← Chapters

သွေးရိုးလက်ဝါး

Vol. 10 Ch. 149

သွေးရိုးလက်ဝါး

Vol. 10 Ch. 149

အခန်း ၁၄၉ - သွေးရိုးလက်ဝါး

Translator – Than Toe Aung

“မင်းရဲ့မျိုးဆက်သွေးကသာ ဒီထက်နည်းနည်း ပိုသန်မာမယ်ဆိုရင် ငါမင်းကို ဒီနေ့ လှဲချနိုင်မှာ မဟုတ်ဘူး.. သနားစရာပဲ”

ချောမောလှပသည့်လူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။

ဤအရာကို ဆူဇီမိုသည်လည်း နားလည်၏။

သူသာ ခြင်ဆီသန့်စင်ခြင်းတွင် သာလွန်အောင်မြင်မှုကို ရရှိထားခဲ့ပါက သူသည် နောက်ပိုင်းအခြေတည်အဆင့်တစ်‌‌ယောက်ကို သတ်ဖြတ်နိုင်စွမ်းရှိပေလိမ့်မည်။ မိုးကြိုးခြင်ဆီရှင်းလင်းခြင်းသုတ္တန်နှင့်ပါ ထပ်ပေါင်းလိုက်ပါက သူသည် ပကတိအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက် သတ်ဖြတ်နိုင်ပေလိမ့်မည်။

ထိုအခါ ချော‌မောလှပသည့်လူ၏ အရိုးတောင်ဝှေးကလည်း သူ့အသားကို ကိုက်နိုင်မှာ မဟုတ်ပေ။

ထိုအခိုက်အတန့်၌ ဆူဇီမိုသည် ကူကယ်ရာမဲ့စွာ ခံစားလာရ၏။

အရိုးခေါင်းက သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို တင်းကျပ်စွာ ကိုက်ခဲထားသောကြောင့် ဆူဇီမို၏ ခန္ဓာကိုယ်တစ်ခြမ်းသည် ထုံကျင်အားနည်းလာနေလေပြီ။

အခြားတစ်ဖက်မှာတော့ သူ့ညာဘက်လက်သည် မသတီစရာ အစိမ်းရောင်အလင်းအိမ်ထဲကို ကျရောက်နေပြီး လှုပ်ရှားဖို့ရာ မစွမ်းနိုင်ပေ။

အလင်းအိမ်၏ အနောက်တွင် ချောမောလှပသည့်လူ၏ မျက်နှာကို သူမြင်နေရ၏။ သို့သော်လည်း ၎င်းကို ထိုးဖောက်ဖို့ သူ့မှာခွန်အားမရှိပေ။

ထို့အပြင် ဆူဇီမို၏ ညာဘက်လက်သည် ထူးဆန်းသောစွမ်းအားတစ်မျိုးကြောင့် တိုက်စားဆွေးမြည့်လာ၏။ သူ့အသားများသည် ရိရွဲလာပြီး သွေးပျက်စရာပုံစံနှင့် ပဲ့ကျပြုတ်ကျကုန်လေသည်။

အလင်းအိမ်၏ အနောက်ဘက်တွင် ဘဝင်ခိုက်ရွှင်ပျစွာ ပြုံးနေသော ချောမောလှပသည့်လူ၏ မျက်နှာကို သူမြင်နေရ၏။

ရုတ်တရတ်ဆိုသလို ထူးဆန်းလှသည့် တစ်စုံတစ်ရာကို မြင်တွေ့သွားပြီး ချောမောလှပသည့်လူ၏ အပြုံးက တောင့်ခဲသွား၏။

ဆူဇီမို၏ အကြည့်သည်လည်း သူတို့နှစ်ယောက်အကြားရှိ အလင်းအိမ်ထဲသို့ ကျရောက်သွား၏။

မသတီစရာ အစိမ်းရောင်အလင်းအိမ်ထဲတွင် ဆူဇီမို၏ ညာလက်ပေါ်ရှိ အသားများက မရှိတော့လေပြီ။ ထိုအခါ သွေးနီရောင်တောက်ပနေသော အရိုးလက်တံတစ်ခုက ပေါ်လာ၏။ သူ့အရိုးများသည် သလင်းကျောက်လို ကြည်လင်နေပြီး ၎င်းပေါ်တွင် မီးတောက်လေးများက ကခုန်နေ၏။ ၎င်းက ဤကမ္ဘာပေါ်ရှိ အလှပဆုံး ရတနာတစ်ခုလိုပင်။

