← Chapters

မိုးကြိုးစွမ်းအား

Vol. 10 Ch. 145

မိုးကြိုးစွမ်းအား

Vol. 10 Ch. 145

အခန်း ၁၄၅ - မိုးကြိုးစွမ်းအား

Translator – Than Toe Aung

အခြေတည်အဆင့်ကျင့်ကြံသူများ၏ အိပ်ကပ်ထဲတွင် ဝှက်ဖဲများစွာရှိ၏။ သို့သော် သူသည် ၎င်းတို့ကို တစ်ခုမျှ ထုတ်မသုံးနိုင်သေးခင်မှာပင် ဆူဇီမိ၏ ဓါးဝင်္ကပါနှင့် ပစ်တိုက်ခြင်းကို ခံလိုက်ရ၏။

ဝှစ် ဝှစ် ဝှစ်...

ဓါးချီလှိုင်းများ တစ်လိပ်လိပ်တက်လာပြီးနောက် ဆဋ္ဌဂံဓါးဝင်္ကပါက များစွာသော ဓါးပျံများကို လွင့်စင်သွားစေပြီး ဖက်တီးလေးကို အသက်ရှူချောင်သွားစေ၏။

တစ်ခဏလေးအတွင်းမှာပင် ဖက်တီးလေး၏ ကိုယ်ပေါ်၌ ဒဏ်ရာတစ်ခုက ရသွားလေပြီ။

“ဘာမှမဖြစ်ဘူး နောင်ကြီး ကျုပ်အရေက ထူတယ်.. ဘာမှစိတ်ပူမနေနဲ့” ဖက်တီးလေးက အော်ဟစ်လိုက်ပြီး နောက်သို့ ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ ထိုးတက်သွား၏။

လမ့်ရိုသည်လည်း တစ်ကယ့်ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့်ပီသစွာ အစွမ်းအစကို ပြသခဲ့၏။ သူမသည် ဂိုဏ်း၏ မည်သည့်လျှို့ဝှက်ပညာရပ်ကိုမျှ မလေ့ကျင့်ထားသော်လည်း များစွာသော အဆောင်လက်ဖွဲ့များကို အသုံးချကာ အလယ်အလတ်အခြေတည်အဆင့် ကိုးယောက်၏ ဝန်းရံတိုက်ခိုက်မှုကို ခုခံနိုင်နေဆဲဖြစ်၏။

သို့သော်လည်းပဲ ထိုသူတို့ကိုးယောက်က ခွန်အားကုန်စိုက်ထုတ်၍ တိုက်ခိုက်နေခြင်းမဟုတ်သည်မှာ ထင်ရှားလေသည်။ သူတို့သည် ကြောင်က ကြွက်ကို ကစားနေသလို.. ရိုင်းပျသော စကားများဖြင့် လှောင်ပြောင်ပြောဆိုကာ တိုက်ခိုက်နေခြင်းဖြစ်၏။

လမ့်ရိုသည် အနည်းငယ်ပင် စိတ်အာရုံပျက်ယွင်းမှု မရှိဘဲ အထိအခိုက်မရှိ ခုခံတိုက်ခိုက်နိုင်နေဆဲဖြစ်၏။

အခြားတစ်ဖက်မှာတော့ အခြေတည်အဆင့် ဆယ့်လေးငါးယောက်သည် ဆူဇီမိုဘက်ကို အာရုံစိုက်လာကြ၏။ သူတို့သည် ဓါးပျံများကို ထိန်းချုပ်၍ နေရာအဘက်ဘက်ကနေ အစွမ်းကုန် တိုက်ခိုက်လိုက်ကြပြီး စိတ်ဝိညာဉ်ပညာရပ်များလည်း ပေါက်ကွဲထွက်ပေါ်လာ၏။

ဆဋ္ဌဂံဓါးဝင်္ကပါက မည်မျှပင် သန်မာအားကောင်းပါစေ.. ၎င်းသည်လည်း အလွန်တရာများပြားလှသော အခြေတည်အဆင့်ကျင့်ကြံသူများစွာ၏ တိုက်ခိုက်မှုစွမ်းအားများကိုတော့ ကြာရှည်တောင့်ခံနိုင်ခြင်း မရှိပေ။ နောက်တစ်ခဏအတွင်းမှာပင် ၎င်းက ပျက်ပြယ်တော့မည့်ဟန်ပေါ်လာ၏။

“ဟဟား...”

