ဗလာနယ်မိုးကြိုးအတတ်ပညာ
Vol. 10 Ch. 136
အခန်း ၁၃၆ - ဗလာနယ်မိုးကြိုးအတတ်ပညာ
Translator – Than Toe Aung
ပကတိအင်မော်တယ်ဆိုတာ ဘာလဲတော့ ဆူဇီမိုလည်း မသိပေ။ သို့သော်လည်း သူသိတာတစ်ခုတော့ရှိ၏။ တျဲယွဲ့က စီနီယာကြိုးကြာထက် ပို၍ သန်မာလေသည်။
သန်မာတာမှ အများကြီး အများကြီး ပို၍ သန်မာလေသည်။
ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ဆူဇီမိုက မေးလိုက်၏။
“စီနီယာ.. ကျုပ်က ကျုပ်ကိုယ်ထဲက သားရဲချီတွေကို ဒီနေရာက မိုးကြိုးကိုသုံးပြီးတော့မှ မဖယ်ရှားနိုင်ဘူးဆိုရင်.. ကျုပ်က ဒီနေရာမှာပဲ တစ်သက်လုံး နေနေရတော့မှာလား”
ဘာပဲပြောပြော သူမသည် သူ့ကို လမ်းညွှန်မှုတစ်ခုပေးရုံမျှသာ ဖြစ်လေသည်။ သူ့ကိုယ်ထဲက ပဋိပက္ခကို တစ်ကယ်တမ်း ဖြေရှင်းဖို့ကတော့ ဆူဇီမိုသည် သူ့ဘာသာသူ ကြံဆရပေမည်။
“တစ်နှစ်.. တစ်နှစ်ပဲ.. ငါမင်းကို အချိန်ပေးမယ်”
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ဆက်ပြောလိုက်၏။
“တစ်နှစ်နေလို့မှ မင်းအဲ့ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် ငါတို့ နောက်တစ်နည်းရှာဖို့ ကြံဆရတာပေ့ါ”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ဘာမှ စိတ်ပျက်စရာ မရှိပါဘူး.. အရင်တုန်းက အဲ့လူတောင် လုပ်နိုင်ခဲ့သေးတာပဲ.. မင်းရဲ့ အရည်အချင်းက သူ့အောက်လုံးဝ မကျပါဘူး.. သူတောင်လုပ်နိုင်ခဲ့သေးရင် မင်းလဲ လုပ်နိုင်ရမှာပေါ့” အနီရောင်ဆံပင်နှင့် အမျိုးသမီးက သူ့ကို နှစ်သိမ့်အားပေးပြီးနောက် ထွက်ခွာသွားလေတော့၏။
သူ့ဘေးလည်မှ အဟန့်အတားက ပျောက်ကွယ်သွားသောအခါ မိုးကြိုးသံများက တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းဖြင့် ဆူဇီမို၏ နားထဲသို့ တုန်လှုပ်ဖွယ်ရာ နောက်တစ်ဖန်ပြန်၍ ဝင်ရောက်လာလေသည်။
တောင်ကြားနေရာက သိပ်မကျယ်ဝန်းလှပေ။ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း သူနားနေနိုင်သည့်နေရာ တစ်နေရာမျှ ရှာမတွေ့ပေ။ ထို့နောက် သူသည် တင်ပျဉ်ခွေခြေချိတ်ထိုင်လိုက်ပြီး တောင်ကြားထဲမှ တစ်ဝုန်းဝုန်း မိုးကြိုးသံများကို နားထောင်ကာ ၎င်းထဲရှိ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်၏။
နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။
ဆူဇီမိုသည် မိုးကြိုးထစ်ချုန်း တောင်ကြားတွင် ထိုင်နေဆဲဖြစ်ပြီး သူ့ကျင့်ကြံမှုအဆင့်က လုံးဝ တိုးတက်လာခဲ့ခြင်း မရှိပေ။ သူ့ကိုယ်တွင်းရှိ သားရဲချီများသည်လည်း ရှိနေဆဲဖြစ်ပြီး လျော့ပါးဖို့ အရိပ်အယောင် နည်းနည်းလေးမျှတောင် မပြသေးပေ။