အရိုးလက်တံရှိ လက်ချောင်းထိပ်လေးများသည် ဓါးတစ်‌ချောင်းလို ချွန်မြထက်ရှနေ၏။ ၎င်းက လူသားတစ်ယောက်၏ လက်နှင့် မတူချေ။

အလွန်တရာ ကြောက်စရာကောင်းလှသည့် အော်ရာတစ်မျိုးက ပေါ်ထွက်လာပြီး မသတီစရာ အစိမ်းရောင်အလင်းအိမ်က ကြေမွပျက်ဆီးသွား၏။

ထိုအော်ရာနှင့် ရင်ဆိုင်တွေ့ချိန်တွင် ချောမောလှပသည့်လူက ပုရွက်ဆိတ်တစ်ကောင်လို အရေးမပါ ဖြစ်သွား၏။ ထိုအခိုက်အတန့်၌ သူ့နုလုံးခုန်သံကပါ ရပ်တန့်သွား၏။

“ဘာ..ဘာလဲဟ”

ချောမောလှပသည့်လူ၏ သူငယ်အိမ်က တင်းကျပ်သွား၏။

တစ်ချိန်တည်းမှာပင် သူ့ညာဘက်လက်မှ စွမ်းအင်အသစ်များသည် သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဟုန်ထိုးစီးဝင်လာနေသည်ကို ဆူဇီမိုသည် ခံစားသိရှိလိုက်၏။ သူ့သွေးများသည် ဆူပွက်လောင်ကျွမ်းလာ၏။

“သတ်..!”

ဆူဇီမိုသည် ဟိန်းဟောက်လိုက်ပြီး သွေးနီရောင်လက်ဝါးဖြင့် ချောမောလှပသည့်လူ၏ ဦးခေါင်းကို လှမ်းဆွဲလိုက်၏။

ချောမောလှပသည့်လူ၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားကာ အဖြူရောင်အရိုးတောင်ဝှေးကို ကပျာကယာဆွဲယူလိုက်ပြီး သူ့ရှေ့မှာထားကာ သွေးရိုးလက်ဝါးကို ကာလိုက်၏။

ဖျောင်း!

ဆူဇီမိုသည် အသာအယာလှမ်းဆွဲလိုက်၏။

ချောမောလှပသည့်လူ၏ တောင်ဝှေးသည် ချက်ချင်းပင် ကျိုးပဲ့ထွက်သွား၏။

ဖောင်း!

နောက်တစ်ခဏ၌ ဆူဇီမို၏ လက်ဝါးသည် ချောမောလှပသည့်လူ၏ ဦးခေါင်းကို ဆွဲယူလိုက်ပြီး ဖိချေကာခွဲပစ်လိုက်၏။

ဤသို့ဖြင့် ပကတိအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဇီဝိန်ချုပ်သွားရလေပြီ။

ဆူဇီမိုသည် မူလနေရာမှာပင် ရပ်နေပြီး သူ့ညာဘက်လက်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေ၏။

ချောမောလှပသည့်လူ၏ အရိုးတောင်ဝှေးက အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက်များလောက် သေချာပေါက် ခိုင်ခံ့မာကျောလေသည်။ သို့သော် သူ၏ ညာဘက်လက်နှင့် ရင်ဆိုင်ရချိန်တွင် ၎င်းက အလွယ်တကူပင် ကျိုးပဲ့သွား၏။.

ဒါဆို သူ့ညာဘက်လက်က ဘာလဲ!

ဤသွေးရိုးလက်ဝါးက သူ၏ မူလလက်ဝါးမဟုတ်ဆိုတာကို ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိနေ၏။

၎င်းက ကမ္ဘာပေါ်က အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေ၏။

ရုတ်တရတ် ဆူဇီမို၏ စိတ်ထဲတွင် တစ်စုံတစ်ရာက ဝင်ရောက်လာ၏။

ကန်းလန်ရိုးမမှာတုန်းက သူသည် ပျော်ရွှင်ဖွယ်ကလန်မှ ကျင့်ကြံသူများစွာနှင့် တိုက်ခိုက်ခဲ့ရပြီး သူ့ညာဘက်လက်က မည်သို့မျှ သုံးစားမရတော့လောက်အောင် ဆိုးဆိုးရွားရွား စုတ်ပြတ်သတ်သွားခဲ့၏။

