← Chapters

သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော ရှေးဟောင်းမြို့တော်

Vol. 10 Ch. 141

သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော ရှေးဟောင်းမြို့တော်

Vol. 10 Ch. 141

အခန်း ၁၄၁ - သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော ရှေးဟောင်းမြို့တော်

ထိုလူများက ဆူဇီမို၏ အမြန်နှုန်းနှင့် ပတ်သတ်၍ အထင်သေးမေးခွန်းထုတ်နေကြသည်ကို တွေ့ရသောအခါ ကြိုးကြာလေးက မကျေမနပ် ဖြစ်လာ၏။

ဆူဇီမိုသည် မတရားသဖြင့် ဆက်ဆံခံရသည်ဟု သူခံစားမိ၏။ ထို့အပြင် ဆူဇီမိုသာ လက်လျှော့၍ အပြင်မသွားတော့ဟု ဆုံးဖြတ်လိုက်ပါက သူသည်လည်း လိုက်ပါနိုင်တော့မည် မဟုတ်ဘဲ ပျော်စရာလေးတွေ ရှာဖွေနိုင်တော့မည် မဟုတ်ပေ။

ကြိုးကြာလေးက တစ်ချက် အော်ဟစ်လိုက်ပြီး ကိုယ်ကိုကိုင်းညွှတ်လိုက်၏။

ကြိုးကြာလေး၏ ဆိုလိုရင်းကို စိတ်ဝိညာဉ်ကျားက အရင်ဦးစွာ သဘောပေါက်သွားပြီး ကျေနပ်နှစ်ခြိုက်စွာ ၎င်းပေါ်သို့ ခုန်တက်လိုက်၏။

ကြိုးကြာလေး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး မသတီသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် စိတ်ဝိညာဉ်ကျားကို ခါထုတ်မပစ်ဘဲ ဆူဇီမိုကို ကြည့်လိုက်၏။ သူသည် ဆူဇီမိုကိုလည်း သူ့အပေါ်သို့ ခုန်တက်ရန် အချက်ပြနေခြင်းဖြစ်၏။

ဒီတစ်ကြိမ်တွင်တော့ ဘာဖြစ်နေသည်ကို ဆူဇီမိုသာမဟုတ်၊ အားလုံးနားလည်လိုက်ကြ၏။

ကြိုးကြာလေးက ဆူဇီမိုကို သူ့‌ကိုယ်ပေါ်တင်ခေါ်သွားချင်နေခြင်းဖြစ်၏။

အခြေတည်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ အမြန်နှုန်းက လူယန်ရုံနှင့် အခြားသူများထက် များစွာပိုမြန်လေသည်။

ထို့အပြင် လျှို့ဝှက်အစောင့်အရှောက်သားရဲ၏ ကလေးက သူ့ဂုဏ်သိက္ခာအဆင့်အတန်းကို နှိမ့်ချ၍ ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ကို သူ့ကိုယ်ပေါ်သို့ တင်ခေါ်ချင်လိမ့်မည်ဟု မည်သူကမျှ ထင်မထားကြပေ။

ထိုအရာသည် လူတိုင်းလိုချင်ကြ‌သော မျက်နှာသာပေးမှုဖြစ်၏။

လူယန်ရုံနှင့် ကွမ်ကျင်းသည် အားကျမနာလိုမှုများနှင့် မျက်နှာများပင် နီးမြန်းလာကြ၏။

ဆူဇီမိုနေရာမှာ သူတို့‌သာဆိုလျှင် စိတ်အားထန်သန်ကျေနပ်စွာဖြင့် ခုန်တက်ပြီးနေကြလောက်ပေပြီ။

သို့သော်လည်း ဆူဇီမိုကတော့ မျက်မှောင်ကြုတ်လိုက်၏။ ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် သူက အလေးအနက်ထား ပြောလိုက်၏။

"ငါ့ကိုယ်က နည်းနည်းတော့ လေးတယ်နော်၊ နင်ငါ့ကို သယ်နိုင်ပါ့မလား"

ဆူဇီမိုသည် ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို ၀တ်ဆင်ထားသောကြောင့် ၅တန်လေး အလေးချိန် ရှိလေသည်။

သူသာ အခုနေ ဆန်းကြယ်ရွှေပိုးချပ်၀တ်ကို ချွတ်ချင်လျှင် သူ၏ အပေါ်အင်္ကျီအစိမ်းကို အရင်ချွတ်ရပေမည်။ သို့သော်လည်း ဘေးနားတွင် လမ့်ရိုက ရှိနေသောကြောင့် ထိုသို့လုပ်ဖို့ကား မသင့်လျော်ပေ။