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က အားရပါးရ ရယ်ချလိုက်၏။

“ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ဘယ်လောက်များ ကြာကြာတောင့်ခံနိုင်မလဲ ငါစောင့်ကြည့်ချင်သေးပါရဲ့.. ဟားဟား...”

“ဝေါင်း!”

သူ့ရယ်သံမဆုံးသေးခင်မှာပင် အနက်ရောင်အရိပ်တစ်ခုက သူ့ဘေးဘက်ကနေ ပေါ်လာပြီးနောက်.. ၎င်းက ထိုလူ၏ လည်ပင်းကို ကိုက်ချလိုက်၏။ သွေးများက ပန်းထွက်လာ၏။

စိတ်ဝိညာဉ်ကျားက ဤအခွင့်အရေးကို စောင့်ဆိုင်းနေသည်မှာ ကြာနေလေပြီ။ ဤသို့ဖြင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဇီဝိန်ချုပ်သွားရလေပြီ။

၎င်းက စိတ်ဝိညာဉ်တောကောင်အဆင့်မှာသာ ရှိနေသေးသော်လည်း အနီးကပ်ပူးသွားပါက အခြေတည်အဆင့်လည်း မည်သိုမျှ မတတ်နိုင်ပေ။

ထို့ကြောင့်ပင် သားရဲကျင့်ကြံသူများက အဆင့်ကျော်တိုက်ခိုက်ရာတွင် အတော်ဆုံးဖြစ်သည်ဟု တျဲယွဲ့က ဆူဇီမိုကို ပြောခဲ့ခြင်း ဖြစ်လေသည်။

“ခွေးကျား.. သေချင်နေပြီပေါဟုတ်လား”

အခြေတည်အဆင့်ကျင့်ကြံသူများက ဒေါသတကြီး ကျိန်ဆဲလိုက်ကြ၏။ စိတ်ဝိညာဉ်တိုက်ကွက်များက ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ချီများသည် စိတ်ဝိညာဉ်ကျားဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြ၏။

စိတ်ဝိညာဉ်ကျား၏ လက်ရှိ ခွန်အားအရ.. ၎င်းက စိတ်ဝိညာဉ်တိုက်ကွက်များကို လုံးဝ ခုခံနိုင်စွမ်းမရှိပေ။

ဆူဇီမိုသည် သူ့မြင်ကွင်းကို ကျဉ်းမြောင်းလိုက်ပြီး ဝင်လာသောဓါးပျံများကို ရှောင်တိမ်းလိုက်၏။ သူသည် ဆဋ္ဌဂံဓါးဝင်္ကပါကို လမ်းကြောင်းပြောင်းလိုက်ပြီး စိတ်ဝိညာဉ်ကျား၏ရှေ့တွင် ပိတ်ကာလိုက်ကာ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံပေးလိုက်၏။

ဝုန်း!

ဝုန်းကနဲအသံကြီးက မြည်ဟည်းသွား၏။

စိတ်ဝိညာဉ်တိုက်ကွက်များက ပျက်ပြယ်သွားပြီး ဆူဇီမို၏ ဆဋ္ဌဂံဓါးဝင်္ကပါကလည်း ဆက်လက်တောင့်မခံနိုင်တော့ပေ။

ဝင်္ကပါပုံစံပြန်လည်ဖော်ဆောင်ရန် ရုန်းကန်ရင်းနှင့်ပင် ဓါးပျံခြောက်လက်က မြေပေါ်သို့ ပြန့်ကျဲကျကုန်ကာ အရောင်မှိန်ကျသွား၏။

