လူမှားသွားခြင်း
Vol. 10 Ch. 140
အခန်း ၁၄၀ - လူမှားသွားခြင်း
Translator – Than Toe Aung
“ကော်း.. ကော်း..” ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ ကြိုးကြာအော်သံတစ်သံက ထွက်ပေါ်လာ၏။
“ဝေါင်း”
ညင်သာစွာ ဟိန်းဟောက်သံပြုလိုက်ပြီး စိတ်ဝိညာဉ်ကျားသည် ပျံသန်းလာနေသော ကြိုးကြာလေးကို ကြိုဆိုနှုတ်ဆက်လိုက်၏။
ကြိုးကြာလေးသည် ဆန်းကြယ်တောင်ထွတ်မှာသာ အမြဲနေခဲ့ရပြီး ဂိုဏ်းအပြင်ဘက်သို့ တစ်ကြိမ်မျှ မထွက်ခွာဖူးပေ။ ဤအရာသည် ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုဖြစ်သောကြောင့် သူသည် တိတ်တဆိတ်လိုက်ပါထွက်ခွာပြီး ပျော်စရာအတွေ့အကြုံတစ်ချို့ ရှာဖွေချင်ပေသည်။
သို့သော်လည်း ဆူဇီမိုသည် ထိုအတွက် သူ့ဘာသာသူ ဆုံးဖြတ်ချက်မချရဲဘဲ စီနီယာကြိုးကြာ၏ ခွင့်ပြုချက်ကို တောင်းခံရပေမည်ဟု ကြိုးကြာလေးကို ပြန်ပြောခဲ့၏။
ထိုသည်ကို ကြားသောအခါ ကြိုးကြာလေးသည် ချက်ချင်းပင် မျက်နှာညှိုး၍ စိတ်ပျက်လက်ပျက်ဖြစ်သွား၏။
သူ့အမေက အလွန်တရာ စည်းကမ်းတင်းကြပ်၏။ သူ့ကို ရွှေအူတိုင်အဆင့်သို့ ရောက်မှသာ အပြင်သို့ ထွက်ခွင့်ပေးမည်ဟု သူမသည် တစ်ခါက ပြောခဲ့ဖူး၏။
မူလက ကြိုးကြာလေးသည် မျှော်လင့်ချက်များစွာ မရှိခဲ့ပေ။ သို့သော်လည်း သူမသည် ဆူဇီမိုသည် အပြင်သို့ လိုက်သွားချင်သည်ဆိုတာကို သူမ၏အမေ ကြားရသောအခါ သူမသည် ထိုအရာကို သဘောတူခွင့်ပြုခဲ့လေသည်။
ထို့ကြောင့် ကြိုးကြာလေးသည် ဝမ်းသာအူမြူးစွာနှင့် သူတို့နောက်သို့ အမီပြေးလိုက်လာခြင်း ဖြစ်လေသည်။
“အာ.. အဲ့ဒါ ငါတို့ဂိုဏ်းက ကြိုးကြာလေး မဟုတ်လား.. သူက ဘာလို့ ဒီကို လာရတာပါလိမ့်” လူယန်ရုံက အံ့အားတစ်သင့် မှတ်ချက်ပြုလိုက်၏။
ကွမ်ကျင်းသည် ချင့်ချိန်စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်၏။
“ဒီတိုင်း ဖြတ်သွားဖြတ်လာနေမှာပေါ့”
လူယန်ရုံက သူလည်ချောင်းကို ရှင်းလိုက်ပြီး ဆူဇီမိုနှင့် အခြားသူများကို ဝေ့ကြည့်လိုက်၏။ ထို့နောက် သူက အတည်ပေါက်နှင့် ပြောလိုက်၏။
“ပြောကြတာတော့ ကြိုးကြာလေးရဲ့ နောက်ခံက ထင်သလောက် မရိုးရှင်းဘူး.. သူက လျှို့ဝှက်အစောင့်အရှောက်သားရဲရဲ့ ကလေးပဲ”
လူယန်ရုံသည် အတည်ပေါက်နှင့် ကြွားလုံးထုတ်နေပုံကို ကွမ်ကျင်းက သည်းမခံနိုင်တော့ပေ။
“မင်းတစ်ယောက်တည်း အဲ့ဒါကို သိတယ်ထင်နေတာလား.. အတွင်းစည်းတပည့်တွေထဲမှာ ဘယ်သူကများ အဲ့ဒါကို မသိလို့လဲ”
