သူတို့အကုန်လုံးကို သတ်ပစ်ကြရုံပေါ့
Vol. 10 Ch. 144
အခန်း ၁၄၄: သူတို့အကုန်လုံးကို သတ်ပစ်ကြရုံပေါ့
ထိုစကားကိုကြားသောအခါ ကွမ်ကျင်း၏ အမူအယာက သိသာထင်ရှားစွာ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က တုန်လှုပ်သွား၏။
ဆူဇီမိုသည် ဘေးတိုက်ဖြတ်ကြည့်လိုက်သောအခါ ကွမ်ကျင်း၏ မျက်နှာက သိသာသောနှုန်းထားဖြင့် ခြောက်ကပ်လာသည်ကို တွေ့လိုက်ရ၏။ နောက်တစ်ခဏအတွင်း သူ့အသွေးအသားများကို မမြင်ရသော အင်အားတစ်စုံတစ်ရာက ဆွဲငင်ယူဆောင်သွားသလို.. ပါးရေနားရေတွန့်ကာ အရေးအကြောင်းများက ထင်ရှားစွာ ပေါ်လာ၏။
"အား.."
ကွမ်ကျင်းသည် ဟိန်းဟောက်၍ စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်ဖို့ အစွမ်းကုန် ကြိုးစားကြည့်လိုက်၏။ လုံး၀ အချည်းနှီးပင်။
သူသည် ကြောက်လန့်တကြားဖြင် ဆူဇီမိုနှင့်အခြားသူများကို လှည့်ကြည့်လိုက်၏။ သူ့မျက်လုံးများက မီးခိုးရောင် မွဲခြောက်ခြောက် အရောင်မှိန်လာ၏။
ထိုပုံစံက လင်းဖုန်းမြို့မှာ သေဆုံးနေကြသော မော်တယ်များ၏ပုံစံနှင့် တစ်ထေရာတည်းပင်။
"ကွိ ကွိ...."
သူ့လက်ကို ဆွဲဆန့်လိုက်ပြီး ကွမ်ကျင်းက တစ်စုံတစ်ရာကို ပြောဖို့ကြိုးစားလိုက်၏။ သို့သော်လည်း စကားသံက ထွက်မလာဘဲ သူ့လည်ချောင်းထဲမှ ထူးဆန်းသည့်အသံများကသာ ထွက်ပေါ်လာ၏။
ဖက်တီးလေးသည် အလွန်တရာ ထိတ်လန့်သွားပြီး အနောက်သို့ အလိုအလျောက် ခုန်ဆုတ်လိုက်၏။
ကွမ်ကျင်းကို မည်သူကမျှ တိုက်ခိုက်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း တစ်ခဏအတွင်းမှာပင် သူသည် သိပ်မကြာခင်မှာ အသက်ဆုံးရှုံးရတော့မည့်ပုံပေါက်လာ၏။
ထိုအရာက မြင်ရသည်မှာ တစ်ကယ်ကိုပင် သွေးပျက်ချောက်ချားဖွယ်ရာ ကောင်းလေသည်။
ဖက်တီးလေးသည် ကျောရိုးတစ်လျှောက် ချမ်းတုန်လာ၏။ သူ့စိတ်ကို တည်ငြိမ်ဖို့အတွက် ၀င်သက်ထွက်သက်ကို ပြင်းထန်စွာ ရှိုက်လိုက်ရ၏။
ဆူဇီမို၏ မျက်ခုံးနှစ်ဖက်က အနည်းငယ် တွန့်သွား၏။
သူသည် သေချာလေ့လာအကဲခတ်ကြည့်လိုက်၏။ ကွမ်ကျင်း၏ လက်ဖဝါးတွင် ဆိုးယုတ်အော်ရာတစ်မျိုး ထွက်ပေါ်နေသော အစိမ်းရောင် ခပ်ဖျော့ဖျော့ အစက်လေးများကို တွေ့လိုက်ရ၏။
လင်းဖုန်းမြို့ထဲမှာတုန်းက ကွမ်ကျင်း၏ ထိုလက်သည် သေဆုံးနေသော ညစောင့်လူများနှင့် ထိတွေ့ခဲ့ဖူး၏။
ထိုကဲ့သို့ ထိတွေ့ရုံမျှနှင့် အခြေတည်အဆင့်တစ်ယောက်ကို သေနိုင်စွမ်းရှိသည်ဆိုတော့ ထိုနည်းလမ်းက တစ်ကယ့်ကို ကြောက်ဖို့ကောင်းလေသည်။
သူတို့သာ နမော်နမဲ့နှင့် ထိုအရာကို ထိတွေ့ခဲ့မိလျှင်....