ပါးနပ်စွာဖြင့် စိတ်ဝိညာဉ်ကျားက အခွင့်အရေးကို အသုံးချကာ ဆူဇီမိုအနောက်သို့ ချက်ချင်း ပြန်၍ ခုန်ဝင်လိုက်ပြီး အခြေတည်အဆင့်ကျင့်ကြံသူများကို ‌ဒေါမာန်ပြင်းထန်စွာဖြင့် စိုက်ကြည့်လိုက်၏။

“ကောင်လေး.. အခုလောက်ဆို မင်းကိုယ်ထဲက စိတ်ဝိညာဉ်ချီတွေက ကုန်ခမ်းလု‌ရော့ပေါ့ ဟုတ်စ” အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဖမ်း‌ဟောက်လိုက်၏။

နှစ်ဖက်တိုက်ပွဲက စတင်ခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်လည်း ဆူဇီမိုသည် အလွန်များပြားလှသော ဓါးပျံများကို ဆက်တိုက်ခုခံပိတ်ဆို့ခဲ့ရ၏။ တစ်ကယ်လည်း သူသည် စိတ်ဝိညာဉ်ချီများစွာကို သုံးစွဲခဲ့ရပြီးပေပြီ။

“မင်းဘယ်လောက်ထိ မောက်မာနေနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့.. သေစမ်းကွာ”

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က လက်ဟန်အချိတ်အပိတ်တစ်ခုကို ပုံဖောက်လိုက်ပြီး ဆူဇီမိုဘက်သို့ ပစ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလိုပင် လက်သီးဆုပ်အရွယ်လောက်ရှိသော မီးလုံးတစ်လုံးက ထွက်ပေါ်ပျံသန်းလာ၏။ ၎င်းဖြတ်လာသောအခါ လေထုက အပူရှိန်ဖြင့် ဗျိုးဗျိုးဗျစ်ဗျစ် မြည်သံထွက်လာ၏။

ဆူဇီမို၏ မျက်လုံက ဝင်းလက်သွားပြီး ဝင်လာသောမီးလုံးကို လက်ဖြင့် လှမ်းဆွဲယူလိုက်၏။

“မင်းကတော့ သေချင်နေပြီထင်တယ်”

ဆူဇီမိုက စိတ်ဝိညာဉ်တိုက်ကွက်ကို လက်ချည်းဗလာဖြင့် လက်ခံယူနေသည်ကို မြင်လိုက်သောအခါ တိုက်ခိုက်လိုက်သော အခြေတည်အဆင့်ကျင့်ကြံသူက မာန်မဲလိုက်၏။ သူ့သွေးများကို လှည့်ပတ်လိုက်သောအခါ သိပ်သည်းသော လျှပ်စစ်စီးကြောင်းများက ဆူဇီမို၏ လက်ဖဝါးတွင် ပေါ်လာ၏။

“အမ်”

“ဘာကြီးလဲဟ”

“မိုးကြိးစွမ်းအားလား”

များစွာသော အခြေတည်အဆင့်ကျင့်ကြံသူများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြပြီး သူတို့၏ သူငယ်အိမ်များက တင်းကျပ်သွား၏။

ဖောင်း!

ဆူဇီမိုသည် သူ့လက်ဝါးဖြင့် ဖိချေလိုက်သောအခါ မီးလုံးထဲရှိ စိတ်ဝိညာဉ်ချီများက ဘာမျှ မကျန်တော့သည့်အထိ ပျက်ပြယ်လွင့်သွား၏။

ဤသည်ကိုကြည့်၍ ကျင့်ကြံသူများ၏ အမူအယာများက ရုတ်ချည်းပြောင်းလဲကုန်ကြ၏။

မီးခိုးရောင်ဝတ်ရုံနှင့်ကျင့်ကြံသူတောင်မှ မယုံကြည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ တီးတိုးရေရွတ်လိုက်၏။

“မိုးကြိုးတိုက်ကွက်လား.. သူက ချီစုဖွဲ့စစ်သည်တော်မဟုတ်ဘူးလား.. အခြေတည်အဆင့်ကျင့်ကြံသူများလား”

