အခြေတည်မရီးဒျန်များ ဖွင့်လှစ်ခြင်း
Vol. 10 Ch. 150
အခန်း ၁၅၀ - အခြေတည်မရီးဒျန်များ ဖွင့်လှစ်ခြင်း
ဆန်းကြယ်တောင်ထွတ်ရှိ.. ဆန်းကြယ်နန်းတော်တွင်..
တောင်ထွတ်သခင်ငါးယောက်သည် ဆူဇီမို၊ လမ့်ရိုနှင့် ဖက်တီးလေးတို့ကို ခေါ်လာခဲ့ပြီး လင်းဖုန်းမြို့တွင် ဖြစ်ပျက်ခဲ့သည်များကို ဂိုဏ်းချုပ်အား ပြန်လည်ပြောပြလိုက်ကြ၏။
ထို့နောက် ဆူဇီမို၊ လမ့်ရိုနှင့် ဖက်တီးလေးတို့သည် ထွက်ခွာသွားကြ၏။
ဂိုဏ်းချုပ်လင်းယွမ်က သူ့မျက်လုံးများကို မှိတ်၍ အလေးအနက်တွေးလိုက်ပြီနောက် မေးလိုက်၏။
“မင်းတို့ရော အဲ့ဒါကို ဘယ်လိုထင်လဲ”
ဝမ်ရွှမ်းက ပြောလိုက်၏။
“ဒီလိုရက်စက်ယုတ်မာတဲ့နည်းလမ်းမျိုးသုံးတာက.. ဒါက မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ချက်ပဲဖြစ်ရမယ်.. ဂိုဏ်းချုပ် ကျုပ်တို့ ပေါ့ဆလို့တော့ မရတော့ဘူး”
အခြားသောတောင်ထွတ်သခင်လေးယောက်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
“အမိန့်ထုတ်ပြန်လိုက်.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲမတိုင်ခင်အထိ တပည့်တွေအားလုံး တတ်နိုင်သမျှ အပြင်ကို မထွက်ကြစေနဲ့.. မဖြစ်မနေ သွားရမယ်ဆိုရင်တောင် အထွတ်အထိပ်အခြေတည်အဆင့်နဲ့ အဲ့ထက်မြင့်တဲ့အဆင့်တပည့်တွေကို အတူခေါ်သွားရမယ်.. အုပ်စုဖွဲ့သွားရမှာဖြစ်ပြီးတော့ အနည်းဆုံး အယောက်နှစ်ဆယ်ပါရမယ်”
လင်းယွမ်က ဆက်ပြောလိုက်၏။
“လူယန်ရုံနဲ့ ကွမ်ကျင်းတို့ရဲ့ စျာပနကို စီစဉ်ပေးလိုက်ပါ.. လမ့်ရိုနဲ့ ဖက်တီးလေးတို့ကိုလဲ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဆေးလုံးတွေ ဆုပေးလိုက်.. ဆူဇီမိုကိုတော့....”