ဘေးပတ်ပတ်လည်ရှိ ကျင့်ကြံသူများက ဖြစ်ပျက်နေသမျှကို အေးဆေးသက်သာစွာ ကြည့်နေကြ၏။ ရလဒ်ကို သူတို့သည် ကြိုတင်သိရှိပြီးသားသကဲ့သို့ပင်။
လမ့်ရိုသည် အမြဲတမ်း အေးတိအေးစက်နိုင်သော်လည်း ကွမ်ကျင်း၏ ကူကယ်ရာမဲ့သောပုံစံကိုကြည်၍ သူမသည် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ပေါ်လာ၏။ သူမသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးအနည်းငယ်ကို ထုတ်ယူလိုက်ပြီး ကွမ်ကျင်းကို တိုက်ကျွေးဖို့ ကြိုးစားလိုက်၏။
ကွမ်ကျင်းတစ်ယောက် ဘာတွေဖြစ်နေသလဲဆိုတာ သူမ မပြောတတ်ပေ။
မညိသို့ပင်ဆိုစေ၊ သူတို့သာ တစ်ဂိုဏ်းသားများသာ ဖြစ်ကြပြီး.. ယခုကဲ့သို့ တစ်ယောက်က ဒုက္ခရောက်နေချိန်တွင် သူမက လျစ်လျူရှုမထားနိုင်ပေ။
လမ့်ရိုက ရှေ့သို့ လှမ်းထွက်လိုက်စဉ်မှာပင် တစ်စုံတစ်ယောက်က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အနောက်သို့ ဆတ်ကနဲ ဆွဲယူလိုက်၏။
"မသွားနဲ့"
ဆူဇီမို၏အသံက သူမနားထဲသို့ တိုး၀င်လာ၏။
ထိုအချိန်မှာပင် ကွမ်ကျင်းသည် မြေပေါ်သို့ ဗုန်းကနဲ ပစ်လဲကျသွားပြီး အသက်မရှူတော့ပေ။
လမ့်ရိုက နေရာမှာတင် တောင့်ခဲသွား၏။
ကွမ်ကျင်း၏ ကိုယ်ထဲမှ မသတီစရာ အစိမ်းရောင် အလင်းလုံးတစ်ခုက လွင့်မျောထွက်ပေါ်လာပြီး စိတ်ဝိညာဉ်သတ္တုတွင်း၏ အနက်ပိုင်းထဲသို့ ပျံသန်း၀င်ရောက်သွားလေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရိပ်က ဖြတ်သွားပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။
"စိတ်ဝိညာဉ်သတ္တုတွင်းရဲ့ အနက်ပိုင်းထဲမှာ တစ်ယောက်ယောက်ထပ်ရှိနေသေးတာပဲ.. လင်းဖုန်းမြို့ရဲ့ ကြမ္မာဆိုးကို ဖန်တီးခဲ့တဲ့ အစစ်အမှန် လူသတ်ကောင်က သူပဲဖြစ်ရမယ်"
"ဟီးဟီးဟီးဟီး..."