သူသည် စိတ်ဝိညာဉ်အကဲဖြတ်ပညာရပ်ဖြင့် ဆူဇီမိုကို နောက်တစ်ဖန် စစ်ဆေးကြည့်ရှုလိုက်၏။

“မဟုတ်ပါဘူး.. သူက ချီစုဖွဲ့မှုအဆင့်၉ပဲ ရှိသေးတာကို.. သူ့ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ဖို့ နည်းစနစ်တစ်မျိုးမျိုးကို သုံးထားတာများလား”

“အဲ့လိုလဲ မဟုတ်နိုင်ဘူး”

မီးခိုးရောင်ဝတ်ရုံနှင့်လူက ခေါင်းခါလိုက်၏။

“သူထုတ်‌ဖော်လိုက်တဲ့ မိုးကြိုးတိုက်ကွက်မှာ ဘာဖြစ်လို့ စိတ်ဝိညာဉ်ချီအတက်အကျ မရှိရတာလဲ”

ဆူဇီမို့ မိုးကြိုးတိုက်ကွက်၏ ပင်မစွမ်းအားက သူ့သွေးမှ လာသည်ဆိုတာကို မီးခိုးရောင်ဝတ်ရုံနှင့်လူသည် စဉ်းစားတွေးတောနိုင်စွမ်း မရှိပေ။

ဆူဇီမို၏ စိတ်ဝိညာဉ်ချီများက ခမ်းခြောက်နေပြီဖြစ်သော်လည်း သူ့သွေးထဲရှိ မိုးကြိုးစွမ်းအားများကတော့ ရှိနေသေး၏။

“ကော်း.. ကော်း!”

ထိုခဏ၌ ကောင်းကင်ထက်တွင် ကြိုးကြာလေးက အန္တရာယ်နှင့် ရင်ဆိုင်နေရပေပြီ။ သွေးနီမျက်လုံးကျီးကန်းများ၏ လက်ချက်ဖြင့် ၎င်း၏ခန္ဓာကိုယ်က ဒဏ်ရာများ အပြင်းအထန်ရနေပြီဖြစ်ပြီး ၎င်းက နာကျင်စူးရှစွာ အော်ဟစ်လိုက်၏။

စီနီယာကြိုးကြာက သူ့အား သေချာတိကျစွာ မမှာကြားခဲ့သော်လည်း ကြိုးကြာလေးကို ဤခရီးစဉ်သို့ ထည့်လိုက်ခြင်းမှာ စီနီယာကြိုးကြာက သူ့ကို ယုံကြည်၍ ဖြစ်ကြောင်း ဆူဇီမို ကောင်းကောင်းသိ၏။

ယခုအခါ ကြိုးကြာလေးသည် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်သော်ကြောင့် ဆူဇီမိုသည် နှစ်ခါမတွေးဘဲ သူ့သွေးစွမ်းအားကို ထုတ်ဖော်လိုက်၏။ ချက်ချင်းဆိုသလိုပင် သူ့ကိုယ်ထဲမှ အသံလှိုင်းများက ထွက်ပေါ်လာ၏။

အားလုံ၏ အကြည့်အောက်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်က ရုတ်တရတ် ပြန့်ကားလာ၏။ သူ့ကိုယ်က ပွယောင်းလာပြီးနောက် အစိမ်းရောင်အဝတ်များက စုတ်ပြဲထွက်ကုန်၏။ လျှပ်စစ်စီးကြောင်းများက သူ့နဖူးမှ ခြေဖျားထိ တစ်ကိုယ်လုံး ပျံ့နှံ့လာ၏။

ဆူဇီမိုသည် မိုးကြိုးနတ်ဘုရားတစ်ပါးလို ဖြစ်လာပြီး သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သိပ်သည်းလာ၏။

“ဘာတွေဖြစ်နေတာလဲ”

မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။ တစ်ခုခုတော့ မူမမှန်တော့တာကို နောက်ဆုံးမှာ သူနားလည်လိုက်၏။

ဆူဇီမို၏ မျက်လုံးထဲတွင် အမျက်ထန်သော သတ်ဖြတ်လိုစိတ်များကို ထွက်ပေါ်လာကာ သူသည် ကောင်းကင်အထက် လက်ညိုးညွှန်၍ ဟိန်းဟောက်လိုက်၏။

“လျှပ်တစ်ပြက် မိုးကြိုး!”

