← Chapters

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တုကြော

Vol. 10 Ch. 143

အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တုကြော

Vol. 10 Ch. 143

အခန်း ၁၄၃ - အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တုကြော

Translator – Than Toe Aung

ဖောက်!

ထိုးဖောက်သွားသည့် အသံတစ်သံထွက်ပေါ်လာပြီး သွေးများက ဖြန်းကနဲ ထွက်လာ၏။

လူယန်ရုံသည် အသံကြားရာသို့ လှည့်ကြည့်ရုံရှိသေးသည်.. သူ့ခေါင်းကို ဓါးပျံတစ်လက်က ဖောက်ဝင်သွားပြီး နေရာမှာပင် ပွဲချင်းပြီးစင်းကျသွားလေ၏။

ဖောက်ထွက်လာသော ဓါးပျံက အရှိန်မလျော့သေးဘဲ လူယန်ရုံ၏ အနောက်ဘက်ရှိလူများဆီသို့ ဆက်လက်တိုးဝင်လာ၏။ ပထမဆုံးပစ်မှတ်ထားခံရသူမှာ ဆူဇီမိုပင် ဖြစ်လေသည်။

ဆူဇီမို၏ အာရုံခံသတိစိတ်က သူ့ကို ကြိုတင်သတိ‌ပေးထားပြီးဖြစ်၏။ ယခုအချိန်တွင် သူသည် အေးမြစန္ဒာဆေဘာကို ထုတ်ထားနှင့်နေပြီး ဝင်ရောက်လာသော ဓါးပျံကို ရိုက်ခတ်ထုတ်လိုက်၏။

တစ်ဖက်လူ၏ တိုက်ခိုက်မှုက ချီစုဖွဲ့စစ်သည်တော်တစ်ယောက်အတွက် တုံ့ပြန်ခုခံရန် မဖြစ်နိုင်လောက်အောင် မြန်ဆန်လွန်း‌နေ၏။

ဆူဇီမိုသည် ဓါးပျံများကို သုံး၍ ခုခံချင်လျှင် သူသည် ဓါးဝင်္ကပါကို အသုံးပြုမှ ရပေမည်။ သို့သော်လည်း ဓါးဝင်္ကပါကို ခင်းကျင်းရန် အချိန်တစ်ခု ယူရဦးမည်ဖြစ်ပြီး ထိုအချိန်တွင် သူ့ကို ဓါးပျံက ဖောက်ဝင်ပြီးနေလောက်ပေပြီ။

လူယန်ရုန်၏ သွေးများက ဆူဇီမိုနှင့် ကွမ်ကျင်းပေါ်သို့ ပြန့်ကျဲကျဆင်းလာ၏။

ဆူဇီမိုကလွဲလျှင် ကျန်သူအားလုံးသည် တုန်လှုပ်ချောက်ချားစွာဖြင့် ငေးကြောင်နေကြ၏။

လမ့်ရို၏ စိတ်နေစရိုက်နှင့်ပင်လျှင် သူမသည် ထိုခဏ၌ အထိတ်တလန့် မျက်နှာပျက်ယွင်းနေ၏။

စောစောကလေးကတင် ရယ်မောစကားပြောဆိုနေသော လူတစ်ယောက်က မျက်စိတစ်မှိတ်အတွင်းမှာပင် လူသေအလောင်းတစ်လောင်းဖြစ်သွားလိမ့်မည်ဟု သူတို့လုံးဝတွေးထင်မထားကြပေ။

ရွှစ်.. ရွှစ်..!

နောက်ထပ်အလင်းတန်းနှစ်ခုက ပေါ်ပေါက်လာပြီး ၎င်းတို့က ဆူဇီမိုနှင့် ကွမ်ကျင်းတို့ကို ပစ်မှတ်ထားလေသည်။

နေရာမှာပင် ငူငူကြီးရပ်နေပြီး ကွမ်ကျင်းသည် သူ့လက်ထဲက အကာအကွယ်အဆောင်ကို ချိုးဖို့ သတိမရမိပေ။

ဆူဇီမိုက ကွမ်ကျင်းကို အနောက်ဘက်သို့ ဆတ်ကနဲဆွဲယူလိုက်ပြီး အော်ဟစ်လိုက်၏။

“မြန်မြန်.. နောက်ဆုတ်ဟ”

ချွမ်.. ချွမ်!

သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး ဆူဇီမိုသည် တိုးဝင်လာသော ဓါးပျံနှစ်လက်ကို ဆေဘာဖြင့် ရိုက်ချလိုက်၏။

ဓါးပျံနှစ်လက်သည် အတော်အတန်များပြားလှသော စွမ်းအားများကို သယ်ဆောင်လာ၏။ တိုက်ခိုက်သူများမှာ အနည်းဆုံးတော့ အစောပိုင်းအခြေတည်အဆင့်များ ဖြစ်ရပေမည်။

ပြောင်းလဲသွားသောအခြေအနေက လူယန်ရုံနှင့် ကွမ်ကျင်းတို့ ခန့်မှန်းခဲ့ပုံနှင့် တက်တက်စင်အောင် လွဲနေ၏။

ဤစိတ်ဝိညာဉ်သတ္တုတွင်းထဲတွင် အနည်းဆုံး အခြေတည်အဆင့် သုံးယောက်ရှိနေ၏။ ထို့အပြင် သူတို့သည် ဆန်းကြယ်တောင်ထွတ်ကိုလည်း ရွံ့လန့်တာမျိုး၊ အထာထားနေတာမျိုး မရှိပေ။ သူတို့၏ တိုက်ခိုက်မှုများက သနားညှာတာမှု အလျှင်းမရှိ လုံးဝသေကွင်းသေကွက်များကို ရည်ရွယ်လေသည်။

နောက်ဆုံးမှာတော့ ကွမ်ကျင်းနှင့် အခြားသူများသည် ကြောင်အနေရာမှ နိုးထလာကြ၏။

ကွမ်ကျင်းသည် သူ့လက်ထဲက အဆောင်ကို ချိုးဖျက်လိုက်သောအခါ အလင်းအိမ်အကာအကွယ်တစ်ခုက သူ့ဘေးပတ်လည်တွင် ပေါ်လာ၏။ လမ့်ရိုနှင့် ဖက်တီးလေးတို့သည်လည်း ဝင်လာခဲ့သော အပေါက်ဘက်သို့ ပြေးထွက်လိုက်ကြ၏။

သတ္တုတွင်း၏ အနက်ပိုင်းဘက်မှ အဝတ်စလှုပ်ခတ်သံများက တစ်ဖျတ်ဖျတ်ထွက်ပေါ်လာ၏။ အဲ့ဒီမှာ လူအရေအတွက်က အတော်အတန်များပြားစွာ ရှိပုံရလေသည်။

သူတို့၏ ဓါးပျံများက ဆူဇီမိုနှင့် ကျန်သူများကို ထိခိုက်အောင်မလုပ်နိုင်သည်ကို တွေ့လိုက်ရသောအခါ သူတို့သည် အပြင်ဘက်သို့ ပြေးထွက်၍ လိုက်လာကြ၏။

ဆူဇီမိုသည် နောက်ဆုတ်ပြေးလွှားရင်းနှင့် သွေးနီရောင်လေးတစ်လက်ကို ဆွဲထုတ်ယူလိုက်၏။

တောင်ထွတ်ငါးခု၏ ရင်ဆိုင်ယှဉ်ပြိုင်ပွဲမတိုင်ခင်ကတည်းက ဆူဇီမိုသည် အေးမြစန္ဒာဆေဘာနှင့် မျှော်လင့်ချက်သလင်းလေးတို့ကို အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များအဖြစ်သို့ အဆင့်မြှင့်တင်ထားပြီးဖြစ်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေးကြိုးတွင် မြားသုံးချောင်းက တင်ထားပြီနေပေပြီ။

ရွှစ်.. ရွှစ်.. ရွှစ်!

