အသွင်ပြောင်းလဲခြင်း
Vol. 10 Ch. 137
အခန်း ၁၃၇ - အသွင်ပြောင်းလဲခြင်း
ရက်အနည်းငယ် ကြာပြီးနောက်...
မိုးကြိုးထစ်ချုန်းတောင်ကြားတွင်.. အစိမ်းရောင်၀တ်စုံနှင့် စာပေသမားလေးသည် မြေပြင်တွင် ထိုင်နေရင်း ၀င်လေထွက်လေ ရှူရှိုက်လိုက်တိုင်း ထူးဆန်းသောအသံများက ထွက်ပေါ်လာနေ၏။
"ဟမ့်.. ဟုံမ်.. ဂျိန်း..."
ထိုအစိမ်းရောင် စာပေသမားလေး၏ ဘေးတွင် တစ်စုံတစ်ယောက်သာ ရှိပါက.. အသက်ရှူသွင်းရှူထုတ်လိုက်တိုင်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာနေသော ကျားနှင့် ကျားသစ်တို့၏ အသံကို ကြားရပြီး တုန်လှုပ်ချောက်ချားသွားပေလိမ့်မယ်။
ကျားသံနှင့် ကျားသစ်သံတို့၏ ကြားထဲတွင် တစ်ဂျိန်းဂျိန်းမြည်နေသော မိုးချုန်းသံများလည်း ပါ၀င်လေသည်။
ဖမ်းစားနိုင်စွမ်း၊ ခြိမ်းခြောက်နိုင်စွမ်းများဖြင့်.. မတူခြားနားသော အသံနှစ်မျိုးသည် သူ၏ ရိုးတွင်းခြင်ဆီများကို တုန်ခါစေပြီး သွေးအသစ်များကို ဖန်တီးပေးနေလေသည်။
သူ၏ သွေးများကို လည်ပတ်စေလိုက်သောအခါ ဆူနာမီကဲ့သို့ အသံများက ထွက်ပေါ်လာ၏။
ဗလာနယ်မိုးကြိုးပညာရပ်ကို ကျင့်ကြံရခြင်းက ဆူဇီမို တွေးထင်ထားသည်ထက် များစွာပို၍ လွယ်ကူနေ၏။
အန္တိမနတ်ဆိုးသားရဲနည်းစနစ်၏ ခြင်ဆီသန့်စင်ခြင်းအပိုင်းဖြစ်စေ၊ ဗလာနယ်မိုးကြိုးအတတ်ပညာမှ မိုးကြိုးခြင်ဆီရှင်းလင်းခြင်းသုတ္တန်ဖြစ်စေ.. အဓိက အခြေခံသဘောတရားမှာ အသံစွမ်းအင်ကိုသုံးပြီး ရိုးတွင်းခြင်ဆီများကို တုန်ခါစေကာ သွေးအသစ်များကို ဖန်တီး၍ သွေးဖလှယ်ဖို့ ဖြစ်လေသည်။
ခြင်ဆီသန့်စင်ခြင်းအပိုင်းနှင့် စုတ်ဖြဲထားသော စာရွက်ပိုင်းမှသုတ္တန်ကို အခြေခံ၍ ဆူဇီမိုသည် ၎င်း၏နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုကို လျှင်မြန်စွာ ဖမ်းဆုပ်မိလာ၏။
အခြားသူများအတွက်တော့ မိုးကြိုးထစ်ချုန်းတောင်ကြားက သည်းမခံနိုင်ဖွယ်၊ မခံမရပ်နိုင်ဖွယ် ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း မိုးကြိုးခြင်ဆီရှင်းလင်းခြင်းကို ကျင့်ကြံနေသော ဆူဇီမိုအတွက်တော့ ၎င်းက နတ်ဘုရားများ ကောင်းချီးပေးထားသော ဆုလာဒ်ပင် ဖြစ်လေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုသည် မိုးကြိုးခြင်ဆီရှင်းလင်းခြင်းကို ခြင်ဆီသန့်စင်ခြင်းအပိုင်းထဲသို့ ရောနှောပေါင်းထည့်လိုက်ပြီး သူ့ကိုယ်ပိုင် တစ်မူထူးခြားသော ၀င်လေထွက်လေရှူရှိုက်ခြင်း နည်းစနစ်တစ်ခုကို ပြုလုပ်နိုင်ခဲ့၏။ ၎င်းမှာ ကျား၊ကျားသစ်၊မိုးကြိုးအသံ နည်းစနစ်ပင် ဖြစ်လေသည်။