ဤအချိန်များအတွင်း စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့သည် သူ့ဆီသို့ ခိုး၍ အလည်လာကာ စားစရာများကို သယ်ယူလာခဲ့ကြ၏။
ပုံမှန်အားဖြင့်တော့ မိုးကြိုးထစ်ချုန်းတောင်ကြားတွင် အကျဉ်းချခံထားရသောသူဆီသို့ မည်သည့်တပည့်များကိုမျှ အလည်အပတ်သွားခွင့် မပေးချေ။
သို့သော်လည်း ကြိုးကြာလေးက ဂိုဏ်းတွင်းတွင် အတော်အတန်မြင့်မားသော အဆင့်အတန်းရှိ၏။ ထို့အပြင် စိတ်ဝိညာဉ်ကျားနှင့် သူ့ကို ဂိုဏ်းသားတပည့်များအဖြစ် သတ်မှတ်လို့ မရချေ။
ကြိုးကြာလေးသည် ယခင်က ဆူဇီမို၏ ဝင်္ကပါထဲတွင် ပိတ်လှောင်ထားခြင်း ခံခဲ့ရသော်လည်း.. ဆူဇီမို၏ ဆေးလုံးများသည် သူသည် အတော်အတန် အကျိုးအမြတ် ဖြစ်ထွန်းခဲ့၏။ ယခုအခါ ဆူဇီမိုသည် သနားစရာ အခြေအနေတွင် ကျရောက်နေသောအခါ ဆူဇီမိုအပေါ် သူ၏ အမြင်နှင့် စိတ်နေသဘောထားကလည်း လုံးဝပြောင်းလဲသွားခဲ့ချေပြီ။
တစ်ခဏအတွင်းမှာပင် တစ်လတာက ကုန်ဆုံးသွားပေပြီ။
မိုးကြိုးထစ်ချုန်းတောင်ကြားတွင် ဆူဇီမိုသည် မျက်လုံးဖွင့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။
သူသည် မည်သို့မှ သဲလွန်စရှာမရ ဖြစ်နေတုန်းပင်။
ဤအတိုင်းသာ ဆက်သွားနေလျှင် သူသည် တစ်နှစ်မပြောနှင့်၊ ဆယ်နှစ်ကြာလျှင်တောင် ဘာမှ တိုးတက်လာမှာ မဟုတ်ပေ။
“အင်း.. ကြည့်ရတာတော့ အဲ့ဒီ စွမ်းအားကြီးတဲ့သက်ရှိက ငါ့ထက်အများကြီး ပိုထက်မြက်ပုံရတာပဲ”
ဆူဇီမိုသည် သူ့ကိုယ်သူ အားမလိုအားမရစွာဖြင့် ရယ်မော၍ ညည်းညူ အပြစ်တင်လိုက်၏။
ထိုလူအကြောင်းကို စဉ်းစားလိုက်မိပြီးနောက် သူသည် သိုလှောင်အိတ်ထဲမှ ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ထုတ်ယူကြည့်လိုက်၏။
မိုးကြိုးထစ်ချုန်းတောင်ကြားတွင် မည်သူမျှ မရှိသောကြောင့် သူသည် အခြားသူများ မြင်တွေ့သွားမည်ကို စိုးရိမ်နေစရာမလိုပေ။ သူသည် မတ်တပ်ထရပ်လိုက်ပြီး သွေးစွမ်းအားကို လှည့်ပတ်လိုက်သောအခါ ချက်ချင်းပင် သူ့သွေးကြောများသည် ဖောင်းကြွလာပြီး သူ့ခန္ဓာကိုယ်က ပြန့်ကားကြီးမားလာ၏။
ယခုအချိန် သူ့ခန္ဓာကိုယ်မှ ရုန်းကြွထွက်ပေါ်လာသော စွမ်းအားများသည် ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်လိမ့်မည့်အလား ဆူဇီမို ထင်မိနေ၏။
ထိုစွမ်းအင်သည် အခြေတည်အဆင့်သို့ တက်လှမ်းသွားခဲ့သော ဖုန်ဟောက်ယွီကိုပင် အနိုင်တိုက်နိုင်စွမ်း ရှိခဲ့၏။
အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက် ဆူဇီမိုသည် သူ့လက်နှစ်ဖက်ဆီသို့ ခွန်အားများကို ပို့လွှတ်ကာ ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို မ,ယူလိုက်ပြီး သေချာ ချိန်ဆကြည့်လိုက်၏။
သူသည် ထိုပျက်ဆီးနေသော မူလလက်နက်ကို ရရှိခဲ့ပြီးကတည်းက သေချာချိန်ဆ ကြည့်ရှုမိသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်လေသည်။
ဆန်းကြယ်ရွှေပိုးချပ်ဝတ်က အတော်လေး ပါးလျပြီး ကိုင်ရသည်မှာ အင်မတန် နူးညံ့ချောမွတ်လှ၏။ ထိုကိုယ်ကျပ်ချပ်ဝတ်က ငါးတန်လောက် လေးနေသည်မှာ စဉ်းစားကြည့်လိုပင် မရချေ။
ဆူဇီမိုသည် ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို သေချာချိန်ဆ၍ အကဲခတ်ကြည့်ရှုနေစဉ်မှာပင် ၎င်းအတွင်းမှ စာရွက်နှစ်ရွက်က လျှောကျလာလေ၏။
“ဟမ်”
ဆူဇီမိုသည် အာမေဋိတ်သံတစ်ချက်ပြု၍ ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ပြန်ချထားလိုက်ပြီး စာရွက်နှစ်ရွက်ကို ကောက်ယူကြည့်လိုက်၏။
စာရွက်နှစ်ရွက်စလုံးက အနည်းငယ် ဟောင်းနွမ်းနေဟန်ရပြီး ရှေးကျသောအော်ရာတစ်မျိုးက ထွက်ပေါ်နေ၏။ စာရွက်နှစ်ရွက်ထဲမှ တစ်ရွက်မှာ စုတ်ပြဲနေပြီး တစ်ယောက်ယောက်က စာရွက်အောက်ပိုင်းကို ဖြဲဆုတ်၍ ယူဆောင်သွားသည်မှာ ထင်ရှားလေသည်။
ပထမစာရွက်တွင် စာကြောင်းအနည်းငယ်သာရှိပြီး ဒုတိယစာရွက်တွင်တော့ လက်ရေးစာဖြင့် အတော်အတန်ရေးထားလေသည်။
ဆူဇီမိုသည် ပထမစာရွက်ကို ဖတ်ကြည့်လိုက်၏။
“ဤအရာသည် ရှေးခေတ်အပျက်အဆီးနေရာတစ်ခုမှ ကျွန်ုပ်ရှာတွေ့ခဲ့သော ဗလာနယ်မိုးကြိုးပညာရပ်ပင် ဖြစ်လေသည်။ ၎င်းသည် မပြည့်စုံသော်လည်း ၎င်းထဲတွင် မိုးကြိုးခြင်ဆီရှင်းလင်းခြင်း အပါအဝင် အတော်လေးအစွမ်းထက်သည့် အခြားသော မိုးကြိုးဆိုင်ရာ အတတ်အပညာရပ်အချို့ ပါဝင်လေသည်။ ကျွန်ုပ်နှင့် ရေစက်ဆုံသောသူသည် ဤကျမ်းစာရွက်ကို ရပါစေဟု ချန်ရစ်ခဲ့ပါ၏။”
ထိုစာကြောင်းကို မြင်သောအခါ ဆူဇီမိုသည် နားလည်သွား၏။
သူထင်တာမမှားလျှင် စုတ်ဖြဲထားသော ဒုတိယစာရွက်တွင် ဗလာနယ်မိုးကြိုးပညာရပ်ကို မှတ်တမ်းတင်ထားပေလိမ့်မည်။
ဤစာရွက်နှစ်ရွက်သည် တစ်ချိန်က ဂိုဏ်း၏ စွမ်းအားကြီးသောသက်ရှိ ချန်ထားရစ်ခဲ့သည် အရာဖြစ်၏။
ဆူဇီမို၏ အမူအယာသည် စိတ်ခံစားချက်ပေါင်းစုံဖြင့် ရောထွေးနေ၏။
ဤနှစ်များအတွင်း ဆန်းကြယ်ရွှေပိုးချပ်ဝတ်သည် တစ်ချိန်လုံးတောက်လျှောက် စိတ်ဝိညာဉ်လက်နက်တိုက်ထဲတွင် ဖုန်အလိမ်းလိမ်းတက်၍ နေခဲ့၏။
သူ့လိုမျိုး သားရဲကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူသာ ပေါ်မလာခဲ့လျှင် မည်သူကမျှ ဤချပ်ဝတ်ကို သွားထိကြမည်မဟုတ်ဘဲ အထဲက လျှို့ဝှက်ချက်ကိုလည်း ရှာတွေ့ကြမည်မဟုတ်ပေ။
