← Chapters

စိတ်ဝိညာဉ်သတ္တုတွင်းဆီသို့ နောက်တစ်ခေါက်

Vol. 10 Ch. 147

စိတ်ဝိညာဉ်သတ္တုတွင်းဆီသို့ နောက်တစ်ခေါက်

Vol. 10 Ch. 147

အခန်း ၁၄၇ - စိတ်ဝိညာဉ်သတ္တုတွင်းဆီသို့ နောက်တစ်ခေါက်

Translator – Than Toe Aung

ဆူဇီမို၏ ကိုယ်ပေါ်က ရွှေပိုးချပ်ဝတ်ကို အားလုံးပဲ မြင်လိုက်ကြ၏။ သို့သော် မည်သူကမျှ ထိုအရာကို အရေးလုပ်မနေကြပေ။

စိတ်ဝိညာဉ်အင်းကွက်များ မရှိ‌သောကြောင့် ၎င်းက စိတ်ဝိညာဉ်တုလက်နက်တစ်ခုမျှသာ ဖြစ်လေသည်။

ယခုအခါ ဆူဇီမိုသည် ထိုရွှေပိုးချပ်ဝတ်ကို မြေပေါ်သို့ ပစ်ချလိုက်သောအခါ မီးခိုးရောင်ဝတ်ရုံနှင့်လူသည် ခဏမျှ ကြောင်အသွား၏။ ဆူဇီမိုတစ်ယောက် ဘာ့ကြောင့် ထိုသို့လုပ်ရသည်ကို သူနားမလည်နိုင်ပေ။

သို့သော် နောက်တစ်ခဏ၌ မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ သူငယ်အိမ်က ကြောက်လန့်တကြား တင်းကျပ်သွား၏။

ရွှေပိုးချပ်ဝတ်ကို ချွတ်ချလိုက်ပြီးနောက် ဆူဇီမိုသည် လုံးဝကွဲပြားခြားနားသော လူတစ်ယောက်လို ဖြစ်သွား၏။ အလင်းတန်းတစ်ခုလို ဖျတ်ကနဲရွေ့လျားလိုက်ပြီး သူသည် ဝင်လာသော ဓါးပျံများကို အေးမြစန္ဒာဆေဘာဖြင့် ခတ်ထုတ်ကာ မီးခိုးရောင်ဝတ်ရုံနှင့်လူထံသို့ တစ်ဟုန်ထိုး ပြေးဝင်ချသွား၏။

၎င်းက မြန်ဆန်လွန်းလှ၏။

ပို၍ တိကျအောင်ပြောရလျှင် သည့်အရင်က အမြန်နှုန်းထက် နှစ်ဆဖြစ်လာ၏။

အနက်ရောင်ပုံရိပ်တစ်ခုက တစ္ဆေတစ်ကောင်လို ရိပ်ကနဲ ဖြတ်ပြေးလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မီးခိုးရောင်ဝတ်ရုံနှင့်လူရှေ့တွင် ရုတ်တရတ် ပေါ်လာပြီး မိုးထိတိုင်ထိုးတက်လာသော သတ်ဖြတ်လိုစိတ်ဖြင့် ထိုသူ၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။

ဖောက်!

မီးခိုးရောင်ဝတ်ရုံနှင့်လူ၏ ဦးခေါင်းက အနောက်ဘက်သို့ လန်ကျသွား၏။ နောက်ဆုံးသေဆုံးခဲ့သည့်အချိန်ထိတိုင် သူသည် ဘာတွေဖြစ်သွားသလဲဆိုတာ ကောင်းကောင်းမသိလိုက်ပေ။

စောစောက ပြောနေသော ‌ရွှေပိုးချပ်ဝတ်မှာ ပျက်ဆီးနေသောမူလလက်နက်ဖြစ်ခဲ့သည့် ဆန်းကြယ်ရွှေပိုးချပ်ဝတ်ပင် ဖြစ်လေသည်။