ဖိုသီဖတ်သီအဖိုးအိုက အလောတကြီး ဝင်ပြောလိုက်၏။
“ဂိုဏ်းချုပ်.. အဲ့ကောင်လေးကြောင့်သာ မဟုတ်ရင်.. လမ့်ရိုနဲ့ဖက်တီးလေးတို့ကို မပြောနဲ့ ကြိုးကြာလေးတောင်မှ အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ပါဘူး.. ကျုပ်တို့အဲ့ကိုရောက်သွားတဲ့အချိန် တိုက်ပွဲရဲ့အကျိုးဆက်က အတော်ကို ပြင်းထန်ကြမ်းတမ်းတာ တွေ့ခဲ့ရတယ်.. အခြေတည်အဆင့် အယောက်သုံးဆယ်ကျော်က အဲ့ကောင်လေးရဲ့လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတယ်”
“သူ့ကို ဆန်းကြယ်အခြေတည်ဆောက်ခြင်းကို သင်ပေးလိုက်” လင်းယွမ်က ပြန်ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ဖိုသီဖတ်သီအဖိုးအို၏ မျက်လုံးများက ဝင်းလက်သွားပြီး ရွှင်ပျသွား၏။ သူသည် အလျှင်အမြန်ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
“အဲ့ဒါက အကောင်းဆုံးပါပဲ.. ဆူဇီမိုကိုယ်စား ဂိုဏ်းချုပ်ကို ကျုပ်က ကျေးဇူးတင်ပါတယ်”
ဆန်းကြယ်အခြေတည်ဆောက်ခြင်းသည် ဂိုဏ်း၏ အဓိကလျှို့ဝှက်ပညာရပ်သုံးခုထဲမှတစ်ခုဖြစ်၏။
ချီစုဖွဲ့မှုအဆင့်တွင် ကျင့်ကြံခြင်းနည်းစနစ်များ၏ စံနှုန်းထားများက သိပ်မမြင့်လှပေ။ မည်သည့်နည်းစနစ်ကမဆို ချီပင်လယ်ကို ပျိုးထောင်နိုင်၏။ စိတ်ဝိညာဉ်ရင်းမြစ်က အတန်အသင့် ကောင်းမွန်ရုံမျှနှင့် အခြေတည်အဆင့်ကို တက်လှမ်းနိုင်စွမ်း ရှိလေသည်။
သို့သော်လည်း အခြေတည်အဆင့်သို့ ရောက်လာသောအခါ နည်းစနစ်များ၏ စံနှုန်းထားလိုအပ်ချက်များက ပို၍ မြင့်မားလာ၏။
အခြေတည်အဆင့်များကို လေးဆင့်ခွဲခြားထား၏။ ၎င်းတို့မှာ - အစောပိုင်း၊ အလယ်အလတ်၊ နောက်ပိုင်းနှင့် ပကတိ အဆင့်တို့ ဖြစ်လေသည်။
ပကတိအခြေတည်အဆင့်သို့ရောက်လျှင် ထိုအဆင့်၌ မရီးဒျန်ဖွင့်လှစ်ခြင်းဟူသော နည်းလမ်းတစ်မျိုး ရှိလေသည်။
မရီးဒျန်ဖွင့်လှစ်ခြင်းဆိုသည်မှာ မရီးဒျန်ရှစ်ခု၏ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းမှုလမ်းကြောင်းများကို ဖွင့်ပေးခြင်းပင် ဖြစ်လေသည်။
မရီးဒျန်တစ်ခု ပွင့်သွားတာနှင့် ထိုကျင့်ကြံသူ၏ ခွန်အားကလည်း သိသာစွာ မြင့်တက်လာပေလိမ့်မည်။
ပကတိအခြေတည်အဆင့်ခြင်းတူလျှင်တောင် မရီးဒျန်တစ်ခုသာ ဖွင့်ထားသူနှင့် ရှစ်ခုစလုံးဖွင့်ထားသူ၏ ခွန်အားချင်းသည် မိုးနှင့်မြေလို ကွာခြားလေသည်။
သာမန်အားဖြင့်တော့ လူတစ်ယောက်သည် မရီးဒျန်လေးခုထိ ဖွင့်လှစ်နိုင်ခဲ့လျှင် ထိုသူသည် ရွှေအူတိုင်ကို ဖွဲ့တည်နိုင်ဖို့ အခွင့်များလေသည်။