ထို့နောက် ဆူဇီမို ပြန်လည်နိုးလာသည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပကတိအကောင်းတိုင်းရှိနေပြီး မည်သည့်ဒဏ်ရာမျှ မကျန်ရှိတော့ပေ။

ဤသွေးရိုးလက်ဝါးက တျဲယွဲ့သည် သူ့ကို အစားထိုးထည့်ပေးခဲ့တာ ဖြစ်ရပေမည်။

ဒါဆို ဤသွေးရိုးလက်ဝါး၏ မူလဇာစ်မြစ်က ဘာလဲ။

ဘာကြောင့် ၎င်းက သူ့ကို ရင်တစ်လျှပ်လျှပ်ဖြစ်သွားစေလောက်တဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်နေရတာလဲ။

နောက်ဆုံးမှာတော့ သူသည် ယခင်က သူ၏ သံသယများနှင့် ပတ်သတ်၍ သဲလွန်စရသွားလေပြီ။

ထို့ကြောင့်ပင် သူသည် အဆင့်၃ စိတ်ဝိညာဉ်မီးတောက်ကို ကျင့်ကြံနိုင်ခဲ့သည်မှာ ဤသွေးရိုးလက်ဝါးနှင့် ပတ်သတ်နေရပေမည်။

ဆူဇီမိုသည် ယခင်က သားရဲအသွင်ကို ‌ပြောင်းလဲခဲ့သော်လည်း သူ့ညာဘက်လက်ကတော့ မူလအတိုင်းပင် ရှိနေခဲ့၏။ ဤသည်မှာ သူ့ခွန်အားသည် သွေးရိုးလက်ဝါးကို အသွင်ပြောင်းလဲစေဖို့ မလုံလောက်သောကြောင့် ဖြစ်ရပေမည်။

သူသည် ဤသွေးရိုးလက်ဝါး၏ နောက်ကွယ်က လျှို့ဝှက်ချက်ကို သေချာမသိသော်လည်း သူ့ခန္ဓာကိုယ်၏ ထူးခြားမှုများက ၎င်းနှင့်ဆက်စပ်နေသည်ဆိုတာကိုတော့ သိလေသည်။

ဤအရာသည် တျဲယွဲ့သူ့အတွက် ချန်ထားပေးခဲသော လက်ဆောင်သုံးခုထဲမှ တစ်ခုဖြစ်ရပေမည်။

ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး မည်သူ့ကိုမျှ မတွေ့ရသောအခါမှသာ ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ဤသွေးရိုးလက်ဝါးက လူသားတစ်ယောက်၏ လက်ဝါးမဟုတ်ပေ။ ၎င်းသည်သာ ပေါက်ကြားသွားလျှင် သူသည် မည်သို့မျှ ရှင်းပြတတ်တော့မည် မဟုတ်ပေ။

ဆူဇီမိုသည် ‌ချောမောလှပသည့်လူ၏ သိုလှောင်အိတ်ကို ယူလိုက်ပြီး မွှေနှောက်ရှာဖွေလိုက်၏။ သူသည် အဆင့်၂ ကြွက်သားအားတိုးဆေးလုံးတစ်လုံးကို ရှာတွေ့လိုက်ပြီး ၎င်းကို မျိုချလိုက်၏။

ဆူဇီမို၏ ဆဲလ်အသစ်ပြန်လည်မွေးဖွားနှုန်းက မြင့်မားတာရယ်၊ ဆေးအစွမ်းရယ် ပေါင်းစပ်လိုက်သောအခါ သိပ်မကြာမီမှာပင် သူ့ညာဘက်လက်ပေါ်တွင် ပါးလွှာသော အသားလွှာများက ဖြစ်ပေါ်လာ၏။ အပြည့်အဝ ပြန်လည်ကောင်းမလာသေးသော်လည်း ၎င်းက သူ၏ သွေးနီရောင်အရိုးကို ဖုံးကွယ်ဖို့တော့ လုံလောက်လေသည်။

ဆူဇီမိုသည် စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး အဝတ်စတစ်စကို ဖြဲဆုတ်ကာ ၎င်းကို သူ့ညာဘက်လက်ပေါ်တွင် ပတ်ထားလိုက်၏။

သူသည် တစ်ခဏမျှ ချင့်ချိန်ပြီးနောက် လက်တစ်ချက်ဝေ့ကာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို သူ့သိုလှောင်အိတ်ထဲသို့ ကောက်ထည့်လိုက်၏။

သူသည် အစကတည်းက ဤနေရာသို့ စိတ်ဝိညာဉ်ကျောက်တုံးများအတွက် ရောက်လာရသည်ဖြစ်သောကြောင့် ရလာသောအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပေ။

