← Chapters

သွေးစွန်းသွားသော အဝတ်စ

Vol. 20 Ch. 296

သွေးစွန်းသွားသော အဝတ်စ

Vol. 20 Ch. 296

ရွှီချင်းမှာ လူသတ်ချင်စိတ်များအား ချုပ်တည်းထားခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

သမားတော်ကြီးပိုင် အသတ်ခံရကြောင်း ကြားသိလိုက်ရကတည်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး ဓားပါးပါးလေးများဖြင့် မွှန်းနေသည့်အလား သူ ခံစားနေခဲ့ရပြီး မြင်သမျှလူတိုင်းအား သတ်ချင်နေခဲ့သည်။

သို့သော် သူ မလုပ်ခဲ့ပေ။ ထိုပြင်းထန်သော လူသတ်ချင်စိတ်များအား အတင်းအကြပ် ဖိနှိပ်ကာ သူ့ကိုယ်သူ ထိန်းချုပ်ခဲ့သည်။ ကျစ်ထူသို့ သွားမည်ဆိုပါက အလွန် သတိထားရမည်ဖြစ်၍ သူက စိတ်အေးအေးထားကာ ကျစ်ထူသို့ ဦးတည်သွားခဲ့သည်။ လူသတ်သမားကို သူ ဖမ်းမိခဲ့သည့်တိုင်အောင် မသတ်နိုင်ခဲ့ပေ။

နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာတွေ့နိုင်ရန် သဘာဝလွန်မိစ္ဆာအား ဖြည်းဖြည်းချင်း ညှဉ်းဆဲရန်သာ တတ်နိုင်ခဲ့သည်။

ယခုကဲ့သို့ အချိန်အတော်ကြာပြီးနောက် လက်သည်တရားခံကို သူ ရှာတွေ့ခဲ့ရပြီ ဖြစ်သည်။ ယခုအခါတွင် သူ့နှလုံးသားထဲရှိ လူသတ်ချင်စိတ်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူသည် ကြယ်ငါးမျိုးနွယ်ဝင်တစ်ယောက်ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။

ထိုမျိုးနွယ်ဝင်သည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ရွှီချင်း အနီးကပ်လာသည်နှင့် သူမ၏ကိုယ်ထဲမှ သက်စောင့်မီးလုံးနှစ်လုံး ယိမ်းခါသွားသည်။ ထိုမီးလုံးများ ငြိမ်းသက်သွားတော့မည့်အချိန်တွင် ရွှီချင်းက ညာလက်ကို ဆတ်ခနဲ ဆန့်ထုတ်လိုက်သည်။ သူ့ညာလက်က မယှဉ်သာနိုင်လောက်အောင် မုန်းတီးခြင်းများ၊ ရူးသွပ်ခြင်းများ၊ ကြောက်ခမန်းလိလိအရှိန်အဝါများအပြည့်ဖြင့် ထိုအမျိုးသမီး၏ဝမ်းဗိုက်ကို ချက်ချင်း ထိုးခွဲသွားသည်။

သူက သက်စောင့်မီးလုံးတစ်လုံးကို ဖမ်းဆုပ်ကာ အညှာအတာမဲ့စွာ ဖိညှစ်လိုက်သည်။

ဘုန်း …

ထိုအမျိုးသမီး၏ ပါးစပ်မှ သည်းခြေခိုက်အောင် နာနာကျင်ကျင် အော်လိုက်သောအသံ ထွက်ပေါ်လာသည်။ ထိုကဲ့သို့ ပြင်းထန်သော နာကျင်မှုမျိုး သူမ၏ဘဝတွင် တစ်ခါမှ မကြုံခဲ့ဖူးပေ။ ယင်းသည် သူမ၏သက်စောင့်မီးတောက်ကို အတင်းအကြပ် ငြှိမ်းသက်ကာ နှိပ်စက်ခြင်း ဖြစ်သည်။