လူယန်ရုံ၏ မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်က ပေါ်လာပြီး ဟိန်းဟောက်လိုက်၏။
“မင်းဘာသိလို့လဲ.. ငါနဲ့ ကြိုးကြာလေးက သိကျွမ်းတယ်ကွ.. အရင်က ငါသူ့ကို အစာတစ်ခါတောင် ကျွေးဖူးတယ်.. သူက ဉာဏ်အတော်လေးကောင်းတယ်ဆိုတော့ ငါ့ကို မှတ်မိမှာပဲ”
တစ်ကယ်တော့ လူယန်ရုံက ကြိုးကြာလေးကို စိတ်လိုလက်ရ စတင် အစာကျွေးခဲ့တာ မဟုတ်ပေ။
ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းတောင်ကြားတွင် နှစ်ဝက်လောက် ရောက်နေခဲ့သောကြောင့် ကြိုးကြာလေးသည် ဆေးလုံးများကို ထပ်မံမစားရတော့ဘဲ နေရတာ မသက်မသာ ဖြစ်နေခဲ့၏။ တိုက်ဆိုင်စွာဖြင့် အတော်အတန် ကောင်းမွန်သော ဆေးလုံးတစ်လုံးကို ရလာခဲ့သော လူယန်ရုံသည် သူမအနားတွင် ဖြတ်သွားသောအခါ ကြိုးကြာလေးက သူ့ထံမှ လုယူ၍....”
ထိုလုပ်ရပ်ကြောင့်ပင် ကြိုးကြာလေးကို သူမ၏အမေက ကောင်းကောင်းဆုံးမခဲ့လေ၏။
ကွမ်ကျင်း၏ အမူအယာက မှုန်ကုပ်သွားပြီး မည်သည့်စကားမျှ ထပ်မပြောတော့ပေ။
သူသည် အသာစီးရသွားပြီဟူသော ခံစားချက်ဖြင့် လူယန်ရုံသည် တက်ကြွရွှင်ပျလာ၏။
ထိုအချိန်မှာပင် ကြိုးကြာလေးသည် သူတို့ဦးခေါင်းအထက်သို့ ရောက်ရှိလာပြီဖြစ်ပြီး ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လိုက်၏။
ထိုသည်ကို မြင်တွေ့သောအခါ လူယန်ရုံသည် သူ့ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖိနှိမ်ကာ ကွမ်ကျင်းကို မကြည့်တော့ပေ။ သူသည် ဘေးဘက်သို့ အနည်းငယ်လှည့်လိုက်ပြီး လမ့်ရိုကို ပြုံးပြလိုက်၏။
“ဂျူနီယာညီမလမ့်.. ကြိုးကြာလေးက အတော်လေး ဉာဏ်ကောင်းတယ်လို့ မထင်ဘူးလား.. ငါသူ့ကို တစ်ခါ အစာကျွေးခဲ့ဖူးရုံနဲ့ သူက ငါ့ကို အခုထိ မှတ်မိနေတုန်းပဲ.. အခုပဲကြည့်လေ.. သူက ငါ့ဆီ တစ်ကူးတစ်ကတောင် ရောက်ချပြီ.. ဟီးဟီး”
သူထိုစကားကို ပြောနေစဉ်မှာပင် ကြိုးကြာလေးက အားလုံး၏ ရှေ့မှောက်သို့ ဆင်းသက်လိုက်၏။
လူယန်ရုံသည် နှစ်လိုဖွယ်တစ်ချက်ပြုံးလိုက်ပြီး ကြိုဆိုနှုတ်ဆက်လိုက်၏။
“ကြိုးကြာလေး.. ငါ့မိတ်ဆွေလေး.. တို့မတွေ့ရတာ အတော်ကြာပြီနော်”
ကြိုးကြာလေးသည် လူယန်ရုံကို ခေါင်းစောင်း၍ တစ်ချက်ငဲ့ကြည့်လိုက်ပြီး သူ့ကို ဤသို့ မနှစ်မြို့ဖွယ် ပြုံးပြနေသောသူက ဘယ်သူဆိုတာ စဉ်းစားကြည့်လိုက်၏။
သူ တစ်ခဏကြာ စဉ်းစားကြည့်နေသော်လည်း ထိုသူကို မမှတ်မိနိုင်ဖြစ်နေ၏။