စိတ်ဝိညာဥ်လက်နက်တိုက်ထဲသို့ ဝင်ခွင့်ရသူ ချီစုဖွဲ့စစ်သည်တော်တိုင်းသည် သူတို့အတွက် လတ်တလော အသုံးဝင်နိုင်မည့်လက်နက်များကိုသာ ရွေးချယ်ကြပေလိမ့်မည်။ မည်သူကများ ဤဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို ရွေးချယ်ပါမည်လဲ။
မည်သည့်ချီစုဖွဲ့စစ်သည်တော်မျှ ၎င်းကို အသုံးပြုနိုင်ကြမည် မဟုတ်ပေ။
ခန္ဓာမီးဆေးခြင်းနည်းစနစ်များကို လေ့ကျင့်ထားသော ရွှေအူတိုင်အဆင့်များဆိုလျှင်ပင် သူတို့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအရ.. ပျက်ဆီးကျိုးပဲ့နေသော မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို စိတ်ဝင်တစား ကြည့်ရှုကြလိမ့်မည် မဟုတ်ပေ။
ဤအရာသည် ကြုံတောင့်ကြုံခဲ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လေသည်။
ထိုသူ ဖော်ပြခဲ့သော ‘ရေစက်ဆုံသောသူ’ဟူသည့် စကားလုံးသည် ဤနေရာတွင် အတော်လေးကို သင့်လျော်လျောက်ပတ်မှုရှိသည်ဟု ထင်ရလေသည်။
ဆူဇီမိုသည် ပြုံးလိုက်၏။
ဤစွမ်းအားကြီးသောသက်ရှိက အတော်လေးကို ထူးခြားသော စိတ်နေသဘောထားရှိလေသည်။
သူသည် ဂိုဏ်းကို သစ္စာဖောက်ခဲ့သော်လည်း ထိုကဲ့သို့သော သွယ်ဝိုက်သောနည်းလမ်းကိုသုံးကာ ဤနည်းစနစ်အား ဂိုဏ်းတွင်းရှိ ရေစက်ဆုံမည့်သူတစ်ယောက်အတွက် ချန်ထားခဲ့သေးလေသည်။
တစ်ကယ်တမ်းပြောရလျှင် ဆူဇီမိုသည် ယခုမှ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းကာစသာ ရှိသေးပြီး သူသင်ယူဖူးသော တစ်ခုတည်းသောနည်းစနစ်မှာ ချီစုဖွဲ့မှုကျမ်းတစ်ခုသာ ရှိလေသည်။ သူသည် မည်သည့် စိတ်ဝိညာဉ်ပညာရပ်မျိုးကိုမျှ မသင်ယူဖူးသေးပေ။ ထို့ကြောင့် သူသည် မိုးကြိုးအသံမှတစ်ဆင့် တစ်စုံတစ်ရာကို မည်သို့ နားလည်လာနိုင်ပါမည်လဲ။
တစ်ခါက ဂိုဏ်း၏ စွမ်းအားကြီးသောသက်ရှိတုန်းကလည်း ထို့အတူပင် ဖြစ်ပေလိမ့်မည်။
သူသည် ဗလာနယ်မိုးကြိုးကျမ်းကိုသာ မရခဲ့လျှင် သူ့ကိုယ်ထဲရှိ သားရဲချီများကို ရှင်းထုတ်ပစ်နိုင်မှာ မဟုတ်ဘဲ မိုးကြိုးထစ်ချုန်းတောင်ကြားတွင်သာ ပိတ်မိနေပေလိမ့်မည်။
ဆူဇီမို အတွေးလွန်နေတုန်းမှာပင် သူ့လက်ထဲရှိ ပထမစာရွက်သည် ကြေမွပျက်ဆီးသွားပြီး လေထဲသို့ လွင့်ကာပျောက်ကွယ်သွားလေသည်။
အချိန်ကာလများစွာကို ဖြတ်သန်းလာခဲ့ရသောကြောင့် စာရွက်သည် ဟောင်းနွမ်းဆွေးမြည့်နေပြီး မိုးကြိုးသံများ၏ တုန်ခါလှိုင်းနှင့် ထိတွေ့မိသောအခါ ဖုန်မှုန့်ဖြစ်သွားခဲ့ရပေသည်။
ပြောရလျှင် ဒုတိယစာရွက်သည်လည်း အိုးမင်းဟောင်းနွမ်းနေပြီဖြစ်၏။ သို့သော်လည်း ၎င်းက ဘာမှ မဖြစ်ပေ။