ယင်းသည် အဆုံးသတ် မဟုတ်သေးပေ။ ရွှီချင်းက ထိုသက်စောင့်မီးလုံးကို ဖိညှစ်ပြီးနောက် တခြားသက်စောင့်မီးလုံးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သက်စောင့်မီးလုံးနှစ်လုံးကို အပြင်သို့ တစ်ခါတည်း ဆွဲထုတ်လိုက်သည်။ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားပြီး သက်စောင့်မီးတောက်များ ပြိုကွဲသွားခြင်းကြောင့် ထိုအမျိုးသမီး၏ ကိုယ်ထဲမှ ဓမ္မတံခါးများအားလုံး ပျက်စီးသွားသည်။

ပို၍ပင် နာနာကျင်ကျင် အော်ဟစ်မြည်တမ်းသံ ထွက်ပေါ်လာသည်။

ထိုအမျိုးသမီး၏ဒွါရခုနစ်ပါးမှ သွေးများ စီးကျလာသည်။ သို့သော်လည်း ရွှီချင်း၏ အမျက်ဒေါသများက မပြေသေးပေ။ သူသည် ထိုအမျိုးသမီး၏ခေါင်းကို သူ့ခေါင်းဖြင့် တိုက်ချလိုက်သည်။ မူလက လှပချောမောသော မျက်နှာမှာ ချေမွခံလိုက်ရသော သစ်သီးတစ်လုံးအလား ပေါက်ကွဲသွားသည်။

ရွှီချင်း၏တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူသည် သုန်မှုန်နေသောအမူအရာဖြင့် ကျန်ရှိနေသေးသော ကြယ်ငါးမျိုးနွယ်ဝင်နှစ်ယောက်ကို ကြည့်လိုက်သည်။ အထူးသဖြင့် သူ့အကြည့်က မင်းသမီးအပေါ် ရောက်နေသည်။

သူ့နောက်မှ ရွှေကျီးကန်းက ဂီးခနဲ အော်မြည်လိုက်ပြီး ဘေးရှိ ခေါင်းပြတ်အလောင်းကို အရူးအမူး စုပ်ယူလိုက်သည်။ သို့သော်လည်း ၎င်းမှာ အာသာပြေသေးဟန်မတူဘဲ ကြယ်ငါးမျိုးနွယ်ဝင်မင်းသမီးကို ရက်စက်ကြမ်းကြုတ်စွာ လှည့်ကြည့်လိုက်သည်။

လရောင်အောက်၌ ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားတစ်ပါးအလား ရွှီချင်း၏ကိုယ်မှ သွေးဆာနေသော အရှိန်အဝါများ ထွက်နေသည်။ ဘေးရှိ ရွှေကျီးကန်းသည်လည်း မိုးမြေတုန်ဟီးစေသော အရှိန်အဝါများ ထုတ်လွှတ်နေသည့် နှိုင်းယှဉ်၍မရအောင် ရက်စက်ကြမ်းကြုတ်သော သားရိုင်းတစ်ယောက်အလားပင်။

“ ရွှီချင်း၊ အဲဒါက … ”

ကြယ်ငါးမျိုးနွယ်ဝင်မင်းသမီး၏ မျက်နှာ ဖြူဖျော့သွားပြီး မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ ထင်ဟပ်လာသည်။ မင်းသမီးက စကားပြောရန် ပြင်လိုက်စဉ် နောက်ဆုံးကျန်နေသေးသော ဘေးရှိ ကြယ်ငါးမျိုးနွယ်ဝင်အစောင့်အရှောက်က ပြေးထွက်သွားပြီး မင်းသမီးကို အော်ပြောလိုက်သည်။

“ မင်းသမီး၊ မြန်မြန်ပြေးတော့ ”