ကြိုးကြာလေးက ဆူဇီမိုပြောတာကို မယုံကြည်ပေ။ ၎င်းသည် ခေါင်းကိုမော့၍ နှုတ်ခမ်းဆူလိုက်ပြီး စိတ်ထဲကနေ ပြောလိုက်၏။

'ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ဘယ်လောက်များ လေးနိုင်မှာမို့လဲ.. ဟွန့်'

"ကော်း.. ကော်း"

ကြိုးကြာလေးက အော်မြည်သံပြုလိုက်ပြီး ဆူဇီမိုကို မြန်မြန်တက်ဖို့ လောဆော်လိုက်၏။

ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ဆူဇီမိုက သတိပေးလိုက်၏။

"သတိထားနော်"

ထိုသို့ပြောပြီးသည်နှင့် ဆူဇီမိုသည် ကြိုးကြာလေး၏ ကျောပေါ်သို့ ခုန်တက်လိုက်၏။

ဖုန်း!

ချက်ချင်းဆိုသလိုပင် ကြိုးကြာလေးသည် မြေပေါ်သို့ ခေါင်းနှင့်အရင် လဲကျသွားပြီး ပါးစပ်ထဲသို့ ဖုန်မှုန့်များ၀င်ကုန်၏။

၎င်းသည် စိတ်တိုဒေါသထွက်သွားပြီး လူသားဘာသာစကားနှင့် ကျိန်ဆဲမိမတတ် ဖြစ်သွား၏။

'ဘာနည်းနည်းတော့ လေးတာလဲ။ အဲ့ဒါကို သေလောက်အောင် လေးတယ်လို့ ခေါ်တယ်ဟဲ့ ငတုံးရဲ့။'

တစ်ကယ်တော့ ကြိုးကြာလေး၏ တစ်မူထူးခြားသော မျိုး‌ဆက်သွေးကြောင့် ထိုမျှလောက်သော အလေးချိန်က ၎င်းအတွက် ပြဿနာမရှိလှပေ။

သို့သော်လည်း ထင်မှတ်မထားမိဘဲ လေးလံသည့်အရာက ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ရုတ်တရတ်ဆိုသလို ရောက်လာ‌သောကြောင့် လုံး၀အငိုက်မိသွားခြင်းဖြစ်၏။

ဆူဇီမိုက ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။

"ငါ ပြန်ဆင်းလိုက်တော့မယ်"

ကော်း! ကော်း!"

ကြိုးကြာလေးက မကျေမနပ် ဖြစ်သွား၏။

သူ့အစွမ်းအစကို မေးခွန်းထုတ်နေတာမျိုး သူလက်မခံနိုင်ပေ။

သူ့သွေးများကို လှည့်ပတ်လိုက်ပြီး ကြိုးကြာလေးက တောင်ပံများကိုခတ်ကာ ပျံတက်လိုက်၏။ လူယန်ရုံနှင့် ကွမ်ကျင်းတို့၏ အားကျငေးမောနေသော အကြည့်အောက်မှာပင် ကြိုးကြာလေးက ဂိုဏ်းထဲကနေ ပျံထွက်သွား၏။

ဖက်တီးလေးက သူ့ဓါးပျံကို ဆင့်ခေါ်လိုက်ပြီး အော်လိုက်၏။

"သွားကြမယ်ဟေ့"

သိပ်မကြာမီမှာပင် ကြိုးကြာလေးသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အလေးချိန်ကို လိုက်လျောညီထွေရှိအောင် ချိန်ညှိပြီးသွား၏။ သူ၏ ယခင်အမြန်နှုန်းအတိုင်း မပျံနိုင်သော်လည်း အခြားလေးယောက်ထက်တော့ ပိုမြန်နေသေး၏။

သူတို့ခုနှစ်ဦးသည် လင်းဖုန်းမြို့တော်ဆီသို့ ဦးတည်သွားလိုက်ကြ၏။

ဆန်းကြယ်တောင်ထွတ်နှင့် လင်းဖုန်းမြို့သည် သိပ်မကွာဝေးလှပေ။ အစောပိုင်းအခြေတည်အဆင့် ကျင့်ကြံသူများ၏ အမြန်နှုန်းအရဆိုပါက ထိုနေရာကိုရောက်ဖို့ ခန့်မှန်းခြေ တစ်နေ့လောက် အချိန်ယူရပေမည်။

