← Chapters

အကျပ်အတည်း

Vol. 10 Ch. 146

အကျပ်အတည်း

Vol. 10 Ch. 146

အခန်း ၁၄၆ - အကျပ်အတည်း

Translator – Than Toe Aung

ဆူဇီမို၏ မရပ်မနား သတ်ဖြတ်ခြင်းများကို မြင်တွေ့ရသောအခါ မီးခိုးရောင်ဝတ်ရုံနှင့်လူက ဆက်လက်ရပ်ကြည့်မနေနိုင်တော့ပေ။ တစ်ချက်ဟိန်းဟောက်လိုက်ပြီး သူသည် နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်၏ စွမ်းအားကို ထုတ်ဖော်ကာ အလယ်အလတ်အဆင့်ဓါးပျံတစ်လက်ကို ဆင့်ခေါ်၍ ဆူဇီမို၏ နောက်‌ကျောဘက်ဆီသို့ ပစ်လွှတ်လိုက်၏။

ထိုဓါးပျံပေါ်တွင် စိတ်ဝိညာဉ်အင်းကွက်နှစ်ခုက လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေပြီး ဆိုးယုတ်အော်ရာတစ်မျိုးက ထွက်ပေါ်နေ၏။

၎င်းသည် အလွန်တရာ လျှင်မြန်ဖျတ်လတ်လှသော တိုက်ခိုက်မှုတစ်ခုဖြစ်၏။ လမ့်ရိုဖြစ်စေ၊ ဖက်တီးလေးဖြစ်စေ.. သူတို့နှစ်ယောက်သာဆိုလျှင် ထိုတိုက်ခိုက်မှုမှ အထိအခိုက်မရှိ ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။

အခြားတစ်ဖက်မှာတော့ ဆူဇီမိုသည် ထိုတိုက်ခိုက်မှုကို လှည့်ပင်မကြည့်၊ အရေးမလုပ်ဘဲ သူ့ရှေ့က လူကိုသာ ဆေဘာနှင့် ခုတ်ပိုင်းလိုက်၏။ ထို့နောက် ဆက်တိုက်ပင် သူသည် ဘေးဘက်သို့ အနည်းငယ် ခြေရွှေ့၍ သေစေနိုင်သောတိုက်ခိုက်မှုကို ‌ရှောင်လိုက်၏။ မသိလျှင် သူ့ကျောဘက်မှာ မျက်စိတစ်စုံ အပိုပါနေသလိုပင်။

ထိုအရာကို မြင်သောအခါ မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ အမူအယာက ပြောင်းလဲမသွားပေ။ သူသည် နည်းနည်းလေးမျှ အံ့အားသင့်ပုံ မရပေ။

ဆူဇီမိုသည် ခန္ဓာမီးဆေးကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အလွန်တရာ ပေါ့ပါးဖျတ်လတ်ကြောင်း သူသိရှိလိုက်ပြီးဖြစ်၏။ ထိုကဲ့သို့သော လူမျိုးကို တိုက်ကွက်တစ်ကွက်နှစ်ကွက်နှင့်သာ တိုက်ခိုက်သတ်ဖြတ်နိုင်လျှင် ထိုအရာကမှသာ ထူးဆန်းနေပေလိမ့်မည်။

“အားလုံးပဲ နောက်ကို ဆုတ်ကြ.. သူနဲ့ တတ်နိုင်သမျှ ဝေးဝေးခွာနေကြဟေ့”

မီးခိုးရောင်ဝတ်ရုံနှင့်လူက အော်ဟစ်လိုက်ရင်း သူ့ဓါးပျံကို ထိန်းချုပ်ကာ ဆူဇီမိုနောက်သို့ အပြေးလိုက်လိုက်၏။

“မဟုတ်ရင်လဲ.. မင်းတို့ဓါးပျံတွေကို စီးနင်းပြီးတော့ လေထဲကို တက်လိုက်ကြ.. အဲ့ကောင်ကိုတော့ မင်းတို့အနား လုံးဝ အကပ်မခံကြနဲ့”

