← Chapters

ရှာဖွေတွေ့ရှိမှု

Vol. 10 Ch. 142

ရှာဖွေတွေ့ရှိမှု

Vol. 10 Ch. 142

အခန်း ၁၄၂ - ရှာဖွေတွေ့ရှိမှု

Translator – Than Toe Aung

သူတို့လမ်းလျှောက်လိုက်ကြပြီး သိပ်မကြာခင်မှာပင် လူယန်ရုံက သူခြေလှမ်းကို ရပ်တန့်လိုက်၏။

သူတို့နှင့် သိပ်မဝေးသော လမ်းမထက်သော လူနှစ်ယောက်သည် မှောက်လျှက် လှဲလျောင်းနေကြ၏။ မလှုပ်မယှက်နှင့် သူတို့မျက်နှာများကိုကား မြင်တွေ့ရခြင်း မရှိပေ။

သူတို့ထဲက တစ်ယောက်သည် လက်ထဲတွင် မောင်းတစ်ခုကို ကိုင်ထားပြီး အခြားတစ်ယောက်ကတော့ ထုနှက်စရာတစ်ခုကို ကိုင်ဆောင်ထား၏။ သူတို့နှစ်ယောက်သည် လင်းဖုန်းမြို့၏ ညစောင့်များ ဖြစ်ကြပုံရ၏။

သို့သော်လည်း ညအချိန်ခါတောင် မရောက်သေးဘဲ သူတို့က ဘာလို့ မြေပေါ်မှာ ဝပ်လဲနေကြပါလိမ့်။

“ဟေ့.. ညစောင့်တွေ.. မင်းတို့ သေပြီလား.. အသက်ရှိသေးလား” လူယန်ရုံက သူ့ဓါးပျံကို ဆုပ်ကိုင်ထား၏။ သူသည် ရှေ့သို့ သိပ်မတက်ရဲဘဲ နေရာမှာတင် ရပ်တန့်၍ အကဲစမ်းကြည့်လိုက်၏။

ဘေးမှာရပ်နေသော ကွမ်ကျင်းက အေးစက်စွာ နှာမှုတ်လိုက်၏။

“မော်တယ်တွေပဲ နေကြတဲ့မြို့မှာ မင်းက ဘာလို့ လန့်နေတာလဲ”

ကွမ်ကျင်းသည် ထိုသို့ ပြောလိုက်သော်လည်း သူ့လက်ထဲမှာတော့ အကာအကွယ်အဆောင်တစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူသည် ရှေ့သို့တက်လိုက်ပြီး လဲကျနေသော လူနှစ်ယောက်ထဲမှ တစ်ယောက်ကို ဆွဲလှန်ကြည့်လိုက်၏။

“အား”

ကွမ်ကျင်းသည် အာမေဋိတ်သံတစ်ချက် ပြုလိုက်ပြီး ဒယီးဒယိုင်ဖြင့် နောက်သို့ ခြေသုံးလေးလှမ်း ဆုတ်လိုက်မိ၏။

ထိုလူက သေနှင့်နေပြီဆိုတာ ဆူဇီမိုနှင့်အခြားသူများအားလုံး တပ်အပ်ပြောနိုင်ကြ၏။

သူတို့အားလုံးသည် သည့်အရင်က လူသေများကို မြင်ဖူးပါ၏။

သို့သော်လည်း ဤမျှထိကြောက်စရာကောင်းသောလူသေကို သူတို့မြင်တွေ့ဖူးသည်မှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်လေသည်။

ညစောင့်လူ၏ မျက်နှာသည် ရှုံ့တွခြောက်ကပ်နေပြီး သူ့အရေပြားများက အရိုးများနှင့် ထိကပ်နေ၏။ သူ့အသွေးနှင့် အသားများက လုံးဝမရှိတော့သည့်အတိုင်းပင်။ သူ၏မီးခိုးရောင်မျက်လုံးများကသာ အပြင်ဘက်သို့ ငေးကြောင်ကြည့်နေသလို့ ပြူးပြဲထွက်နေ၏။