လမ်းတစ်လျှောက်တွင် သူတို့သည် အခြားသောကျင့်ကြံသူများနှင့်လည်း ဆုံတွေ့ခဲ့ရ၏။

အပြင်မှ ကျင့်ကြံသူများသည် သူတို့၏ ဂိုဏ်းတံဆိပ်ပြားများကို မြင်တွေ့သောအခါ တလေးတစားနှင့် လမ်းဖယ်ပေးကြလေသည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများဖြစ်စေ၊ ဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူများဖြစ်စေ.. သူတို့အားလုံးသည် ဆန်းကြယ်တောင်ထွတ်ကို ကြားဖူးကြလေသည်။

သူတို့အတွက်တော့ ဆန်းကြယ်တောင်ထွတ်သည် မည်သူမျှ သွားမရှုပ်ရဲသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။

တစ်ခဏအတွင်းမှာပင် တစ်နေ့တာက ကုန်ဆုံးသွား၏။

နေ၀င်ခါစအချိန်သို့ရောက်သောအခါ

ရှေးဟောင်းမြို့တော်ကြီးတစ်ခုက သူတို့မြင်ကွင်းထဲတွင် ပေါ်လာလေသည်။ ထိုအရာက သူတို့၏ ခရီးပန်းတိုင်ဖြစ်သော လင်းဖုန်းမြို့ပင်ဖြစ်လေသည်။

ကြိုးကြာလေးက အောက်သို့ တစ်ဖြည်းဖြည်းချင်း ဂရုစိုက်ဆင်းလိုက်၏။ ခပ်လှမ်းလှမ်းတွင် မြင်နေရသော ရှေးဟောင်းမြို့တော်ကို ကြည့်လိုက်ပြီး ဆူဇီမိုက အလေးအနက်တွေး၍ မျက်မှောင်ကြုတ်လိုက်၏။

လမ့်ရိုနှင့် အခြားသူများက နောက်ကနေ့ အမီလိုက်လာကြ၏။

လူယန်ရုံက ကြိုးကြာလေး‌နားသို့ လျှောက်လာပြီး သူ့သိုလှောင်အိတ်ထဲကနေ ဆေးလုံးတစ်လုံးကို ထုတ်လိုက်၏။ သူက အပြုံးတစ်ခု လုပ်ယူ၍ ပြောလိုက်၏။

"ကြိုးကြာလေး၊ ကျုပ်မိတ်ဆွေလေး.. မောနေပြီမလား.. ဒီဆေးလုံးလေးကို သောက်လိုက်ပါလား.. ကုန်သွားတဲ့အားအင်တွေ ပြန်ဖြည့်လို့ရတာပေါ့.. ဘယ်လို့လဲ"

ကြိုးကြာလေးက ချာကနဲ လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးက ၀င်းလက်သွား၏။ သူသည် လူယန်ရုံလက်ထဲက ဆေးလုံးကို ဆတ်ကနဲ ဆွဲယူလိုက်ပြီး တစ်ကျိုက်တည်း မျိုချပစ်လိုက်၏။

ထိုသည်ကို မြင်သောအခါ လူယန်ရုံသည် ရွှင်ပျသွား၏။

ကြိုးကြာလေး ကျောပေါ်တက်လိုက်လာရသော ဆူဇီမိုကို သူသည် အားကျနေခြင်းဖြစ်၏။

စိတ်ဝိညာဉ်သားရဲတစ်ကောင်၏ ကျောပေါ်ကနေ တက်လိုက်ရခြင်းသည် ဓါးပျံစီး၍ သွားရခြင်းထက် ပို၍ ကျော့ရှင်းကာ ခမ်းနားထည်ဝါလှလေသည်။ ပြီးတော့ ၎င်းက အားအင်ကုန်ခမ်းမောပန်းမှုလည်း လုံး၀မရှိပေ။

လူယန်ရုံက ညင်သာစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး မေးလိုက်၏။

"ကျုပ်မိတ်ဆွေ ကြိုးကြာလေး.. ကျုပ်ကိုလည်း တစ်ခါလောက် လိုက်စီးခွင့်ပေးပါလား.. အဲ့ဒါဆို ကျုပ်လဲ ခဏလောက် နားလို့ရတာပေါ့"

ကြိုးကြာလေးက ဦးခေါင်းကို တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး သူ့ကို လုံး၀ လျစ်လျူရှုလိုက်၏။

"နင်.. ဒီငှက်ရူ..."