ဆူဇီမိုသည် ရုတ်တရတ် ရယ်ချလိုက်၏။ သူသည် ခြေထောက်နှစ်ဖက်ဆီသို့ ခွန်အားများကို ပို့လွှတ်လိုက်ကာ နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းကို ထုတ်ဖော်လိုက်၏။ သူ့နောက်တွင် ပုံရိပ်များက ကျန်ရစ်ခဲ့၏။

“တွေဝေငေးမောခြင်း!”

ရုတ်တရတ်ဆိုသလို ဆူဇီမို၏ လက်ထဲတွင် မိုးကြိုးလျှပ်စီးအလင်းလုံးတစ်ခုက ပေါ်လာပြီး.. လူတိုင်း၏ မျက်စိရှေ့မှာပင် ၎င်းက ပြိုးပြိုးပျက်ပျက် မျက်စိကိုကျိန်းစပ်သွားအောင် လင်းလက်၍ နားကွဲမတတ် ဝုန်းကနဲ ပေါက်ကွဲသွားကာ လူတိုင်းကို မျက်မမြင်နားမကြားဖြစ်သွားစေ၏။

လျှပ်တစ်ပြက်မိုးကြိုးနှင့် တွေဝေငေးမောခြင်းတို့သည် ဗလာနယ်မိုးကြိုးပညာရပ်တွင် ပါဝင်သော မိုးကြိုးတိုက်ကွက်များဖြစ်၏။

လျှပ်တစ်ပြက်မိုးကြိုးက သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်၏။ ၎င်းသည် စွမ်းအားကြီးပြီး သက်ရောက်မှုဧရိယာကျယ်ဝန်း၏။

တွေဝေငေးမောခြင်းကတော့ အထောက်အကူပြုစိတ်ဝိညာဉ်တိုက်ကွက်တစ်ခုဖြစ်ပြီး သေစေနိုင်စွမ်းတော့ မရှိပေ။

၎င်း၏ အဓိက အလုပ်လုပ်ပုံမှာ မိုးကြိုး၏ ပေါက်ကွဲနိုင်စွမ်းအားကို အသုံးပြုကာ တစ်ဖက်လူ၏ အာရုံငါးပါးကို ရှုပ်ထွေးအောင်လုပ်ပြီး တောက်ပကျိန်းစပ်သောအလင်းရောင်ဖြင့် သူတို့၏ အမြင်အာရုံကို ဖုံးကွယ်ဖို့ပင် ဖြစ်လေသည်။

များစွာသော အခြေတည်အဆင့်ကျင့်ကြံသူများ၏ အမြင်အာရုံသည် ဝေဝါးသွားကြပြီး သူတို့နားများထဲတွင်လည်း စူးရှသောအသံက ပဲ့တင့်ထပ်ထွက်ပေါ်နေ၏။

ထိုတစ်ခဏ၌ ဆူဇီမိုက သူတို့ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။

အနီးကပ်တိုက်ခိုက်ရည်မှာ မည်သူမျှ ဆူဇီမိုကို ယှဉ်နိုင်စွမ်းမရှိဘဲ သွေးများက အဆက်မပြတ် ထွက်ပေါ်လာပြန်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် များစွာသောအခြေတည်အဆင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံး လဲကျသေဆုံးကုန်ကြ၏။

ယခုအခါ အစောပိုင်းအခြေတည်အဆင့်များအားလုံးမှာ သေကုန်ကြလေပြီ။

ထိုအချိန်တွင် လေထဲရှိ လမ့်ရိုသည် အော်ဟစ်လိုက်ပြီး သူမဘေးပတ်လည်ရှိ အဆောင်အကာအကွယ်က ပေါက်ကွဲထွက်သွား၏။