ထို့ကြောင့် သူသည် ထိုသူကို လျစ်လျူရှုလိုက်ပြီး ဆူဇီမိုအနားသို့ လျှောက်သွားကာ ခေါင်းကိုနှိမ့်လိုက်၏။ သူ၏ ထက်ရှသောနှုတ်သီးဖြင့် ဆူဇီမို၏ လက်မောင်းကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ငြိုးငြိုးငြိမ့်ငြိမ့် အော်မြည်သံပြုလိုက်၏။
သူသည် အပြင်ကို ထွက်၍ ပျော်ပါးကစားလို့ရ၊ မရဆိုသည်မှာ ဆူဇီမိုက သူ့ကို ခေါ်သွားမလား၊ မခေါ်သွားဘူးလားဆိုသည့်အပေါ်တွင် မူတည်နေလေသည်။
ကြိုးကြာလေးက ဆူဇီမိုကို ကလေးတစ်ယောက်လို နားပူနားဆာလုပ်နေခြင်းဖြစ်၏။
ထိုမြင်ကွင်းက အကုန်လုံးကို ကြောင်အသွားစေပြီး ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။
ဆန်းကြယ်တောင်ထွတ်မှာ နှစ်နှစ်၊ သုံးနှစ် နေဖူးကြသူတိုင်း ကြိုးကြာလေးကို သိကြ၏။ သို့သော် ကြိုးကြာလေးသည် ဂိုဏ်းသားတစ်ယောက်ယောက်နှင့် လက်ပွန်းတတီး နေထိုင်သည်ကို သူတို့ တစ်ခါမျှ မမြင်တွေ့ဖူးကြပေ။
သူ့ရဲ့ စိတ်နေသဘောထားက ဘာလို့ ရုတ်တရတ်ကြီး ပြောင်းလဲသွားရတာလဲ။
ဒါက လျှို့ဝှက်အစောင့်အရှောက်သားရဲရဲ့ ကလေး၊ ကြိုးကြာလေးမှ ဟုတ်ရဲ့လား။
တစ်ခုခုတော့ လွဲနေပေပြီ။ သို့သော်လည်း ဂိုဏ်းထဲတွင် ကြိုးကြာလေးက ဤတစ်ကောင်ထဲသာရှိပြီး မှားစရာလည်း အကြောင်းမရှိပေ။
ကွမ်ကျင်းက ရုတ်တရတ် လှောင်ရယ်မောလိုက်၏။
“ကြိုးကြာလေးကို သူက အစာကျွေးဖူးပြီး ကြိုးကြာလေးက သူ့ကို မှတ်မိတယ်လို့ ဘယ်သူကများ အရှက်မရှိ ပြောခဲ့တာပါလိမ့်.. ဟမ်”
လူယန်ရုံသည် ရှက်ရွံ့သွားပြီး သူ့မျက်နှာက နီးမြန်းသွား၏။ သူသည် တွင်းတစ်တွင်းပြေးတူးပြီး ခေါင်းသာနှစ်ထားချင်နေပေတော့သည်။
“မင်း ငါ့ကို လှောင်မနေနဲ့.. သူက လူမှားနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့”
လူယန်ရုံက အလျှော့မပေးသေးဘဲ ကြိုးကြာလေးအနားသို့ တိုးကပ်သွား၏။ သူသည် မျက်နှာချိုသွေး ပြုံးပြ၍ လက်သီးဆုပ် လေးစားဟန်ပြလိုက်၏။
“ကြိုးကြာလေးရေ.. ငါ့မိတ်ဆွေလေး.. ငါလေကွာ.. မင်းမမှတ်မိတော့ဘူးလား.. ဒီ့အရင်စောစောတုန်းက ငါမင်းကို ဆေးလုံးတစ်လုံး ကျွေးဖူးတယ်လေ.. ဘယ်လိုလဲ မှတ်မိပြီလား”
လူယန်ရုံသည် ထိုစကားကို မပြောခဲ့လျှင် အကောင်းသားဖြစ်၏။ သူ ထိုအရာကို ထုတ်ဖော်ပြောလိုက်သည့်တစ်ခဏ၌ ကြိုးကြာလေးသည် ထိုမတော်တဆမှု ဖြစ်ပွားခဲ့အပြီး၌ သူ့အမေက သူ့ကို မည်သို့ အပြစ်ပေး ကောင်းကောင်းဆုံးမခဲ့ပုံကို ပြန်လည်အမှတ်ရသွား၏။
“ကော်း.. ကော်း..”
