← Chapters

ချောမောလှပသောလူ

Vol. 10 Ch. 148

ချောမောလှပသောလူ

Vol. 10 Ch. 148

အခန်း ၁၄၈ - ချောမောလှပသောလူ

Translator – Than Toe Aung

ဆူဇီမိုသည် ဆေဘာကို ဆုပ်ကိုင်ကာ အမှောင်ထဲသို့ တိုးဝင်လျှောက်သွား၏။ သူသည် သိပ်မြန်မြန်မသွားရဲပေ။

အချိန်အတန်ကြာပြီးနောက် သူသည် သွားနေသည်ကို ရပ်တန့်လိုက်ကာ သူ့အမြင်အာရုံကို ရှင်းလင်းလိုက်၏။

နောက်တစ်ခဏ၌ ဆူဇီမိုသည် တုန်လှုပ်ချောက်ချားစရာမြင်ကွင်းကို တွေ့လိုက်ရ၏။

မြေပြင်တွင် အားကောင်းမောင်းသန် လူတစ်သောင်းကျော်သည် စက်ဝိုင်းတစ်ဝိုင်းကို နောက်တစ်ဝိုင်းက ထပ်မံရစ်ပတ်ထားသည့်ပုံစံနှင့် ဒူးထောက်နေကြ၏။ ထိုလူများ၏ အလယ်တွင် တောင်ငယ်လေးတစ်လုံးစာလောက်ရှိသော စိတ်ဝိညာဉ်‌ကျောက်တုံးပုံကြီး ရှိနေပြီး ပေါကြွယ်ဝသော စိတ်ဝိညာဉ်ချီများက ဖြာထွက်ပေါ်နေ၏။

ထိုလူများသည် ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားကြပြီး အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေ၏။ သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးဖော်ခဲ့ကြသော မော်တယ်များ ဖြစ်ကြပုံရ၏။

စိတ်ဝိညာဉ်ကျောက်တုံးပုံကြီး၏ အထက်တွင် အလွန်တရာချောမောလှပသော လူယ်တစ်ယောက်က ထိုင်နေ၏။ သူ့ဆံပင်များက လေမတိုက်ဘဲ လှုပ်ခါနေပြီး သူ့လက်နှစ်ဖက်ကို အနည်းငယ် ဖြန့်ချဲထားကာ မျက်လုံးများကို မှိတ်ထား၏။

အားကောင်းမောင်းသန်လူတစ်သောင်းကျော်ထံမှ အစိမ်းရောင်လေစီးကြောင်းများသည် လွင့်မျောထွက်ပေါ်လာပြီး ချောမောလှပသောလူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေကြ၏။

ထိုလူများ၏ မျက်နှာသည် သိသာမြင်သာသောနှုန်းထားဖြင့် ခြောက်ကပ်လာပြီး သူတို့၏ မျက်လုံးများက အရောင်မှိန်လာ၏။ သူတို့၏ အသွေးအသားများက ကုန်ဆုံးခမ်းခြောက်လာသလိုပင်။

စောစောက ဆူဇီမိုလက်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့သော အခြေတည်အဆင့်ကျင့်ကြံသူသည် ချောမောလှပသောလူ၏ ခြေရင်းတွင် ခြောက်သွေ့သော အလောင်းတစ်လောင်းအဖြစ် လဲကျသေဆုံးနေ၏။

ဤချောမောလှပသောသူက လင်းဖုန်းမြို့၏ ကပ်ဆိုးကို ကျရောက်စေခဲ့သော အစစ်အမှန်လူသတ်ကောင် ဖြစ်ရပေမည်။

ဆူဇီမိုသည် စိတ်ဝိညာဉ်အကဲခတ်ပညာဖြင့် စစ်ဆေးကြည့်လိုက်၏။

ပကတိအခြေတည်အဆင့်ဖြစ်၏။

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။

သူ၏ လက်ရှိခွန်အားက ပကတိအဆင့်ကို အသာထား နောက်ပိုင်းအခြေတည်အဆင့်ကိုပင် ကိုင်တွယ်ဖို့ မလုံလောက်ပေ။

သူသည် ဤလူကို သတ်ဖြတ်ချင်လျှင် ဒီတိုင်းတိုက်ခိုက်လို့တော့ မ‌ရပေ။ သူသည် နည်းလမ်းပေါင်းစုံကို အသုံးချ၍ သူတို့အကြားက အကွာအဝေးကို လျှော့ချရပေမည်။