လူယန်ရုံက သူ့စကားလုံးများကို ပြန်မျိုချလိုက်ရ၏။

ဆူဇီမိုက ကြိုးကြာလေးကို ငှက်ရူးလေးဟု ခေါ်ရဲသော်လည်း သူကတော့ ထိုသို့လိုက်ခေါ်ဖို့ သတ္တိမရှိပေ။

လူယန်ရုံတစ်ယောက် အရှက်ကွဲသွားသည်ကို ကြည့်ပြီး ဘေးဘက်ကနေ ကွမ်ကျင်းက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

ထိုအချိန်မှာပင် ဆူဇီမိုက ရုတ်တရတ် ပြောလိုက်၏။

"အားလုံးပဲ သတိထားကြ‌နော်.. လင်းဖုန်းမြို့က သိပ်ပြီးတော့ မူမှန်မနေဘူး"

"ဘာဖြစ်နေလို့လဲ"

ကြိုးကြာလေးအရှက်ခွဲတာကို လောလောလတ်လတ် ခံထားရသောကြောင့် လူယန်ရုံက ဒေါပွနေပြီးဖြစ်၏။ ယခု ဆူဇီမိုကို ပြောသည်ကို ကြားသောအခါ သူကပြန်အော်လိုက်၏။

"မင်းဘာမှမသိဘူးဆိုရင်‌လဲ လျှောက်ပြောမနေနဲ့.. မင်းက အခုမှ ချီစုဖွဲ့မှုအဆင့်၉နဲ့ ငါတို့ထက် ပိုသိနေတာလား"

"အမှန်ပဲ"

ယခုအချိန်တွင် ကွမ်ကျင်းသည် လူယန်ရုံနှင့် တစ်ဖက်တည်း ဖြစ်သွား၏။ ဆူဇီမိုကို ဖိနင်းဖို့ အခွင့်အရေး ရလာပြီဖြစ်သောကြောင့် သူက ဆက်ပြောလိုက်၏။

"လင်းဖုန်းမြို့က ဘာမူမမှန်လို့လဲ.. ငါကြည့်ရ‌တာတော့ အားလုံးက ပုံမှန်ပဲကို"

"မှောင်ရိပ်တောင် စသန်းလာပြီကို မြို့ထဲမှာ ဘာအလင်းရောင်မှ မတွေ့ရဘူး၊ အဲ့ဒါက ထူးဆန်း‌နေတယ်" ဆူဇီမိုက ခေါင်းခါလိုက်၏။

လမ့်ရိုသည်လည်း မျက်ခုံးကိုကျုံ့လိုက်ပြီး ဤသည်ကို နားလည်သွား၏။

လူယန်ရုံက ဖမ်းဟောက်လိုက်၏။

"အခုမှ မိုးတောင်မချုပ်သေးတာကို မီးရောင်မမြင်ရသေးတာ ထူးဆန်းနေလို့လား"

နောက်တစ်ခဏအတွင်းမှာပင် သူတို့ငါးယောက်သည် လင်းဖုန်းမြို့၏ အထက်ကောင်းကင်သို့ ရောက်လာပြီးနောက် အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာကြ၏။

ယခုအချိန်တွင် လူယန်ရုံနှင့် ကွမ်ကျင်းသည်ပင်လျှင် မြို့၏ မူမမှန်မှုကို သတိထားမိနေကြပေပြီ။

၎င်းက တိတ်ဆိတ်လွန်းနေ၏။

မြို့လမ်းများသည် လူတစ်ယောက်မျှမရှိဘဲ လုံး၀ဗလာကျင်းနေ၏။

‌နေ၀င်ရီတရော အချိန်ပင်ဖြစ်သော်လည်း ဤမျှအထိတော့ တိတ်ဆိတ်မနေသင့်ပေ။ လူတိုင်းက မြို့ကို စွန့်ခွာသွားကြသလို ၎င်းက‌ သွေးပျက်စရာကောင်းလောက်အောင်ကို တိတ်ဆိတ်လွန်းနေ၏။

သူတို့ငါးယောက်သည် လင်းဖုန်းမြို့လမ်းမထက်သို့ ဆင်းသက်လိုက်ပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ကြ၏။

လမ်း၏ တစ်ဖက်တစ်ချက်စီရှိ ဆိုင်များသည် တံခါးများကို တင်းတင်းစေ့ပိတ်ထားကြ၏။ ၎င်းတို့သည် မနက်ကတည်းက အခုချိန်ထိ လုံး၀မဖွင့်ရသေးသလိုပင်။ ရှေးဟောင်းမြို့တော်အတွင်းရှိ လေထုသည် တစ်မျိုးတစ်မည် ထူးခြားနေပြီး အနိဋ္ဌာရုံဆန်နေ၏။

ဆူဇီမိုသည် နှာခေါင်းရှုံ့ကြည့်လိုက်‌သော်လည်း မည်သည့်သွေးရနံ့ကိုမျှ မရေ‌ချေ။

"ဘာတွေ ဖြစ်နေတာလဲကွာ"