ရုတ်တရတ် သူသည် နှစ်ကြိမ်တိုင်တိုင် အော်ဟစ်လိုက်၏။ သူ့အသံက စူးရှပြင်းထန်နေပြီး သူ့မျက်လုံးများက ရန်လိုစိတ်ဖြင့် ပြည့်နှက်နေ၏။
လူယန်ရုံသည် အငိုက်မိသွားပြီး ကြောက်ရွံ့တုန်လှုပ်သွားကာ ဒယီးဒယိုင်ဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
“ဟားဟား ဟားဟား..”
လူယန်ရုံ အရှက်ခွဲခံလိုက်ရသည်ကိုကြည့်ကာ ကွမ်ကျင်းက အားပါးတရ ရယ်ချလိုက်၏။
ဆူဇီမိုနှင့် ကြိုးကြာလေးအကြားရှိ ဆက်ဆံရေးကို မည်သည့်အတွင်းစည်းတပည့်တစ်ယောက်မျှ သိမထားကြပေ။
ယခု ရှိနေသောလူများထဲတွင် ဖက်တီးလေးတစ်ယောက်သာ ထိုအရာကို အနည်းငယ် သိထား၏။
ဆူဇီမိုသည် ကြိုးကြာလေး၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ဟာသနှော၍ ငေါက်လိုက်၏။
“ငှက်ရူးလေး.. မင်းဘာလို့ အဲ့လောက်တောင် ဒေါသကြီးနေရတာလဲ”
သူတို့၏ ဆက်ဆံရေးက အမြဲတမ်း ထိုသို့သာ ဖြစ်လေသည်။
သို့သော်လည်း ထိုမြင်ကွင်းက လူယန်ရုံနှင့် ကွမ်ကျင်းနှစ်ယောက်စလုံးကို တုန်လှုပ်စွာဖြင့် ငေးမောသွားစေ၏။
လူယန်ရုံသည် အလတ်အလတ်အခြေတည်အဆင့်သို့ ရောက်နေသော အတွင်းစည်းတပည့်တစ်ယောက် ဖြစ်သော်လည်း ကြိုးကြာလေးကို မိတ်ဆွေလေးဟု တလေးတစား နှုတ်ဆက်ရ၏။ သို့သော်လည်း အခုတော့ ဆူဇီမိုက သူ့ကို ငှက်ရူးလေးဟု ခေါ်လိုက်တာလား။
ထိုမျှသာမက ထိုငနဲက ကြိုးကြာလေး၏ ခေါင်းကိုပင် ပုတ်ရဲလိုက်သေး၏။
သို့စေကာမူ သူတို့ကို ထပ်ပြီး အံ့အားသင့်စေတာက ကြိုးကြာလေးသည် ထိုအရာကို အနည်းငယ်မျှပင် စိတ်ဆိုးဒေါသထွက်ပုံမရပေ။
ဖက်တီးလေးသည် လူယန်ရုံနှင့် ကွမ်ကျင်းနှစ်ယောက်စလုံးကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်ကာ စိတ်ထဲကနေ တီးတိုးရေရွတ်လိုက်၏။
“ဒီ့အရင်တုန်းက နောင်ကြီးက ကြိုးကြာလေးကို သုံးလကျော်ကျော်လောက် ချုပ်နှောင်ထားခဲ့ဖူးတယ်ဆိုတာကိုသာ မင်းတို့သိရင် အကြောက်လွန်ပြီး ရူးကုန်ကြမလားပဲ”
“သူမက ခွင့်ပြုလိုက်ပြီလား” ဆူဇီမိုက မေးလိုက်၏။