မြားလေခွင်းသံများထွက်ပေါ်လာပြီး မြားသုံးစင်းသည် သတ္တုတွင်း၏ မှောင်မိုက်နေသော အနက်ပိုင်းထဲသို့ ပျံသန်းထွက်ခွာသွားလေသည်။

“အား.. အား...!”

စူးစူးဝါးဝါး အော်သံနှစ်သံက ထွက်ပေါ်လာပြီး တတိယမြောက်မြားကတော့ ခုခံကာကွယ်ခြင်း ခံလိုက်ရ၏။

“အားလုံးပဲ သတိထားကြဟေ့”

သတ္တုတွင်းအနက်ပိုင်းမှ လူတစ်ယောက်က သတိပေးအော်ဟစ်သံက ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်သတ္တုတွင်းက ကျဉ်းမြောင်းသောကြောင့် ကျင့်ကြံသူများအနေဖြင့် ရှောင်စရာနေရာ သိပ်မရှိလှပေ။ ထို့ကြောင့် ဆူဇီမို၏ မြားများက အတော်လေး ထိရောက်မှုရှိသွား၏။

ခြေကုန်သုတ်ပြေးကြရင်း ဆူဇီမိုတို့ အုပ်စုသည် သိပ်မကြာမီ အပြင်ဘက်သို့ ပြန်‌ရောက်လာကြ၏။

အပြင်ဘက်သို့ ‌ရောက်သောအခါ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့နေကြလေပြီ။

စောစောက သူတို့ပေါ်ကနေ ပျံထွက်သွားကြသော သွေးနီရောင်မျက်လုံးများနှင့် ကျီးကန်းများသည် ကြိုးကြာလေးနှင့် စိတ်ဝိညာဉ်ကျားတို့ကို ဝိုင်း၍ ထိုးဆိတ်နေကြ၏။

ကြိုးကြာလေးသည် စိတ်ဝိညာဉ်သားရဲဖြစ်‌သောကြောင့် ၎င်းက သွေးနီမျက်လုံးကျီးကန်းများကို ခုခံနိုင်လေသည်။

သို့စေကာမူ စိတ်ဝိညာဉ်ကျားကတော့ ပျံသန်းနိုင်စွမ်းမရှိသောကြောင့် သူ့ကိုယ်ပေါ်တွင် ဒဏ်ရာအတော်များများ ရနေလေပြီ။ ၎င်းသည် လှည့်ပတ်ဟိန်း‌ဟောက်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုယ်သူ မနည်းခုခံနေရ၏။

“နှင်းခဲလေ!”

ထိုသည်ကို လမ့်ရိုက မြင်သောအခါ သူမသည် တစ်ချက်ဟိန်းဟောက်‌အော်ငေါက်လိုက်ပြီး လက်ဟန်အချိတ်အပိတ်တစ်ခုကို ဖော်ဆောင်လိုက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။

ရုတ်တရတ် ဘယ်ကမှန်းမသိ ပေါ်လာသော အေးစက်တောင့်ခဲနေသည့် လေများက သွေးနီမျက်လုံးကျီးကန်းများကို တိုက်ခတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူတို့ထဲက အရေအတွက် အတန်အသင့်သည် တောင့်ခဲ၍ မြေပေါ်သို့ ပြုတ်ကျကုန်ပြီး ကွဲကြေသွားကာ သေကုန်ကြလေ၏။

ထိုအရာက စိတ်ဝိညာဉ်ပညာရပ်များ၏ စွမ်းအားဖြစ်၏။

လမ့်ရို၏ အကူအညီဖြင့် ကြိုးကြာလေးသည် အသက်ရှူချောင်သွားပြီး ကျီးကန်းများ၏ ဝန်းရံပိတ်ဆို့ထားမှုမှ ဖောက်ထွက်နိုင်သွား၏။ ၎င်းသည် အနည်းငယ် ‌မောပန်းနေပြီး ကြောက်ရွံ့နေ၏။

