ဒီရေအလား ထိုးတက်လာသော လူတစ်ယောက်၏ ပုံရိပ်
Vol. 10 Ch. 139
အခန်း ၁၃၉: ဒီရေအလား ထိုးတက်လာသော လူတစ်ယောက်၏ ပုံရိပ်
နောက်တစ်နေ့ မနက်ခင်းတွင်..
ဆန်းကြယ်ဂိုဏ်း၏ ပင်မတောင်ထွတ်မှ အခြေတည်အဆင့် ကျင့်ကြံသူလေးယောက်သည် ဓါးပျံများကို စီးနင်း၍ တောင်ထွတ်အရှေ့ဘက်သို့ ပျံသန်းလာခဲ့ကြ၏။ အမျိုးသားက သုံးယောက်ဖြစ်ပြီး အမျိုးသမီးက တစ်ယောက်ဖြစ်၏။
ထိုလေးယောက်ထဲတွင် အမျိုးသမီးက အလွန်တရာ ထင်ပေါ်နေ၏။ သူမ၏ အင်္ကျီသည် အဖြူစွတ်စွတ်ဖြစ်ပြီး အသားအရေက ပြစ်မျိုးမှဲ့မထင်နှင့် ပြိုင်ဘက်ကင်း အလှပဂေးမလေး ဖြစ်နေ၏။ တစ်ခုသော ပြောစရာမှာ သူမ၏ အော်ရာက အေးစက်စိမ်းကားနေပြီး သူမ၏အကြည့်က အရာရာကို အေးစက်တောင့်ခဲသွားစေနိုင်၏။
ထိုအမျိုးသမီးမှာ လမ့်ရိုပင် ဖြစ်လေ၏။
အမျိုးသားသုံးယောက်ထဲမှ တစ်ယောက်မှာ ၀၀တုတ်တုတ်နှင့်ဖြစ်၏။ သူ့အရပ်က သိပ်မရှည်လှဘဲ ရွှင်လန်းတက်ကြွသော အမူအယာရှိ၏။ ထိုသူကား ဖက်တီးလေးပင် ဖြစ်လေ၏။
ကျန်နှစ်ယောက်ထဲမှ တစ်ယောက်၏အမည်မှာ လူယန်ရုံဖြစ်ပြီး အလယ်အလတ်အခြေတည်အဆင့် ဖြစ်၏။
နောက်ဆုံးတစ်ယောက်ကတော့ ကွမ်ကျင်းဖြစ်၏။ သူသည် အစောပိုင်းအခြေတည်အဆင့်သို့သာ ရောက်ရှိသေးသော်လည်း အဆောင်လက်ဖွဲ့အတတ်တွင် အထူးကျွမ်းကျင်မှုရှိပြီး သူသည် အဆင့်၂ အဆောင်သခင်တစ်ယောက်ပင် ဖြစ်နေလေပြီ။
သူတို့နှစ်ယောက်စလုံးသည် လမ့်ရိုကို အပြိုင်ပိုးပန်းနေကြသူများ ဖြစ်ကြ၏။ ယခုလည်း သူတို့နှစ်ယောက်သည် လမ့်ရို၏မျက်နှာသာပေးမှုကို ရယူပြိုင်ဆိုင်ကြရန် အရေထူစွာဖြင့် လင်းဖုန်းမြို့သို့ လိုက်ပါထွက်ခွာလာကြခြင်းဖြစ်၏။
"အစ်မလမ့်ရို၊ စီနီယာအစ်ကိုတို့.. ကျုပ်တို့နဲ့အတူသွားဖို့ မိတ်ဆွေတစ်ယောက်ကို ကျုပ်ဖိတ်ထားခဲ့တယ်၊ အားလုံးပဲ စိတ်မရှိကြဘူးမို့လား" သူတို့သွားနေရင်းနှင့် ဖက်တီးလေးက ရယ်မောပြောဆိုလိုက်၏။
ဖက်တီးလေးသည် ဂိုဏ်းတွင်း၌ လူမှုပေါင်းသင်းဆက်ဆံရေး အတော်လေးကောင်းမွန်ပြီး လူတိုင်းနီးပါးနှင့် ရင်းနှီးကျွမ်း၀င်မှု ရှိလေသည်။