ဒူးထောက်လျက် အနေအထားနှင့် သေဆုံးနေကြသော မော်တယ်တစ်သောင်းကျော်ကို ကြည့်လိုက်ပြီး ဆူဇီမိုသည် သက်ပြင်းချလိုက်၏။ သူ့မျက်လုံးထဲတွင် ယူကျုံးမရ သနားဝမ်းနည်းမှုများက ပြည့်လာပြီး စိတ်ခံစားချက်များက မြင့်တက်လာ၏။

သူသည်လည်း တျဲယွဲ့နှင့် ဆုံတွေခဲ့ခြင်းမရှိလျှင် ယခုသတ်ဖြတ်ခံရသော မော်တယ်များနှင့် ခြားနားမှာ မဟုတ်ပေ။

ဘာကြောင့်လဲ။

ဘာကြောင့် ဒီမော်တယ်တွေမှာ စိတ်ဝိညာဉ်ရင်းမြစ်ပါမလာရတာလဲ။

စီနီယာကြိုးကြာက ပြောခဲ့ဖူး၏။ စိတ်ဝိညာဉ်ရင်းမြစ် ပါလာခြင်း၊ မပါလာခြင်းမှာ ထိုသူ၏ ကံကြမ္မာသာဖြစ်ပြီး မည်သူကမျှ ထိုအရာကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပေ။

စိတ်ဝိညာဉ်ရင်းမြစ်ပါမလာသောကြောင့် ထိုသူက ကျင့်ကြံလို့ရမှာ မဟုတ်ပေ။

ထို့ကြောင့်ပင် သူ့ရှေ့မှလူများသည် ယခုကဲ့သို့ အဆုံးသတ်သွားရ၏။ ဒါကလဲ သူတို့ရဲ့ ကံကြမ္မာပဲလား။

ဆူဇီမိုသည်  မခံမရပ်နိုင်အောင် ဖြစ်မိ၏။

သူသည် လင်းဖုန်းမြို့က အပြစ်မရှိ ရိုးသားသည့် လူတစ်သိန်းကျော်၏ အသက်များအတွက် မခံမရပ်နိုင်အောင် ဖြစ်ရလေသည်။

သူတို့သာ ကျင့်ကြံနိုင်ခဲ့လျှင် ယနေ့ ဤကဲ့သို့ သေချင်မှ သေရပေလိမ့်မည်။

သူ့တွင်.. သူ့ကိုယ်ထဲသို့ စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုကို မျိုးစေ့ချပေးခဲ့ပြီး ကောင်းကင်ကိုဖီဆန်၍ သူ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့သော တျဲယွဲ့ရှိခဲ့လေသည်။ သို့သော် ထိုသူတို့အတွက်ကရော။ ထိုသူများ၏ ကံကြမ္မာကို မည်သူက ပြောင်းလဲပေးနိုင်ပါမည်လဲ။

“အား”

နောက်တစ်ကြိမ် မချင့်မရဲဖြင့် သက်ပြင်းချလိုက်ပြီးနောက် ဆူဇီမိုသည် ထိုနေရာကနေ ထွက်လာခဲ့လေသည်။

. . .

အပြင်ဘက်တွင် ကြိုးကြာလေးတို့အုပ်စုသည် အနီးနားတစ်နေရာတွင် ပုန်းကွယ်ကာ စိတ်ဝိညာဉ်သတ္တုတွင်းမှ အခြေအနေကို စိုးရိမ်ပူပန်စွာနှင့် လေ့လာအကဲခတ်ကြည့်နေကြ၏။

နှစ်နာရီနီးပါးကြာမြင့်လာချိန်တွင် သတ္တုတွင်းထဲမှ လူတစ်ယောက်သည် လှမ်းထွက်လာ၏။

လမ့်ရိုနှင့် အခြားသူများလည်း အာရုံစိုက်ကြည့်လိုက်ကြ၏။ သူကား ဆူဇီမိုဖြစ်လေသည်။

ကြိုးကြာလေးသည် လမ့်ရို၊ ဖက်တီလေးနှင့် စိတ်ဝိညာဉ်ကျားတို့ကို ခေါ်ဆောင်ပြီး အလောတကြီး ပျံသန်းသွားလိုက်၏။ လေထဲမှာပင် ဖက်တီးလေးသည် အော်ဟစ်အားပေးလိုက်၏။

“ဘယ်လိုလဲနောင်ကြီး ခင်ဗျားအဆင်‌ပြေရဲ့လား”

ဦးစွာပထမ ဖက်တီးလေးသည် ခုန်ချဆင်းလိုက်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်၏။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

လမ့်ရို၏ အကြည့်က ဆူဇီမို၏ ညာလက်ပေါ် ကျရောက်သွားပြီး ညင်သာစွာမေးလိုက်၏။ “ရှင့်လက်က...”