၎င်းသည် သူ၏ အချိန်အများစုကို ဂိုဏ်းတွင်းမှာသာ ကုန်ဆုံးခဲ့ရပြီး ယခုကဲ့သို့သော သွေးသံရဲရဲအခြေအနေမျိုးနှင့် တစ်ကြိမ်မျှ ကြုံတွေ့ဖူးခြင်း မရှိပေ။

“ကြိုးကြာလေးပေါ်တက်ပြီး အကုန်ဒီနေရာကနေ ထွက်သွားကြတော့”

ဆူဇီမိုက လျှင်မြန်စွာ အမိန့်ပေးလိုက်၏။

“ဟားဟား.. ဟားဟား”

ထိုအချိန်မှာပင် လိုဏ်ဂူ၏ အတွင်းဘက်မှ မောက်မောက်မာမာ ရယ်မောသံများက ထွက်ပေါ်လာ၏။

အထဲမှ လူတစ်အုပ်သည် ထွက်လာကြ၏။ ခေါင်းဆောင်လူသည် မီးခိုးရောင်ဝတ်ရုံကို ခြုံထားပြီး အော်ဟစ်ကြေငြာလိုက်၏။

“ဒီနေ့တော့ မင်းတို့အကုန်လုံး ဘယ်သူမှ ထွက်သွားလို့ မရတော့ဘူး”

“နောက်ပိုင်းအခြေတည်အဆင့်ပဲဟ”

ဖက်တီးလေး၏ သူငယ်အိမ်က တင်းကျပ်သွားပြီး အံ့အားတစ်သင့် ရေရွတ်လိုက်၏။

အခု စကားပြောလိုက်သော မီးခိုးရောင်ဝတ်ရုံနှင့်လူကာ နောက်ပိုင်းအခြေတည်အဆင့်ဖြစ်၏။

သူတို့ထဲတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးသူမှာ အလယ်အလတ်အခြေတည်အဆင့်ဖြစ်သော လူယန်ရုံဖြစ်ပြီး ယခုသူက စိတ်ဝိညာဉ်သတ္တုတွင်းထဲတွင် အသက်ပျောက်၍ ကျန်ရစ်ခဲ့လေပြီ။

ထို့မျှသာမကသေး.. လိုဏ်ဂူထဲမှ နောက်ထပ်ကျင့်ကြံသူများက အတန်းလိုက်ထွက်လာကြပြီး လူသုံးဆယ်ကျော်လောက် ရှိလေသည်။

သို့သော် တစ်ကယ်တမ်း ကြောာက်စရာကောင်းသည်မှာ လူအရေအတွက်မဟုတ်ဘဲ သူတို့အားလုံးက အခြေတည်အဆင့်များ ဖြစ်နေကြခြင်းပင်။

နောက်ပိုင်းအခြေတည်အဆင့်ဖြစ်သော မီးခိုးရောင်ဝတ်ရုံနှင့်လူအပြင်.. သူတို့ထဲတွင် အလယ်အလတ်အခြေတည်အဆင့်ကား ကိုးယောက်ပါရှိပြီး ကျန်သူများအားလုံးက အစောပိုင်းအခြေတည်အဆင့်များ ဖြစ်ကြလေသည်။ သူတို့ထဲတွင် ချီစုဖွဲ့စစ်သည်တော် တစ်ယောက်တောင် မပါပေ။

“သွားပါပြီကွာ”

သူတို့ကို ဝိုင်းရံထားသော အခြေတည်အဆင့် သုံးဆယ်ကျော်ကို ကြည့်လိုက်ပြီး ကွမ်ကျင်းသည် စိတ်ပျက်အားငယ်ကြောက်ရွံ့လာကာ သူ့မျက်နှာတွင် သွေး‌ရောင်လုံးဝမရှိတော့ပေ။

ဖက်တီးလေးသည် လက်တစ်ဖက်က ပုဆိန်၊ အခြားတစ်ဖက်က ဓါးပျံတို့ကို ကိုင်ဆောင်ကာ အကြောအခြင်များ တောင့်တင်း‌နေ၏။

