ကောင်ထဲ သူ ပေါ်လာသည်။
လှိုင်းလုံးကြီးများ ရိုက်ခတ်သွားသောအခါ ထိုကြယ်ငါးသည် ချီရွှဲ့ထုံဂိုဏ်း၏ ပိုင်နက်ဟု ယူဆနိုင်သော မည်းနက်သည့်ကမ်းခြေပေါ်သို့ ရောက်သွားသည်။
ပင်လယ်ရေများ ပြန်ကျသွားပြီးနောက် မြေပြင်ပေါ်တွင် ရေမည်းအမြှုပ်များ ကျန်ရစ်ခဲ့သည်။ ကောင်းကင်ယံတွင် လမင်းကြီး ထိန်ထိန်သာနေပြီး လရောင်က ရေမြှုပ်များပေါ် ကျရောက်သွားကာ ဖျော့တော့သောအလင်းရောင်တစ်ခု ဖြာထွက်လာသည်။
သဘာဝလွန်မိစ္ဆာ ပူးကပ်ထားသော ကြယ်ငါးသည် ကမ်းခြေတွင် မလှုပ်မယှက်လှဲနေသည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး မိုးသောက်ယံသို့ ရောက်လာသည်။ နေ့သစ်တစ်နေ့၏ အရုဏ်ဦးမနက်ခင်းက မှိန်ဖျော့ဖျော့အမည်းရောင်ကို ဆောင်ကြဉ်းလာသည်။ လမင်းကြီးထွက်သွားပြီး နေမင်းကြီးလည်း မြင့်တက်မလာသေးသည့်အချိန်တွင် တစ်စုံတစ်ခုက တိတ်ဆိတ်စွာ ချဉ်းကပ်လာ၏။
အရုဏ်ဦးအမှောင်ထုထဲမှနေ၍ လူရိပ်များ လျှောက်လာနေကြသည်။
စုစုပေါင်းလူရိပ်လေးရိပ်ဖြစ်သည်။
သူတို့အားလုံးက သူတို့ရုပ်ရည်များကို မသိစေရန် သူတို့ခန္ဓာကိုယ်တစ်ခုလုံးနှင့် ခေါင်းများကို အနက်ရောင်တာအိုဝတ်ရုံများဖြင့် လွှမ်းခြုံထားကြသည်။ ကြီးမားသော တာအိုဝတ်ရုံများသည် သူတို့မျိုးနွယ်များနှင့် ယောကျ်ား၊မိန်းမ ခွဲမရအောင်ကိုပင် ဖုံးကွယ်ပေးသည်။
ထိုလူရိပ်လေးရိပ်ထံမှ ကျင့်ကြံခြင်းအငွေ့အသက်များလည်း ထွက်ပေါ်မနေပေ။ သူတို့က သူတို့ကိုယ်သူတို့ အလွန် လုံခြုံအောင် ဖုံးကွယ်ထားမှန်း သိသားပြီး သူတို့ခန္ဓာကိုယ်ပတ်လည်တွင် မြူအနည်းငယ်ပင် ရှိနေသည်။
ယင်းသည် မန္တန်အစီအရင်၏ အာရုံများနှင့် နတ်ဘုရားအာရုံများကို ပိတ်ဆို့တားဆီးသည့်နည်းလမ်း ဖြစ်သည်။ ယင်းသည် ဓမ္မရတနာတစ်ပါး၏ အစွမ်းနှင့်မတူဘဲ မျိုးနွယ်၏ မွေးရာပါအစွမ်းနှင့် ပို၍ ဆင်တူသည်။
ထိုလူရိပ်လေးရိပ်က ကမ်းခြေသို့ တစ်လှမ်းချင်း လျှောက်လာသည်။
သူတို့သည် ကြယ်ငါးဘေးသို့ ဖြည်းညင်းစွာ ရောက်သွားပြီး ရပ်လိုက်ကြသည်။
ရှေ့ဆုံးမှလူက မလှုပ်ရှားပေ။ နောက်မှလူသုံးယောက်က အလျင်အမြန် လူခွဲလိုက်ပြီး အဝိုင်းပြားတစ်ခုစီ ထုတ်ာ တစ်ခုခုကို စစ်ဆေးနေသည့်အလား မြေပြင်ပေါ် ချလိုက်ကြသည်။
အသက်ရှူချိန်အနည်းငယ်ဖြင့် စစ်ဆေးခြင်း ပြီးဆုံးသွားသည်။ သူတို့သုံးယောက်သည် ချာခနဲလှည့်၍ လေးစားစွာ ရပ်နေကြသည်။
ပင်လယ်လေပြေက ငါးညှီနံ့ကို သယ်ဆောင်လာကာ အရပ်မျက်နှာအနှံ့ တဟူးဟူး တိုက်ခတ်နေသည်။ ပင်လယ်ကမ်းရိုးတန်းကို ကျူးကျော်လာပြီးနောက် လေပြေက ကြယ်ငါးဘေးတွင် ရပ်နေသော ဝတ်ရုံရှည်လူလေးယောက်အပေါ်သို့ ကျရောက်သွားရာ သူတို့ဝတ်ရုံများ တဖျပ်ဖျပ်လွင့်သွားသည်။
