စိတ်ဝိညာဉ်တွင်းထွက်ကြော
Vol. 10 Ch. 138
အခန်း ၁၃၈: စိတ်ဝိညာဉ်တွင်းထွက်ကြော
ဤနေ့၌ ကြည်လင်ပီသသော ကြိုးကြာမြည်သံက မိုးကြိုးထစ်ချုန်းတောင်ကြားတွင် ထွက်ပေါ်လာပြီး တစ်ဒိုင်းဒိုင်းပစ်ချနေသော မိုးကြိုးသံများကိုပင် အုပ်မိုးသွား၏။
နှစ်၀က်ကြာပြီးနောက် စီနီယာကြိုးကြာသည် မိုးကြိုးထစ်ချုန်းတောင်ကြားသို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့လေပြီ။
၎င်းသည် မြေပြင်သို့ ဆင်းသက်လိုက်သည်နှင့်တစ်ပြိုင်နက် အနီရောင်ဆံပင်နှင့် လှပသောအမျိုးသမီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ဆူဇီမိုကို ကြည့်လိုက်ပြီး သူမ အံ့အားတစ်သင့် ရေရွတ်လိုက်၏။
"မင်း တစ်ကယ်ပဲ လုပ်နိုင်ခဲ့ပြီလား"
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဦးညွှတ်လိုက်၏။
"စီနီယာရဲ့ ကျေးဇူးကြောင့်ပါ"
သူမသည် သူ့ကို ဗလာနယ်မိုးကြိုးပညာရပ်ကို တိုက်ရိုက်မပေးခဲ့သော်လည်း လွန်ခဲ့သည့်နှစ်၀က်က သူမ၏ အကူအညီကြောင့်သာ မဟုတ်ခဲ့လျှင် ဆူဇီမိုသည် ယခုကဲ့သို့ သူ့ကိုယ်ထဲက ပဋိပက္ခကို မိုးကြိုးအသံဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
"ဟုတ်ပြီလေ"
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ချီးကျူးလိုက်၏။
"ပြန်ကြရအောင် မင်းဒီမှာ ဆက်နေစရာမှ မလိုတော့တာ"
ထိုသို့ပြောပြီးသည်နှင့် သူမ၏ ၀တ်ရုံကို ဝေ့ယမ်းလိုက်ပြီး ဆူဇီမိုကို သူမနှင့်အတူခေါ်ကာ မိုးကြိုးထစ်ချုန်းတောင်ကြားကနေ ထွက်ခွာလိုက်၏။
သိပ်မကြာမီ သူတို့နှစ်ယောက်သည် နတ်ပန်းပဲတောင်ထွတ်၏ အထက်ကောင်းကင်လေထဲသို့ ရောက်ရှိလာခဲ့ကြ၏။
"ကဲဆင်းတော့.. အခြေတည်အဆင့်ကို အမြန်ဆုံးရောက်အောင် လေ့ကျင့်ပြီးတော့ အတွင်းစည်းတပည့်တစ်ယောက်ဖြစ်လာအောင် ကြိုးစားပေတော့။"
အနီရောင်ဆံပင်နှင့် အမျိုးသမီး ဆက်ပြောလိုက်၏။
"ဆန်းကြယ်ဓါးသိုင်းက မင်းရဲ့ဓါး၀င်္ကပါကို မယှဉ်နိုင်ဘူးဆိုပေမယ့်လဲ၊ ဆန်းကြယ်ဓါးသိုင်းရဲ့ တစ်ကယ့်ခွန်အားက အဲ့လောက်ပဲမဟုတ်ဘူး၊ အဲ့ဒါက ကြိုတင်တွက်ချက်မှန်းဆလို့ မရဘူး၊ အရင်ဆုံး ဖုန်ဟောက်ယွီက ဆန်းကြယ်ဓါးသိုင်းရဲ့ စွမ်းအားပြည့်ကို မထုတ်ဖော်နိုင်သေးတဲ့အပြင် နောက်တစ်ချက် သူက ဆန်းကြယ်ဓါးရဲ့ ပထမအဆင့် ဆန်းကြယ်အရိပ်ကိုပဲ လေ့ကျင့်တတ်မြောက်သေးတယ်"