သူသေခဲ့တာတောင် မည်သို့မည်ပုံသေခဲ့ရမှန်း သူ့ကိုယ်သူတောင် သိရှိခဲ့ပုံမရပေ။

ကွမ်ကျင်းသည် လေအေးများကို ရှိုက်သွင်းလိုက်ပြီး နောက်ထပ်တစ်ယောက်ကို ဆွဲလှန်ကြည့်လိုက်၏။ သေဆုံးပုံက ထပ်တူထပ်မျှ တူညီ‌နေ၏။

ပြီးခဲ့သည့်ညက သူတို့နှစ်ယောက်သည် သူတို့၏ ညစောင့်တာဝန်ကို ထမ်းဆောင်မလို့ လုပ်နေစဉ်မှာပင် ကပ်ဆိုးတစ်ခုက ကျရောက်လာပြီး သူတို့သည် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ နေရာမှာပင် သေပွဲဝင်ခဲ့ရပုံရ၏။

ဆူဇီမိုသည် သူ့အကြည့်ကို ကျဉ်းမြောင်း၍ တစ်ခဏမျှ ချင့်ချိန်စဉ်းစားလိုက်၏။ သူသည် ရုတ်တရတ်ဆိုသလို ဘေးဘက်ရှိ နေအိမ်တစ်လုံးရှေ့သို့ လျှောက်သွားလိုက်ပြီး တံခါးကို ကန်ဖွင့်ကာ အထဲသို့ ဝင်ကြည့်လိုက်၏။

အိမ်ထဲမှာရှိသော လူများအားလုံးးက သေနေကြပေပြီ။

အသက်အရွယ် ကြီးကြီးငယ်ငယ်.. သူတို့အားလုံးသည် အပြင်ဘက်က ညစောင့်နှစ်ယောက်ပုံစံအတိုင်းပင် သေဆုံးနေကြ၏။

ဆူဇီမို လမ်ပေါ်ပြန်‌ရောက်လာသောအခါ လမ့်ရိုနှင့် အခြားသူများသည် အခြားအိမ်များထဲမှ သုန်မှုန်နေသော မျက်နှာထားဖြင့် ထွက်လာကြ၏။ သူတို့၏ ရင်ထဲတွင် အကြောက်တရားများက ကပ်ငြိလာ၏။

“အားလုံး သေကုန်ကြပြီ”

ဖက်တီးလေးက တံတွေးမျိုချလိုက်၏။

သူတို့ငါးယောက်စလုံးသည် ကျင့်ကြံသူများ ဖြစ်ကြပြီး ထိုအထဲမှ လေးယောက်က အခြေတည်အဆင့်များ ဖြစ်ကြသော်လည်း တစ်ယောက်မျှ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် မကြုံတွေ့ခဲ့ရဖူးချေ။

ထို့အပြင် သူတို့ထင်တာ မမှားလျှင် ဤရှေးဟောင်းမြို့တော်ထဲမှာ နေထိုင်ကြသော လူများအားလုံးသည် တူညီသော ကံကြမ္မာဆိုးဖြင့် အကုန်သေကုန်ကြလောက်ပေပြီ။

အကြမ်းဖျင်း ပုံရိပ်များက ဆူဇီမို၏ မျက်လုံးထဲတွင် ပေါ်လာ၏။

လွန်ခဲ့သည့်ညက လင်းဖုန်းမြို့သည် ခါတိုင်းကဲ့သို့ အေးချမ်းသာယာငြိမ်သက်နေပြီး လူအများစုက အိပ်မောကျနေပေလိမ့်မည်။ ညစောင့်လူများ ကင်းစလှည့်သောအချိန်မှာပင် ကပ်ဆိုးက ရုတ်တရတ် သူတို့အပေါ် ကျရောက်လာခဲ့ပုံရ၏။