သူ့ကိုယ်တွင်းရှိ သားရဲချီများကို မိုးကြိုးအစွမ်းက တစ်ဖြည်းဖြည်းချင်း ရှင်းထုတ်ပစ်သွားတာကို ဆူဇီမိုသည် ကောင်းစွာ ခံစားမိနေ၏။
သို့သော်လည်း သူ့သွေးထဲရှိ စွမ်းအားများကတော့ ပျောက်ကွယ်မသွားဘဲ ကျန်ရစ်ခဲ့၏။
ထို့အပြင် မိုးကြိုးခြင်ဆီရှင်းလင်းခြင်း၏ အစွမ်းဖြင့် သူ့ကိုယ်ထဲရှိ သွေးစွမ်းအားသည် ပို၍ သန်မာအစွမ်းထက် ကြောက်စရာကောင်းလာ၏။
တစ်လတာ အချိန်အတွင်းလေးမှာပင် ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် စဦးအောင်မြင်မှုကို ရရှိလာခဲ့၏။
မဟာအရိုင်းကမ္ဘာမှ သားရဲနတ်ဆိုးဘုရင်၁၂ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် ဖော်ပြထားသည်မှာ ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် စဦးအောင်မြင်မှုကို ရရှိပါက ထိုသူသည် အစောပိုင်း အခြေတည်အဆင့်တစ်ယောက်ကို အလွယ်တစ်ကူ သတ်ဖြတ်နိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး အလယ်အလတ်အခြေတည်အဆင့်တစ်ယောက်ကိုပင် ခွန်အားအရာမှာ ယှဉ်တိုက်နိုင်စွမ်းရှိလာလိမ့်မည်ဟူ၍ပင်။
သို့သော်လည်း ဆူဇီမို၏ အနေအထားက အနည်းငယ် ကွဲပြားခြားနား၏။
သူသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းကို မိုးကြိုးခြင်ဆီရှင်းလင်းခြင်းနှင့် တွဲဖက်၍ လေ့ကျင့်လိုက်သောကြောင့် သူ့တွင် ပြင်းထန်အားကောင်းသော မိုးကြိုးစွမ်းအင်က ထပ်ပေါင်းတိုးလာပြီး သူ့သွေးစွမ်းအားကလည်း များစွာပို၍ မြင့်တက်လာ၏။ ထို့ကြောင့် သူသည် နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိလာ၏။
သို့သော်လည်း တစ်ကယ်တမ်းတော့ ထိုအရာက ခွန်အားအရာမှာ နှိုင်းယှဉ်မှုသာ ဖြစ်လေသည်။
တစ်ကယ်တမ်း တိုက်ခိုက်ကြမည်ဆိုလျှင် ခွန်အားတစ်ခုတည်းက တိုက်ပွဲ၏အဖြေကို ဆုံးဖြတ်ပေးနိုင်ချင်မှ ပေးနိုင်လိမ့်ပေမည်။
တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းတောင်ကြားတွင် ရောက်နေခဲ့သည်မှာ သုံးလတာ ရှိသွားလေပြီ။
ဤကာလအတွင်း သူ့စိတ်ကို အပျော်ရွှင်ရဆုံး ဖြစ်စေသည်မှာ သူ့သွေးထဲရှိ သားရဲချီများက လုံး၀အလျှင်း အဝေးသို့ ထွက်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
ကျား၊ကျားသစ်၊မိုးကြိုးဟိန်းသံကို ကျင့်ကြံပြီးနောက် အသစ်ဖြစ်ပေါ်လာသောသွေးများထဲတွင် သားရဲချီများက ပါ၀င်နေသေး၏။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းတို့ကို မိုးကြိုးဟိန်းဟံက အဝေးသို့ ရှင်းထုတ်ပစ်လိုက်၏။