ချက်ချင်းဆိုသလိုပင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော လက်ဝါးတစ်ဖက်၏ ရိုက်ချက်က သူမ၏ ဝမ်းဗိုက်ထက်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။ သူမသည် လွင့်ပျံထွက်သွားရင်း ပါးစပ်အပြည့်သွေးများ အန်ထုတ်လိုက်ရကာ ဖြူလျော့သွား၏။

ဖက်တီးလေး၏ ပုခုံးကိုလည်း ဓါးပျံတစ်လက်က ဖောက်ဝင်သွားကာ သူသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ချွေးအေးများဖြင့် ရွှဲနစ်နေ၏။

သူတို့နှစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခဲ့သူမှာ မီးခိုးရောင်ဝတ်ရုံနှင့်လူပင် ဖြစ်လေသည်။ သူသည် သူတို့နှစ်ယောက်ကို သေအောင် သတ်မပစ်ခဲ့သော်လည်း လမ့်ရိုနှင့် ဖက်တီးလေးတို့က ဆက်လက်တိုက်ခိုက်နိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားလေသည်။

အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူများက ဆူဇီမိုကို ထိန်းမထားနိုင်တော့ဘူးဆိုတာ သူသိနှင့်ခဲ့၏။ ထို့ကြောင့် သူသည် ဖက်တီးလေးနှင့်လမ့်ရိုကို အရင်ရှင်းထုတ်ဖို့ လုပ်လိုက်၏။

ထိုသို့ဖြင့် မီးခိုးရောင်ဝတ်ရုံနှင့်လူသည် အလယ်အလတ်အခြေတည်အဆင့်ကိုးယောက်နှင့် ပူးပေါင်းကာ ဆူဇီမိုကို သေချာအောင် တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။

ဆူဇီမိုသည် ဆေဘာဓါးကို ရင်ဘတ်ရှေ့တွင်ထား၍ ကိုင်ဆောင်ကာ လမ့်ရိုနှင့် ဖက်တီးလေးတို့၏ ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်၏။ သူ့မျက်လုံးများက စူးရှပြတ်သားသော သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာ၏။ တစ်ဖက်မှာ သူသည် အခြေတည်အဆင့်ကျင့်ကြံသူဆယ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရသော်လည်း နည်းနည်းလေးမျှ ကြောက်ရွံ့ထိတ်လန့်မှု ရှိမနေပေ။

ဆူဇီမို၏ အနောက်ဘက်ကျောပြင်ကို ကြည့်နေရင်း လမ့်ရို၏ စိတ်ခံစားချက်များက ရောထွေးလာ၏။

ဤမစ်ရှင်သည် သူမ၊ ဖက်တီးလေး၊ လူယန်ရုံနှင့် ကွမ်ကျင်းတို့ လုပ်ဆောင်ရမည့် တာဝန်ဖြစ်လေသည်။ ဆူဇီမိုသည် သူတို့နှင့် လိုက်ပါဖို့ပင် အဆင့်မမီခဲ့ပေ။

သို့သော် ယခုဤနေရာမှာ ဆူဇီမိုသာ မရှိလျှင် သူမနှင့် ဖက်တီးလေးသည် သေပြီးနှင့်သည်မှာ ကြာနေလောက်ပေပြီ။

ဖက်တီးလေး၏ စိတ်အာရုံထဲတွင်လည်း တူညီသောခံစားချက်များက ဝင်ရောက်လာ၏။

သူသည် ဆူဇီမိုကို စိတ်ပြေလက်ပျောက်ဖြစ်သွားစေဖို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။ သို့သော် သူတို့သည် ဤကဲ့သို့သော ဆိုးဝါးလှသည့် အခြေအနေနှင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။ သူတို့၏ စီနီယာအစ်ကိုနှစ်ယောက်သည် အသေဆိုးနှင့် သေခဲ့ကြရပြီး ယခု သူနှင့်လမ့်ရိုကလည်း ဒဏ်ရာပြင်းထန်စွာရကာ မည်သည့် အကူအညီမျှ မပေးနိုင်တော့ပေ။