ထိုသို့ပြောပြီးသည်နှင့် ကြယ်ငါးမျိုးနွယ်ဝင်၏တစ်ကိုယ်လုံး ဝင်းလက်တောက်ပလာသည်။ သူက သက်စောင့်မီးလုံးများကို ထွန်းညှိလိုက်ပြီး ဓမ္မတံခါးများအားလုံးကို ဖောက်ခွဲလိုက်ရာ သူ့ကိုယ်ထဲမှ သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည့်အရှိန်အဝါများ လွင့်ပျံထွက်လာသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များပင် ဖော်၍ ဘေးပတ်လည်ရှိ အဝိုင်းပြားသုံးချပ်ကို အသက်သွင်းလိုက်သည်။

အဝိုင်းပြားသုံးချပ်သည် ကြောက်ခမန်းလိလိအရှိန်အဝါများ ထုတ်လွှတ်နေသည့် မိုးကြိုးလျှပ်စီးများအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပိုက်ကွန်ကြီးတစ်ခုဖြစ်သွားကာ ရွှီချင်းကို ဖိနှိပ်ကာ ချုပ်နှောင်လိုက်သည်။

ထိုအခြင်းအရာကို ကြယ်ငါးမျိုးနွယ်ဝင်မင်းသမီးမြင်၍ အံတင်းတင်းကြိတ်ကာ ချာခနဲ လှည့်၍ ပင်လယ်ပြင်ဘက်သို့ ပြေးထွက်သွားသည်။ ချီရွှဲ့ထုံဂိုဏ်းသို့ ပြန်မရနိုင်တော့ဘဲ တတ်နိုင်သမျှ မြန်မြန်ထွက်သွားရမည်ဖြစ်ကြောင်း သူမ သိသည်။

သို့သော်လည်း ပင်လယ်ထဲသို့ ဝင်သွားတော့မည့်အခိုက် ပင်လယ်အောက်ခြေမှ ဧရာမလိပ်ကြီးတစ်ခေါက် ချက်ချင်း ပြေးထွက်လာသည်။ ၎င်း၏မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများ၊ စိတ်ဓာတ်ကျခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုလိပ်ကြီးအား မည်သို့ ကိုင်တွယ်ရမည်မသိဘဲ သူမ ငေးကြောင်နေစဉ် ထိုလိပ်ကြီးက သွေးအေးစွာ ရယ်သွမ်းသွေးကာ သူမကို ကိုက်ချလိုက်သည်။

တချိန်တည်းမှာပင် ရွှီချင်း၏ဘေးမှ သံတုတ်နက်လေးသည်လည်း အလျင်အမြန် ပြေးထွက်လာသည်။ ထိုသံတုန်နက်လေးက အနက်ရောင်လျှပ်စီးတန်းအသွင်ဖြင့် ကြယ်ငါးမျိုးနွယ်၏ မင်းသမီးထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

တခဏလေးအတွင်း လိပ်ကြီးနှင့် ကြယ်ငါးမျိုးနွယ်မင်းသမီးတို့ တိုက်မိသွားသည်။ သံတုတ်နက်လေးသည်လည်း ချဉ်းကပ်သွားပြီး ကြယ်ငါးမျိုးနွယ်မင်းသမီးကို ထိုးဖောက်လိုက်သည်။

အဝိုင်းပြားသုံးချပ်မှ မိုးကြိုးလျှပ်စီးပိုက်ကွန်က ရွှီချင်းကို လွှမ်းခြုံကာ ချုပ်နှောင်တော့မည့်အချိန်မှာပင် ကျင်းဝူလျန့်ဝမ့်လင်အတတ်၏ အစွမ်းများ ဝုန်းခနဲ ထွက်ပေါ်လာသည်။

သူ့နောက်မှ ရွှေကျီးကန်းက ဂီးခနဲ အော်မြည်ကာ အပေါ်သို့ ပျံတက်သွားသည်။ ၎င်း၏ကြီးမားသောခန္ဓာ၊ ဖီးနစ်အမြီးနှင့် မီးတောက်နက်များက ‘弓’ ပုံစံဖြစ်နေသည်။