တစ်ဝုန်းဝုန်းပစ်ချလိုက်သော မိုးကြိုးသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

စပါးအုံးမြွေကြီးများလို တစ်ဖျတ်ဖျတ်တစ်လက်လက်ဖြင့် ကျဆင်းလာသော မိုးကြိုးတန်းများသည် သွေးနီမျက်လုံးကျီးကန်များအပေါ်သို့ ပစ်ချလိုက်၏။ သွေးနီမျက်လုံးကျီးကန်းများသည် ချက်ချင်းဆိုသလိုပင် လျှပ်စစ်ဓါတ်ကျွမ်းလောင်၍ မြေပြင်သို့ တစ်ဖုတ်ဖုတ်ပြုတ်ကျ၍ သေဆုံးကုန်ကြ၏။

နားပင်းမတတ် တစ်ဝုန်းဝုန်းပစ်ချလိုက်သော မိုးကြိုးသံများကြောင့် များစွာသော အခြေတည်အဆင့်ကျင့်ကြံသူများသည် တုန်လှုပ်ချောက်ချားကုန်ကြ၏။ လမ့်ရို၏ ဝန်းရံတိုက်ခိုက်နေကြသော အခြေတည်အဆင့်ကိုးယောက်သည်ပင်လျှင် တိုက်ခိုက်နေတာကို အလိုအလျောက် ရပ်တန့်လိုက်မိကြ၏။

ထိုအခါမှသာ လမ့်ရိုသည် အသက်ရှူချိန်ရသွား၏။ သူမသည် ချွေးများရွှဲနစ်၍ စိတ်ဝိညာဉ်ချီများက ကုန်ခမ်းသလောက်ဖြစ်နေလေပြီ။

ဖက်တီးလေးက ထိုအခွင့်အရေးကို အမိအရ အသုံးချ၍ သူ့‌ရှေ့ရှိ အစောပိုင်းအခြေတည်အဆင့်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်၏။ သူ၏ ပုဆိန်ကြီးကို လွှဲယမ်းခုတ်ပိုင်းလိုက်သောအခါ ထိုလူသည် ထက်ခြမ်းပိုင်းထွက်သွားပြီး သွေးများက ပန်းထွက်လာ၏။

မိုးကြိုးတိုက်ကွက်၏ စွမ်းအားက အလွန်တရာ ပြင်းထန်အားကောင်းလှပြီး ကောင်းကင်ထက်ရှိ သွေးနီမျက်လုံးကျီးကန်းအားလုံးနီးပါး မျိုးပြုတ်ကုန်ကြ၏။

ချက်ချင်းဆိုသလို ကြိုးကြာလေးက အားမာန်များ တက်ကြွလာ၏။ ကျန်ရှိနေသေးသော သွေးနီမျက်လုံးကျီးကန်းများက သူ့ကို အန္တရာယ်မပေးနိုင်တော့ပေ။

ထိုတစ်ခဏမှာပင် ဆူဇီမိုသည် သူ့သိုလှောင်အိတ်ထဲကနေ အေးစက်စက်အလင်းရောင်များဖြင့် တောက်ပနေသော ဆေဘာတစ်‌‌‌ချောင်းကို ဆွဲထုတ်ကာ ဝင့်လိုက်၏။ သူသည် ရှေ့သို့ လှမ်းတက်လိုက်ရင်း အခြေတည်အဆင့်ကျင့်ကြံသူမျာကို အေးစက်စက်တစ်ချက်ပြုံးပြလိုက်ကာ ပြောလိုက်၏။

“တစ်ကယ့်တိုက်ပွဲက .. အခုမှ စမှာပဲ”

သူ့ခြေတစ်လှမ်းက ပေနှစ်ဆယ်လောက် တာသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် များစွာသော အခြေတည်အဆင့်ကျင့်ကြံသူများ၏ ရှေ့၌ ပေါ်လာ၏။

ဖောက်! ဖောက်!