၎င်းကို ဝတ်ဆင်ထားခြင်းက ၅တန်အလေးချိန်ကို ထမ်းပိုးထားရခြင်းနှင့်တူ၏။ ထို့ကြောင့် ဆူဇီမိုသည် တစ်ချိန်လုံးတောက်လျှောက် သူ့ခွန်အားအပြည့်အဝကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိပေ။

ယခုအခါ ဆူဇီမိုသည် ထိုဝန်ထုပ်ဝန်ပိုးကို ဖယ်ထုတ်လိုက်သောကြောင့် သူ့အမြန်နှုန်းက ပေါက်ကွဲထွက်ပေါ်လာပြီး မီးခိုးရောင်ဝတ်ရုံနှင့်လူသည် အငိုက်မိကာ ချက်ချင်းပင် အသတ်ခံလိုက်ရ၏။

အခြားသော အခြေတည်အဆင့်ကိုးယောက်သည် တိုက်ခိုက်မလို့ လုပ်လိုက်စဉ်မှာပင်.. ကြိုးကြာလေးသည် ဖက်တီးလေး၊ လမ့်ရိုနှင့် စိတ်ဝိညာဉ်ကျားတို့ကို ဆွဲယူခေါ်ငင်ကာ လေထဲသို့ ပျံတက်လိုက်၏။

လူတစ်ယောက်နှင့် ကြိုးကြာတစ်ကောင်သည် အပြည့်အဝ နားလည်မှုနှင့် ချိတ်ဆက်ကာ ပူးပေါင်း‌ဆောင်ရွက်လိုက်၏။

တစ်ခဏအတွင်း မြေပြင်ပေါ်တွင် ဆူဇီမိုနှင့် အလယ်အလတ်အခြေတည်အဆင့်ကိုးယောက်တို့သာ ကျန်ရှိခဲ့လေသည်။

တစ်လှမ်းပြီးတစ်လှမ်းလာသော ဆူဇီမိုကိုကြည့်ကာ သူတို့၏ မျက်နှာများသည် သွေးဆုတ်ကုန်ကြပြီး မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်လာ၏။

သည့်အရင်က အခြေတည်အဆင့်ကျင့်ကြံသူများသည် ချီစုဖွဲ့စစ်သည်တော်တစ်ယောက်၏ လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက်‌ သေပွဲဝင်ကုန်ကြလိမ့်မည်ဟူ၍ သူတို့တစ်ယောက်မျှ မထင်ထားကြပေ။

ရွှစ်!

ဆူဇီမိုသည် မူလရှိနေသော နေရာမှ ပျောက်ကွယ်သွားပြီး ပုံရိပ်များစွာက နောက်ချန်ကျန်ရစ်ခဲ့၏။

ဆေဘာအလင်းတန်းများနှင့် သွေးနီရောင်များက အတူတကွ တွဲဖက်၍ ထွက်ပေါ်လာ၏။

တစ်ခဏအတွင်း နောက်ထပ်လူသုံး‌ယောက်က ထပ်မံအသက်ပျောက်သွားရလေပြီ။

သူတို့ထဲမှ နှစ်ယောက်သည် ဓါးပျံများကို ထုတ်စီး၍ ထွက်ပြေးဖို့ ကြိုးစားလိုက်ကြ၏။ ဆူဇီမိုသည် ခြေဆောင့်လိုက်သောအခါ ဝုန်းကနဲမြည်သံကြီးက ထွက်ပေါ်လာပြီး မြေပြင်တွင် ချိုင့်ခွက်ကြီးနှစ်ခွက်က ဖြစ်ပေါ်ကျန်ရစ်ခဲ့၏။

သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး ထွက်ပြေးဖို့ကြိုးစားနေသာ အခြေတည်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို လေထဲမှာပင် ခုတ်ပိုင်းချလိုက်၏။