မီးခိုးရောင်၀တ်ရုံနှင့်လူက ထူးဆန်းစွာရယ်၍ ပြောလိုက်၏။
"အို့.. အမျိုးသမီးတွေက တစ်ကယ်အသည်းနုတာပဲ.. အလှလေး.. ဒီကောင်လေးသာ နင့်ကို လှမ်းဆွဲမထားခဲ့ရင် နင်လဲ အခုလောက်ဆို သေနေလောက်ပြီ"
လမ့်ရိုသည် တုန်လှုပ်ချောက်ချားသွား၏။
သူမ၏ ကျင့်ကြံမှုအဆင့်က ဆူဇီမိုထက် မြင့်သော်လည်း သူမသည် သေရေးရှင်ရေးအခြေအနေများကို မဖြတ်ကျော်ဖူးပေ။ ထို့ကြောင့် သူမ၏ မျက်စိရှေ့မှာပင် စီနီယာနှစ်ယောက် သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ သူမသည် ဣန္ဒြေမထိန်းနိုင်တော့ဘဲ သွေးပျက်နေ၏။
လမ့်ရိုသည် ဆူဇီမိုကို ကျေးဇူးတင်စွာ ကြည့်လိုက်၏။
သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး မီးခိုးရောင်၀တ်ရုံနှင့်လူက ယုတ်မာကောက်ကျစ်တော့မည့်ပုံစံနှင့် ပြောလိုက်၏။
"အဲ့ဒါလဲ ကောင်းပါတယ်လေ၊ နင့်လိုမျိုး အလှလေးက ဒီတိုင်းသေသွားရမယ်ဆိုရင် နှမြောစရာလေး.. ညဘက်ကျရင် ငါ့ရဲ့အိပ်ယာ၀င်ချိန်တွေကို နွေးထွေးအောင် လုပ်ပေးမယ့် အစေခံတစ်ယောက်လောက် လိုချင်နေတာနဲ့ အတော်ကျသွားတာပေါ့"
"ဟဟား ဟားဟား.."
ဘေးပတ်ပတ်လည်ရှိ အခြေတည်အဆင့်ကျင့်ကြံသူများက ဝါးလုံးကွဲ ရယ်ချလိုက်ကြ၏။
ရွှစ် ဝှစ် ဝှစ် ...
ထိုအချိန်မှာပင် စိတ်ဝိညာဉ်သတ္တုတွင်း၏ အပေါက်၀မှ နောက်ထပ် သွေးနီမျက်လုံးကျီးကန်းများက ကျိုင်းကောင်အုပ်များလို ပျံသန်းထွက်လာကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်တစ်၀က်လောက်က ၎င်းတို့ဖြင့် ဖုံးကွယ်သွား၏။
ဖက်တီးလေးသည် ခေါင်းနပမ်းကြီးလာပြီး တံတွေးမျိုချကာ မေးလိုက်၏။
"နောင်ကြီး ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ"
လမ့်ရိုသည်လည်း ဆူဇီမိုကို ကြည့်လိုက်၏။
ယခုအချိန်တွင် သူတို့နှစ်ယောက်စလုံးသည် ဆူဇီမိုကို သူတို့၏ ထောက်တိုင်ကြီးအဖြစ် သတ်မှတ်လိုက်ကြလေပြီ။ သူတို့နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ဆူဇီမိုထက် မြင့်သည်ဆိုတာကိုပင် မေ့လျော့သွားကြလေပြီ။
"တစ်ခြားနည်းတော့ မရှိဘူး"
ဆူဇီမိုက ခေါင်းခါလိုက်ပြီး သာမန်ကာလျှံကာလေသံဖြင့်ပင် ပြောလိုက်၏။
"တစ်ခုပဲရှိတယ်.. သူတို့အကုန်လုံးကို သတ်ပစ်ကြရုံပေါ့"
လမ့်ရိုနှင့် ဖက်တီးလေးတို့၏ မျက်လုံးက အရောင်မှိန်ကျသွား၏။
လမ့်ရိုသည် သက်ပြင်းချ၍ စိတ်ထဲကနေ ကျိတ်ပြီးတွေးလိုက်၏။
'ဒီမှာရှိတာ အကုန်လုံးက အခြေတည်အဆင့်တွေချည်းပဲကို.. အလတ်အလတ်အခြေတည်အဆင့်ကိုးယောက်အပြင် နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်ပါ ပါသေးတယ်.. ဆူဇီမိုက ချီစုဖွဲ့စစ်သည်တော်တစ်ယောက်ပဲကို.. သူက ဘာလုပ်နိုင်မှာမလို့လဲ'