“ဘာမှမဖြစ်ပါဘူး.. ဒဏ်ရာအသေးအဖွဲ့လေးပါ” ဤတွင် ဆူဇီမိုသည် အမှန်တရားကို ပြောပြစရာအကြောင်းမရှိပေ။

ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ အလင်းတန်းတစ်ခုသည် ရုတ်တရတ် သူတို့ရှိရာသို့ အပြင်းနှင်လာ၏။ ၎င်းသည် အလွန်တရာ မြန်ဆန်လှပြီး တစ်ခဏအတွင်းမှာပင် သူတို့ရှေ့မှောက်သို့ ရောက်ချလာ၏။

၎င်းသည် အလွန်တရာ ကြီးမားလှသော စိတ်ဝိညာဉ်ယာဉ်ပျံကြီးဖြစ်လေသည်။

တောင်ထွတ်တစ်ခု၏ ပုံသဏ္ဌာန်ကို စိတ်ဝိညာဉ်ယာဉ်ပျံ၏ ဘေးဘက်တွင် ခပ်နှိပ်ထား၏။

စိတ်ဝိညာဉ်ယာဉ်ပျံ၏ ကုန်းပတ်ပေါ်တွင် ရွှေအူတိုင်အဆင့်များက မတ်တပ်ရပ်နေကြ၏။ ဦးဆောင်လာသူငါးယောက်မှာ ဆန်းကြယ်တောင်ထွတ်၏ တောင်ထွတ်သခင်ငါးယောက်ပင် ဖြစ်လေသည်။

စိတ်ဝိညာဉ်ယာဉ်ပျံပေါ်က ခုန်ဆင်းလိုက်ကြပြီး တောင်ထွတ်သခင်ငါးယောက်သည် ဝန်းကျင်တစ်ခွင်ကို လေ့လာထောက်လှမ်းလိုက်၏။ နေရာအနှံ့လဲကျသေဆုံးနေကြသော အခြေတည်အဆင့် ကျင့်ကြံသူ သုံးဆယ်ကျော်ကို ရုပ်အလောင်းများကို ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုက ပေါ်ပေါက်လာ၏။

လမ့်ရို၏ သတင်းစကားက ဂိုဏ်း၏ ရွှေအူတိုင်အဆင့်များကိုပါ ဆွဲခေါ်လာစေလိမ့်မည်ဟု သူတို့ ထင်မထားကြပေ။

“နှုတ်ဆက်ပါတယ် တောင်ထွတ်သခင်တို့.. နှုတ်ဆက်ပါတယ် အကြီးအကဲတို့”

ဆူဇီမိုနှင့် အခြားသူများက ဦးညွှတ်လိုက်ကြ၏။

တောင်ထွတ်သခင်ငါးယောက်က ခေါင်းညိတ်လိုက်ကြပြီး တည်တံ့သောအမူအယာနှင့် ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းလိုက်ကြ၏။

ဖက်တီးလေးသည် ဖြစ်စဉ်တစ်ခုလုံးကို အစမှ အဆုံးထိတိုင် ပြန်ပြောင်းပြောပြလိုက်၏။

အဆုံးသတ်နားမှာတော့ ဖိုသီဖတ်သီအဖိုးအိုသည် ဆူဇီမိုကို အပြစ်တင်လိုဟန်နှင့် စူးစိုက်ကြည့်လိုက်၏။

“ကောင်းပြီလေ.. ငါတို့ဂိုဏ်းကို အရင်ပြန်ကြတာပေါ့”

ထိုအချိန်၌ ဝမ်ရွှမ်းသည် စိတ်ဝိညာဉ်သတ္တုတွင်းထဲမှ ထွက်လာပြီး လက်ကို ဝေ့ယမ်းကာ ဆူဇီမို၊ လမ့်ရို၊ ဖက်တီးလေးနှင့် သားရဲနှစ်ကောင်တို့ကို စိတ်ဝိညာဉ်ယာဉ်ပျံပေါ်သို့ ခေါ်ယူသွားလိုက်၏။

All Chapters