ဆူဇီမိုသည် ခေါင်းညိတ်လိုက်၏။
၎င်းသည် ဂိုဏ်း၏ အဓိက လျှို့ဝှက်ပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်သည့်အတွက် ဤမျှလောက်ထိ မရိုးရှင်းနိုင်ကြောင်း သူခန့်မှန်းမိလေသည်။
တစ်ခဏကြာ ချင့်ချိန်စဉ်းစားပြီးနောက် အနီရောင်ဆံပင်နှင့် အမျိုးသမီးက ဆက်ပြောလိုက်၏။
"အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာပြီဆိုရင် မင်းပေါ့တိပေါ့ဆနေလို့ မရတော့ဘူး၊ မင်းရဲ့ကျင့်ကြံမှုအဆင့်ကို အတတ်နိုင်ဆုံး မြှင့်တင်ပြီးတော့ အမွေခံတပည့်နေရာအတွက် တိုက်ခိုက်လုယူရမယ်၊ အဲ့အခါမှသာ မင်းအနေနဲ့ ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို လေ့လာသင်ယူနိုင်လိမ့်မယ်။ ဆန်းကြယ်ဓါးသိုင်းအပြင် အဲ့မှာ မင်းအတွက် အင်မတန် အရေးပါလာမယ့် လျှို့ဝှက်ပညာရပ်နှစ်ခု ရှိသေးတယ်၊ တစ်ကယ်တမ်းပြောရရင် အဲ့ထဲက တစ်ခုက မင်းရဲ့အနီးကပ်တိုက်ခိုက်ရည်ကိုတောင် နောက်တစ်ဆင့်မြှင့်တင်ပေးနိုင်လိမ့်မယ်"
ထိုသည်ကို ကြားရသောအခါ ဆူဇီမို၏မျက်လုံးက လင်းလက်သွား၏။
အနီးကပ်တိုက်ခိုက်ရည်က သူ၏ ဝှက်ဖဲဖြစ်၏။
သူ၏ ဝှက်ဖဲက ပို၍ အစွမ်းထက်လေလေ၊ ကျင့်ကြံရေးလောကတွင် လှည့်လည်သွားလာသည့်အခါ သူသည် ပို၍ ဘေးကင်းလုံခြုံလိမ့်မည် ဖြစ်လေသည်။
သတိပေးစကားများ အနည်းငယ် ပြောကြားပြီးနောက် စီနီယာကြိုးကြာသည် လှည့်ထွက်သွား၏။ ဆူဇီမိုလည်း နတ်ပန်းပဲတောင်ထွတ်သို့ ဆင်းသက်လိုက်လေ၏။
နှစ်၀က်ကြာသွားပြီးနောက် နတ်ပန်းပဲတောင်ထွတ်က များစွာ ပြောင်းလဲမှု မရှိပေ။
လက်နက်သွန်းခန်းမထဲသို့ ရောက်သောအခါ ဆူဇီမိုသည် ရင်းနှီးနေကျ မျက်နှာအချို့ကို မြင်တွေ့လိုက်ရ၏။
"အာ.. ဂျူနီယာညီလေးဆူ ပြန်လာပြီပေါ့"
ရွှယ်ယိသည် ဆူဇီမိုကို နှစ်လိုတောက်ပစွာ ပြုံးပြ၍ ကမန်းကတမ်း ပြေးချလာပြီး လှမ်းနှုတ်ဆက်လိုက်၏။
နတ်ပန်းပဲတောင်ထွတ်မှ အခြားတပည့်များလည်း ဆူဇီမိုကို လှည့်ကြည့်လိုက်ကြ၏။