ယခုအခါ လေးယောက်သာ ကျန်ရှိလေတော့သည်။

စောစောက ဓါးပျံနှစ်လက်မှ တွန်းကန်အားကိုယူ၍ ဆူဇီမိုသည် ဘေးဘက်သို့ ခုန်အုပ်လိုက်ပြီး နောက်တစ်ယောက်၏ ရင်အုပ်ကို လက်ဝါးဖြင့် ရှိသမျှအားကိုသုံးကာ ရိုက်ချလိုက်၏။

ထိုလူ၏ မျက်လုံးအိမ်များက သွေးများအလိမ်းလိမ်းဖြင့် ပြူထွက်ကျလာပြီး သူ့ရင်အုပ်က ကျိုးကြေချိုင့်ဝင်သွား၏။ အရိုးကျိုးသံများက ထွက်ပေါ်လာပြီး သူသည် မြေပေါ်သို့ ပြုတ်ကျသေဆုံးသွားလေတော့၏။

ထို့နောက် ဆူဇီမိုသည် နောက်တစ်ယောက်နောက်သို့ အမီပြေးလိုက်ချသွားပြီး ဆေဘာဖြင့် လွှဲခုတ်လိုက်၏။

နှစ်ယောက်သာ ကျန်ရှိလေတော့သည်။

သူတို့သည် ဆူဇီမိုလက်မှ လွတ်အောင်မပြေးနိုင်တော့ဆိုတာ သိလိုက်ပြီး နှစ်ယောက်စလုံးသည် စိတ်ဝိညာဉ်သတ္တုတွင်း၏ ဝင်ပေါက်ဘက်သို့ ဒုန်းစိုင်းပြေးချသွား၏။

ဆူဇီမိုသည်လည်း အနောက်ကနေ ပြေးလိုက်ချသွား၏။

သူတို့သည် ဝင်‌ပေါက်ဝနားသို့ ရောက်ခါနီးမှာပင် ဆူဇီမို၏ ဆောင့်နင်းမှုဖြင့် မြေကြီးက တုန်ခါသွား၏။

နည်းနည်းနှေးသောသူသည် ဒယီးဒယိုင်ဖြင့် ခြေထောက်ခေါက်ကာ မြေပေါ်သို့ ပစ်လဲကျသွား၏။

အခြားတစ်ယောက်ကတော့ စိတ်ဝိညာဉ်သတ္တုတွင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။

“အဲ့.အဲ့. အဲ့ဒါ ကျုပ်လုပ်တာ မ.မဟုတ်ပါဘူး.. ကျုပ်ရဲ့ အကြံအစည် မ.မဟုတ်ပါဘူး.. သူ.သူပဲ အဲ့ဒါ သူပဲ” မြေပေါ်တွင် လဲကျနေသော အခြေတည်အဆင့်ကျင့်ကြံသူသည် ထိတ်ထိတ်ပျာပျာ အထစ်အထစ် အငေါ့ငေါ့ဖြင့် ဗလုံးဗထွေးရှင်းပြဖို့ ကြိုးစားလိုက်၏။ သူ့မျက်နှာက အရောင်မရှိတော့ပေ။

“သူက ဘယ်သူလဲ”

ဆူဇီမိုက အေးစက်ခက်ထန်စွာဖြင့် ဖြတ်မေးလိုက်၏။

“ကျုပ် ကျုပ်လဲ မသိဘူး”

ထိုလူက ခေါင်းခါ လိုက်ကာ သတ္တုတွင်း၏ ဝင်ပေါက်ဘက်သို့ အလိုအလျောက် ကြည့်မိလိုက်၏။ သူ့မျက်လုံးထဲတွင် စိုးရွံ့ကြောက်လန့်မှုများကို မြင်နေရ၏။

တစ်ခဏချင့်ချိန်စဉ်းစားပြီးနောက် ဆူဇီမိုက ဆက်လက်မေးလိုက်၏။

“ဒီသတ္တုတွင်းထဲမှာ ရှိတဲ့သူက လင်းဖုန်းမြို့က လူတွေကို သတ်ခဲ့တဲ့သူလား”

“ဟုတ်. ဟုတ်ပါတယ်” အခြေတည်အဆင့်ကျင့်ကြံသူက အလောတကြီး ခေါင်းညိတ်ပြလိုက်၏။

“သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ရှိလဲ”

“ကျုပ်...”