ပကတိအခြေတည်အဆင့်တစ်ယောက်၏ စွမ်းအားက အလွန်အမင်း အားကောင်းသော်လည်း.. သူ၏ ခန္ဓာကိုယ်က ဆူဇီမိုနှင့်တော့ မယှဉ်နိုင်လောက်ပေ။

ထိုအရာသည် ဆူဇီမို၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်၏။

ရုတ်တရတ်ဆိုသလို ချောမောလှပသောသူက သူ၏ ကျဉ်းမြောင်းသော မျက်လုံးများကို ဖွင့်လိုက်၏။ ထိုမျက်လုံးများထဲတွင် မကောင်းဆိုးဝါးဆန်သော အစိမ်းရောင်အရိပ်တစ်ခုစီ ရှိနေ၏။

“အို့.. ချီစုဖွဲ့အဆင့်ပဲ ရှိသေးတာလား”

ချောမောလှပသောလူ၏ လေသံတွင် အံ့အားသင့်မှုတစ်စွန်းတစ်စက ရောယှက်ပါဝင်နေ၏။ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီး သူသည် ယစ်မူးနေသော အမူအယာနှင့် ပြောလိုက်၏။

“မဆိုးဘူး.. မဆိုးဘူးပဲ.. မင်းခန္ဓာကိုယ်ထဲက အဆီအနှစ်က လင်းဖုန်းမြို့က လူတစ်သောင်းကျော်အားလုံးပေါင်းထက်တောင် သာလွန်နေသေးတာပဲ”

“မိစ္ဆာကောင်.. မင်းအသက်နဲ့ ပေးဆပ်စမ်း”

ဆူဇီမိုသည် အေးစက်စွာ ငေါက်ငမ်းလိုက်ပြီး ခုန်တက်လိုက်၏။ သူ့လက်ဖဝါးတွင် လျှပ်စီးကြောင်းများက တောက်ပလာ၏။

“မိုးကြိုးလှံတံ!”

လျှပ်စီးကြောင်းများဖြင့် ဖန်တီးထားသော လှံရှည်တစ်ခုက ပေါ်ထွက်လာပြီးနောက် ချောမောလှပသောလူဆီသို့ ပစ်ဝင်ချသွား၏။

“ဟမ့်”

ချောမောလှပသောလူက အံ့အားတစ်သင့် ရေရွတ်လိုက်၏။

“မိုးကြိုးတိုက်ကွက်လား.. ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က စိတ်ဝိညာဉ်တိုက်ကွက်ကို တစ်ကယ်ပဲ ထုတ်ဖော်နိုင်တယ်ပေါ့”

“အို့”

၎င်းလှံရှည်က ချည်းကပ်လာသောအခါ ချောမောလှပသောလူက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားဟန်ဖြင့် ပြုံးလိုက်၏။

“ငါသိပြီ.. ဒီမိုးကြိုးတိုက်ကွက်ရဲ့ ပင်မစွမ်းအားက မင်းရဲ့ ဒန်ထျန်ထဲက လာတာမဟုတ်ဘူး.. အဲ့ဒါက မင်းရဲ့ သွေးထဲက လာတာပဲ”

တစ်ချက်မျှ ကြည့်လိုက်ရုံနှင် သူသည် ဆူဇီမို၏ လျှို့ဝှက်ချက်ကို ပြောလိုက်နိုင်၏။

ဝင်လာသော မိုးကြိုးလှံရှည်ကိုကြည့်၍ ချောမောလှပသောလူသည် အသာအယာပြုံးလိုက်ပြီး သူ့လက်‌ချောင်းကို ညင်သာစွာ လှုပ်ရှားလိုက်၏။ အစိမ်းရောင်အလင်းစီးကြောင်းတစ်ခုက ပေါ်ထွက်လာလေ၏။

တိုက်ခိုက်မှုနှစ်ခုက ဆုံ‌တွေ့ချိန်တွင် နားကွဲမတတ် ပေါက်ကွဲမတတ် ပေါက်ကွဲသံကြီးက ထွက်‌‌‌ပေါ်လာပြီး စွမ်းအားနှစ်ခုက တစ်ခုကိုတစ်ခု ချေဖျက်လိုက်ကြ၏။

မိုးကြိုးလှံရှည်သည် ဗလာနယ်မိုးကြိုးပညာရပ်တွင် အားအကောင်းဆုံး သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခု ဖြစ်၏။

သို့သော် ယခုအခါမှာတော့ ၎င်းသည် ချောမောလှပသောလူ၏ လက်တစ်‌ချောင်းတည်းလှုပ်ရှားမှုဖြင့် ပိတ်ဆို့ခြင်းကို ခံလိုက်ရ၏။

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် ယခုအခါ စိတ်ဝိညာဉ်ကျောက်တုံးပုံကြီး၏ အောက်ခြေနားကို ရောက်ရှိနေပြီဖြစ်လေသည်။ သူသည် တစ်ချက်ခုန်၍ အပေါ်ကို ပတ်တက်လိုက်၏။

ရွှစ်..