မည်သူမျှ ချမ်းသာရာ မရခဲ့ပေ။

လူအများစုသည် သူတို့အိပ်နေစဉ်မှာပင် သေခဲ့ကြရပုံရ၏။

ဤမြို့ထဲတွင် နေထိုင်ကြသူများမှာ အနည်းဆုံး လူဦးရေတစ်သိန်းလောက် ရှိလေသည်။

တစ်ညတည်းနှင့် ထိုလူများအားလုံးသည် ဆုံးပါးပျောက်ကွယ်သွားရ၏။

လူယန်ရုံက ခက်ထန်စွာ မှတ်ချက်ချလိုက်၏။

“အဲ့ဒါက မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်”

“ဟုတ်တယ်.. မိစ္ဆာကျင့်ကြံသူတွေပဲ ဒီလိုမျိုး အညှာတာမဲ့ စဉ်းလဲကြတာ.. ဒါမျိုးကို အထက်လမ်းဂိုဏ်းကလူတွေက လုပ်မှာမဟုတ်တာတော့ သေချာတယ်” ကွမ်ကျင်းက ခေါင်းညိတ်သဘောတူလိုက်၏။

ရုတ်တရတ် ဆူဇီမိုက ပြောလိုက်၏။

“စိတ်ဝိညာဉ်သတ္တုတွင်းကို တွေ့ခဲ့တဲ့သူက ဒီနားတစ်ဝိုက်မှာပဲ မဟုတ်လား.. သူ့စာလွှာထဲမှာ ဘာကို ဖော်ပြခဲ့လဲ”

ဖက်တီးလေးက ပြန်ပြောလိုက်၏။

“သိပ်အများကြီးမပါဘူး.. လင်းဖုန်းမြို့ရဲ့ မြောက်ဘက်ဆင်ခြေဖုန်းနေရာတစ်ခုမှာ သူက စိတ်ဝိညာဉ်သတ္တုတွင်းတစ်ခုကို တွေ့ခဲ့တယ်တဲ့.. သူက စတင်တူးဖော်နေပြီး နောက်နှစ်ရက်လောက်ဆို ပြီးပြီတဲ့.. အဲ့ဂျူနီယာညီလေး စာထဲမှာ ဖော်ပြခဲ့တာတော့ စိတ်ဝိညာဉ်တွင်းနားကို ကျင့်ကြံသူအချို့ ရစ်သီရစ်သီ လာလုပ်နေတယ်တဲ့.. အဲ့ဒါကို လုယူခံရမှာ စိုးရိမ်ပြီး‌တော့ သူက ဂိုဏ်းဆီကနေ အခြေတည်အဆင့်ကျင့်ကြံသူအချို့ကို အင်းအားအကူ ပို့ပေးဖို့ တောင်းဆိုခဲ့တာပဲ”

ပြန်ဖြေနေရင်းနှင့် ဖက်တီးလေးသည် ရုတ်တရတ် တစ်စုံတစ်ရာကို အတွေးပေါက်သွားပြီး မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြောလိုက်၏။

“နောင်ကြီး.. ဒီရှေးဟောင်းမြို့တော်က လူတွေရဲ့ ကံကြမ္မာဆိုးက ကျုပ်တို့ဂိုဏ်းရဲ့ စိတ်ဝိညာဉ်သတ္တုတွင်းနဲ့ ပတ်သတ်နေတယ်လို့ ပြောချင်တာလား”

“အများကြီး ဖြစ်နိုင်တယ်”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“လင်းဖုန်းမြို့ရဲ့ အနီးမှာ စိတ်ဝိညာဉ်သတ္တုတွင်းတစ်ခုကို တွေ့ရှိပြီး သိပ်မကြာသေးဘူး.. လင်းဖုန်းမြို့က အခုလို အဖြစ်ဆိုးနဲ့ ကြုံရတယ်ဆိုတော့ အဲ့ဒါက တိုက်ဆိုင်လွန်းနေတယ် မဟုတ်ဘူးလား”