နှစ်၀က်ကြာပြီးနောက် နတ်ပန်းပဲတောင်ထွတ်မှ တပည့်များစွာလည်း ကျင့်ကြံမှုအဆင့်များ မြင့်တက်လာခဲ့ကြ၏။ ရွှယ်ယိသည် ယခုအခါ ပကတိချီစုဖွဲ့မှု အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အခြေတည်အဆင့်သို့ အချိန်မရွေး တက်လှမ်းနိုင်တော့မည့် အနေအထားပင်။
ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းတောင်ကြားတွင် အတော်လေး စိတ်ဆင်းရဲ ခံစားခဲ့ရမည်ဟု အာလုံးက ထင်မှတ်ထားကြ၏။ ထို့ကြောင့် သူတို့သည် ထိုအကြောင်းနှင့် ပတ်သတ်၍ သူ့ကို စကားစ၍ မေးမနေကြတော့ဘဲ ဂိုဏ်းထဲမှ ပြောင်းလဲမှုများအကြောင်းသာ ပြောလိုက်ကြ၏။
ဖုန်ဟောက်ယွီသည် လွန်ခဲ့သည့် နှစ်၀က်က အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသော်လည်း သူသည် စိတ်ဓါတ်ပျက်ပြားသွားခဲ့ခြင်းမျိုး မရှိခဲ့ပေ။ ထို့အစား သူသည် ပန်းပဲအတတ်နှင့် ဆေးပညာတို့ကို အပြီးသတ်စွန့်လွှတ်ကာ ကျင့်ကြံခြင်းမှာပင် အပြည့်အ၀အာရုံစိုက်လေတော့၏။
သူသည် အတွင်းစည်းတပည့်ဖြစ်လာပြီးနောက် နှစ်၀က်မကြာခင်မှာပင် အလယ်အလတ် အခြေတည်အဆင့်သို့ ရောက်ရှိခဲ့လေသည်။ အတွင်းဂိုဏ်းသားများထဲမှာတောင် သူသည် ဂုဏ်သတင်း အတော်လေး ကျောဇော်နေပြီဖြစ်ပြီး အတော်လေးသန်မာလေသည်။
ပြီးခဲ့သည့်တစ်လက.. ဖုန်ဟောက်ယွီသည် အလတ်အလတ်အခြေတည်အဆင့်သို့ ရောက်ရှိသွားပြီးနောက် နောက်ပိုင်းအခြေတည်အဆင့်ဖြစ်သော စီနီယာအစ်ကိုတစ်ယောက်ကို တိုက်ခိုက်အနိုင်ယူပြခဲ့၏။ ထိုတိုက်ပွဲပြီးနောက် ဖုန်ဟောက်ယွီ၏ ပုံရိပ်က တစ်ဟုန်ထိုး မြင့်တက်လာခဲ့လေ၏။
ကောလာဟလများက ဆိုကြသည်မှာ ဖုန်ဟောက်ယွီသည် အလယ်အလတ်အခြေတည်အဆင့်သို့သာ ရောက်သေးသော်လည်း သူသည် အမွေခံတပည့် မဖြစ်သေးတာကလွဲလို့ အတွင်းစည်းတပည့်များထဲတွင်တော့ နံပါတ်တစ် ဖြစ်နှင့်နေပြီဟုပင်။
ထို့ကြောင့် ဖုန်ဟောက်ယွီသည် အစစ်အမှန် အမွေခံတပည့်တစ်ယောက်ဖြစ်လာဖို့ သိပ်ကြာတော့မှာ မဟုတ်ပေ။
လမ့်ရိုသည်ပင် ဗီဇပြောင်းစိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားသော်လည်း သူမသည် သူ၏ ကြောက်စရာကောင်းလှသည့် ကျင့်ကြံမှုအမြန်နှုန်းကို လိုက်မမီတော့ချေ။