ဆူဇီမိုသည် သေရတော့မည့်အတူတူ မထူးဘူးဟုဆိုကာ ဤစကားကိုပြောခြင်းဖြစ်မည်ဟု လမ်ရိုရော ဖက်တီးလေးပါ တွေးလိုက်ကြ၏။
သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး လမ့်ရိုက အသံနှိမ့်၍ ပြောလိုက်၏။
"ခဏနေရင် ငါ့ရဲ့ အဆောင်လက်ဖွဲ့တွေကို သုံးပြီးတော့ အဲ့လူတွေကို တတ်အားသရွေ့ငါတားထားမယ်.. နင်တို့က ကြိုးကြာလေးပေါ်တက်ပြီး မြန်မြန်ထွက်ဖို့လုပ်ကြ"
ကြိုးကြာလေးသည် ကောင်းကင်တစ်ခွင် နေရာယူထားကြသော သွေးနီမျက်လုံးကျီးကန်းများကို မော့ကြည့်လိုက်၏။ ၎င်းသည် တစ်ချက်အော်မြည်လိုက်ပြီး တောင်ပံများကို ခတ်လိုက်ကာ အချိန်မရွေး တိုက်ခိုက်ဖောက်ထွက်ဖို့ အဆင်သင့်ပြင်လိုက်၏။
သွေးနီမျက်လုံးကျီးကန်းများက အားမကြီးသော်လည်း သူတို့သည် အရေအတွက် များပြားလွန်း၏။ သူတို့သည် ကြိုးကြာလေးဆီသို့ အုံလိုက်ကျင်းလိုက် ၀င်ရောက်လာပါက ကြိုးကြာလေးသည် သူ၏ ခွန်အားပြည့်ကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။
မြေပြင်ပေါ်ရှိ စိတ်ဝိညာဉ်ကျားကတော့ အကူအညီလုံး၀ပေးနိုင်မှာ မဟုတ်ပေ။
ထိုအချိန်မှာပင် ဆူဇီမိုသည် ရုတ်တရတ်ဆိုသလို မျှော်လင့်ချက်သလင်းလေးကို ထုတ်ယူလိုက်ပြီး မြားများကို လေးကြိုးထက်တွက် ဆွဲတင်လိုက်၏။ သူ၏ လှုပ်ရှားမှုတိုင်းက ရေပြင်ကဲ့သို့ ချောမွေ့နေ၏။ သူသည် ထိုအရာကို ကြိမ်ဖန်များစွာ လုပ်ဖူးနေကျလိုပင်။
ရွှစ်! ရွှစ်! ရွှစ်!
မြားသုံးစင်းက လူအုပ်ကြီးထဲသို့ ပျံသန်းထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့မှောက်သို့ ရောက်လာကြ၏။
အစတုန်းကတော့ အခြေတည်အဆင့်သုံးဆယ်ကျော်သည် သူတို့ကို ဟာသလုပ်ချင်နေကြ၏။ သူတို့၏ အာရုံက အခြေတည်အဆင့်နှစ်ယောက်ဖြစ်သော လမ့်ရိုနှင့် ဖက်တီးလေးတို့အပေါ်တွင်သာ စူးစိုက်ထားကြ၏။ ကျင့်ကြံမှုအဆင့်အနိမ့်ဆုံးဖြစ်သော ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က အရင်စ၍ တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမျှ ထင်မထားကြပေ။
၎င်းက လုံး၀ မျှော်လင့်မထားသည့် အခြေအနေဖြစ်၏။
မြားသုံးစင်းက အစောပိုင်းအခြေတည်အဆင့်သုံးယောက်၏ လည်မျိုကို အတိအကျ ဖောက်၀င်သွားပြီး သွေးများက ဖြာဆင်းသွား၏။
သူတို့သုံးယောက်စလုံး စိတ်ထဲရှုပ်ထွေးသွားကြ၏။ သူတို့ရဲ့နောက်ဆုံးထွက်သက်ထိတိုင် သူတို့သည် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်၏ မြားချက်အောက်၌ အသက်ပျောက်ရလိမ့်မည်ဟု မယုံကြည်နိုင်ကြသေးပေ။
"အဲ့ဒါ သူပဲ!"