ချောမောလှပသောလူက လက်တစ်ဖက်ဖြင့် ချိတ်စည်းတစ်ခုကို ပုံဖော်လိုက်၏။ သူ့မျက်လုံးများထဲမှ အစိမ်းရောင်အလင်းရောင်များ တောက်ပလာပြီးနောက် သူ့လက်ကို အောက်သို့ ဖိချလိုက်၏။

ကြီးမားလှသည့် အစိမ်းရောင်ဆိုးယုတ်လက်ဝါးကြီးသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဆူဇီမို၏ အမြင်အာရုံတစ်ခုလုံးကို ပိတ်ဆို့လွှမ်းခြုံလိုက်၏။

ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရဲခြင်း မရှိတော့ဘဲ ဆူဇီမိုသည် အနောက်သို့ လျှင်မြန်စွာ ဆုတ်လိုက်၏။

လက်ဝါးကြီးက ရုတ်တရတ်ဆိုသလို လေထဲတွင် ပြန့်ကျဲသွားပြီး အစိမ်းရောင် အလင်းစီးကြောင်းလေးများစွာအဖြစ် ပြောင်းလဲသွားကာ ဆူဇီမိုနောက်သို့ အသက်ရှိသော မြွေများလို လိုက်လာကြ၏။

စိတ်ဝိညာဉ်တိုက်ကွက်များအရဆိုလျှင် ဤချောမောလှပသောလူ၏ နည်းလမ်းများက အပြင်ဘက်က အခြေတည်အဆင့်သုံးဆယ်ကျော်ထက် များစွာပို၍ အဆင့်မြင့်လေသည်။

ဆူဇီမိုသည် ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ရှောင်ရှားရုံမျှသာ တတ်နိုင်လေသည်။ သူသည် စိတ်ဝိညာဉ်ကျောက်တုံးပုံကြီးကို စက်ဝိုင်းသဏ္ဌာန်ပတ်ပြေးနေပြီး မြွေစိမ်းများကလည်း သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။

ယခုအခါ ဆူဇီမိုသည် သူ့ရှိသမျှ ခွန်အားကုန်ကို အသုံးချပြီးဖြစ်သော်လည်း သူ့နောက်က လိုက်ပါလာသော မြွေစိမ်းများကို ခါမထုတ်နိုင် ဖြစ်နေ၏။

ရုတ်တရတ်ဆိုသလို.. သူသည် နောက်ပြန်လှည့်လိုက်ပြီး ဝင်လာသော မြွေစိမ်းများကို ဆေဘာဖြင့် ခုတ်ပိုင်းချလိုက်၏။

ဖောက်! ဖောက်! ဖောက်!

ဆေဘာခုတ်ချက်က မြွေစိမ်းသုံးကောင်ကို ထက်ပိုင်းပြတ်ကျသွား‌စေ၏။ သို့သော်လည်း ကျန်ရှိနေသေးသော မြွေစိမ်းများက ထိုးတက်လာကြပြီး ‌အေးမြစန္ဒာဆေဘာကို ရစ်ပတ်လိုက်ကြ၏။

မူလက ထက်ရှသော ဓါးသွားသည် မည်သို့မျှ သုံးစားမရတော့ပေ။

ရုတ်တရတ် သူ့ဆေဘာကို လက်လွှတ်လိုက်ပြီး ဆူဇီမိုသည် ကောင်းကင်ထယ်သွား‌ခြေလှမ်းကို ထုတ်ဖော်လိုက်၏။ ကြောက်ခမန်းလိလိခွန်အားက ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် ခြေသုံးလှမ်းတည်းဖြင့် စိတ်ဝိညာဉ်ကျောက်တုံးပုံပေါ်သို့ ခုန်တက်ကာ ချောမောလှပသောလူရှေ့သို့ ရောက်ချလာ၏။

အေးမြစန္ဒာဆေဘာ မရှိလျှင်ပင် ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ရည်က ကြောက်စရာကောင်းနေပြီးသားဖြစ်၏။

အန္တိမသားရဲနတ်ဆိုးကျင့်ကြံခြင်းနည်းစနစ်တွင် သတ်ဖြတ်ခြင်းနည်းစနစ်ပေါင်းများစွာ ပါရှိ၏။ မည်သည့်တစ်ခုမဆို သူ့‌ရှေ့က ချောမောလှပသည့်လူကို သတ်ဖြတ်ပစ်ဖို့ လုံလောက်လေသည်။

ဘန်း!