“အားလုံးပဲ မင်းတို့ရဲ့ ဓါးပျံတွေ၊ အ‌ဆောင်လက်ဖွဲ့တွေ၊ စိတ်ဝိညာဉ်တိုက်ကွက်တွေနဲ့ ရှိသမျှ အိတ်သွန်ဖာမှောက် အကုန်ထုတ်ပြီးသာ အဲ့ကောင်ကို တိုက်ခိုက်ကြ.. သူ့ကို ဒဏ်ရာများများရ‌အောင် လုပ်နိုင်လေကောင်းလေပဲ”

မီးခိုးရောင်ဝတ်ရုံနှင့်လူသည် ဆုံးဖြတ်ကို ပြတ်သားစွာချလိုက်ပြီး ကျန်ရှိနေသော အလယ်အလတ်အခြေတည်အဆင့်ကိုးယောက်ကို တာဝန်များ ခွဲဝေပေးကာ အဘက်ဘက်သို့ ဖြန့်ကျက်စေလွှတ်လိုက်၏။

ရွှစ်.. ရွှစ်.. ရွှစ်!

ဓါးပျံများနှင့် အဆောင်များက လေထုကို ဖြတ်သန်း၍ ဝင်ရောက်လာကြ၏။

မျက်စိမှေး၍ ကြည့်လိုက်ပြီး ဆူဇီမိုသည် အေးမြစန္ဒဆေဘာကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သံရှည်တစ်ချက်ဟိန်းဟောက်လိုက်ကာ ဆေဘာဖြင့် ဘယ်ညာဝေ့ယမ်းပိတ်ဆို့ကာကွယ်လိုက်၏။

ဆူဇီမိုသည် သွေးစွမ်းအားကို အသုံးပြုခြင်းအားဖြင့် အလယ်အလတ်အခြေတည်အဆင့်များ၏ ဓါးပျံများ၊ အဆောင်များနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကိုပါ လုံးဝအရေးနိမ့်ခြင်းမရှိဘဲ ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။

သို့သော်လည်း မီးခိုးရောင်ဝတ်ရုံနှင့်လူက နောက်ပိုင်းအခြေတည်အဆင့် ကျင့်ကြံသူဖြစ်၏။

ဆူဇီမိုသည် ခြင်ဆီသန့်စင်ခြင်းအပိုင်းတွင် စဦးအောင်မြင်မှုသာ ရရှိသေး၏။ မိုးကြိုးခြင်ဆီရှင်းလင်းခြင်းသုတ္တန်နှင့်ပင်လျှင် သူသည် ထိုငနဲ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

တစ်ယောက်-တစ်ယောက်ချင်းသာ တိုက်ခိုက်ရမည်ဆိုလျှင် သူသည် အမျိုးမျိုးသော နည်းလမ်းများကိုသုံးကာ သူတို့နှစ်ယောက်အကြားရှိ အကွာအဝေးကို လျှော့ချပစ်ပြီး ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူကို ဆေဘာဖြင့် ခုတ်ပိုင်းနိုင်စွမ်းရှိ၏။

သို့သော် ယခုအခါမှာတော့ မီးခိုးရောင်ဝတ်ရုံနှင့်လူတွင် အကူကိုးယောက်ရှိနေ၏။ သူတို့က ဆူဇီမို၏ လှုပ်ရှားမှုများကို ကန့်သတ်ထားကြ၏။

ဆူဇီမိုက ထိုဝန်းရံပိတ်ဆို့တိုက်ခိုက်မှုကို မဖောက်ထွက်နိုင်တာတော့ မဟုတ်ပေ။

သို့သော်လည်း သူသာ ထို့သို့လုပ်လိုက်လျှင် ဖက်တီးလေးနှင့် လမ့်ရိုတို့က နေရာမှာပင် ပွဲချင်းပြီး သေရပေလိ့မ်မည်။

အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင် စိတ်ဝိညာဉ်ကျားကလည်း မည်သည့်အကူအညီမျှ မပေးနိုင်တော့ပေ။

ချွမ်း! ချွမ်း!  ချွမ်း!