လေပြေက ထိပ်ဆုံးမှ ခေါင်းမှာ ဖုံးထားသော ဝတ်ရုံအစကို အနည်းငယ်ပင့်မလိုက်ရာ အပြာရောင်ဆံပင်ရှည်တစ်စ ပေါ်လာသည်။
ထိုဆံပင်ရှည်များ တဖျပ်ဖျပ် လွင့်လာစဉ် ထိုသူက ခေါင်းငုံ့၍ မာဆတ်ဆတ်လေသံနှင့် ပြောလိုက်သည်။
“ မင်း နောက်ကျတယ်နော် ”
ထိုအသံကြောင့် မြေပြင်ပေါ်ရှိ ကြယ်ငါးက ပြန်လည်၍ ခွန်းတုန့်ပြန်လိုက်သည်။
“ ကျစ်ထူမှာ ကျုပ် အသတ်ခံရတော့မလို့။ အဲဒီလိုမျိုး လူ့မိစ္ဆာနဲ့ ကြုံရမယ်လို့ မင်းတို့မှ ကျုပ်ကို ကြိုပြောမထားတာ။ အဲဒီကောင်က ကျုပ်ထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ် ”
“ အဲဒီကိစ္စကို ငါတို့လည်း တွေးမထားခဲ့မိဘူး။ မင်းကို ကောင်းကောင်းပေးမှာပါ။ အခု အဲဒီပစ္စည်းကို ငါ့ကို ပေး ”
အသံထွက်ပေါ်လာသည်နှင့် လေပြင်းများ ပို၍ တိုက်ခတ်လာပြီး ခေါင်းမှာဖုံးထားသော တာအိုဝတ်ရုံစကို လွင့်ဖယ်သွားလေရာ လှပချောမောသောမျက်နှာလေး ပေါ်လာသည်။
သူမ၏ အပြာရောင်ဆံပင်ရှည်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်သွားပြီး အပြာရောင်မျက်လုံးများက ဝင်းလက်တောက်ပနေသည်။ ဖြူဆွတ်သောအသားအရေက ကျောက်စိမ်းကဲ့သို့ အစိမ်းဖျော့ဖျော့လက်နေသည်။ ထိုမိန်းကလေးမှာ ချီရွှဲ့ထုံဂိုဏ်းသို့ အလည်အပတ်ရောက်လာခဲ့သော ကြယ်ငါးမျိုးနွယ်၏ မင်းသမီးမှလွဲ၍ တခြားသူမဟုတ်ပေ။
ဆိပ်ကမ်းနံပါတ် ( ၁၇၆ ) မှာ ရွှီချင်းနှင့် ပထမဆုံးတွေ့ခဲ့စဉ်အခါက ထိုမင်းသမီးသည် ရွှီချင်းကို ခရုကြီးတစ်ကောင် ပေးခဲ့ဖူးသည်။ ယင်းနောက် ချီရွှဲ့ထုံဂိုဏ်းမှာရှိနေစဉ်အတောအတွင်း စကားပြောရန် ရွှီချင်းထံသို့ ကြိမ်ဖန်များစွာ သွားလည်ခဲ့သည်။ ထိုစဉ်က အပြစ်ကင်းစင်သော သူမ၏မျက်လုံးများထဲတွင် အကြံအစည်ရှိနေသည့်အရိပ်အယောင်များ ထင်ဟပ်မနေခဲ့ပေ။ သူမ၏အကြည့်ထဲတွင် ရွှီချင်းကို လေးစားသည့်အရိပ်အငွေ့များသာ ရှိနေခဲ့သည်။
သူမသည် ရွှီချင်းကို မေးခွန်းများစွာ မေးခဲ့သည်။ အကယ်၍ သူမ၏မေးခွန်းများကိုသာ ပေါင်းစပ်ကြည့်ပါက ထိုမေးခွန်းများထဲတွင် ရွှီချင်း၏အကျင့်စရိုက်နှင့် အမူအကျင့်များအား ဆန်းစစ်သော မေးခွန်းများ ပါနေသည်ကို အသေအချာ ပြောနိုင်ပေမည်။
လူတစ်ယောက်၏ အကျင့်စရိုက်များနှင့် အမူအကျင့်များကို သိသွားပါက ထိုလူကို ပစ်မှတ်ထားကာ ထောင်ချောက်ဆင်နိုင်သည်။ သူမသည် ရွှီချင်းကို စောင့်ကြည့်နေခဲ့သည်မှာ ကြာနေပြီဖြစ်ပြီး အနာဂတ်အတွက် ပြင်ဆင်ထားမှန်း သိသာသည်။
“ ဟေး ဆန္ဒမစောပါနဲ့ဦး။ မင်းက ကောင်းကင်လက်ရွေးစင်တွေအများကြီးကို ဖမ်းနေတာ နှစ်တော်တော်ကြာနေပြီ။ အဲဒီထဲမှာ ချီရွှဲ့ထုံဂိုဏ်းက ပါရမီရှင်တွေလည်း ပါလောက်တယ်။ အဲဒီတော့ အခု မင်းမှာ အဓိကပစ္စည်းအပြည့်အစုံရှိနေလောက်တယ်။ ဒါကြောင့် ကျုပ်ကို ကတိပေးထားတဲ့ လုပ်အားခကို ပြောင်းပေးရမယ်။ ကျုပ်လည်း ငွေစန္ဒာလက်ရွေးစင်အသွင်ပြောင်းဆေးလုံးကို လိုချင်တယ် ”