ကြိုးကြားလေးက အလောတကြီး ခေါင်းကို တစ်ဆတ်ဆတ်ညိတ်ပြလိုက်၏။ သူ့မျက်လုံးများက ဆူဇီမို၏ လက်ခံသဘောတူမှုကို မျှော်လင့်တကြီးဖြင့် စောင့်စားနေ၏။
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“ကောင်းပြီလေ.. အဲ့ဒါဆိုလဲ ငါတို့အတူသွားကြတာပေါ့”
ခဏကြာရပ်နားပြီးနောက် ဆူဇီမိုသည် တစ်ခုခုလိုနေသေးတာကို စဉ်းစားမိလိုက်ပြီး လမ့်ရိုနှင့် အခြားသူများဘက်သို့ လှည့်ကြည့်ကာ မေးလိုက်၏။
“စီနီယာအစ်မလမ့်ရိုနဲ့ စီနီယာအစ်ကိုတို့.. ကျုပ်တို့နဲ့အတူ ကြိုးကြာလေးကို ခေါ်လာခဲ့မယ်ဆို ပြဿနာမရှိဘူးမဟုတ်လား”
“ဘာ..ဘာပြဿနာမှ မရှိပါဘူး”
လူယန်ရုံသည် ပျာပျာသလဲနှင့် ချက်ချင်းပြန်ပြောလိုက်၏။
လမ့်ရို၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ခုပေါ်လာကာ ခေါင်းညိတ်ပြလိုက်၏။
ကြိုးကြာလေးသည် စိတ်ဝိညာဉ်သားရဲ ဖြစ်နေပြီဖြစ်ပြီး သူ့ခွန်အားက အခြေတည်အဆင့်နှင့် တူညီနေတာကို အသာထား၊ သူ့အဆင့်အတန်းတစ်ခုတည်းနှင့်ပင် မည်သူ့ကို သူ့ကို ကန့်ကွက်ရဲပါမည်နည်း။
“ကဲအားလုံးပဲ လူစုံနေပြီဆိုမှတော့ သွားကြတာပေါ့.. ကျုပ်တို့ လင်းဖုန်းမြို့ကို မြန်မြန်ရောက်လေ ကောင်းလေပဲ မဟုတ်လား”
ဖက်တီးလေးက သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။
လမ့်ရိုက ခေါင်းညိတ်ပြလိုက်၏။
မျက်လုံးကို အနည်းငယ်ကစားလိုက်ပြီး လူယန်ရုံသည် တစ်စုံတစ်ရာကို စိတ်ထဲကနေ ကြံစည်တွေးတောကာ ရုတ်တရတ် ထပြောလိုက်၏။
“ဂျူနီယာညီလေးပြောတာ အမှန်ပဲ.. ငါတို့ လင်းဖုန်းမြန်မြန်ရောက်ဖို့ လိုတယ်.. ဒါပေမယ့် ဂျူနီယာညီလေးဆူရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်ကျနေတော့ .. ဓါးပျံစီးနင်းရာမှာ သူက ငါတို့နောက်ကို ဘယ်လိုလုပ် အမီလိုက်နိုင်ပါ့မလဲ”
“အဲ့ဒါတော့ ဟုတ်တယ်ကွ”
ကွမ်ကျင်းကပါ ခေါင်းညိတ်ထောက်ခံလိုက်၏။
“ဒီခရီးက အန္တရာယ်သိပ်မများလှဘူးဆိုပေမယ့်လဲ.. ဂျူနီယာညီလေးဆူကို ထားခဲ့တာ ပိုကောင်းလိမ့်မယ်ထင်တယ်.. မဟုတ်ရင် ငါတို့ခရီးက နှောင့်နှေးကြန့်ကြာနေတော့မှာပဲ”