လူအုပ်ထဲမှ တစ်ယောက်က အော်ပြောလိုက်၏။
စိတ်ဝိညာဉ်သတ္တုတွင်းထဲမှာတုန်းက ဆူဇီမိုသည် ဤလေးနှင့်မြားကိုပင် သုံး၍ လူနှစ်ယောက်ကို သတ်ခဲ့သေး၏။ ထို့ကြောင့်ပင် အခြေတည်အဆင့်ကျင့်ကြံသူများသည် သူ့ကို ချက်ချင်းပင် မှတ်မိသွားကြ၏။
ရွှစ်! ရွှစ်! ရွှစ်!
အခြေတည်အဆင့် သုံးဆယ်ကျော်သည် သူတို့၏ ဓါးပျံများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ကြ၏။ စိတ်ဝိညာဉ် အလင်းရောင်များဖြင့် ကြောက်စရာကောင်းလောက်အောင် လင်းလက်သွား၏။
ဆူဇီမိုက အော်လိုက်၏။
"ဒီတိုင်းနေ မနေကြနဲ့.. တိုက်တော့"
လမ့်ရိုနှင့် ဖက်တီးလေးတို့သည်လည်း သူတို့၏ ဓါးပျံများနှင့် အဆောင်လက်ဖွဲ့များကို ကပျာကယာ ထုတ်ယူလိုက်ကြကာ လူအုပ်ကြီးထဲသို့ ပစ်သွင်းလိုက်ကြ၏။ အဆောင်လက်ဖွဲ့များမှ အလင်းရောင်များက ပစ်လွင့်တောက်ပလာပြီး အမျိုးမျိုးသော စိတ်ဝိညာဉ်တိုက်ကွက်များနှင့် ထိပ်တိုက်တွေ့ကာ တစ်ဝုန်းဝုန်းအသံများက ပဲ့တင်ထပ်ထွက်ပေါ်လာလေ၏။
"ကော်း! ကော်း!"
ကြိုးကြာလေးကလည်း အော်မြည်သံပြု၍ ကောင်းကင်အထက် ပျံတက်သွားကာ သွေးနီမျက်လုံးကျီးကန်းများဆီသို့ ၀င်ရောက်တိုက်ခိုက်လိုက်၏။
ဖက်တီးလေးသည်လည်း မာန်ဖီအော်ဟစ်ကာ သူ့ပုဆိန်ကြီးကို၀င့်၍ အစောပိုင်းအခြေတည်အဆင် တစ်ယောက်ထံသို့ ပြေး၀င်ချသွား၏။ သူသည် အနီးကပ်တိုက်ခိုက်ရည်ကို အသုံးချကာ ထိုသူကို သတ်ဖြတ်ချင်ခဲ့၏။
သို့သော်လည်း များစွာသော ကျင့်ကြံသူများ၏ ဓါးပျံများက သူ့လမ်းကြောင်းကို ဆက်တိုက်ပိတ်ဆို့ထား၏။ တစ်ခဏအတွင်း ဖက်တီးလေးသည် ဓါးပျံများ ဝိုင်းရံထားသော စက်၀န်းထဲ ကျရောက်သွားကာ ရှေ့သို့ဆက်မတက်နိုင်ဘဲ ခုခံရုံသာ တတ်နိုင်လေတော့သည်။
မီးခိုးရောင်၀တ်ရုံနှင့်လူက လုံး၀မလှုပ်ရှားပေ။ သူသည် လက်နှစ်ဖက်နောက်ပစ်၍ ဘေးကနေသာ အေးဆေးသက်သာစွာ ကြည့်နေ၏။
ဤတိုက်ပွဲအခြေအနေက သူ့လက်ခုပ်ထဲကရေသာဖြစ်ပြီး သူ့အနနှင့် ၀င်ပါစရာပင် မလိုအပ်ပေ။