သို့ဖြစ်လင့်ကစား လမ့်ရိုသည် ယခုအခါ အစောပိုင်းအခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမသည်လည်း အတွင်းစည်းတပည့်တစ်ယောက် ဖြစ်နေလေပြီ။
ရွှယ်ယိ၊ အခြားသူများနှင့် ထွေရာလေးပါး စကားအတန်အသင့် ပြောပြီးနောက် ဆူဇီမိုသည် သူ့လိုဏ်ဂူတိုက်ခန်းရှိရာသို့ ပြန်လာခဲ့၏။
စိတ်ဝိညာဉ်ကျားနှင့် ကြိုးကြာလေးတို့က သူ့နေရာကို စောင့်ကြပ်နေကြ၏။ သူတို့သည် ဆူဇီမို ပြန်လာသည်ကို မြင်သောအခါ ရွှင်ပျသွားကြ၏။
ကျားနှင့်ကြိုးကြာတို့က ကိုယ်စီအတွေးများနှင့် ရှိနေကြ၏။ သူတို့သည် အနာဂတ်တွင် ဆေးလုံးများစွာကို စားသုံးကြရပေတော့မည်။
ဆူဇီမို ထိုင်ချလိုက်ရုံ ရှိသေးသည်၊ အပြင်ဘက်မှ အ၀တ်အစား လေတိုးသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
အပြင်ဘက်မှ ရောက်လာသူက လိုဏ်ဂူပေါက်၀ရှေ့သို့ ခြေချလိုက်စဉ်မှာပင် လေးလံပြင်းထန်သည့် ခြေသံက ထွက်ပေါ်လာ၏။ ဆူဇီမိုသည် ပြုံးလိုက်ပြီး မည်သူဆိုတာ ကြည့်စရာမလိုဘဲ သိနှင့်လိုက်၏။ သူ့လက်ကို ဝေ့ယမ်းလိုက်သောအခါ ၀င်ပေါက်တံခါးက ပွင့်သွားလေ၏။
"နောင်ကြီးရေ.. ကျုပ်က ခင်ဗျားကို အရမ်း လွမ်းနေတာဗျ"
ဖက်တီးလေးသည် ပြေးချလာပြီး သူက လုံးလုံးတစ်တစ်လက်ကြီးနှစ်ဖက်ဖြင့် ဆူဇီမိုကို တင်းကျပ်စွာ ဖက်ထားလိုက်၏။
"နောင်ကြီး ခင်ဗျားက တစ်ကယ်ဩချလောက်ပါရဲ့ဗျာ၊ မိုးကြိုးထစ်ချုန်းတောင်ကြားမှာ နှစ်၀က်လောက်သွားနေခဲ့ရတာတောင် ဘာမှမဖြစ်ခဲ့သလိုပါပဲလားဗျ" ဖက်တီးလေးက ရယ်မောပြောဆိုလိုက်၏။
"မင်းလဲ ဘယ်ဆိုးလို့လဲ၊ အစောပိုင်းအခြေတည်အဆင့်တောင် ရောက်နေပါရော့လား"
"ဟီးဟီး"
ဖက်တီးလေးက ရယ်လိုက်၏။ ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်၀က်ကအတိုင်း ချီစုဖွဲ့မှုအဆင့်၉သာ ရှိနေသေးတာကို သူတွေ့ရ၏။ ဖက်တီးလေးသည် ဆူဇီမိုစိတ်ပျက်အားငယ်နေမလားဟု တွေးမိလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။
"နောင်ကြီး ဘာမှတွေးပူနေစရာ မရှိဘူး၊ ခင်ဗျားရဲ့ အရည်အချင်းနဲ့ဆို ကျုပ်တို့ကို မီလာဖို့ ဘယ်လောက်မှ ကြာလိုက်မှာ မဟုတ်ဘူး"
ဆူဇီမိုက ရယ်ချလိုက်၏။