ဆူဇီမိုသည် ကမ္ဘာမြေကို ထက်ခြမ်းပိုင်းပစ်တော့မည့်ဟန်ဖြင့် သူ့လက်ဝါးနှင့် ရိုက်ချလိုက်၏။

ရုတ်တရတ်ဆိုသလို ချောမောလှပသည့်လူ၏ လက်ထဲသို့ အရိုးတောင်ဝှေးတစ်ချောင်းက ရောက်လာ၏။ သလင်းကျောက်လို ကြည်လင်နေသော၎င်းသည် အရိုးတစ်ခုခုကနေ ပြုလုပ်ထားပုံရပြီး ၎င်း၏ ထိပ်တွင် ဆိုးယုတ်အော်ရာတစ်မျိုးထွက်ပေါ်နေသော အရိုးခေါင်းတစ်ခုပါရှိ၏။

ထူးဆန်းသည့် မန္တန်များကို ရွတ်ဖတ်လိုက်ပြီး ချောမောလှပသည့်လူက ဆူဇီမို၏လက်ဝါးကို သူ၏ အရိုးတောင်ဝှေးဖြင့် ခုခံထိုးဖောက်လိုက်၏။

ဘုန်း!

သွေဖယ်မြေလက်ဝါး၏ စွမ်းအားများက ထွက်ပေါ်လာပြီး ချောမောလှပသည့်လူ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့လက်ဝါးသည် ထုံကျင်သွားပြီး အရိုးတောင်ဝှေးသည် သူ့လက်ထဲကနေ လွတ်ကျတော့မည်ကဲ့သို့ ဖြစ်သွား၏။

ရုတ်တရတ်ဆိုသလို.. တောင်ဝှေးထိပ်ရှိ အရိုး‌ခေါင်း၏ ပါးစပ်က ပွင့်ဟလာ၏။ ၎င်း၏ ခံတွင်းထဲမှ မသတီစရာ အလင်းရောင်များက အသက်ဝင်တောက်ပလာပြီး ဆူဇီမို၏ လက်ကောက်ဝတ်ကို ကိုက်ချလိုက်၏။

“အမ်”

ဆူဇီမို၏ အမူအယာက ပြောင်းလဲသွား၏။

သူ့လက်ကောက်ဝတ်မှ နာကျင်မှုက ပြောပလောက်အောင် မဟုတ်ပေ။ သို့သော်လည်း ပြင်ပအားတစ်ခုက သူ့သွေးများကို ဆုပ်ယူနေသည်ဟု ဆူဇီမို ရှင်းလင်းစွာ ခံစားသိရှိလိုက်၏။

ဤအတိုင်းသာ ဆက်သွားနေလျှင် သူသည် ဘေးပတ်လည်ရှိ လူများလို ခြောက်သွေ့သော အလောင်းကောင်တစ်ကောင်ဖြစ်သွားဖို့ သိပ်ပြီးကြာလိုက်မှာ မဟုတ်ပေ။

ဘန်း! ဘွန်း! ဘွန်း!

ဆူဇီမိုသည် ကျယ်လောင်စွာ တစ်ချက်ဟိန်းဟောက်လိုက်ပြီး ရှိသမျှအားဖြင့် သူ့သွေးများကို အစွမ်းကုန်လှည့်ပတ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ အသံလှိုင်းများက ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

သွေးစွမ်းအားများက အရူးအမူး ရုန်းကြွလာပြီး အရိုးတောင်ဝှေးက ကွဲကြေတော့မည်မတတ်ဖြစ်လာ၏။

ချောမောလှပသည့်လူက မျက်စိမှေး၍ ကြည့်လိုက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များစွာကို တောင်ဝှေးထဲသို့ ကပျာကယာထိုးသွင်းလိုက်၏။ အရိုးတောင်ဝှေးသည် မသတီစရာအလင်းရောင်ဖြင့် တောက်ပလာ၏။