၎င်းက လျှပ်စီးပိုက်ကွန်ကြီးနှင့် ဝုန်းခနဲ တိုက်သွားသည်။ တခဏလေးအတွင်း လျှပ်စီးပိုက်ကွန်ကြီး စုတ်ပြတ်သွားသည်။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ ဘေးပတ်လည်ရှိ အဝိုင်းပြားများသည်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

ရွှေကျီးကန်းကြီးကို ၎င်းတို့ဖြင့် မရပ်တန့်နိုင်ပေ။

ထိုအချိန်၌ ရွှီချင်းထံမှ သက်စောင့်မီးလုံးလေးလုံးကို ယှဉ်နိုင်သော အစွမ်းများ ထွက်ပေါ်လာသည်။ သာမန်သက်စောင့်မီးလုံးနှစ်လုံးကျင့်ကြံသူတစ်ယောက်က ဓမ္မအသုံးအဆောင်တစ်ခုရှိနေသည့်တိုင်အောင် မည်သို့မျှ ဒုက္ခပေးနိုင်တော့မည် မဟုတ်ပေ။

ထို့နောက် ရွှီချင်းသည် သူ့ကိုယ်သူ ဖောက်ခွဲရန် ရည်ရွယ်ချက်ဖြင့် ပြေးလာသော ကြယ်ငါးမျိုးနွယ်ဝင် ကျင့်ကြံသူရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူက ထိုသူ၏ နဖူးကို လက်ဝါးဖြင့် ဖိနှိပ်လိုက်သည်။ ကြယ်ငါးမျိုးနွယ်ဝင် ထိတ်လန့်တုန်လှုပ်ကာ စိတ်ဓာတ်ကျသွားစဉ် ရွှီချင်းက ကြမ်းတမ်းစွာ ရှူသွင်းလိုက်သည်။

မိစ္ဆာမီးတောက် တောက်လောင်လာပြီး ဝိညာဉ်ကို အတင်းအကြပ် နှုတ်ယူသွားသည်။ အရှင်လတ်လတ် ဝိညာဉ်နှုတ်ယူခံလိုက်သည့်အဖြစ်ကြောင့် ကြယ်ငါးမျိုးနွယ်ဝင်မှာ သည်းခြေခိုက်လုမတတ်နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်။ သူ့တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေစဉ် ဝေဟင်မှ ရွှေကျီးကန်းက စုပ်ယူလိုက်သည်။

ထိုကျင့်ကြံသူ၏ ဒွါရခုနစ်ပါးမှ သွေးနှင့်ချီများ စုပ်ယူခံလိုက်ရပြီး လေထဲသို့ ပျံတက်သွားခြင်းကြောင့် ထိုကျင့်ကြံသူမှာ ချက်ချင်း အကြောဆွဲသလို ဖြစ်သွားသည်။ သူ့ဝိညာဉ်သာမက သွေးနှင့်ချီကာ နှုတ်ယူခံလိုက်ရလေပြီ။ ဖြစ်စဉ်တစ်ခုလုံး အသက်ရှူကြိမ်နှစ်ကြိမ်သာ ကြာမြင့်လိုက်ပြီး ကြယ်ငါးမျိုးနွယ်ဝင်မှာ ခြောက်ကပ်ကပ်အလောင်းတစ်လောင်း ဖြစ်သွားသည်။ မြေပြင်ပေါ်သို့ သူ ကျသွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ ပြာများဖြစ်သွားသည်။

တချိန်တည်းမှာပင် လိပ်ကြီးနှင့် သံတုတ်နက်လေးတို့၏ ဟန့်တားခြင်းခံလိုက်ရသော ကြယ်ငါးမျိုးနွယ်ဝင် မင်းသမီးမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