ယခုအခါ ဆူဇီမိုသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နိုင်ရုံသာမက သူ့၏ သွေးစွမ်းအားကိုလည်း နောက်ဆံတင်း ထိန်ချန်ထားစရာမလိုဘဲ စိတ်ရှိလက်ရှိ ထုတ်ဖော်နိုင်ပေပြီ။
ဤအရာသည် သူ၏ အကြီးမားဆုံး ဝှက်ဖဲတစ်ချပ် ဖြစ်လာခဲ့ပေပြီ။
ဤနေ့မှစ၍ ဆူဇီမိုသည် အတွင်းတွင် ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို ၀တ်ဆင်လိုက်ပြီး အပေါ်ကနေ အစိမ်းရောင်၀တ်စုံကို ထပ်၀တ်လိုက်၏။ သူသည် ၅တန်ရှိသော အလေးချိန်ကို သယ်ပိုးထားပြီး မိုးကြိုးထစ်ချုန်းတောင်ကြားတွင် ခက်ခဲပင်ပန်းကြမ်းတမ်းစွာ လေ့ကျင့်နေလိုက်၏။
အစပထမတော့ ဆူဇီမိုသည် ထိုအရာနှင့် နေသားမကျသေးပေ။
ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို ၀တ်ဆင်ထားရခြင်းကား တောင်တစ်လုံးကို ထမ်းပိုးထားရသလိုပင်။ ၎င်းနှင့်အတူ သွားလာလှုပ်ရှားရသည်မှာ အင်မတန်ခက်ခဲပြီး သူသည် သတ်ဖြတ်ခြင်းတိုက်ကွက်များကို ဖော်ထုတ်နိုင်ခြင်း မရှိပေ။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ သွေးစွမ်းအားသည် ပိုမိုအားကောင်းလာပြီး ဆူဇီမိုသည် ၎င်းနှင့်အတူ နေသားကျလာ၏။ သူသည် ထသွားထလာ လှုပ်ရှားသည့်အခါ ထိုအရာကို ရှိသည်ဟုပင် မထင်ရတော့ပေ။
အခုနေ တစ်ယောက်ယောက်က ဆူဇီမိုကို ကြည့်လိုက်လျှင်တောင် သူသည် ၅တန်လောက်လေးသော ကိုယ်ကျပ်ချပ်၀တ်ကို ၀တ်ဆင်ထားသည်ဆိုတာ သိရလိမ့်မယ်မဟုတ်ပေ။
ထိုကဲ့သို့ ခန္ဓာကိုယ်ကို နှိပ်စက်ပင်ပန်းစေ၍ လေ့ကျင့်လိုက်သောကြောင့် သူ၏ အရေ၊ အသား၊ အရွတ်နှင့် အရိုးများသည် သိသာထင်ရှားစွာ သန်မာကြံ့ခိုင်လာလေသည်။
ထို့မျှသာမက အန္တိမနတ်ဆိုးကျင့်စဉ်၏ ပထမလေးပိုင်းဖြစ်သော ခန္ဓာကြံ့ခိုင်မီးဆေးခြင်း၊ အရွတ်အသွင်ပြောင်းလဲခြင်း၊ အရိုးကြံ့ခိုင်စေခြင်းနှင့် ခြင်ဆီသန့်စင်ခြင်း တို့သည်ပါ တစ်ပြိုင်နက်တည်း တိုးတက်မှု ရှိလာလေသည်။
တစ်ကယ်တော့ ထိုရှေးဟောင်းကျင့်ကြံရေးစာရွက်တွင် ဗလာနယ်မိုးကြိုးနည်းစနစ်အတတ်တစ်ခုသာ ပါရှိသည်မဟုတ်ပေ။ ထိုစာရွက်အပိုင်းတွင် နောက်ထပ်မှတ်တမ်းတင်ထားသော မိုးကြိုးဆိုင်ရာ အတတ်ပညာအချို့လည်း ပါရှိသေး၏။
အစကတော့ ဆူဇီမိုသည် ၎င်းတို့ကို သိပ်ပြီး အာရုံမစိုက်မိပေ။