မိန်းကလေးသည် မြေပြင်ပေါ်ရှိ ကြယ်ငါးကို စူးစိုက်၍ ကြည့်လိုက်သည်။ ထိုအချိန်၌ ကြယ်ငါးမျိုးနွယ်မှ နောက်ထပ်ဝတ်ရုံနက်လူတစ်ယောက်က ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
“ မင်းသမီး၊ အချိန်ပြည့်တော့မယ်။ ကျုပ်တို့ ဒီထက်ပိုကြာသွားရင် အကြီးအကဲတွေရဲ့ အစွမ်းက အကန့်အသတ်ဖြစ်လာလို့ မန္တန်အစီအရင်ကြီးကနေ ဖုံးကွယ်ထားနိုင်တော့မှာ မဟုတ်ဘူး ”
“ ငါတို့ပိုင်နက်ကို ရောက်မှပဲ မင်းကို ဆုကြေးပေးနိုင်မှာ။ မင်း စိတ်ပူရင် ငါနဲ့ လိုက်ခဲ့ ”
မိန်းကလေးက တွေဝေတွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်ရှိ ကြယ်ငါးကို ကောက်ရန် ပြင်လိုက်သည်။
သို့သော်လည်း ထိုအချိန်၌ …
သွေးအေးသောအသံတစ်သံ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားသည်။
“ မင်းကိုး ”
ထိုအသံကို ကြားလိုက်ရသည်နှင့် မြေပြင်ပေါ်ရှိ ကြယ်ငါးမှာ တုန်ရီသွားသည်။ ၎င်းမှာ တွေဝေတွန့်ဆုတ်မနေဘဲ ၎င်းကိုယ်၎င်း ဖောက်ခွဲကာ အသေခံလိုက်သည်။
တချိန်တည်းမှာပင် ကြယ်ငါးမျိုးနွယ်ဝင်မိန်းကလေးမှာ ကွက်ခနဲ မျက်နှာပျက်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ဘေးပတ်လည်ရှိ တခြားကြယ်ငါးမျိုးနွယ်ဝင်များသည်လည်း တုန်ရီသွားကြပြီး ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်ဖော်ကာ နောက်ဆုတ်လာသော မိန်းကလေးကို ကာကွယ်ပေးလိုက်သည်။
သို့သော်လည်း နောက်ကျသွားသေးသည်။ တခဏလေးအတွင်း အဝေးမှနေ၍ လူရိပ်တစ်ရိပ်က လျှပ်စီးလက်သည့်အလား လှစ်ခနဲ ရောက်လာသည်။ ထိုလူရိပ်သည် သက်လတ်ပိုင်းလူအသွင် မဟုတ်တော့ဘဲ ရွှီချင်းအသွင် ပြောင်းလဲသွားသည်။
သူ့ကိုယ်ထဲတွင် တဟုန်းဟုန်း တောက်လောင်နေသည့် ဒေသကြီးတစ်ခု ရှိနေပြီး ကောင်းကင်ယံသို့တိုင်အောင် တောက်နေသည့်အလားပင်။ မိုးသောက်ယံအမှောင်ထု ပျောက်ကွယ်သွားသည်ဖြစ်ပြီး ရွှီချင်း၏ကိုယ်ထဲရှိ မီးပင်လယ်မှ အလင်းရောင်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း လင်းထိန်သွားသည်။
ရွှီချင်း၏ မျက်လုံးများထဲရှိ လူသတ်ငွေ့များက ကြောက်ခမန်းလိလိပင်။
သူ့ခြေထောက်အောက်ရှိ မိုဆာဆောကြီးသည်လည်း ရက်စက်မုန်းတီးခြင်းအပြည့်ဖြင့် ပေါ်လာသည်။ ၎င်းသည် ရွှီချင်း၏ ခံစားချက်များ ကူးစက်သွားခြင်း ဖြစ်သည်။ ရွှီချင်း၏နောက်၌ ဧရာမရွှေကျီးကန်းကြီးသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ စူးစူးရှရှအော်မြည်လိုက်ပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား အမြီးမီးတောက်များကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်လိုက်သည်။