တခဏလေးအတွင်း သေဆုံးသွားသော သူမ၏မျိုးနွယ်ဝင်နှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ တထောင်းထောင်း ထွက်ပေါ်နေလျက် လျှောက်လာနေသော ရွှီချင်းကို သူမ လှမ်းကြည့်လိုက်သည်။

တုံယုံကျွန်းမှ ဝတ်စုံနက်မိန်းကလေးအား ရွှီချင်း တိုက်ခိုက်ခဲ့သည့်မြင်ကွင်းကို သူမ ပြန်တွေးကြည့်လိုက်သည်။ ထို့နောက် ထိုအတောအတွင်း လူဆိုးထိန်းဌာနဆိုသော အမည်က နာမည်ကြီးနေရသည့်အကြောင်းအရင်းနှင့် ကြိမ်ဖန်များစွာသွားလည်ခဲ့စဉ်အခါက ရွှီချင်း၏ နှိုင်းယှဉ်မရအောင် ချောမောသောမျက်နှာကိုလည်း သူမ တွေးကြည့်မိလိုက်သည်။

ထိုအခြင်းအရာအားလုံးကို ပေါင်းစပ်လိုက်သောအခါ ဖော်ပြ၍မရနိုင်လောက်အောင် ကြောက်ရွံ့ထိတ်လန့်လာသည်။ သူမ နောက်ဆုတ်ချင်ပါသော်လည်း နောက်ကျသွားခဲ့လေပြီ။ သူမ၏စိတ်နှင့်ခန္ဓာအား ထိန်းချုပ်မှုကင်းမဲ့သွားခဲ့သည်။ သို့ဖြစ်၍ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အခွင့်အရေးရသွားကာ သူမ၏ဝမ်းဗိုက်ကို ထိုးဖောက်လိုက်သည်။ ထို့နောက် သူက နောက်ဆုတ်ကာ သူမကို ထပ်မံထိုးဖောက်လိုက်ပြန်သည်။

ကြယ်ငါးမျိုးနွယ်မင်းသမီး၏ ပါးစပ်မှ စူးစူးဝါးဝါး အော်ဟစ်ညည်းညူသံ ထွက်ပေါ်လာသည်။ ထိုစဉ် ဘေးရှိ လိပ်ကြီးက ပါးစပ်ကြီးကို ဟ၍ ကြယ်ငါးမျိုးနွယ်မင်းသမီး၏လက်ကို စုတ်ဖြဲလိုက်သည်။

လိပ်ကြီးသည် တဂျွတ်ဂျွတ်ဝါးစားရင်း သူ့မျက်နှာပေါ်မှာ ရူးသွပ်သောအမူအရာတစ်ခု ပေါ်လာသည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် တောင်းပန်တိုးလျှိုးသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။

ထိုပင်လယ်လိပ်ကြီးသည် သဘာဝလွန်မိစ္ဆာမှလွဲ၍ တခြားသူ မဟုတ်ပေ။ ကြယ်ငါး အသတ်ခံလိုက်ရပြီးနောက် သူသည် ပင်လယ်အောက်ခြေရှိ ပင်လယ်လိပ်ကြီးထဲမှာ ပြန်ရှင်လာခဲ့သည်။ သူ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရတော့ကြောင်း သူ သိခဲ့ရသည်။

ထိုခံစားချက်မျိုးနှင့် သူ ရင်းနှီးနေခဲ့ပြီး သူ့စိတ်ထဲ ကြောက်လန့်တုန်ရီသွားခဲ့သည်။ သူ ဘာမှမလုပ်နိုင်တော့ဘဲ လိပ်ကြီးက ကမ်းပေါ်သို့ ပျော်ပျော်ကြီး တက်သွားသည်ကိုသာ စိတ်ဓာတ်ကျစွာဖြင့် ကြည့်နေခဲ့ရသည်။