ထိုစကားကို ကြားသောအခါ လူယန်ရုံနှင့် ကွမ်ကျင်းသည် မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့ပုံစံက သိပ်သဘောကျပုံမရသော်လည်း ဘာမျှတော့ မပြောကြပေ။
လမ့်ရိုသည် ဖက်တီးလေးနှင့် အတော်လေးရင်းနှီးမှု ရှိသောကြောင့် သူမကတော့ ထိုအရာကို ကန့်ကွက်မှာ မဟုတ်ပေ။
သိပ်မကြာမီ သူတို့လေးယောက်သည် ဂိုဏ်း၏ အရှေ့ဘက်တောင်ထွတ်သို့ ရောက်လာခဲ့ကြ၏။
အရှေ့ဘက်တောင်ထွတ်တွင် အစိမ်းရောင်၀တ်စုံနှင့် စာပေသမားလေးတစ်ယောက်က ရပ်နေ၏။ သူသည် ချောမောလှပသောရုပ်ရည်၊ တည်ကြည်သောဟန်ပန်တို့ရှိပြီး သူ့ဘေးတွင် စိတ်ဝိညာဉ်ကျားတစ်ကောင်လည်း ရှိနေ၏။
၎င်းသည် မြေပေါ်တွင် ၀ပ်တွားနေသော်လည်း ၎င်း၏အမြင့်က အစိမ်းရောင်စာပေသမားလေး၏ အရပ်အမြင့်နှင့် အတူတူပင်ဖြစ်၏။ ၎င်း၏ တစ်၀က်လောက်ဖွင့်ထားသော မျက်လုံးများမှ ဒေါမာန်အဟုန်အလင်းရောင်များက တစ်ချက်တစ်ချက် လက်နေ၏။
"နောင်ကြီးက ရောက်တောင်နေပြီပဲ"
ဖက်တီးလေးက အစိမ်းရောင်၀တ်စုံနှင့်လူကို တွေ့သောအခါ ပျာပျာသလဲ လက်ပြ၍ လှမ်းနှုတ်ဆက်လိုက်၏။
ထိုအစိမ်းရောင်စာပေသမားက ချီစုဖွဲ့မှုအဆင့်၉သာ ရှိသေးတာကို တွေ့လိုက်ရသောအခါ လူယန်ရုံနှင့် ကွမ်ကျင်းတို့၏ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုက အထင်းသား ပေါ်လွင်လာ၏။ သူတို့၏ အဆင့်အတန်းကို နှိမ့်ချပြီး ထိုသူကို သူတို့သွားရောက်နှုတ်ဆက်စရာ အကြောင်းမရှိပေ။
လမ့်ရိုက ထိုနေရာသို့ လှမ်းကြည့်လိုက်၏။ သူမသည် အစိမ်းရောင်၀တ်စုံနှင့်လူကို တွေ့လိုက်သောအခါ ခဏမျှ ငေးမောသွားပြီးနောက် သူမ၏ မျက်လုံးအနက်ပိုင်းထဲတွင် ထူးခြားသည့်အလင်းရောင်က လက်သွား၏။
နှစ်၀က်လောက် မတွေ့ခဲ့ရသော်လည်း အစိမ်းရောင်၀တ်စုံနှင့်လူက ဘာမျှ သိပ်အများကြီး ပြောင်းလဲခဲ့ပုံမရပေ။ သူ၏ ကျင့်ကြံမှုအဆင့်ကလည်း ချီစုဖွဲ့မှုအဆင့်၉မှာသာ ရှိနေဆဲဖြစ်၏။
သို့သော် ဘာကြောင့်ရယ် မပြောတတ်ဘဲ.. ထိုလူက ပို၍ပင် လျှို့ဝှက်အသိရခက်လာသည်ဟု လမ့်ရိုတစ်ယောက် ခံစားမိနေ၏။