တောင်ဝှေးထိပ်ရှိ အရိုးခေါင်းက ဆူဇီမို၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ကိုက်ထားဆဲဖြစ်ပြီး သွေးများကို အဆက်မပြတ် သောက်သုံးဝါးမျိုနေ၏။

မူလက အဖြူရောင်ဖြစ်သော ဦးခေါင်းခွံသည် တဖြည်းဖြည်းနှင့် အနီရောင်သန်းလာ၏။

ချောမောလှပသည့်လူ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများက ကခုန်လာပြီး သူသည် ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဘယ်လောက်တောင်သန့်စင်လိုက်တဲ့ သွေးစွမ်းအားလဲကွာ ဟမ်.. မင်းလိုမျိုး ချီစုဖွဲ့စစ်သည်တော်တစ်ယောက်က ဒီလောက် စွမ်းအားကြီးတဲ့ မျိုးဆက်သွေးကိုရအောင် ဘယ်လိုများ ကျင့်ကြံလေ့ကျင့်ထားလဲ ငါတစ်ကယ်ပဲ သိချင်သွားပြီဟေ့”

သူတို့နှစ်ယောက်က အနီးကပ်တိုက်ခိုက်ခဲ့ကြ၏။ ပြောရသည်မှာ ကြာသည်ထင်ရသော်လည်း တစ်ကယ်တော့ အရာအားလုံးဖြစ်ပျက်ခဲ့သည်မှာ ခဏသာ ရှိသေး၏။

ဆူဇီမိုသည် အောက်စည်းသို့ ကျရောက်နေပြီဖြစ်သောကြောင့် များစွာစဉ်းစားမနေတော့ဘဲ သူ့ညာလက်ဖြင့် ချောမောလှပသည့်လူ၏ ခေါင်းကို လှမ်းဆွဲလိုက်၏။

သူ့သွေးများထဲတွင် သားရဲချီများ မရှိတော့သော်လည်း ဆူဇီမို၏ လက်ချောင်းများသည် စိတ်ဝိညာဉ်သားရဲများ၏ လက်သည်းများဖြင့် သိပ်ပြီး မခြားနားပေ။ ထိုလက်ဝါးရိုက်ချက်တစ်ချက်က ကျောက်ဆောင်တစ်ခုကို ဖုန်မှုန့်ဖြစ်သွားစေနိုင်၏။

ချောမောလှပသည့်လူက အခြေအနေကို ထိန်းချုပ်ထားပြီးဖြစ်၏။ သူသည် ထိတ်လန့်ကြောက်ရွံ့မှုစိုးစဉ်းမရှိဘဲ လက်ဟန်အချိတ်အပိတ်များကို ဖော်ထုတ်ကာ ဟိန်းဟောက်အော်ဟစ်လိုက်၏။

“သွေးကျိန်စာ!”

ချောမောလှပသည့်လူ၏ ရင်ဘတ်‌ရှေ့တွင် မသတီစရာအစိမ်းရောင်အလင်းအိမ်တစ်ခုက ပေါ်လာ၏။ ၎င်းသည် လည်ပတ်၍ ပြန့်ကားလာပြီး ဆူဇီမိုကို တွန်းထုတ်ကာ ဆူဇီမိုနှင့်သူ့အကြားရှိ အကွာအဝေးကို ပို၍ ဝေးကွာသွားစေ၏။

ဆူဇီမို၏ ညာလက်သည် ထိုအလင်းအိမ်ထဲသို့ တိုးဝင်သွား၏။ သူသည် ရွှံ့နွံထဲသို့ ကျရောက်သွားသလို ရှေ့ဆက်တိုးဖို့ ခက်ခဲနေ၏။

သူ၏ လှုပ်ရှားမှုက လုံးဝကန့်သတ်ခံလိုက်ရပေပြီ။

နောက်ဆုံးမှာတော့ ဆူဇီမို၏ အမူအယာက ပြောင်းလဲသွားလေပြီ။

ထိုအခိုက်အတန့်၌ သူ့ကိုယ်ထဲရှိ ခွန်အားများသည် ယုတ်လျော့လာပြီး ချိနဲ့လာသည်ကို ဆူဇီမို ရှင်းလင်းစွာ သိရှိလိုက်၏။

ဤအတိုင်းသာ ဆက်သွားနေလျှင် နောက်ဆယ်မိနစ်အတွင်း သူ့သွေးအဆီအနှစ်များက အလုံးစုံ ခမ်းခြောက်သွားပေလိမ့်မည်။

All Chapters