မည်သို့ပင်ဆိုစေ.. မိုးကြိုးအတတ်ပညာများသည် စိတ်ဝိညာဉ်အတတ်ပညာများသာ ဖြစ်လေသည်။ သူ့ကျင့်ကြံမှုအဆင့်က အခြေတည်အဆင့်သို့ မရောက်သေးသောကြောင့် သူ၏ စိတ်ဝိညာဉ်ချီသည် စိတ်ဝိညာစွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် သူသည် ၎င်းကို ကျင့်ကြံလျှင်တောင် ၎င်း၏အစွမ်းကို ထုတ်ဖော်နိုင်မှာ မဟုတ်ပေ။
သို့သော်လည်း သူသည် မိုးကြိုးခြင်ဆီရှင်းလင်းခြင်းကို ကျင့်ကြံလေ့ကျင့်ပြီးနောက် သူ့သွေးထဲတွင် မိုးကြိုးစွမ်းအားများ လှည့်ပတ်နေသည်ကို ဆူဇီမို နားလည်လိုက်၏။
မိုးကြိုးစွမ်းအားသည် စိတ်ဝိညာဉ်စွမ်းအင်အမျိုးအစားထဲတွင် မပါ၀င်ပေ။ သို့သော်လည်း သူ့သွေးထဲရှိ ၎င်းမိုးကြိုးစွမ်းအားနှင့်ဆိုပါက သူသည် စုတ်ဖြဲထားသည့် စာရွက်ပိုင်းထဲတွင် ပါ၀င်သော မိုးကြိုးဆိုင်ရာ အတတ်ပညာများကို ကျင့်ကြံလေ့ကျင့်နိုင်ရုံသာမက ၎င်းတို့၏ အစွမ်းကိုလည်း ထုတ်ဖော်နိုင်စွမ်း ရှိလာလေသည်။
ဆိုလိုသည်မှာ ဆူဇိမိုသည် ချီစုဖွဲ့စစ်သည်တော်အဆင့်မှာသာ ရှိနေသေးသော်လည်း သူသည် အခြေတည်အဆင့်များသာ ထုတ်ဖော်နိုင်သော စိတ်ဝိညာဉ်အတတ်ပညာများကို ထုတ်ဖော်တိုက်ခိုက်နိုင်ပြီဟူ၍ပင်။
ထို့အပြင် သူလေ့ကျင့်နေသည်မှာ မိုးကြိုးဆိုင်ရာ အတတ်ပညာဖြစ်ပြီး စိတ်ဝိညာဉ်ပညာရပ်များထဲတွင်မှ စွမ်းအားမာန်အဟုန် အမြင့်ဆုံးဖြစ်လေသည်။
တစ်ကယ်တော့ သူ့တွင် မိုးကြိုးစိတ်ဝိညာဉ်ရင်းမြစ် မရှိသောကြောင့် မိုးကြိုးစွမ်းအင်များကို အာရုံခံ၍ မိုးကြိုးပညာရပ်များကို ကျင့်ကြံဖို့ဆိုတာမှာ အင်မတန် ခက်ခဲလေသည်။
သို့သော်လည်း ယခုသူသည် မိုးကြိုးထစ်ချုန်းတောင်ကြားတွင် ရောက်ရှိနေသောကြောင့် ခက်ခဲရမည့်ကိစ္စက လွယ်ကူသွားလေ၏။
ကောင်းကင်ယံတွင် လျှပ်စီးလျှပ်ပန်းက တစ်ဖျတ်ဖျတ် လင်းလက်၍ မိုးကြိုးများက အတန်းလိုက် တစ်ဝုန်းဝုန်းနှင့် ပစ်ချနေ၏။ ကောင်းကင်သည် ဆုတ်ဖြဲခံလိုက်ရသည်ဟု ထင်ရပြီး အရာရာကို ဖျက်ဆီးပစ်ကာ ကမ္ဘာပျက်တော့မည်ကဲ့သို့ ဖြစ်နေလေသည်။
မိုးကြိုးစွမ်းအားကို ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်လာစေဖို့ ဆူဇီမိုသည် မိုးကြိုးအလင်းတန်းတစ်ခုကို သူ့ကိုယ်ထဲသို့ စီး၀င်လာစေဖို့ လမ်းညွှန်ကာ ခံယူလိုက်၏။
၎င်းက အလွန်တရာ အန္တရာယ်များလှသော လှုပ်ရှားမှုဖြစ်၏။
ထိုသို့ လုပ်လိုက်သည့် အကြိမ်တိုင်းတွင် လျှပ်စစ်ဓါတ်အားများကြောင့် ဆူဇီမိုသည် မီးကျွမ်း၍ မဲတူးသွားကာ သူ့ခန္ဓာတစ်ကိုယ်လုံး ဒဏ်ရာဗရပွဲဖြင့် အသားများက ဆုတ်ပြဲဟ၍ ကျန်ခဲ့လေ၏။
ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို ၀တ်ဆင်ထားတာတောင်မှ သူသည် ထိုအရာကို ခုခံနိုင်ခြင်း မရှိပေ။