အခြေတည်အဆင့်ကျင့်ကြံသူက ပြေဖြေမလို့ လုပ်လိုက်စဉ်မှာပင် သူ့မျက်နှာပေါ်၌ အစိမ်းရောင် အစက်အပျောက်များက ပေါ်လာပြီး ဆူဇီမိုကို မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြလိုက်၏။

ထိုအပြုံးကို မြင်သောအခါ ဆူဇီမိုသည် ကြက်သီးများ တစ်ဖြန်းဖြန်းထသွား၏။

တုံ့ဆိုင်းခြင်းမရှိ သူသည် အနောက်သို့ ချက်ချင်းခုန်ဆုတ်လိုက်၏။

ဝုန်း!

ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။

စောစောလေးကတင် စကားပြောနေသောသူက ဆူဇီမို၏ မျက်စိရှေ့မှာပင် ချက်ချင်းပေါက်ကွဲထွက်သွား၏။ သွေးစက်များအသားစများက ပြန့်ကျဲသွားပြီး မသတီစရာ အစိမ်းရောင်အလင်းလုံးတစ်ခုက စိတ်ဝိညာဉ်သတ္တုတွင်းထဲသို့ ပျံသန်းဝင်ရောက်သွား၏။

ထိုအချိန်မှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သောကြောင့် ကြိုးကြာလေးတို့အုပ်စုသည် ဆင်းသက်လာကြ၏။

“ဂျူနီယာမောင်လေးဆူ.. အဆင်ပြေရဲ့လား”

“နောင်ကြီး အဆင်ပြေရဲ့လား”

သူတို့နှစ်ယောက်စလုံးသည် တစ်ပြိုင်နက်တည်း မေးမြန်းလိုက်ကြ၏။

လမ့်ရို၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်လိုရိပ်များက ပေါ်လာပြီး နောက်တစ်ခဏမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

“‌ကျုပ်အဆင်ပြေပါတယ်”

ဆူဇီမိုသည် မျက်မှောင်ကြုတ် အတွေးနက်နဲနေရာမှ ခေါင်းညိတ်ပြန်ဖြေလိုက်၏။

နောက်တစ်ခဏ၌ သူသည် ကြိုးကြာလေး၏ ဦးခေါင်းကို ပွတ်သပ်လိုက်ပြီး ပြောလိုက်၏။

“ငှက်ရူးလေး..  သူတို့အကုန်လုံးကို ဂိုဏ်းကို အရင်ပြန်ပို့ပေးလိုက်.. ဒီနေရာက မင်းတို့ ဆက်နေဖို့ မသင့်တော်တော့ဘူး.. အပြန်လမ်းမှာ ဂိုဏ်းက အင်အားအကူလွှတ်ပေးတဲ့သူတွေနဲ့တွေ့ရင်တော့ အကောင်းဆုံးပေါ့”

“ကော်း.. ကော်း..”

ကြိုးကြာလေးက ဆူဇီမိုကို အားလုံးအတူတကွ ပြန်ကြဖို့ တိုက်တွန်းလိုက်၏။

“မင်းတို့က အရင်ပြန်ကြ.. ငါက အနောက်ကနေ လိုက်လာခဲ့မယ်” ဆူဇီမိုက ခေါင်းခါလိုက်ပြီး ငြင်းပယ်လိုက်၏။”