“အဲ့ဒါဆို ငါတို့ ဘာလိုလုပ်ရင် ကောင်းမလဲ.. ငါတို့ စိတ်ဝိညာဉ်တွင်းဆီကို လိုက်သွားကြမလား” ဖက်တီးလေးက မေးလိုက်၏။

ဆူဇီမိုက သုန်မှုန်စွာ ပြန်ဖြေလိုက်၏။

“အခုဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ငါတို့ ဂိုဏ်းကို အရင် သတင်းပို့ပေးရမယ်.. ခင်‌ဗျားတို့လဲ ခရီးပန်းလာကြတာဆို‌တော့ စိတ်ဝိညာဉ်ချီတွေလဲ အတော်လေး ကုန်ခမ်းသွားကြပြီ.. ငါတို့ အခုလုပ်သင့်တာက ကုန်သွားတဲ့အားအင်ကို အနားယူပြန်ဖြည့်တင်းပြီးမှ စိတ်ဝိညာဉ်တွင်းကို သွားစစ်ဆေး...”

“ဂျူနီယာညီလေးဆူ.. မင်းက အရမ်းပျော့တာပဲ.. မင်းသိပ်ကြောက်နေရင်လဲ ငါတို့နဲ့ မလိုက်ခဲ့လဲရပါတယ်”

ဆူဇီမိုသည် သူ့စကားကိုပင် ဆုံးအောင် မပြောနိုင်သေးခင် .. လူယန်ရုံက အေးစက်စွာ ငေါက်ငမ်းဖြတ်ပြောလိုက်၏။

ကွမ်ကျင်းသည် ဆူဇီမိုကို အထင်သေးစွာ ကြည့်လိုက်ပြီး ထူးမခြားနားပုံစံနှင့် ထပ်ပြောလိုက်၏။

“ဂျူနီယာညီလေးဆူ.. မင်းအဲ့လောက် စိုးရိမ်ကြောက်ရွံ့နေရင်လဲ ဂိုဏ်းကို မြန်မြန်ပြန်သွားလိုက်ပါလား.. ငါအစထဲက အကြံပေးခဲ့ပါတယ်.. မင်းကို လိုက်မလာခဲ့ပါနဲ့လို့.. ခိခိ”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

လမ့်ရိုက ရုတ်တရတ် ပြောလိုက်၏။

“ဂျူနီယာမောင်လေးဆူရဲ့ အကြံကို ငါလက်ခံတယ်”

သူမသည် ထိုသို့ ပြောပြီးနောက် သိုလှောင်အိတ်ထဲမှ စက္ကူကြိုးကြာတစ်ကောင်ကို ထုတ်ယူကာ စိတ်ဝိညာဉ်ချီဖြင့် စာလုံးအနည်းငယ် ရေးလိုက်၏။ ထို့နောက် စက္ကူကြိုးကြာလေးကို လွှတ်တင်လိုက်သောအခါ တစ်ခဏအတွင်း ၎င်းသည် လေထဲသို့ ပျံသန်းပျောက်ကွယ်သွား၏။

ထိုအရာကို မြင်သောအခါ လူယန်ရုံက သူမကို နှစ်သိမ့်လိုက်၏။

“ဂျူနီယာညီမလမ့် ဘာမှ စိုးရိမ်မနေပါနဲ့.. မဟာကျိုးအင်ပါယာထဲမှာ ငါတို့ဆန်းကြယ်ဂိုဏ်းရဲ့ စိတ်ဝိညာဉ်တွင်းကို လုယူရဲရလောက်အောင် မိုက်မဲတဲ့ ကျင့်ကြံသူ မရှိပါဘူး”

“အမှန်ပဲ”