ကံကောင်းထောက်မစွာဖြင့် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် ဆူဇီမို၏ ဆဲလ်အသစ် ပြန်လည်မွေးဖွားနှုန်းက ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာ၏။ ရက်အနည်းငယ် အနားယူပြီးနောက် သူ့ဒဏ်ရာများက လုံး၀အလျှင်း ပျောက်ကင်းသွား၏။
ဤတောင်ကြားထဲတွင် ဆူဇီမိုသည် အင်မတန် ပြင်းထန်လှသော နာကျင်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများကို ကိုယ်တိုင်ကျေနပ်စွာခံယူခဲ့၏။
သူသည် ပို၍ ပို၍ သန်မာအစွမ်းထက်ချင်လေသည်။
သူသည် လုံလောက်အောင် သန်မာလာမှသာ... ဇူဖန်အတွက် လက်စားချေနိုင်မည်၊ ရှန်မန်းကီပြန်တွေ့သည့်အခါ ခေါင်းမော့ရင်ကော့၍ ရပ်တည်နိုင်မည်၊ တျဲယွဲ့၏ အနောက်သို့ အမီလိုက်နိုင်လိမ့်မည် ဖြစ်လေသည်။
ဆူဇီမိုသည် လက်လျှော့အရှုံးပေးချင်သည့်အခါတိုင်းတွင် တျဲယွဲ့ပြောခဲ့သည့်စကားများကို ပြန်လည်အမှတ်ရလာ၏။
"ကြီးကျယ်မြင့်မြတ်တဲ့လူတစ်ယောက် ဖြစ်လာဖို့ဆိုလျှင် အောက်ခြေခိုင်အောင် အရင်လုပ်ပါ.. ဆင်းရဲဒုက္ခတွေကို လက်ခံနိုင်စွမ်း ရှိပါစေ.. အခြားတွေကိုလဲ ကူညီစောင်မပါ" တဲ့။
ကျင့်ကြံလမ်းလမ်စဉ်သည် အစကတည်းက ကောင်းကင်ကို ဖီဆန်၍ လျှောက်လှမ်းရသောလမ်းဖြစ်၏။ အင်မော်တယ်နှင့် သားရဲ လမ်းစဉ်နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လျှောက်လှမ်းနေသော သူအတွက်တော့ အခြားသူများထက် အဆမတန် ပို၍ ခက်ခဲမည်မှာ ပြောနေစရာပင် မလိုတော့ပေ။
သူသည် ထိုလမ်းစဉ်ကို စတင်လျှောက်လှမ်းဖို့ ရွေးချယ်လိုက်ပြီးကတည်းက အခြားသူများထက်ပိုသော နာကျင်မှုများ၊ ဖိအားများကို ခံယူရမည်ဖြစ်ပြီး ရှောင်လွှဲ၍ မရတော့ပေ။
ဆုတ်ဖြဲထားသော စာရွက်ပိုင်းတွင် ပါ၀င်သည့် မိုးကြိုးအတတ်များကို ကျင့်ကြံလေ့ကျင့်ပြီးနောက် ထိုစာရွက်ပိုင်းပေါ်တွင် ပါ၀င်သော အရာရာတိုင်းသည် သူ့စိတ်အာရုံထဲတွင် စွဲထင်သွားလေပြီ။
ထိုစာရွက်ပိုင်း၏ အဆုံးသတ်နားတွင် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းဟုခေါ်သော တစ်မူထူးခြားသည် မိုးကြိုးအတတ်တစ်ခု ရှိလေသည်။
မိုးကြိုးအတတ်ပညာရပ်တစ်ခုခုကို ထုတ်လွှတ်လိုက်တိုင်းတွင် မိုးကြိုးစွမ်းအားက အနည်းနှင့်အများဆိုသလို အမြဲတမ်း ရောယှက်ပါ၀င်နေတတ်၏။
သို့သော်လည်း မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကတော့ ပကတိသန့်စင်သော မိုးကြိုးစွမ်းအားကို ထုတ်လွှန်ပေးနိုင်လေသည်။
အသံ၏ စွမ်းအား!