ထိုသူသည် လွန်ခဲ့သည့်နှစ်၀က်က ရောင်ဝါထိန်စွာ လင်းလက်တောက်ပနေသည့် အလင်းရောင်တစ်ခုဟုဆိုလျှင် ယခုအခါ သူသည် ကျယ်ပြောနက်ရှိုင်းလှသည့် သမုဒ္ဒရာကြီး တစ်ခုလိုပင်။
လမ့်ရိုသည် ဖြေးညင်းစွာ ဆင်းသက်လိုက်ပြီး သူမ၏ ဓါးပျံကို သိမ်းလိုက်၏။ သူမသည် အစိမ်းရောင်၀တ်စုံနှင့်လူရှေ့ကို သွားလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
ဖက်တီးလေးသည် လမ့်ရိုနောက်တွင် ကွယ်ရပ်၍ အစိမ်းရောင်၀တ်စုံနှင့်လူကို ရွတ်နောက်နောက်ပုံစံနှင့် မျက်လုံးမှိတ်ပြလိုက်၏။ သူသည် ပါးစပ်က ထုတ်မပြောသော်လည်း တိတ်တဆိတ်ဖြင့် အချက်ပြပြောနေ၏။ "တွေ့တယ်မလား၊ မနေ့က ကျုပ်ပြောခဲ့တဲ့ အံ့အားသင့်စရာလေးလေ.. ဟီးဟီး"
အစိမ်းရောင်၀တ်စုံနှင့်လူက လမ့်ရိုကို ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
"မင်္ဂလာပါ စီနီယာအစ်မလမ့်"
တောင်ထွတ်ငါးခုတွင် သူတို့၏ ဝါစဉ်ကို ဂိုဏ်းသို့စတင်၀င်ရောက်ခဲ့သည့်အချိန်ပေါ်မူတည်၍ ခွဲခြားထား၏။
သို့သော်လည်း မည်သို့ပင်ဆိုစေ.. အစမ်းတပည့်များကတော့ အတွင်းစည်းတပည့်များကို စီနီယာအဖြစ် သတ်မှတ်ရပေမည်။
လေထဲမှာပင် ရှိနေသေးသော လူယန်ရုံနှင့် ကွမ်ကျင်းတို့သည် မြင်နေရသည်ကို အံ့ဩတုန်လှုပ်ကုန်ကြ၏။
လမ့်ရိုသည် သူမ၏ အေးတိအေးစက်နိုင်မှု၊ မာနကြီးမှုတွေနှင့် ဂိုဏ်းထဲမှာ နာမည်ကြီးလေသည်။
သူမသည် ဂိုဏ်းသားတစ်ယောက်ယောက်အား စိတ်လိုလက်ရ သွားရောက်နှုတ်ဆက်တာကို သူတို့ထဲက မည်သူမျှ မမြင်တွေ့ဖူးခဲ့ကြပေ။
အစကတော့ လူယန်ရုံနှင့် ကွမ်ကျင်းသည် အောက်သို့ဆင်းသက်ဖို့ စိတ်မရှိကြပေ။ သို့သော် ယခုအခါမှာတော့ သူတို့နှစ်ယောက်သည် အလိုအလျောက် နားလည်မှုရှိစွာနှင့် အောက်သို့ တစ်ပြိုင်တည်း ဆင်းသက်လိုက်ကြ၏။
"အဲ့ဒီ အစမ်းတပည့်က ဘယ်သူလဲဟ" လူယန်ရုံ၏ မေးခွန်းက သာမန်ဟု ထင်ရသော်လည်း 'အစမ်းတပည့်'ဟူသောနေရာတွင် လေသံကို ဖိပြောလိုက်၏။
ဖက်တီးလေးက ချက်ချင်းပင် မိတ်ဆက်ပေးလိုက်၏။
"ဒါကတော့ စီနီယာအစ်ကို လူယန်ရုံနဲ့ စီနီယာအစ်ကို ကွမ်ကျင်းတဲ့"
အစိမ်းရောင်၀တ်စုံနှင့်လူက ပြုံး၍ လက်ပြနှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ စီနီယာအစ်ကိုတို့.. ကျုပ်ကတော့ ဆူဇီမိုပါ"