ကွမ်ကျင်းက တည်ငြိမ်စွာဖြင့် မှတ်ချက်ချလိုက်၏။

“ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်သတ္တုတွင်းပဲကို ဘယ်အခြေတည်အဆင့်ကျင့်ကြံသူက အဲ့ဒါကို စိတ်ဝင်စားပါ့မလဲ.. တစ်ယောက်ယောက်က အဲ့ဒါကို လိုချင်နေရင်တောင် ချီစုဖွဲ့စစ်သည်တော်တွေပဲနေမှာ အဲ့မှာ ကြောက်စရာ ဘာမှမရှိဘူး”

အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးများတွင် ပါဝင်သော စိတ်ဝိညာဉ်ချီက အခြေတည်အဆင့်ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးဖို့ရာ ထိရောက်စွာအကျိုးသက်ရောက် အထောက်အကူပြုပေးနိုင်စွမ်း မရှိတော့ပေ။

အခြေတည်အဆင့်များက သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ချင်လျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုမှသာ ရပေတော့မည်။

ရွှေအူတိုင်အဆင့်များဆိုပါက သူတို့သည် သာလွန်အဆင့် သို့မဟုတ် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လိုလာပေလိမ့်မည်။

သူတို့နှစ်ယောက်ပြောတာသည် ယုတ္တိယုတ္တာရှိသော်လည်း ဆူဇီမိုသည် တစ်ခုခု လွဲမှားနေသည်ဟု ထင်မိနေ၏။

“စိတ်ဝိညာဉ်တွင်းရှိရာကို တန်းသွားကြည့်ရတာပေ့ါ.. အဲ့ဒါဆို အကုန်လုံးက ရှင်းသွားလိမ့်မယ်”

လူယန်ရုံက သူ့ဓါးပျံကို ထုတ်ယူလိုက်ပြီး ရှေ့ကနေ ဦးဆောင်သွားလိုက်၏။

ကွမ်ကျင်းကလည်း ထပ်ကြပ်မကွာ လိုက်ပါသွား၏။ ထိုအခါ ကြိုးကြာလေးသည်လည်း ဆူဇီမိုနှင့် စိတ်ဝိညာဉ်ကျားတို့ကို တင်ခေါ်ကာ သူတို့နောက်သို့ အမီလိုက်လိုက်၏။

သိပ်မကြာခင် သူတို့ငါးယောက်သည် စိတ်ဝိညာဉ်တွင်းရှိရာသို့ ရောက်လာကြ၏။

စိတ်ဝိညာဉ်သတ္တုတွင်း၏ ပိန်းပိတ်အောင် မှောင်မိုက်နေသော အပေါက်ဝနားသို့ ရောက်သောအခါ လူယန်ရုံက သွားနေတာကို ရပ်တန့်လိုက်ပြီး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်၏။

“ဂျူနီယာညီကွမ်နဲ့ငါက ရှေ့ကနေသွားမယ်.. ဂျူနီယာညီလေးဆူက အားအနည်းဆုံးဆိုတော့ သူ့ကို အလယ်မှာထား.. ဂျူနီယာညီမလမ့်နဲ့ ဖက်တီးလေးတို့ကတော့ နောက်ဆုံးကနေ လိုက်ခဲ့ကြပေါ့”

ထိုစီစဉ်ထားသိုမှုကို မည်သူ့မျှ မကန့်ကွက်ကြပေ။

ဝင်ပေါက် ကျဉ်းမြောင်းသောကြောင့် ကြိုးကြာလေးနှင့် စိတ်ဝိညာဉ်ကျားတို့ကတော့ လိုက်ပါဝင်ရောက်လို့ မရပေ။ သူတို့သည် အပြင်ဘက်ကနေသာ စောင့်ကြပ်ရပေမည်။

လူယန်ရုံသည် ယခင်ကကဲ့သို့ ထူးမနားပုံစံနှင့်သာဟု ထင်ရသော်လည်း သူသည် လွန်စွာ သတိထားနေပြီဖြစ်ကြောင်း ဆူဇီမိုသည် ပြောနိုင်လေသည်။