သူသည် ချီစုဖွဲ့မှုအဆင့်၉သို့ တက်လှမ်းတုန်းက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး အတော်များများကို သုံးလိုက်ရ၏။ ယခုသူသည် ပကတိအဆင့်သို့ တက်လှမ်းချင်လျှင် ထိုထက်ပိုများသော စိတ်ဝိညာဉ်ကျောက်တုံးများကို လိုလာပေတော့မည်။
သို့သော်လည်း ယခုအချိန်မှာ သူ့သိုလှောင်အိတ်က ဟောင်းလောင်းဖြစ်နေပေပြီ။
လုံလောက်သော စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပကတိဆေးလုံးများမရှိလျှင် ဖက်တီးလေးနှင့် အပေါင်းအပါများကို အမီလိုက်နိုင်ဖို့ဆိုသည်မှာ လွယ်ကူသောကိစ္စတစ်ခုတော့ မဟုတ်ပေ။
ဆူဇီမိုအခက်တွေ့နေသည်ကို သိရှိလိုက်ပြီးနောက် ဖက်တီးလေးက တစ်စုံတစ်ရာကိုတွေးကာ ရုတ်တရတ် ထပြောလိုက်၏။
"ဒါနဲ့လေ နောင်ကြီး.. မနက်ဖြန်ကျရင် ကျုပ်တို့အတွင်းစည်းတပည့်အချို့ ဂိုဏ်းမစ်ရှင်တစ်ခုနဲ့ အပြင်ထွက်ကြမလို့၊ ကျုပ်တို့နဲ့ အတူလိုက်ခဲ့ပါလား.. ဘယ်နှယ့်လဲ"
"အတွင်းစည်း မစ်ရှင်လား"
ဆူဇီမိုက ခေါင်းခါလိုက်၏။
"ငါက အစမ်းတပည့်ပဲ ရှိသေးတာကို၊ အတွင်းစည်းမစ်ရှင်ကို ထမ်းဆောင်ဖို့ ဘယ်အဆင့်မီပါ့မလဲ"
ဖက်တီးလေးက လက်ကာပြလိုက်၏။
"အဲ့အတွက်နဲ့တော့ စိတ်မပူနဲ့ဗျာ၊ ခင်ဗျားလိုက်လာလို့လဲ ကျုပ်တို့အတွက် ဘာမှ ပြဿနာမရှိဘူး၊ နောက်ပြီးတော့..."
ခဏမျှ ရပ်နားလိုက်ပြီးနောက် ဖက်တီးလေးက လျှို့ဝှက်ဆန်ဆန် ဆက်ပြောလိုက်၏။
"ဒီမစ်ရှင်က တစ်ကယ်တော့ ရိုးရိုးလေးပါပဲနောင်ကြီးရာ၊ ခင်ဗျားကျုပ်တို့နဲ့ လိုက်ခဲ့ရုံနဲ့ စိတ်ဝိညာဉ်ကျောက်တုံး အတန်အသင့်ပါ ရဦးမှာနော်"
"အို့" ဆူဇီမိုသည် အနည်းငယ် လှုပ်ရှားသွား၏။
ယခုအချိန်မှာ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများကို အမှန်တစ်ကယ် လိုအပ်နေ၏။
"အဲ့ဒါက ဘယ်လိုမစ်ရှင်မျိုးလဲ" ဆူဇီမိုက မေးလိုက်၏။
"ဒီလိုဗျာ၊ ကျုပ်တို့ဂိုဏ်းက တပည့်တစ်ယောက်က အပြင်ဘက်မှာ သွားလေ့ကျင့်နေရင်းနဲ့ လင်းဖုန်းမြို့အပြင်ဘက်နားမှာ စိတ်ဝိညာဉ်တွင်းထွက်ကြောတစ်ခုကို ရှာတွေခဲ့တယ်ဗျာ၊ အဲ့စီနီယာအစ်ကိုက အခုသူတစ်ယောက်ထဲ ဖြစ်နေတာမို့ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတွေက သတ္တုတွင်းကို လာလုမှာကို စိုးရိမ်နေတာဗျ၊ ဒါကြောင့် သူက သူ့ကို ဂိုဏ်းသားအချို့ အင်အားအကူပေးဖို့ ဂိုဏ်းကိုလှမ်းပြီး တောင်းဆိုလိုက်တယ်ဗျာ၊ အဲ့ရောက်ရင် ကျုပ်တို့က စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကူသယ်ပြီး ဂိုဏ်းကိုပြန်လာခဲ့ရုံပဲ"