ဝမ်းဗိုက်ကို ထပ်ခါထပ်ခါ ထိုးဖောက်ခံနေရပြီး စိတ်ဓာတ်ကျသွားသော ကြယ်ငါးမျိုးနွယ်မင်းသမီး၏ မျက်နှာတွင် သနားစဖွယ်အမူအရာတစ်ခု ပေါ်လာသည်။ သူမက တောင်းပန်သည့်အကြည့်ဖြင့် တစ်ကိုယ်လုံး တုန်ရီနေလျက် တရှုံ့ရှုံ့ငိုယို၍ ပြောလိုက်သည်။

“ ရွှီချင်း … ငါ့မှာလည်း ငါ့အကြောင်းနဲ့ငါ … ရှိတယ်။ ငါလည်း … ”

သူမ၏စကားမဆုံးခင် ရွှီချင်းသည် အနီးသို့ ရောက်သွားပြီး သူမကို ပိတ်ရိုက်လိုက်သည်။ သူမ၏ ညာဘက်ပါးတစ်ခြမ်း ယောင်ကိုင်းသွားသည်။ သွားများ ပြုတ်ထွက်သွားပြီး ဦးခေါင်းခွံလည်း အက်ကွဲသွားသည်။ သွေးကြောများလည်း ပြတ်တောက်သွားပြီး ခြေလက်များ အကြောဆွဲနေသည်။

ရွှီချင်း၏ ပါးရိုက်ချက်ကြောင့် သူမ၏ခန္ဓာကိုယ်ထဲမှ သက်စောင့်မီးလုံးနှစ်လုံး ငြိမ်းသက်သွားသည်။

သူမ ပြန်မကောင်းနိုင်ခင်မှာပင် ရွှီချင်းက သူမကို ပါးရိုက်လိုက်ပြန်သည်။

မိန်းကလေးမှာ နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။ ဘယ်ဘက်ပါးတစ်ခြမ်းသည်လည်း ဖူးယောင်သွားပြီး သွားဖုံးများမှလည်း သွေးများ စီးကျလာသည်။ ထိုအချိန်၌ ဦးခေါင်းခွံတစ်ခုလုံး အက်ကွဲသွားတော့မည့်ဟန်တူသည်။

သူမ၏ကိုယ်ထဲမှ လက်ကျန်သက်စောင့်မီးလုံးသည်လည်း ငြိမ်းသက်သွားသည်။ ရွှီချင်းသည် မရပ်ဘဲ သူမ၏ဝမ်းဗိုက်ပေါ်ရှိ ဒဏ်ရာကို အညှာအတာမဲ့စွာ ပိတ်ကန်လိုက်သည်။

ထိုမိန်းကလေး၏ ခန္ဓာကိုယ် အပေါ်သို့ လွင့်သွားပြီး ဒဏ်ရာများမှ သွေးများ စီးကျလာသည်။ ထိုအားကြောင့် သူမ၏ကိုယ်ထဲရှိ ဓမ္မတံခါးများအားလုံး အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရသည်။

ထိုစူးရှသောနာကျင်မှုကြောင့် သူမမှာ သတိလစ်ချင်နေသည်။ သို့သော်လည်း ရွှီချင်းက သတိလစ်မသွားစေရန် သူမ၏ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး အလျင်အမြန် ထည့်လိုက်သည်။

ထို့ကြောင့် သူမသည် နာကျင်မှုကို တောင့်ခံရင်း စူးစူးဝါးဝါး အော်ဟစ်နေရသည်။ သူမ၏မျက်နှာသည်လည်း တွန့်လိမ်ရှုံ့တွနေသည်။ သူမ၏မျက်လုံးများထဲတွင် စိတ်ဓာတ်ကျနေသည့်အမူအရာများ ရှိမနေတော့ဘဲ ရူးသွပ်ခြင်းများ၊ ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူမက ပြောရန်ပြင်လိုက်စဉ် ရွှီချင်းက ပါးစပ်ကို ပိတ်ထိုးလိုက်ရာ သွေးများ ဖွာခနဲ ပန်းထွက်သွားသည်။