လမ့်ရိုက သူမရှေ့တွင် ဓါးပျံကို လွင့်မျောထားစေ၏။ သူမပုံစံက ခါတိုင်းလိုပင် အေးစက်နေပုံရသော်လည်း သူမ၏ လက်ဖဝါးများကတော့ ချွေးများစိုနေပေပြီ။

သူတို့လေးယောက်ထဲတွင် ဆူဇီမိုသည်သာ ဣန္ဒြေအရဆုံးဖြစ်ပြီး ဘေးပတ်ပတ်လည်ကို သေချာအကဲခတ်ကြည့်ရှုနေ၏။

“ငါတို့က ဆန်းကြယ်တောင်ထွတ်ကပဲ.. မင်းတို့က ဘယ်သူတွေလဲ” ကွမ်ကျင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ခပ်ဆတ်ဆတ်လေသံဖြင့် မေးခွန်းထုတ်လိုက်၏။

“ဟီးဟီး”

မီးခိုးရောင်ဝတ်ရုံနှင့်လူက ရယ်လိုက်၏။ သူ့မျက်လုံးများက မထီမဲ့မြင်လှောင်ပြောင်လိုမှုနှင့် ပြည့်နှက်နေပြီး မျက်ခုံးပင့်လိုက်၏။

“ဆန်းကြယ်တောင်ထွတ်လား.. ဘာဆန်းကြယ်တောင်ထွတ်လဲ.. သောက်ခွေးဆန်းကြယ်.. မနေ့ကတင် ဘယ်လိုပြုမူနေထိုင်ရမလဲမသိတဲ့ ဆန်းကြယ်ဂိုဏ်းက တပည့်တစ်ယောက်ဆိုလား ငါသတ်ပစ်လိုက်သေးတယ်”

ဂိုဏ်းကို အင်းအားအကူလှမ်းတောင်းခဲ့သော ဂိုဏ်းသားက သေလေပြီ။

သတ္တုတွင်းထဲမှာ လူယန်ရုံသေခဲ့သည့်အချိန်ကတည်းက ဤနေ့ကိစ္စက ပေါ့သေးသေးမဟုတ်တော့ဘူးဆိုတာ ဆူဇီမိုက သိရှိခဲ့ပြီးလေပြီ။

မျှော်လင့်ချက်ကောက်ရိုးလေးတစ်မျှင်ဖြင့်.. ကွမ်ကျင်းက အားနည်းချက်ကို စတင်လှစ်ဟပြလိုက်၏။

“တာအိုရောင်းရင်းတို့.. ခင်ဗျားတို့လိုချင်တာက ဒီစိတ်ဝိညာဉ်သတ္တုတွင်းမလား.. ကောင်းပြီလေ ကျုပ်တို့ဆန်းကြယ်တောင်ထွတ်က ဒါကို လက်လွှတ်ပေးမယ်.. အဲ့ဒါဆို ခင်ဗျားတို့လဲ ကျုပ်တို့ကို သတ်စရာမလိုတော့ဘူးပေါ့.. ဟုတ်တယ်မလား”

“ပြီးတော့.. ဒါက အဆင့်နိမ့်သတ္တုတွင်းလေးပဲကို.. ကျုပ်တို့အတွက်လဲ သိပ်ပြီး မက်လောက်စရာမှ မရှိတာ.. ဟီးဟီး” ကွမ်ကျင်းက အတင်းဟန်လုပ်၍ ရယ်လိုက်၏။

“အဆင့်နိမ့်သတ္တုတွင်းဟုတ်လား”

မီးခိုးရောင်ဝတ်ရုံနှင့်လူက အေးစက်စွာ ငေါက်ငမ်းလိုက်၏။

“မင်းသိအောင် ပြောပြလိုက်မယ်.. ဒါက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တုတွင်းကွ”

“အာ”

ချက်ချင်းဆိုသလို ကွမ်ကျင်း၏ အမူအယာက ပြောင်းလဲသွာ၏။ ဒီနေရာမှာ ဘာကြောင့် အခြေတည်အဆင့်တွေ အများကြီး ရောက်နေရသလဲဆိုတာ နောက်ဆုံး သူသဘောပေါက်သွား၏။