ထိုအချိန်၌ ရွှီချင်းမှာ ချုပ်တည်းမထားတော့ပေ။ ယခုအချိန်တိုင်အောင် သူ ဖိနှိပ်ထားခဲ့ရသော လူသတ်ချင်စိတ်များအားလုံး ပေါက်ကွဲထွက်လာပြီ ဖြစ်သည်။
သူက တုန်လှုပ်ချောက်ချားဖွယ်ရာအရှိန်အဝါများနှင့်အတူ ကြယ်ငါးမျိုးနွယ်ဝင်လေးယောက်ထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
“ ရွှီချင်း ”
ကြယ်ငါးမျိုးနွယ်ဝင်မင်းသမီး၏ မျက်လုံးများ မှေးသွားပြီး ကွက်ခနဲ မျက်နှာပျက်သွားသည်။ သူမ နောက်ဆုတ်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ရွှီချင်းမှာ ချက်ချင်း ရောက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
မြေပြင် ပေါက်ကွဲသွားသည့်အလား လောကကြီးတုန်ဟီးသွားပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသည်။
မြေပြင်မှာ ကျဉ်းနက်ကြီးတစ်ခု ပေါ်လာပြီး ပြင်းထန်သော အရှိန်အဝါများ တဝုန်းဝုန်း လွင့်ပျံသွားခြင်းကြောင့် ကြယ်ငါးမျိုးနွယ်ဝင်လေးယောက် သွေးများ အန်သွားသည်။
လူတစ်ယောက်က ရှေ့မှ ဝင်ရောက်တားဆီးလိုက်ပြီး ရွှီချင်း၏အမျက်ဒေါသကို တောင့်ခံလိုက်သည်။ ထိုသူ၏ခန္ဓာကိုယ် ပြိုကွဲသွားပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ ရွှေကျီးကန်း၏ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုသူ၏ဝိညာဉ်ကိုလည်း ရွှီချင်းက ဖမ်းလိုက်ပြီး သူ့ဓမ္မတံခါးများထဲတွင် ဖိနှိပ်လိုက်သည်။ သူက ထိုဝိညာဉ်ကို ဓမ္မတံခါးများဖွင့်ရန် လောင်စာအဖြစ် အသုံးမပြုဘဲ ဓမ္မတံခါးများထဲမှာပင် လောင်ကျွမ်းစေလိုက်သည်။
တခြားမျိုးနွယ်ဝင်သုံးယောက်မှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာများ ပျက်သွားကြသည်။
သူတို့သုံးယောက်က တွေဝေတွန့်ဆုတ်မနေဘဲ ကျင့်ကြံခြင်းအစွမ်းများကို ချက်ချင်း ထုတ်ဖော်လိုက်ကြသည်။ တစ်ယောက်က သက်စောင့်မီးလုံးသုံးလုံးရှိပြီး နှစ်ယောက်က သက်စောင့်မီးလုံးနှစ်လုံးရှိသည်။
ထိုမင်းသမီးမှာ သက်စောင့်မီးလုံးသုံးလုံးရှိပြီး ဘေးရှိ မျိုးနွယ်ဝင်နှစ်ယောက်မှာ သက်စောင့်မီးလုံးနှစ်လုံးရှိသည်။
သို့သော်လည်း ထိုအချိန်၌ သူတို့၏ကျင့်ကြံခြင်းအစွမ်းများမှာ လုံးဝ အသုံးမဝင်တော့ပေ။ သူတို့ကိုယ်ထဲရှိ သက်စောင့်မီးလုံးများမှာ ထိန်းချုပ်၍ မရနိုင်အောင် ယိမ်းခါနေသည်။ ရွှီချင်းထံမှ နှိုင်းယှဉ်၍မရနိုင်လောက်သည့် လူသတ်ချင်စိတ်များက ဒေါသမုန်တိုင်းတစ်ခုပမာ သူတို့ကို ရိုက်ခတ်နေသည်။