ထို့နောက် ရွှီချင်းသည် ထိုမိန်းကလေးကို အေးတိအေးစက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ မိုဆာဆောကြီးက ပါးစပ်ကြီးဟ၍ ပင်လယ်လိပ်ကြီးကို တစ်ခါတည်း မျိုချလိုက်သည်။ ယင်းနောက် ၎င်းက လေထဲတွင် ပျံသန်းလာပြီး ရွှီချင်းမှာမူ ထိုမိန်းကလေးကို ခြေထောက်မှ တရွတ်တိုက်ဆွဲကာ ဂိုဏ်းသို့ လျှောက်သွားလေသည်။

ကမ်းခြေရှိ သဲများနှင့် ကျောက်စရစ်ခဲများက ထိုမိန်းကလေး၏ အသားများကို စူးရှချွန်ထက်သော ဓားပါးလေးများအလား ထိုးဖောက်နေပေရာ ထိုမိန်းကလေးမှာ ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးများအားလုံး ပျက်စီးသွားခြင်းကြောင့်သာမက ပွန်းပဲ့ရာများကြောင့်လည်း အပြင်းအထန် နာကျင်နေတော့သည်။

သူမ၏စူးစူးဝါးဝါး အော်ဟစ်သံများက လူမဆန်သောအသံများဖြစ်လာသည်။

ထိုသို့ဖြင့် ရွှီချင်းက လျှောက်သွားနေပြီး သူ့နောက်တွင် တုန်လှုပ်ချောက်ချားဖွယ်ရာ သွေးစီးကြောင်းကြီး စွဲကျန်နေခဲ့သည်။

ထိုသွေးစီးကြောင်းစီးကြီးသည် ရှည်လျားသည်ထက် ရှည်လျားလာပြီး စူးစူးဝါးဝါးအော်ဟစ်သံများမှာ အားပျော့သည်ထက် အားပျော့လာသည်။ မကြာခင် ချီရွှဲ့ထုံဂိုဏ်းရှိ မန္တန်အစီအရင်ကြီး၏ ပိုင်နက်အတွင်းသို့ ရွှီချင်း လျှောက်သွားပြီး မနီးမဝေးရှိ ခံ့ညားထည်ဝါသော မြို့ကြီးကို မြင်လိုက်ရသည်။ ထို့နောက် သူက မျက်နှာသေဖြင့် ပြောလိုက်သည်။

“ သတ္တမမြောက်လူဆိုးထိန်းဌာနရဲ့ ဌာနမှူးရွှီချင်း ဂိုဏ်းကို တင်ပြပါတယ်။ ကြယ်ငါးမျိုးနွယ် သစ္စာဖောက်သွားပါပြီ။ ဂိုဏ်းထဲမှာရှိတဲ့ ကြယ်ငါးမျိုးနွယ်ဝင်တွေအားလုံးကို ချုပ်နှောင်ဖို့ ဂိုဏ်းရဲ့မန္တန်အစီအရင်ကြီးကို တောင်းဆိုပါတယ်။ ထွက်ပြေးခွင့်မရှိသလို တည်နေရာရွှေ့ပြောင်းခွင့်မရှိစေရ။ အပြင်လောကို သတင်းစကား ပို့လို့မရအောင် ချက်ချင်း ချုပ်နှောင်ပေးပါ ”

သူ့စကားဆုံးသည်နှင့် ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီးက သူ့ကို စစ်ဆေးနေသည့်အလား ချက်ချင်း တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ တခဏလေးအတွင်း ဆဋ္ဌမမြောက်တောင်ထိပ်မှ အိုမင်းရင့်ရော်ကာ အသက်ရှူမြန်နေဟန်တူသော အသံတစ်သံထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

“ ခွင့်ပြုတယ် ”