အသံ၏ စွမ်းအား ရုတ်တရတ်ကြားရလျှင် ဘာမှမဟုတ်ဟု ထင်ရသော်လည်း ၎င်းတွင် စိတ်ကူးကြည့်လို့ပင်ရမှာ မဟုတ်သော စွမ်းအားများ ပါ၀င်လေသည်။
အသံကို အသုံးပြု၍ ရိုးတွင်းခြင်ဆီကို တုန်ခါစေပြီး အဆင့်မြင့်သော မျိုးဆက်သွေးကို ဖန်တီးနိုင်ခြင်းက အသံ၏ စွမ်းအားပင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ မိုးကြိုးအတတ်ပညာရပ်များကို ထုတ်ဖို့ပင်ဆိုလျှင် လက်ဟန်အချိန်အပိတ် ပဉ္စလက်လှုပ်ရှားမှုများနှင့် စိတ်စွမ်းအားနည်းစနစ်များကို လိုအပ်လေသည်။ သို့သော်လည်း အသံကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုက်နက် အစစ်အမှန်စွမ်းအားက ချက်ချင်းထွက်ပေါ်လာပေလိမ့်မည်။
၎င်းကို တိုက်ပွဲများတွင် အချိန်ကိုက်အသုံးချနိုင်ပါက မမျှော်လင့်ထားသောရလဒ်များကို ဖြစ်ပေါ်လာစေပြီး တိုက်ပွဲအလှည့်အပြောင်းကို ဖန်တီးပေးနိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းအကြောင်း ရေးထားသည့် စာများသည် စုတ်ဖြဲသွားသည့် စာရွက်ပိုင်းတွင် ပါသွားပြီး ဆူဇီမိုသည် ထိုအရာကို မသိရှိနိုင်တော့ပေ။
သို့သော်လည်း ဆူဇီမိုသည် ကန်းလန်ရိုးမတွင် နေထိုင်ခဲ့စဉ်က အားကြီးသော စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် ဒေါမာန်အဟုန်ပြင်းထန်သော ဟိန်းဟောက်သံကို ထုတ်လွှတ်ပြီး စိတ်ဝိညာဉ်တောကောင်တစ်ကောင်ကို နေရာမှာပင် ပွဲချင်းပြီးသေစေခဲ့တာကို သူကိုယ်တိုင် တွေ့မြင်ခဲ့ရ၏။
ထိုမြင်ကွင်းက ဆူဇီမို၏စိတ်အာရုံထဲတွင် ထပ်တလဲလဲ ပြန်ပေါ်လာတတ်ပြီး သူ့အား တစ်မူထူးခြားသော ဈန်၀င်စားမှုကို ပေးစွမ်းနေတတ်၏။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး ဆူဇီမိုတစ်ယောက် မိုးကြိုးထစ်ချုန်းတောင်ကြားသို့ ရောက်လာခဲ့သည်မှာ နှစ်၀က်ရှိသွားခဲ့ပေပြီ။
ဂိုဏ်တွင်းရှိ တပည့်များကတော့.. ဆူဇီမိုသည် ခက်ခဲကြမ်းတမ်းသော နေ့ရက်များကို ဖြတ်သန်းနေရပြီး ကျင့်ကြံမှုအဆင့်မှာလည်း တိုးတက်လာခြင်း မရှိနိုင်ဟု တစ်ထစ်ချ တွက်ထားကြ၏။
သို့သော်လည်း မည်သူမျှ မသိရှိကြသည်မှာ ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းတောင်ကြားတွင် လုံး၀ အသွင်ပြောင်းလဲနေသည်ဆိုတာကိုပင်။ သူ၏ ကျင့်ကြံမှုအဆင့်က တိုးတက်မလာခဲ့သော်လည်း သူ၏ တိုက်ခိုက်ရည်ကတော့ နှစ်ဆဖြစ်လာခဲ့၏။