အခြားတစ်ဖက်မှာတော့ ဆူဇီမိုသည် သူ၏ မျှော်လင့်ချက်သလင်းလေးကို ပြန်သိမ်းလိုက်ရလေပြီ။
မြားများက ချွန်မြထက်ရှသော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများက သတိရှိနေချိန်တွင် လိုရာပစ်မှတ်ကို ထိမှန်နိုင်ဖို့က မလွယ်ကူတော့ချေ။
ဓါးပျံခြောက်လက်က သူ့ရှေ့တွင် ပေါ်လာပြီး အရှိန်တင် ပျံသန်းသွားသောအခါ လေထဲတွင် ဓါးပျံလမ်းကြောင်းများက ပေါ်လာ၏။
"ဇီ...!"
ကြီးမားသော ဆဋ္ဌဂံဓါး၀င်္ကပါတစ်ခုက တစ်ဖျတ်ဖျတ်တစ်လက်လက် တောက်ပ၍ ပေါ်ပေါက်လာ၏။
လျှင်လျှင်မြန်မြန်နှင့်ပင် ဆူဇီမိုက ဆဋ္ဌဂံဓါး၀င်္ကပါကို ခင်းကျင်းပြီးသွားပေပြီ။
"ဓါး၀င်္ကပါလား"
မီးခိုးရောင်၀တ်ရုံနှင့်လူ၏ အမူအယာက ပြောင်းလဲသွား၏။ သူ့မျက်လုံးများက အံ့အားသင့်ပုံပေါ်သွားပြီး တီးတိုးရေရွတ်လိုက်၏။
"သူက ချီစုဖွဲ့အဆင့်နဲ့တင် ဓါး၀င်္ကပါသခင်တစ်ယောက် ဖြစ်နေပြီပေါ့"
တိုက်ပွဲစတင်လိုက်ကတည်းက အစောပိုင်းအခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကသာ ဆူဇီမိုကို ကိုင်တွယ်ဖို့ ကြိုးစားလိုက်၏။ သူသည် ဓါးပျံကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ဆူဇီမို၏ ဦးခေါင်းအနောက်ဘက်သို့ ချိန်ရွယ်ပစ်လွှတ်လိုက်၏။
ဓါးပျံက ဆူဇီမို၏ ဦးခေါင်းကို ဖောက်၀င်တော့မည့်ဆဲဆဲမှာပင် ထိုလူက ရုတ်တရတ် အလွန်တရာ ပေါ့ပါးသွက်လက်စွာနှင့် ရှောင်တိမ်းလိုက်၏။
"အမ်!"
တိုက်ခိုက်လိုက်သူ၏ အမူအယာက ပြောင်းလဲသွား၏။ သူသည် ဓါးပျံလမ်းကြောင်းကို ပြန်ပြောင်း၍ ဆူဇီမိုနောက်သို့ ဆက်လိုက်မည်ဟု လုပ်နေစဉ်မှာပင် ရုတ်တရတ်ဆိုသလို ကြီးမားလှသည့် ဆဋ္ဌဂံကြယ်သဏ္ဌာန် ဓါး၀င်္ကပါကြီးက သူ့ပေါ်သို့ ဝုန်းကနဲပစ်ကျလာ၏။
ဖောက်!
အလင်းတစ်ချက်လက်သွား၏။
ဆဋ္ဌဂံဓါး၀င်္ကပါ၏ အစွမ်းဖြင့် ထိုလူ၏ကိုယ်က နှစ်ပိုင်းပြတ်ကျသွားလေ၏။