ထိုအသံနှင့်အတူ ချီရွှဲ့ထုံဂိုဏ်း၏မန္တန်အစီအရင်ကြီး အသက်ဝင်သွားပြီး ချက်ချင်း ချုပ်နှောင်လိုက်သည်။ တချိန်တည်းမှာပင် ချီရွှဲ့ထုံဂိုဏ်းထဲမှ လူရိပ်များစွာ ပျံထွက်လာပြီး ရွှီချင်းထံ သွားကြလေသည်။

အမြန်ဆုံးမှာ ဆဋ္ဌမမြောက်တောင်ထိပ်မှ ထွက်လာသော ဆဋ္ဌမမြောက်တောင်သခင်ကြီး ဖြစ်သည်။ သူက ခြေလှမ်းတစ်လှမ်းဖြင့် ရွှီချင်းရှေ့သို့ ရောက်သွားသည်။ ယွမ်ယင်အဆင့်ကျင့်ကြံခြင်းအခြေခံကြောင့် သူသည် နေတစ်စင်းပမာဖြစ်နေပြီး သူ့ကိုယ်မှ ထွက်ပေါ်နေသော အပူငွေ့များနှင့် ရူးသွပ်ခြင်းများကြောင့် ဘေးပတ်လည်ရှိ အရာအားလုံး တွန့်လိမ်ရှုံ့တွနေသည်။

“ ရွှီချင်း၊ မင်း ဘာတွေ့ခဲ့လဲ ”

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ယွမ်ယင်အဆင့်ကျင့်ကြံခြင်းအငွေ့အသက်များကို ကြိတ်မှိတ်တောင့်ခံလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။

“ ဆဋ္ဌမမြောက်တောင်သခင်ကြီးခင်ဗျာ၊ သူ့ဝိညာဉ်ကို ရှာကြည့်ရင် သိပါလိမ့်မယ် ”

ရွှီချင်းသည် ပြောပြီးသည်နှင့် သူ့နောက်ရှိ မင်းသမီးကို ဆဋ္ဌမမြောက်တောင်သခင်ကြီးထံ ပစ်ပေးလိုက်သည။ ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ အသက်ရှူသံများ မြန်ဆန်လာသည်။ တခြားတောင်သခင်များဆိုပါက ရွှီချင်း၏စကားများဖြင့် မိန်းကလေး၏ ဝိညာဉ်ကို ရှာဖွေကြမည် မဟုတ်ပေ။ သို့သော်လည်း သူက မတူပေ။

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် တွေဝေမနေဘဲ ကြယ်ငါးမျိုးနွယ်မင်းသမီး၏ နဖူးပေါ်သို့ ညာလက်ကို ဖိချလိုက်ပြီး ဝိညာဉ်အား ရှာဖွေလိုက်သည်။

ခဏအကြာ ခေါင်းဆောင်နှင့် တခြားလူများလည်း ရောက်လာသည်။ ထိုမြင်ကွင်းကို သူတို့ မြင်သောအခါ လေးနက်တည်ကြည်သွားသည်။ သူတို့က ရွှီချင်း၏ဘေးတွင် တိတ်ဆိတ်စွာ စောင့်လိုက်ကြ၏။ ခေါင်းဆောင်သည် စူးစူးဝါးဝါး အော်ဟစ်နေသော ကြယ်ငါးမျိုးနွယ်မင်းသမီးကို ကြည့်လိုက်ပြီးနောက် လူသတ်ငွေ့များ တဟုန်းဟုန်း ထွက်နေသေးသည့် မျက်နှာသေနှင့်ရွှီချင်းအား ကြည့်လိုက်သည်။ ထို့နောက် ရွှီချင်း၏ပခုံးကိုပုတ်၍ သူ ပြောလိုက်သည်။

“ ချင်းလေး၊ ဒီကိစ္စ မင်းကို လွှဲပေးလိုက်ပြီ ”

All Chapters