‌အေးမြစန္ဒဆေဘာနှင့် ဓါးပျံများ၏ ရိုက်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်လာပြီး မီးပွားများက လွင့်စင်ထွက်သွား၏။

လူကိုယ်တိုင်သာ မမြင်တွေ့ရလျှင် အခြေတည်အဆင့်ကျင့်ကြံသူဆယ်ယောက်က ချီစုဖွဲ့မှုစစ်သည်တော်တစ်ယောက်ကို ဝိုင်းဝန်း၍ တိုက်ခိုက်နေရသည်မှာဆိုတာ စိတ်ကူးကြည့်လို့ပင်မရပေ။

“အားလုံးပဲ တောင့်ခံထားကြဟေ့.. ဒီကောင်က အတော်ကို အစွမ်းထက်တဲ့ လျှို့ဝှက်ခန္ဓာမီးဆေးနည်းစနစ်တစ်မျိုးကို လေ့ကျင့်ထားတာပဲ.. သူသေတာနဲ့ အဲ့ဒီလျှို့ဝှက်နည်းစနစ်က ငါတို့ ပိုင်ပြီပဲ”

မီးခိုးရောင်ဝတ်ရုံနှင့်လူက ကျင့်ကြံသူများ၏ စိတ်ကို လောင်စာဖြည့်ပေးလိုက်၏။

အလယ်အလတ်အခြေတည်အဆင့် ကျင့်ကြံသူကိုးယောက်လည်း စိတ်မာန်များ တက်ကြွလာပြီး ပို၍ ပြင်းထန်အားကောင်းစွာ တိုက်ခိုက်လိုက်ကြ၏။

လမ့်ရိုနှင့် ဖက်တီးလေးတို့သည် နေရာမှာပင် ထိုင်နေကြရင်း အဆုံးမရှိ ထွက်ပေါ်လာသော ဓါးအလင်းတန်းများ ရိုက်ခတ်ကြရင်း မီးပွားများ လွင့်ပျံစင်ထွက်လာတာကို တွေ့နေရ၏။ သို့သော်လည်း သူတို့ကတော့ မည်သည့်ထိခိုက်အနာတရကိုမျှ မကြုံတွေ့ရချေ။

သူတို့ရှေ့မှနေ၍ ဆူဇီမိုက အရာအားလုံးကို ရှင်းထုတ်ပေးခဲ့၏။

ဤအချိန်တွင် ဆူဇီမိုသည် ရွေးချယ်စရာမရှိဘဲ မီးခိုးရောင်ဝတ်ရုံနှင့်လူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်ရ၏။ သူသည် အရေးနိမ့်နေ၏။ သူ့သွားများက နာကျင်ထုံထိုင်းနေပြီး သူ့ခန္ဓာကိုယ်က တုန်ယင်လာ၏။

ဆူဇီမိုသည် အကျပ်အတည်းဖြစ်နေပြီဆိုတာ ဖက်တီးလေးက ပြောနိုင်၏။ သူသည် မနေနိုင်တော့ဘဲ အော်ဟစ်လိုက်၏။

“နောင်ကြီး.. ကျုပ်တို့ကို အရေးလုပ်မနေနဲ့.. နောင်ကြီးဘာသာပဲ ကိုယ်လွတ်ရုန်းထွက်သွားတော့”