ဆူဇီမိုသည် ဘယ်ပြန်ညာပြန် ဝေ့ယမ်းခုတ်ပိုင်းလိုက်၏။ ကျင့်ကြံသူနှစ်ယောက်သည် သူတို့မျက်လုံးထဲတွင် ရိုးတိုးရိပ်တိတ် တစ်စုံတစ်ခုကိုသာ မြင်လိုက်ရ၏။ သူတို့သည် တုံ့ပြန်ဖို့အချိန်ပင် လုံးဝမရလိုက်ဘဲ ဦးခေါင်းနှစ်လုံးက လေထဲသို့ မြောက်တက်သွားပြီး သွေးများက အဘက်ဘက်သို့ ပြန့်ကျဲထွက်လာ၏။

“အား”

ကျန်ရှိနေသော အခြေတည်အဆင့်ကျင့်ကြံသူများလည်း လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြကာ အလိုအလျောက် အနောက်သို့ ဒယီးဒယိုင်ဖြင့် ဆုတ်လိုက်မိကြ၏။

“မင်းတို့ ပြေးလွတ်မယ်လို့ ထင်လို့လား”

ဆူဇီမိုသည် သိုးအုပ်ထဲရောက်သွားသော ကျားတစ်ကောင်ကို ဆေဘာတစ်လက်ကိုင်၍ ထိုသူတို့နောက်သို့ ပြေးလိုက်လိုက်၏။ ဘယ်ညာဝေ့ယမ်း ထိုးလိုက်၊ ခုတ်ပိုင်းလိုက်တိုင်း.. လေထဲတွင် သွေးစက်များက အဆက်မပြတ် လွင့်ပျံထွက်ပေါ်လာလေ၏။

လမ့်ရိုနှင့် ဖက်တီးလေးတို့ နှစ်ယောက်စလုံး လုံးဝအံ့သြမှင်တက်သွားးကြ၏။

ဆူဇီမိုနှင့် ရင်ဆိုင်နေရသော အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူများသည် လှေပေါ်ခုန်တက်မိသောငါးများလို မည်သို့မျှ ခုခံနိုင်စွမ်း မရှိကြတော့ပေ။

သူတို့သည် ဓါးပျံများကို ဆင့်ခေါ်သည်ဖြစ်စေ၊ အဆောင်လက်ဖွဲ့များကို ချိုးဖျက်လိုက်သည်ဖြစ်စေ၊ စိတ်ဝိညာဉ်တိုက်ကွက်များကို ဖော်ထုတ်သည်ဖြစ်စေ ရလဒ်က အတူတူပင်ဖြစ်၏။ သူတို့သည် ဆူဇီမို၏ ဆေဘာခုတ်ပိုင်းချက်များအောက်တွင် အသက်ပျောက်ရသည်ချည်းသာဖြစ်၏။

ခြင်ဆီသန့်စင်ခြင်းတွင် စဦးအောင်မြင်မှုရရှိပြီးနောက် ဆူဇီမို၏ သွေးစွမ်းအားသည် အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။ ထိုအရာမှာ သူသည် မိုးကြိုးထစ်ချုန်းတောင်ကြားတွင် ရှိစဉ်က မိုးကြိုးခြင်ဆီရှင်းလင်းခြင်းကို သူ၏ ခြင်ဆီသန့်စင်ခြင်းထဲသို့ ပေါင်းမထည့်ရသေးခင်ကတည်းကပင် ဖြစ်၏။

ထိုသို့သတ်ဖြတ်ဖို့သည် မည်သည့် နည်းစနစ်များကိုမျှ ထုတ်ဖော်အသုံးပြုစရာမလိုဘဲ ကိုယ်ကာယခွန်အားသက်သက်နှင့်ကို လုံလောက်လေသည်။

ဆူဇီမိုသည် သူ၏ သွေးစွမ်းအားကို ထုတ်ဖော်ပြီးနောက် အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူများ၏ စိတ်တိညာဉ်တိုက်ကွက်များသည်ပင်လျှင် သူ့ရှေ့၌ ဘာမျှ သုံးစားမရတော့ပေ။

All Chapters