ထိုအရာက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တုတွင်းဖြစ်လျှင် ကျိန်းသေပေါက် အခြေတည်အဆင့်များ၏ အာရုံကို ဆွဲ‌ဆောင်မိပေလိမ့်မည်။

ဤနေရာမှာ ရှိတာသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သတ္တုတွင်းဟုသာ သူတို့ ကြိုသိခဲ့လျှင် ဆန်းကြယ်တောင်ထွတ်က ယခုထက် ပို၍သန်မာသော အတွင်းစည်းတပည့်များကို စေလွှတ်ပေလိမ့်မည်။ အမွေခံတပည့်တစ်ယောက်ကိုပင် ဦးဆောင်စေ၍ စေလွှတ်တာမျိုး ဖြစ်နိုင်လေသည်။

ဆူဇီမိုသည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး အေးစက်စွာဖြင့် စောင့်ကြည့်နေ၏။

ယခုရှိနေကြသော အခြေတည်အဆင့် သုံးဆယ်ကျော်သည် ပုံစံမတူသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ဂိုဏ်းတံဆိပ်ပြားများကိုလည်း ‌ဆောင်ထားကြခြင်း မရှိပေ။ သူတို့သည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဖြစ်ကြသည်မှာ ထင်ရှားလေသည်။

ဤစိတ်ဝိညာဉ်သတ္တုတွင်းကို လုယူဖို့အတွက် ဤခြေသလုံးအိမ်တိုင်ကျင့်ကြံသူများကို ဘယ်အရာများကများ စုစည်းစေခဲ့ပါလိမ့်။

မီးခိုးရောင်ဝတ်ရုံနှင့် နောက်ပိုင်းအခြေတည်အဆင့်ကျင့်ကြံသူက သန်မာသော်လည်း.. သူသည် ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်‌ဂိုဏ်းဖြစ်သော ဆန်းကြယ်တောင်ထွတ်ကို ရန်စ၍ စွန့်စားချင်ရလောက်အောင် အခြားသူများကို ဦးဆောင်နိုင်မည့်သူမျိုး မဟုတ်ပေ။

ကွမ်ကျင်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး သုန်မှုန်စွာဖြင့် ပြောလိုက်၏။

“တာ‌အိုရောင်းရင်းတို့.. ကျုပ်တို့က စောစောကပဲ ဂိုဏ်းကို သတင်းပို့လိုက်ပြီးပြီ.. သိပ်မကြာခင် ကျုပ်တို့ရဲ့ အင်အားအကူတွေ...”

“ခိခိ.. အဲ့အချိန်ဆိုလဲ မင်းတို့အကုန်လုံးက သေနေကြရောပေ့ါ”

ကွမ်ကျင်းက သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် မီးခိုးရောင်ဝတ်ရုံနှင့်လူက ဖြတ်ပြောလိုက်၏။

အေးစက်စက် ငေါက်ငမ်းလိုက်ပြီး သူက ဆက်ပြောလိုက်၏။

“နောက်ပြီး.. မင်းတို့ အင်အားအကူတွေ ရောက်လာတဲ့အချိန်ဆို ငါတို့ကလဲ ဒီနေရာမှာရှိမှာ မဟုတ်တော့ဘူး”

“ဟားဟားဟား....”

ဘေးပတ်ပတ်လည်ရှိ အခြေတည်အဆင့်ကျင့်ကြံသူများက အားပါးတရ ရယ်မောလိုက်ကြ၏။

ကွမ်ကျင်း၏ အမူအယာကို ကြည့်လိုက်ပြီး မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးထဲတွင် ထူးဆန်းသည့် အရောင်ကလက်သွားကာ သူသည် ပြုံး၍ ပြောလိုက်၏။

“တာအိုရောင်းရင်း.. မင်းခန္ဓာကိုယ်ထဲမှာ တစ်ခုခုမှားယွင်းနေတာကို သတိမထားမိဘူးလား”

All Chapters