ဆူဇီမိုသည် ထိုစာရွက်ကို သေချာစွာ ပွတ်သပ်ကြည့်လိုက်သောအခါ ၎င်းသည် တစ်မူထူးခြားသောပစ္စည်းတစ်ခုနှင့် ပြုလုပ်ထားတာဖြစ်ကြောင့် သိရှိလိုက်ရ၏။ ၎င်းသည် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အလိုက်သင့် ချုံ့နိုင်ဆန့်နိုင်စွမ်းရှိ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာတောင် ၎င်းအပေါ်ရှိ လက်ရေးက ကောင်းမွန်ထင်ရှားစွာ မြင်ရနိုင်နေဆဲဖြစ်၏။
စာရွက်၏အောက်ပိုင်းသည် စုတ်ဖြဲခံထားရသည်ကို ကြည့်နေရင်း.. ဆူဇီမိုတွင် အတွေးတစ်ချက်ပေါ်လာပြီး သူ့လက်နှစ်ဖက်ဖြင့် စာရွက်ကိုကိုင်၍ အားစိုက်ကာ စုတ်ဖြဲကြည့်လိုက်၏။
၎င်းက မည်သို့မျှ မနေပေ။
ယခုအချိန်တွင် ဆူဇီမိုသည် သားရဲသွင်ပြင်နှင့် ရှိနေပြီး သူ့ကိုယ်ကာယခွန်းအားက စိတ်ဝိညာဉ်လက်နက်တုတစ်ခုကိုပင် ကိုင်ချိုးပစ်ဖို့ လုံလောက်လေသည်။
သို့သော်လည်း ထိုစာရွက်လေးကတော့ ပကတိအကောင်းအတိုင်းပင်။
‘ရှေးခေတ်အပျက်အစီးတဲ့လား’
ရုတ်တရတ် ဆူဇီမိုသည် အားကြီးသောသက်ရှိ ချန်ထားရစ်ခဲ့သော စာပါအကြောင်းအရာနှင့် ပတ်သတ်၍ အတွေးနက်နဲ နစ်မြောသွား၏။
စီနီယာကြိုးကြာ ပြောခဲ့ပုံအရဆိုလျှင် ထျန်ဟွမ်ကမ္ဘာသည် ခေတ်နှစ်ခုကို ဖြတ်ကျော်ခဲ့ရ၏။ ၎င်းတို့မှာ ကမ္ဘာဦးခေတ်နှင့် ရှေးခေတ်တို့ ဖြစ်လေ၏။
ဆူဇီမို၏ မျက်လုံးက လင်းလက်သွား၏။
ရှေးခေတ်က ဗလာနယ်မိုးကြိုးကျမ်းကို မှတ်တမ်းတင်ထားသော စာရွက်ကပင် ဤမျှ ထူးခြားနေသည်ဆိုမှတော့ ဤနည်းစနစ်က အမှန်တစ်ကယ် အံ့ဖွယ်သရဲ အစွမ်းထက်နိုင်လေသည်။
ဆူဇီမိုသည် စာရွက်မှာ ပါရှိသည့် အကြောင်းအရာများကို စတင်ဖတ်ရှုကြည့်လိုက်၏။
ပထမဆုံးစာကြောင်း... မိုးကြိုးခြင်ဆီရှင်းလင်းခြင်းသုတ္တန်!
ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။
ဆူဇီမိုသည် ယခုလက်ရှိ အန္တိမနတ်ဆိုးသားရဲကျင့်စဉ်၏ ခြင်ဆီသန်စင့်ခြင်းအပိုင်းးကို လေ့ကျင့်နေ၏။ ဤစာမျက်နှာပါ နည်းစနစ်သည် ခြင်ဆီကို သန့်စင်ရသော နောက်ထပ်သုတ္တန်တစ်ခုပင် ဖြစ်ပေလိမ့်မည်။
သူသည် ဤသုတ္တန်နှစ်ခုကို ပေါင်းစပ်၍ လေ့ကျင့်ပါက သူ့ကိုယ်ထဲက ပဋိပက္ခကို ဖြေရှင်းနိုင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်၏။
သူ့ရင်ထဲက ထွက်ပေါ်လာသော ရင်ခုန်စိတ်လှုပ်ရှားမှုများကို ဖိနှိမ်လိုက်ပြီး ဆူဇီမိုသည် တစ်ဒိုင်းဒိုင်း တစ်ဂျိန်းဂျိန်း ပစ်ချနေသော မိုးကြိုးသံများအလယ်တွင် မိုးကြိုးခြင်ဆီရှင်းလင်းခြင်းသုတ္တန်ကို စတင်ကျင့်ကြံလိုက်၏။