“နောင်ကြီး.. ခင်‌ဗျား သတ္တုတွင်းထဲကို နောက်တစ်ခါ ပြန်ဝင်မှာတော့ မဟုတ်ဘူးမလား.. ဟုတ်တယ်မလား” ဖက်တီးလေးက မျက်လုံးပြူးမျက်ဆံပြူးဖြင့် မေးလိုက်၏။

ဆူဇီမိုက ဆိတ်ဆိတ်နေ၏။

လမ့်ရိုနှင့် ဖက်တီးလေးတို့က သုန်မှုန်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

“ဂျူနီယာမောင်လေးဆူ.. ငါတို့ ဂိုဏ်းကို အတူပြန်ကြမယ်လေ”

လမ့်ရိုက ပြောလိုက်၏။

“ဒီဂူထဲက လူက အတော်လေး အားကြီးတဲ့ ကျောထောက်နောက်ခံရှိလိမ့်မယ်.. ပြီးတော့ သူ့ရဲ့ခွန်အားအဆင့်ကိုလဲ ငါတို့သိရတာ မဟုတ်ဘူး.. သူ့ရဲ့နည်းလမ်းတွေကလဲ အရမ်းကို မကောင်းဆိုးဝါးဆန်တယ်.. ငါတို့ အဲ့လောက်ထိ စွန့်စားစရာ မလိုပါဘူး.. ဒီသတ္တုတွင်းကို သူ့ကိုပေးလိုက်‌ရ‌တော့ရော ဘာဖြစ်လဲ”

“ဟုတ်တယ် အဲ့ဒါအမှန်ပဲ”

ဖက်တီးလေးက ဝင်ပြောလိုက်၏။

“ပြီးတော့ ငါတို့က ဂိုဏ်းကို သတင်းပို့ထားပြီးပြီပဲ.. သိပ်မကြာခင် စီနီယာတွေလဲ ရောက်လာကြတော့မှာ.. နောက်ဆုံးမှာ ဒီသတ္တုတွင်းက ငါတို့အပိုင် ဖြစ်နေဦးမှာပဲ.. နောင်ကြီး ကိုယ်တိုင်စွန့်စားကြည့်စရာ မလိုတော့ပါဘူး”

“ငါ မဖြစ်မနေ တစ်ချက်လောက် သွားကြည့်ဖို့ လိုနေတယ်”

ဆူဇီမို၏ အကြည့်က ခိုင်မာပြတ်သားနေပြီး ပြောလိုက်၏။

“ဒါက အလယ်အလတ်အဆင့်သတ္တုတွင်းပဲကို.. အဲ့လူက ရွှေအူတိုင်အဆင့်တော့ မဖြစ်နိုင်ပါဘူး.. သူက အခြေတည်အဆင့်ဖြစ်နေသရွေ့ ငါသူ့ကို မတိုက်ခိုက်နိုင်ရင်တောင် လွတ်အောင်တော့ ထွက်ပြေးနိုင်ပါတယ်.. အဲ့လူက ငါ့ကို ထိန်းထားနိုင်မှာမဟုတ်ဘူး”

ဤနေရာတွင် ဆူဇီမိုသည် ဖက်တီးလေးနှင့် လမ့်ရိုတို့ကို မပြောပြခဲ့သော အကြောင်းအရာလည်း ရှိ၏။

လင်းဖုန်းမြို့၏ ကပ်ဆိုးကို မြင်တွေ့ရသောအခါ ဆူဇီမိုအရင်ဆုံး ပြေးမြင်မိသည်မှာ သူ့အစ်ကိုကြီးဆူဟုန်နှင့် ယန်တိုင်းပြည်ကိုပင် ဖြစ်လေသည်။

ထိုကဲ့သို့သော စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ မော်တယ်များသည် လည်စင်း၍ အသေခံကြရုံသာ ရှိလေသည်။