မရီးဒျန်ငါးခုကို ဖွင့်လှစ်နိုင်လျှင်တော့ အခွင့်က ပိုများလာပေလိမ့်မည်။
လူတစ်ယောက်သည် မရီးဒျန်ရှစ်ခုစလုံးကို ဖွင့်လှစ်နိုင်ခဲ့လျှင်တော့ ထိုသူသည် ရွှေအူတိုင်ကို ကျိန်းသေပေါက် ဖွဲ့တည်နိုင်ပေလိမ့်မည်။
၎င်းသည် ပြောရသည်မှာ လွယ်သော်လည်း လက်တွေ့ကျင့်ကြံဖို့က အလွန်တရာ ခက်ခဲလေသည်။
များစွာသော အခြေတည်အဆင့်များသည် သူတို့ဘဝတစ်လျှောက်လုံး မရီးဒျန်လေးခုကိုပင် ရအောင် မဖွင့်နိုင်ခဲ့ကြပေ။ အဆုံးသတ်မှာတော့ သူတို့သည် အူတိုင်အစီအရင်ကို အတင်းအကျပ်ဖွဲ့တည်ခဲ့ရ၏။ များစွာသောသူများသည် ထိုဖြစ်စဉ်တွင် ကျရှုံးသွားကြကာ အသက်ဆုံးခဲ့ကြရလေသည်။
သို့သော် တစ်ယောက်ယောက်သည် ထိပ်တန်းအဆင့်အခြေတည်ဆောက်ခြင်း နည်းစနစ်တစ်ခုကိုသာ လေ့ကျင့်နိုင်လျှင် သူ၏ မရီးဒျန်ဖွင့်လှစ်နိုင်မည့်အခွင့်အရေးက များစွာပိုတိုးလာပေလိမ့်မည်။
ဆန်းကြယ်အခြေတည်ဆောက်ခြင်းသည် ထိုကဲ့သို့သော ထိပ်တန်းအခြေတည်ဆောက်ခြင်း နည်းစနစ်တစ်ခု ဖြစ်လေသည်။ ထိုလျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံလေ့ကျင့်ထားသောမည်သူမဆို ပကတိအခြေတည်အဆင့်သို့ ရောက်သည်နှင့် အနည်းဆုံး မရီးဒျန်လေးခုက ပွင့်သွားပေလိမ့်မည်။
တစ်ကယ်တမ်းပြောရလျှင် မဟာကျိုးအင်ပါယာ၏ သမိုင်း၌ မရီးဒျန်ရှစ်ခုစလုံးကို ဖွင့်လှစ်နိုင်ခဲ့သော အခြေတည်ကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးလေသည်။
ထိုသူမှာ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ဆန်းကြယ်တောင်ထွတ်မှ ပေါ်ထွက်လာခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူ မွန်းစတားတစ်ကောင်ဖြစ်လေသည်။
တစ်ကယ်တော့ မရီးဒျန်ရှစ်ခုစလုံးကို ဖွင့်လှစ်နိုင်ဖို့မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။
ပုံမှန်အားဖြင့်တွက်ရလျှင် မရီးဒျန်လေးခုပွင့်ရုံနှင့် ရွှေအူတိုင်အဆင့်သို့ တက်လှမ်းနိုင်ဖို့ အခွင့်များသောကြောင့် မည်သူကမျှ မရီးဒျန်ရှစ်ခုစလုံး ဖွင့်နိုင်အောင် တမင်သက်သက် အပင်ပန်းခံကြိုးစားကြမှာ မဟုတ်ဟု ထင်စရာရှိလေသည်။
သို့သော်လည်း မရီးဒျန်များကို ပို၍ များများဖွင့်နိုင်လေ.. ထိုသူ၏ ခွန်အားက တိုးပွားလာရုံသာမက ဖွဲ့တည်မည့်ရွှေအူတိုင်၏ အရည်အသွေးကလည်း ပိုကောင်းလာပေလိမ့်မည်။
ထို့ကြောင့် အချို့သော အတွင်းစည်းတပည့်များသည် အသက်လေးဆယ်ကျော်လာသည့်တိုင် သူတို့သည် ပကတိအခြေတည်အဆင့်မှာသာ ရှိနေကြသေး၏။ သူတို့သည် အူတိုင်ကို မဖွဲ့တည်ခင် သူတို့၏ မရီးဒျန်များကို တတ်နိုင်သမျှ များများဖွင့်လှစ်လိုကြလေသည်။