"အမ်"
"ဆူဇီမိုလား"
သူတို့နှစ်ယောက်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့၏ သူငယ်အိမ်က တင်းကျပ်သွား၏။
ဆူဇီမိုသည် သူ့အမည်ကို ထုတ်ဖော်ပြောလိုက်ချိန်တွင် လေထုက ရုတ်တရတ် မွန်းကျပ်ဖွယ်ရာ ဖြစ်လာ၏။
ဤသည်ကား ဒီရေအလား တစ်ဟုန်ထိုး ထိုးတက်လာသော လူတစ်ယောက်၏ နာမည် ဖြစ်၏။
တောင်ထွတ်ငါးခု၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲအပြီး၌ ဆူဇီမိုကို မျက်မြင်ကိုယ်တွေ့ မမြင်ဖူးသေးသော အတွင်းစည်းတပည့်များရှိနေသေးသော်လည်း သူ့နာမည်ကို မကြားဖူးမသိရှိသည့်သူကား တစ်ယောက်မျှ မရှိတော့ပေ။
ထိုသူသည် သမိုင်းတစ်လျှောက် မကြုံစဖူး အံ့ဖွယ်သရဲလူသား၊ တောင်ထွတ်လေးခု၏ နံပါတ်တစ် ဖြစ်လေသည်။
ချီစုဖွဲ့အဆင့်မှာတင် အဆင့်ကြီးတစ်ဆင့် ကွာဟနေသော အခြေတည်အဆင့်ကို တိုက်ခိုက်အနိုင်ယူပြခဲ့၏။
ထို့အပြင် သူအနိုင်ယူပြခဲ့သော အခြေတည်အဆင့်ကျင့်ကြံသူကား ယခုလက်ရှိ အတွင်းစည်းတပည့်များထဲတွင် နံပါတ်တစ်ဟု ထင်ကြေးပေးခံထားရသူ ဖြစ်လေသည်။
လွန်ခဲ့သည့်နှစ်၀က်က တိုက်ခိုက်ခဲ့ကြသော စိန်ခေါ်ပွဲအပြီး၌ များစွာသော အတွင်းစည်းတပည့်များသည် ဆူဇီမိုကို မြင်တွေ့ဖူးနိုင်ဖို့ရာ နတ်ပန်းပဲတောင်ထွတ်သို့ ရောက်လာကြပြီး စောင့်ဆိုင်းခဲ့ကြ၏။
သို့သော်လည်း သူသည် ကျင့်ကြံရာ၌ ချီသွေဖယ်မှုဖြစ်ပြီး မိုးကြိုးထစ်ချုန်းတောင်ကြားတွင် အပြစ်ပေးချုပ်နှောင်ခြင်း ခံရသည်ဟု ကြားကြရသောအခါ၊ သူတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားကြကာ ထို့နောက် မေ့မေ့ပျောက်ပျောက်ပင် ဖြစ်သွားခဲ့ကြလေသည်။
မိုးကြိုးထစ်ချုန်းတောင်ကြားတွင် လူတစ်ယောက်၏ ကျင့်ကြံမှုက အဆင့်တက်မလာနိုင်ကြောင်း အားလုံးသိထားကြလေသည်။
ထိုသူသည် ပြိုင်ဘက်ကင်းပါရမီရှင်ဆိုလျှင်ပင် ထိုနေရာ၌ အချိန်အတိုင်းအတာမရှိ ချုပ်နှောင်ခံထားရပါက သူ့ကျင့်ကြံမှုလမ်းကြောင်းက အဆုံးသတ်သွားရပေလိမ့်မည်။
"နှစ်၀က်ပဲကြာသေးတယ်၊ ဆူဇီမိုက လွတ်လာပြီလား"