လမ့်ရိုက သူမ၏ နီရဲနေသောနှုတ်ခမ်းကို တင်းတင်းစေ့ကာ မည်သည့်စကားမျှ ထုတ်မပြောပေ။

သူမနှင့် ဖက်တီးလေးကြောင့်သာ မဟုတ်လျှင် တစ်ဖက်ရှိ အခြေတည်အဆင့်ကျင့်ကြံသူများသည် ဆူဇီမိုကို ထိန်းထားနိုင်မှာ မဟုတ်ကြောင်း သူမပြောနိုင်လေသည်။

“ဟဟား ဟားဟား”

ရလဒ်က ကြိုတင်ထွက်ပေါ်ပြီးသားဖြစ်နေပြီကို သိလိုက်ရသောအခါ မီးခိုးရောင်ဝတ်ရုံနှင့်လူက ရယ်မောလိုက်၏။

“ကောင်လေး.. မင်းဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမလဲ ကြည့်ရသေးတာပေ့ါ”

အနေအထားက ရှင်းလင်းနေပေပြီ။ ဆူဇီမိုသည် ခုခံရုံသာ တတ်နိုင်၏။ သူသည် သတိတစ်ချက်လွတ်ပြီး အမှားအယွင်း ဖြစ်သွားတာနှင့် လမ့်ရိုနှင့် ဖက်တီးလေးတို့ကို ကာကွယ်ဖို့နေနေသာ သူ့ကိုယ်တိုင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမို၏ ကိုယ်ကာယသက်လုံသည် ကျဆင်းလာပြီး သူဆုံးရှုံးရတော့မည်မှာ အချိန်တစ်ခုသာ လိုလေတော့သည်။

တစ်ကယ်တမ်းတော့ ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် အလွန်တရာ တည်ငြိမ်နေ၏။ သူသည် ကောင်းကင်ထက်ရှိ ကြိုးကြာလေးနှင့် သွေးနီမျက်လုံးကျီးကန်းများ၏ တိုက်ပွဲကို မော့ကြည့်လိုက်၏။

လျှပ်တစ်ပြက်မိုးကြိုး၏ စွမ်းအားကြောင့် သွေးနီမျက်လုံးကျီးကန်းများက များစွာ သိပ်ပြီးမကျန်ရှိတော့ပေ။

ကျန်ရှိနေသေးသော အနည်းငယ်ကလည်း ကြိုးကြာလေး၏ အမဲလိုက်တိုက်ခိုက်ခြင်းကို ခံနေရပြီး ခြိမ်းခြောက်မှု မပေးစွမ်းနိုင်တော့ပေ။

ယခုအချိန်တွင် ဆူဇီမိုသည် ကြိုးကြာလေး၏ အကူအညီကို လိုလာလေပြီ။

လက်ရှိအနေအထားအရ ကြိုးကြာလေး၏ ခွန်အားကသာ သူ့ကို အကူအညီပေးနိုင်တော့ပေမည်။

မီးခိုးရောင်ဝတ်ရုံနှင့်လူက ရယ်မောနေစဉ်မှာပင် ကြိုးကြာလေးက နောက်ဆုံးလက်ကျန်ကျီးကန်တစ်ကောင်ကို အဆုံးသတ်‌ပေးလိုက်ပြီး အောက်သို့ငုံ့ကြည့်လိုက်သောအခါ ဆူဇီမို၏ အကြည့်နှင့် သွားဆုံလေသည်။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်သောအခါ ကြိုးကြာလေးက နားလည်သဘောပေါက်သွား၏။

သူသည် စောစောက သွေးစွမ်းအားကို ထပ်မံလှည့်ပတ်လိုက်သောအခါ ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အင်္ကျီက လုံးဝပြဲစုတ်သွားပြီး ပါးလွှာသော ရွှေရောင်ပိုးချပ်ဝတ်က ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ရုတ်တရတ်ဆိုသလို ရွှေပိုးချပ်ဝတ်ကို ချွတ်ချလိုက်ပြီး မြေပေါ်သို့ ပစ်ချလိုက်၏။

All Chapters