လူယန်ရုံနှင့် ကွမ်ကျင်းသည် မူလက ဂိုဏ်းထဲတွင် လမ့်ရိုကို ပိုးပန်းရင်း တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် ဖြစ်ကြ၏။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးသည် ဆူဇီမို၏ ပေါ်ပေါက်လာမှုမှ ခြိမ်းခြောက်မှုတစ်ခုကို တူညီစွာ ခံစားနေရ၏။
သူတို့နှစ်ယောက်သည် ဤအချိန်တွင် အလိုအလျောက် နားလည်မှုရသွားကြပြီး သူတို့၏ ပြိုင်ဆိုင်မှုမှ ဆူဇီမိုကို အရင်ခါထုတ်ပစ်ဖို့ ကြိုးစားလိုက်ကြ၏။
ဆူဇီမိုသည် သူတို့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုသာဖြစ်ကြောင်း သွယ်ဝိုက်၍ ပြောဆိုနေကြခြင်းဖြစ်၏။
သို့စေကာမူ သူတို့ပြောသောအချက်ကို ဆူဇီမိုသည်လည်း မငြင်းဆန်နိုင်ပေ။
ဘာပဲပြောပြော သူသည် ချီစုဖွဲ့မှုအဆင့်၉မှာသာ ရှိနေသေးပြီး ဓါးပျံစီးနင်းမှုအမြန်နှုန်းတွင် အခြေတည်အဆင့်များထက် များစွာနိမ့်ကျနေသေးပေသည်။
မြေပြင်ပေါ်မှာ ပြေးရမည်ဆိုလျှင်တော့ သူ၏ သွေးစွမ်းအားကို မသုံးလျှင်တောင် ဆူဇီမိုသည် နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းကို အသုံးပြုရုံနှင့် အခြေတည်အဆင့်များ ဓါးပျံစီးနင်းသည်ထက် ပိုမြန်အောင် ပြေးနိုင်လေသည်။
“အဲ့အတွက် မပူပါနဲ့ အဆင်ပြေပါတယ်.. အဆင်ပြေပါတယ်”
ဖက်တီးလေးက ရယ်မောပြောလိုက်၏။
“ကျုပ်က နောင်ကြီးကို ခေါ်ပြီး ခင်ဗျားတို့နောက်ကို အမီလိုက်ခဲ့ပါ့မယ်”
“ငါတို့ထဲမှာတောင် မင်းက နဂိုထဲက အနှေးဆုံးကို.. အခုနောက်ထပ်တစ်ယောက်ကိုပါ သယ်ပြီး လိုက်လာဖို့ စဉ်းစားနေတာလား.. အဲ့ဒါဆို မင်းက ပိုလို့တောင် နှေးသွားမှာ မဟုတ်ဘူးလား” ကွမ်ကျင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
လူယန်ရုံက ပြုံး၍ ပြောလိုက်၏။
“ကဲကဲ.. ဒီထဲမှာ ငါက အသန်မာဆုံးဆိုတော့ ဂျူနီယာညီလေးဆူကို ငါပဲ ခေါ်ခဲ့လိုက်မယ်”
ထိုသို့ပြောပြီးသည်နှင့် လူယန်ရုံသည် လမ့်ရိုကို ရည်ရွယ်ချက်ရှိရှိ လှမ်းကြည့်လိုက်၏။
လူယန်ရုံ၏ စကားက ဆူဇီမိုကို ကူညီချင်သည်ဟု ထင်ရသော်လည်း.. သူ့စကားထဲတွင် မြှပ်ကွယ်ထားသော အဓိပ္ပါယ်များလည်း ရှိနေသေး၏။