လူယန်ရုံနှင့် ကွမ်ကျင်းတို့ နှစ်ယောက်စလုံး တိတ်တဆိတ် တုန်လှုပ်သွားကြ၏။
ဆူဇီမိုပြသခဲ့သော ပါရမီအရည်အချင်း အလားအလာများနှင့်ဆိုပါက၊ သူသည် သူတို့ကို အမီလိုက်လာဖို့ဆိုသည်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုလေသည်။
လူယန်ရုံက သူ့သာသာသူ တွေးလိုက်၏။
'ဂျူနီယာညီမလမ့်က ဒီလူအပေါ်မှာ တစ်မူကွဲပြားတဲ့ ဆက်ဆံရေးထားတာ မထူးဆန်းတော့ပါဘူးလေ၊ ဘာလို့ဆို သူက ဆူဇီမိုကိုး'
'ဟမ့် သူက ဘာမှ သိပ်ထူးထူးခြားခြားလဲ မဟုတ်ပါဘူးကွာ၊ သူက အလွန်တရာအားကောင်းတဲ့ ခန္ဓာမီးဆေးနည်းစနစ်ကို လေ့ကျင့်ထားတယ်သာဆိုတယ်.. ကြည့်ရတာတော့ ပျော့တိပျော့ဖတ်လေးလိုပါပဲလား' ကွမ်ကျင်းသည် ဆူဇီမိုကို သေချာလေ့လာအကဲခတ်၍ စိတ်ထဲကနေ မှတ်ချက်ချနေ၏။
ခဏမျှကြာပြီးနောက် လူယန်ရုံက ရုတ်တရတ် ထပြောလိုက်၏။
"ဂျူနီယာညီလေးဆူ၊ မင်းအကြောင်းတွေ ငါအများကြီး ကြားဖူးတယ်ကွ"
တစ်ခဏမျှရပ်နားလိုက်ပြီးနောက် သူက ခေါင်းစဉ်ပြောင်းလိုက်၏။
"ငါကြားတာတော့ မင်းက လွန်ခဲ့တဲ့ နှစ်၀က်လောက်ထဲက ချီစုဖွဲ့မှုအဆင့်၉ဆို၊ ဒီလောက်အချိန်တွေ ကြာခဲ့တာတောင် အခုလဲ အဆင့်၉ပါပဲလား"
သူသည် သိသာထင်ရှားစွာ ရန်စစကားပြောလိုက်ခြင်း ဖြစ်လေသည်။
"အဲ့"
ကွမ်ကျင်းက သိချင်စိတ်ပြင်းပျသွားသည့်ပုံစံနှင့် အာမေဋိတ်သံတစ်ခု ပြုလိုက်၏။
"ဂျူနီယာညီလေးဆူ.. ငါကြားတာတော့ မင်းက ကျင့်ကြံနေရင်းနဲ့ ချီသွေဖယ်မှု ဖြစ်သွားတယ်ဆို၊ မင်းဘာလို့ အဲ့လို နမော်နမဲ့နိုင်ရတာလဲကွ၊ မင်းအခု မိုးကြိုးထစ်ချုန်းတောင်ကြားကနေ လွတ်လာခဲ့ပြီဆိုတော့ မင်းရဲ့စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ငါမင်းကို အကြံပေးလိုက်မယ်၊ မင်းအခုနေ လုပ်နေရမှာက နောက်နောင် အရင်ကလိုအမှားမျိုး ထပ်မဖြစ်ရအောင် တံခါးပိတ်တရားထိုင်နေသင့်တာကွ"
ဆူဇီမိုက အကင်းပါး၏။
သူတို့ လမ့်ရိုအပေါ် ကြည့်နေကြပုံကို ကြည့်၍ သူတို့ဘာကိုတွေးနေသလဲဆိုတာ သူခန့်မှန်းမိ၏။
သူတို့၏ မထီတရီ ထေ့လုံးငေါ့လုံးများကို ကြားရသောအခါ ဆူဇီမိုက ပြူံလိုက်ပြီး သာမန်ကာလျှံကာပင် ပြန်ပြောလိုက်၏။