ဖက်တီးလေးက မှုန်ကုပ်စိတ်မရှည်စွာဖြင့် မေးလိုက်၏။

ထုံးစံအရဆိုလျှင် လင်းဖုန်းမြို့တော်၀န်က သူတို့ကို ကြိုဆိုဖို့အတွက် တစ်ယောက်ယောက်ကို အစောကြီးကတည်းက မြို့အ၀င်၀သို့ သေလွှတ်ထားရပေမည်။

သို့သော် ယခုအခါ လင်းဖုန်းမြို့တွင်းသို့ ရောက်ရှိလာသည့်တိုင်၊ လူတစ်ဦးတစ်ယောက်ကိုမျှ မြင်တွေ့ရခြင်း မရှိသေးပေ။

လူယန်ရုံသည် ခေါင်းခါလိုက်ပြီး စိတ်တင်းကျပ်စွာဖြင့် သူ့ဓါးပျံကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်၏။

စိတ်ဝိညာဉ်ကျား၏ နားရွက်က လှုပ်ခါသွားပြီး ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေ၏။ ၎င်းသည် တစ်စုံတစ်ရာကို ထိတ်လန့်နေသလို မြေကြီးကို လက်သည်းဖြင့် အဆက်မပြတ်ကုတ်နေ၏။

ကြိုးကြာလေး၏ အမူအယာကလည်း စိတ်ဝိညာဉ်ကျားနှင့် သိပ်မကွာပေ။

ခဏမျှစဉ်းစားလိုက်ပြီးနောက် လူယန်ရုံသည် ဆုံးဖြတ်ချက်တစ်ခုချကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"သွားကြမယ်လာ.. ငါတို့ မြို့၀န်မင်းရဲ့အိမ်ကို အရင်သွားစစ်ဆေးကြည့်ရမယ်"

အားလုံးထဲတွင် သူက ကျင့်ကြံမှုအဆင့် အမြင်ဆုံးဖြစ်၏။ မည်သူမျှ ပါးစပ်က ထုတ်မပြောကြသော်လည်း အကုန်လုံးက သူ့ကို ခေါင်းဆောင်အဖြစ် တိတ်တဆိတ်လက်ခံထားကြ၏။

ဤတစ်ကြိမ်တွင်တော့ မည်သူမျှ ဓါးပျံများကို မစီးနင်းကြတော့ပေ။

ဆူဇီမိုကလွဲလျှင် ကျန်သူအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်ချီအ‌‌တော်များများကို ဆုံးရှုံးထားရ၏။ ထို့ကြောင့် သူတို့သည် လမ်းလျှောက်သွားဖို့သာ ရွေးချယ်လိုက်ကြ၏။

တိတ်ဆိတ်ငြိမ်သက်နေသော လမ်းများထဲ ဖြတ်လျှောက်လာကြရင်း သူတို့သည် သိသာလှုပ်ရှားမှု တစ်စုံတစ်ရာကို သတိထားစောင့်ကြည့်၍ မှတ်သားနေကြ၏။

ရုတ်တရတ်ဆိုသလို...

သူတို့အနောက်ဘက်မှ ဆူညံသံတစ်ခုက ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပင် လူယန်ရုံသည် ကုတ်မွှေးများထောင်သွားပြီး အနောက်ဘက်သို့ ထိတ်ထိတ်ပျာပျာဖြင့် လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်းတွင် 'ယမကာ'ဟု ရေးထားသော သုံးထောင့်ချွန်းအလံတစ်ခုက လေတိုက်လိုက်သည့်အခါတိုင်း တစ်ဖျတ်ဖျတ်လွင့်၍ အသံထွက်နေ၏။

၎င်းက အထင်မှား၍ ထိတ်လန့်မိခြင်း ဖြစ်၏။

လူယန်ရုံနှင့် အခြားသူများလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

နောက်ထပ် အေးစက်‌‌ချောက်ချားဖွယ် လေစိမ်းများက တိုက်ခတ်လိုက်သောအခါမှသာ လူယန်ရုံသည် သတိထားမိလိုက်၏။ ဘယ်တုန်းကတည်းကရယ်မသိ၊ သူ့တစ်ကိုယ်လုံး အေးစက်စက်ချွေးများက စိုနေလေပြီ။

"လခွမ်း.. တစ်မျိုးကြီးပဲကွာ"

သူသည် ကျိန်ဆဲ၍ ဆက်လက်လျှောက်သွားလိုက်၏။

All Chapters