သို့သော်လည်း အခြေတည်အဆင့်ကျင့်ကြံသူများ၏ သက်တမ်းသည် နှစ်တစ်ရာထက် အနည်းငယ်သာ ကျော်နိုင်ကြလေသည်။
သူတို့သည် အသက်ငါးဆယ်ကျော်လာတာနှင့် သူတို့၏ စွမ်းအင်၊ ချီနှင့် စိတ်ဝိညာဉ်စွမ်းအင်များသည် အကျဘက်သို့ ရောက်လာပေလိမ့်မည်။ ထိုအချိန်မှာသာ သူတို့၏ မရီးဒျန်များကို မဖွင့်လှစ်နိုင်သေးလျှင် နောက်လည်း ဖွင့်နိုင်ဖို့ မလွယ်ကူတော့ပေ။
ထို့ကြောင့် လူအများစုသည် ပကတိအခြေတည်အဆင့်နှင့် အသက်ငါးဆယ်လောက်အထိသာ အများဆုံးနေထိုင်ကြလေသည်။ အသက်ငါးဆယ်ကျော်သည်နှင့် သူတို့သည် မရီးဒျန်မည်မျှပဲ ဖွင့်ရသေးသည် ဖြစ်ပါစေ.. အူတိုင်ကို ဖွဲ့တည်နိုင်ဖို့ ကြိုးစားကြပေလိမ့်မည်။
မယုံနိုင်ဖွယ် အံ့သြဖို့ကောင်းသည်မှာ ဆန်းကြယ်အခြေတည်ဆောက်ခြင်းနည်းစနစ်သည် ကျင့်ကြံသူတစ်ယောက်ကို အနည်းဆုံး မရီးဒျန်လေးခုဖွင့်လှစ်နိုင်ဖို့ အာမခံပေးနိုင်လေသည်။ ဆိုလိုသည်မှာ ထိုသူသည် ရွှေအူတိုင် ဖွဲ့တည်ခြင်းကို မစခင်ကတည်းက တစ်ဝက်သေချာနေပြီဖြစ်လေသည်။
ထို့အပြင် ထိုနည်းစနစ်နှင့်ဆိုပါက ပါရမီအလားအလာကောင်းသူများသည် မရီးဒျန်များကို ပုံမှန်ထက် ပို၍ ဖွင့်လှစ်နိုင်လိမ့်ဦးမည် ဖြစ်လေသည်။
ဘာပဲပြောပြော.. ဆန်းကြယ်တောင်ထွတ်သည် တစ်ခါက မရီးဒျန်ရှစ်ခုစလုံး ဖွင့်လှစ်နိုင်ခဲ့သော ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ထိုသူသည် ထျန်ဟွမ်ပြည်မကြီး၏ မြောက်ပိုင်းတစ်ခွင်တွင် အခြေတည်အဆင့်ကျင့်ကြံသူများအကြား၌ ပြိုင်ဘက်ကင်းခဲ့လေသည်။
တောင်ထွတ်သခင်ငါးယောက်က ပြန်တော့မလို့ လုပ်နေစဉ်မှာပင် ဂိုဏ်းချုပ်လင်းယွမ်က ထပ်ပြောလိုက်၏။
“ဒါနဲ့.. ဒီဖြစ်စဉ်ကို ဘယ်သူ့မှ ထပ်မသိစေနဲ့တော့”
ခဏမျှ ကြောင်အသွားပြီးနောက် တောင်ထွတ်သခင်ငါးယောက်သည် သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်ကြ၏။
တောင်ထွတ်သခင်ငါးယောက် ထွက်သွားပြီးနောက် အနီရောင်ဆံပင်နှင့် လှပသော အမျိုးသမီးတစ်ယောက်သည် နန်းတော်ထဲ၌ ပေါ်လာ၏။
လင်းယွမ်သည် မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်ဂါဝရပြုကာ သုန်မှုန်စွာဖြင့် မေးလိုက်၏။
“စီနီယာ.. ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးနဲ့အဆီအနှစ်ကို ဝါးမျိုဆုပ်ယူနိုင်တဲ့ မိစ္ဆာနည်းစနစ်တစ်ခုခုကိုများ မကြားဖူးဘူးလား”