"အခုလို စိုးရိမ်တကြီးနဲ့ အကြံပေးကြတာ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုတို့"
ဆူဇီမို၏ ဤသို့ တုံ့ပြန်မှုကို မြင်ရသောအခါမှသာ ဖက်တီးလေးသည် စိတ်သာရာရကာ ဟင်းချနိုင်၏။
စောစောတုန်းက သူသည် အကြောင်အခြင်များ တင်းကျပ်၍ သူ့လက်ဖဝါးနှစ်ဖက်က ချွေးများဖြင့် ရွှဲနေ၏။
ဖက်တီးလေးက ဆူဇီမို၏ စိတ်နေသဘောထားကို အတန်အသင့် နားလည်ထား၏။ သူ့စိတ်ထဲ မကျေနပ်လျှင် ထိုနှစ်ယောက်နှင့် ထ၍ခိုက်ရန်ဖြစ်ပွားမည်ကို သူစိုးရိမ်နေခဲ့ရ၏။
သည့်အရင်က ဆူဇီမိုသည် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ ချန်ယုကိုပင် ဆေဘာထုတ်၍ ကြိမ်းမောင်းရဲခဲ့၏။ ယခု သူ့ရှေ့မှ စီနီယာနှစ်ယောက်၏အော်ရာက ဆူဇီမိုအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိပေ။
သို့သော်လည်း ဆူဇီမိုအတွက် ယခုအခြေအနေက အရင်တစ်ခါတုန်းကနှင့် မတူတော့ပေ။
စိတ်ဝိညာဉ်တောင်ထွတ်မှာတုန်းက ချန်ယုသည် ဖုန်ဟောက်ယွီဘက်နေ သိသာထင်ရှားစွာ မျက်နှာလိုက်ခဲ့ပြီး စိတ်ဝိညာဉ်ကျားက အရင်တိုက်ခိုက်ခံခဲ့ရတာတောင် သူ့ကျင့်ကြံမှုကိုပင် ဖျက်ဆီးပစ်ချင်ခဲ့၏။
ထိုသို့သော အရာသည် ဆူဇီမို သည်းမခံနိုင်သော အခြေအနေဖြစ်လေသည်။
ယခု ဤစီနီယာအစ်ကိုနှစ်ယောက်က သူ့အပေါ်ရန်လိုစိတ်ရှိသော်လည်း ထိုအရာက အလှအပပိုးပန်းမှုအတွက် ၀န်တိုမှုတစ်ခုသာ ဖြစ်လေသည်။ ၎င်းက ပြောပလောက်စရာ မဟုတ်သဖြင့် ဆူဇီမိုသည် အပြုံးဖြင့်သာ တုံ့ပြန်လိုက်၏။
သူသည် လုယန်ရုံနှင့် ကွမ်ကျင်းတို့ကို ဆက်ကြည့်မနေတော့ဘဲ စိတ်ဝိညာဉ်ကျား၏ ဦးခေါင်းကိုသာ လက်ဖြင့် သပ်ပေးနေလိုက်၏။
သူတို့ကို လျစ်လျူရှုခံလိုက်ရသောကြောင့် လူယန်ရုံနှင့် ကွမ်ကျင်းသည် ချက်ချင်းပင် ဒေါသထွက်လာကြ၏။
တစ်ကယ်တမ်းတော့ ဆူဇီမိုသည် စိတ်ဝိညာဉ်ကျားကို နှစ်သိမ့်ချော့မြှူနေရသည်ဆိုတာကို သူတို့မသိကြပေ။ ထိုသို့သာမဟုတ်လျှင် စိတ်ဝိညာဉ်ကျားသည် ၎င်း၏ တောရိုင်းသဘာ၀အရ သူတို့နှစ်ယောက်ကို ခုန်အုပ်၍ တိုက်ခိုက်နေလောက်ပေပြီ။