သူ့ဓါးပျံကို ထုတ်ယူလိုက်ပြီး လူယန်ရုံသည် ၎င်းကို သူ့ရင်ဘတ်ရှေ့တွင် ကာထားလိုက်၏။ စိတ်ဝိညာဉ်အင်းကွက်နှစ်ခုက တောက်ပနေသောကြောင့် ၎င်းသည် အလယ်အလတ်အဆင့်ဓါးပျံတစ်လက် ဖြစ်လေသည်။

သူတို့ငါးယောက်သည် စိတ်ဝိညာဉ်သတ္တုတွင်း၏ အနက်ပိုင်းထဲသို့ စွန့်စားဝင်ရောက်လိုက်ကြ၏။

သူတို့ သိပ်ဝေးဝေးမသွားရသေးခင်မှာပင် အရှေ့ဘက်မှ ထူးဆန်းသည့်အသံများက ထွက်ပေါ်လာ၏။ များပြားလှသောအရာများသည် အထဲကနေ အုံးလိုက်ကျင်းလိုက် ထွက်လာကြပြီး ၎င်းတို့ကို အနီရောင်အလင်းစက်လေးများအဖြစ်သာ ရိုးတိုးရိပ်တိတ် မြင်တွေ့ရလေသည်။

အနီးကပ်ကြည့်လိုက်သောအခါ ၎င်းတို့သည် မျက်လုံးထဲတွင် ထူးဆန်းသည့် အနီရောင်အလင်းစက်များ ပါရှိသော ကျီးကန်းမည်းများဖြစ်ကြောင်း လူယန်ရုံ သိလိုက်၏။

“ဒူးထောက်ချလိုက် သူ့တိုဘာသာ အပေါ်ကနေ ပျံသွားကြလိမ့်မယ်”

လူယန်ရုံသည် ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး အကုန်လုံး လိုက်လုပ်လိုက်ကြ၏။

သွေးနီရောင်မျက်လုံးများနှင့် ကျီးမည်းများသည် သူတို့ခေါင်းပေါ်မှ ရပ်နားခြင်းမရှိ ပျံသန်းသွားကြ၏။

စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး လူယန်ရုံက ပုခုံးတွန့်ပြလိုက်၏။ သူသည် စိတ်အေးသက်သာပုံဖမ်းလိုက်ပြီး နောက်သို့ လှည့်ကာ ပြုံးပြလိုက်၏။

“ဒီလိုစိတ်ဝိညာဉ်တွင်းမျိုးမှာ အဲ့လိုသတ္တဝါငယ်လေးတွေ ရှိတတ်တာက ပုံမှန်ပါပဲ.. သူတို့ကို ဒီတိုင်းလွှတ်ပေးလိုက်.. ငါတို့စိတ်ဝိညာဉ်ချီတွေကို ဖြုန်းတီးနေစရာ မလိုဘူး”

ရုတ်တရတ်ဆိုသလို.. ဆူဇီမို၏ စိတ်အာရုံထဲတွင် အန္တရာယ်သတိပေးသံက မြည်လာပြီး.. သူက အော်ဟစ်လိုက်၏။

“သတိထားကြ!”

ရွှစ်!

ဓါးအလင်းတန်းတစ်ခုက အလွန်တရာ မြန်ဆန်နှုန်းဖြင့် သူတို့ရှေ့သို့ ဖျတ်ကနဲ ရောက်ချလာ၏။

ယခုအချိန်တွင် ကျီးကန်းများက ဖြတ်သွားပြီးရုံရှိသေးပြီး သူတို့အားလုံးသည် စိတ်အေးလက်အေးရှိနေကြ၏။ လူယန်ရုံသည် ဆူဇီမို၏ သတိပေးသံကို ကြားရသောအခါ ၎င်းက နောက်ကျသွားလေပြီ။

All Chapters