အနီရောင်ဆံပင်နှင့် လှပသည့် အမျိုးသမီးက ခေါင်းခါပြလိုက်၏။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောလိုက်၏။
“အဲ့ဒါက မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းကများ ဖြစ်နေမလား.. အဲ့လူက အဲ့ဂိုဏ်းတွေထဲကဆိုရင်တော့ ဆန်းကြယ်တောင်ထွတ်က အခက်တွေ့ပြီပဲ.. ကျုပ်တို့သာ သေချာမကိုင်တွယ်နိုင်ရင် ဂိုဏ်းက ဖျက်ဆီးခံရတော့မှာပဲ”
“သူက မိစ္ဆာဂိုဏ်းက မဖြစ်နိုင်ပါဘူး”
အနီရောင်ဆံပင်နှင့်အမျိုးသမီးက တိကျသေချာသော လေသံဖြင့် ခေါင်းခါလိုက်၏။
လင်းယွမ်၏ အမူအယာက ပျော့ပျောင်းသွား၏။ သူသည် စိတ်သက်သာစွာ သက်ပြင်းချလိုက်ရုံရှိသေးသည်၊ အနီရောင်ဆံပင်နှင့်အမျိုးသမီးက ဆက်ပြောလိုက်၏။
“ဒါပေမယ့်လဲ အဲ့လူရဲ့ ကျောထောက်နောက်ခံက မိစ္ဆာဂိုဏ်းခုနှစ်ဂိုဏ်းထက် အောက်ကျမှာ မဟုတ်ဘူး.. ပိုသာရင်သာဖို့ပဲရှိမယ်”
“အဲ့ဒါက.. သူတို့များ..”
သူသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး လင်းယွမ်၏ သူငယ်အိမ်က တင်းကျပ်သွားကာ ရှေ့ဆက်မပြောနိုင်တော့ပေ။
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ခေါင်းညိတ်လိုက်၏။
“ဆိုးယုတ်အော်ရာနဲ့ အစိမ်းရောင်မျက်လုံး.. သူက ထျန်ဟွမ်ပြည်မကြီးရဲ့ တားမြစ်နယ်မြေကနေ ထွက်လာတာ ဖြစ်နိုင်တယ်”
“အား”
လင်းယွမ်သည် လေအေးများကို ရှိုက်သွင်းလိုက်ပြီး တုန်လှုပ်ချောက်ချားသွား၏။ အတန်ငယ်ကြာသွားပြီးနောက် သူက မေးလိုက်၏။
“ကန့်သတ်နယ်မြေက သက်ရှိတွေက ဘာ့ကြောင့် ထွက်လာရတာလဲ”
“အဲ့ဒါတော့ ငါလဲ မပြောတတ်ဘူး”
အနီရောင်ဆံပင်နှင့် အမျိုးသမီးက သက်ပြင်းချလိုက်၏။
“ထျန်ဟွမ်ပြည်မကြီးဆီကို မုန်တိုင်းတစ်ခုကတော့ စဝင်လာနေပြီ”
“စီနီယာ ခင်ဗျားရဲ့ သက်တမ်းက...” လင်းယွမ်က အလွန်တရာ စိုးရိမ်သွားပြီး မနေနိုင်ဘဲ မေးလိုက်၏။
“ငါသိပ်ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး.. အများဆုံး နှစ်တစ်ရာကျော်ပေါ့”
အနီရောင်ဆံပင်နှင့် အမျိုးသမီးက ဆက်ပြောလိုက်၏။
“ဒီနှစ်တွေထဲမှာ အခြားဂိုဏ်းကြီးလေးဂိုဏ်းက ဆန်းကြယ်ဂိုဏ်းကို အပိုင်စီးဖို့ တစ်ချိန်လုံး ကြံစည်နေကြတာ.. တစ်ချို့လောဘတက်တဲ့ ဂိုဏ်းငယ်လေးတွေတောင် ဝင်ပါလာကြလိမ့်မယ်.. ငါသေတာနဲ့ ဆန်းကြယ်ဂိုဏ်းကလဲ သေရေးရှင်ရေးအခြေအနေကို ရောက်သွားလိမ့်မယ်.. ဒီနှစ်တစ်ရာအတွင်းမှာ ဘယ်သူကမှ မူလနတ္ထိအဆင့်ကို တက်လှမ်းပြီး တာအိုသက်ရှိတစ်ယောက် ဖြစ်မလာခဲ့ဘူးဆိုရင်တော့.. ဆန်းကြယ်တောင်ထွတ်ကလဲ အဆုံးသတ်သွားရတော့မယ်”
“စီနီယာ!”