ဖက်တီးလေးက မျက်လုံးမှိတ်ပြလိုက်၏။
"ဂိုဏ်းထဲမှာ ကျုပ်စုံစမ်းကြည့်ရသလောက်တော့.. အဲ့လိုမစ်ရှင်မျိုးမှာဆိုရင် ကျုပ်တို့က စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို ကိုယ့်အတွက်ကိုယ် ယူသိမ်းထားမယ်ဆိုရင်တောင် ဂိုဏ်းက ဘာမှပြောမှာ မဟုတ်ဘူးတဲ့"
ဆူဇီမိုသည် သေချာစဉ်းစားကြည့်လိုက်၏။
ဆူဇီမိုသည့် သူ့ဘေးကင်းလုံခြုံစိတ်ချမှုအတွက် စိုးရိမ်နေတာဖြစ်ရမည်ဟု ဖက်တီးလေးက ထင်လိုက်ပြီး ရယ်လိုက်၏။
"နောင်ကြီးရေ ဘာမှစိုးရိမ်မနေနဲ့၊ အဲ့ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်တွင်းထွက်ကြောလေးပဲကို၊ အဲ့ထဲမှာ အဓိကပါတာက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးချည်းပဲ၊ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ ပါလာရင်တောင် တစ်ကယ့်အနည်းအကျဉ်းလောက်ပဲ၊ အခြေတည်အဆင့်တွေ ဦးဆောင်လာပြီဆိုမှတော့ အဲ့ဒီမှာ ဘာအန္တရာယ်မှ မရှိနိုင်တော့ပါဘူးဗျာ"
"ပြီးတော့ ဆန်းကြယ်ဂိုဏ်းက မဟာကျိုးအင်ပါယာရဲ့ ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းပဲကိုး၊ တော်ရုံဘယ်ခြေသလုံးအိမ်တိုင်ကျင့်ကြံသူက ကျုပ်တို့ရဲ့ စိတ်ဝိညာဉ်တွင်းထွက်ကြောကို လာလုရဲပါ့မလဲ"
"ကျုပ်တို့ လင်းဖုန်းမြို့ကို ရောက်တာနဲ့ မြို့တော်၀န်က စားကောင်းသောက်ဖွယ်တွေနဲ့တောင် ဧည့်ခံဦးမှာ၊ ကျုပ်တို့အဲ့မှာ တစ်ရက်နှစ်ရက်လောက် စောင့်နေပြီး သတ္တုတွင်းတူးဖော်လို့ပြီးတာနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကူသယ်ပြီး ဂိုဏ်းကိုပြန်ကြရုံပဲလေ"
"ဒါဆိုလဲ ကောင်းပြီလေ" ဆူဇီမိုက သဘောတူလိုက်၏။
မျက်ခုံးကို ပင့်လိုက်ပြီး ဖက်တီးလေးက ထူးဆန်းစွာပြုံး၍ ပြောလိုက်၏။
"နောင်ကြီးရေ အဲ့ဒါဆို ကျုပ်တို့မနက်ဖြန် တောင်ထွတ်အရှေ့မှာ ဆုံကြတာပေါ့၊ အဲ့မှာ အံ့အားသင့်စရာလေးတွေတောင် ပါလာဦးမှာ ဟဲဟဲ"