ဤလူသည် လင်းဖုန်းမြို့ကို မနေ့တစ်နေ့ကမှ ရောက်ချလာပြီး တစ်မြို့လုံးကို သတ်ဖြတ်ပစ်ခဲ့၏။ တစ်နေ့မှာ သူကာ ယန်တိုင်းပြည်သို့ ရောက်သွားခဲ့လျှင် သူ့အစ်ကိုကြီးနှင့် အခြားသူများသည်လည်း တူညီသော ကြမ္မာဆိုးကို တွေ့ကြုံခံစားရပေလိမ့်မည်။

ယခုအချိန်သည် သူ၏ နောက်ဆုံးအခွင့်အရေးဖြစ်၏။ ဂိုဏ်းမှ စီနီယာများ ရောက်လာသည်အချိန်တွင် ထိုသူက ရှိနိုင်တော့မည် မဟုတ်လောက်တော့ပေ။

ယနေ့ ထိုသူကိုသာ သူလွှတ်ပေးလိုက်လျှင် တစ်နေ့တွင် သူနောင်တရနေရမှာကို ဆူဇီမိုသည် စိုးရိမ်မိနေ၏။

ထို့အပြင် လင်းဖုန်းမြို့ရှိ လူတစ်သိန်းကျော်၏ အသက်အတွက် ထိုလူကို ပေးဆပ်ခိုင်းရပေလိမ့်မည်။

“နောင်ကြီး.. ကျုပ်လဲ.....”

ဖက်တီးလေးက ဆက်ပြောမလို့ဟန်ပြင်လိုက်စဉ်မှာပင် ဆူဇီမိုက ဖြတ်ပြေလိုက်၏။

“မင်းက ဒဏ်ရာရနေတာကို ငါ့နောက်ကို လိုက်ခဲ့လို့ မရဘူး”

လမ့်ရိုက ပြောလိုက်၏။

“အဲ့ဒါဆိုလဲ ငါတို့ မင်းကို အပြင်မှာ စောင့်နေမယ်”

“နှစ်နာရီပဲ”

ခဏမျှ ချင့်ချိန်ပြီးနောက် ဆူဇီမိုက ပြန်ပြောလိုက်၏။

“နောက်နှစ်နာရီနေလို့မှ ငါထွက်မလာသေးရင် မင်းတို့ချက်ချင်း ပြန်ကြတော့”

ခဏမျှ ရပ်နားပြီးနောက် ဆူဇီမိုသည် ကြိုးကြာလေးကို လှည့်ပြောလိုက်၏။

“ငှက်ရူးလေး.. အကုန်လုံးကို ခပ်လှမ်းလှမ်းကို ရောက်အောင်ခေါ်ထား.. မူမမှန်တာ တစ်စုံတစ်ရာ ချည်းကပ်လာလျှင် ချက်ချင်း ထပြေး.. အနောက်ကို လုံးဝပြန်လှည့်မလာနဲ့ ကြားလား”

ကြိုးကြာလေးက စိုးရိမ်တကြီးအမူအယာနှင့် တောင်ပံများကို ရိုတ်ခတ်လိုက်ပြီး အလောတကြီး ခေါင်းညိတ်ပြလိုက်၏။

မြေပြင်ပေါ်မှ ဓါးပျံများကို ကောက်ယူလိုက်ပြီး ဆူဇီမိုသည် ဆန်းကြယ်ရွှေပိုးချပ်ဝတ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ကာ ဟန်ဆောင်ပြုံးပြ၍ ပြောလိုက်၏။

“ဒီမှာ သိုလှောင်အိတ်တွေကို အများကြီးပဲ.. အကုန်လုံးကို မြန်မြန်ကောက်ယူထားကြ.. ငါတို့ဂိုဏ်းကို ပြန်ရောက်မှ ဝေစုခွဲကြတာပေါ့”

ဆူဇီမိုသည် ပြောပြီးသည်နှင့် ဝင်ပေါက်ဆီသို့ ဦးတည်လိုက်၏။ သူသည် နက်ရှိုင်းမှောင်မဲနေသော စိတ်ဝိညာဉ်သတ္တုတွင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့၏။

All Chapters