လင်းယွမ်သည် လိပ်ပြာမလုံသလို ခံစားချက်နှင့် ရုတ်တရတ် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။ သူသည် ဝမ်းနည်းပူဆွေးနေသော အမူအယာဖြင့် အနီရောင်ဆံပင်နှင့် အမျိုးသမီးကို မော့ကြည့်လိုက်၏။
စီနီယာကြိုးကြာသည် ဆန်းကြယ်ဂိုဏ်းကို တည်ထောင်သူဂိုဏ်းချုပ်ဟောင်း၏ စိတ်ဝိညာဉ်သားရဲဖြစ်ပြီး ဂိုဏ်းကို စောင့်ရှောက်လာခဲ့သည်မှာ နှစ်ထောင်ချီနေပေပြီ။ သူ့ခွန်အားသည် တာအိုသက်ရှိတစ်ယောက်နှင့် ညီမျှပြီး ဂိုဏ်းထဲရှိ တစ်ဦးတည်းသော မူလနတ္ထိအဆင့်ပညာရှင်ဖြစ်လေသည်။
ဤနှစ်များအတွင်း စီနီယာကြိုးကြာ၏ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ဆန်းကြယ်တောင်ထွတ်ကား အကြိမ်များစွာ ဖျက်ဆီးခံနေရလောက်ပြီးပေပြီ။
“အဲ့လိုဖြစ်စရာမလိုပါဘူး.. အဲ့ဒီမှာ မူလနတ္ထိအဆင့်ကို မတက်လှမ်းနိုင်တဲ့ နိုးထဝိညာဉ်အဆင့်တွေ ထောင်နဲ့ချီရှိတယ်.. စွမ်းအားကြီးတဲ့ စိတ်စွမ်းအားကျင့်ကြံခြင်းနည်းစနစ်တစ်ခုခုသာ မကျင့်ကြံနိုင်ရင် မူလနတ္ထိအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ တစ်ကယ်မလွယ်ဘူး.. အဲ့ဒါက မင်းအပြစ်မှ မဟုတ်တာပဲ”
အနီရောင်ဆံပင်နှင့်အမျိုးသမီးက သူ့ကို ဆွဲထူမပေးလိုက်ပြီး ပြောလိုက်၏။
“မပူပါနဲ့.. ငါ့ရဲ့နောက်ဆုံးအချိန်အထိ ဆန်းကြယ်တောင်ထွတ်ကို ငါကာကွယ်သွားမှာပါ.. ငါ့ကို ယုံကြည်စွာ လွှဲအပ်သွားတဲ့သူ့ကို စိတ်မပျက်စေရဘူး”
လင်းယွမ်က သက်ပြင်းချလိုက်၏။
“တစ်ကယ်တော့.. အခုနောက်ဆုံးနှစ်မှာ ဝင်လာတဲ့တပည့်တွေက အတော်လေးကို ပါရမီအလားအလာကောင်းကြတယ်.. ဖုန်ဟောက်ယွီ၊ လမ့်ရို၊ ဆူဇီမို၊ ဖက်တီးလေး.. သူတို့ရဲ့ အလားအလာက အကန့်အသတ်မဲ့ပဲ.. ဘယ်လောက်သနားဖို့ကောင်းတဲ့....”
လင်းယွမ်က ဆက်မပြောနိုင်တော့ပေ။
နှစ်တစ်ရာကျော်အချိန်လေးအတွင်း သူတို့ထဲက မည်သူမျှ မူလနတ္ထိအဆင့်ကို ရောက်နိုင်ကြမှာ မဟုတ်ပေ။ ဆန်းကြယ်ဂိုဏ်း၏ ဖျက်ဆီးခံရတော့မည့် ကံကြမ္မာဆိုးကို ပြန်ပြောင်းတွန်းလှန်နိုင်မည့်သူက ပေါ်ထွက်မလာနိုင်တော့သည်မှာ သနားစရာပင် ဖြစ်လေသည်။