← Chapters

သူရဲကောင်းတစ်ယောက်

Vol. 24 Ch. 351

သူရဲကောင်းတစ်ယောက်

Vol. 24 Ch. 351

ငါးမန်းများ နီးသထက် နီးလာသည်နှင့်အမျှ လူတိုင်း၏ နှလုံးခုန်နှုန်းက မြန်ဆန်လာလေသည်။ သူတို့၏ မျက်လုံးတွင် မျက်ရည်များ ပြည့်နေပြီး အော်ငိုချင်စိတ်ကို အောင့်အီးထားရသည်။ တစ်ချို့ဆိုလျင် အသက်ရှူရန်ပင် မေ့လျော့နေ၏။

ဆူးတောင် ရှစ်ခုသည် သေမင်းတမန်၏ တံစဉ်းနှင့် တူနေသည်ဟု ထင်မှတ်နေရပြီး ပင်လယ် ရေမျက်နှာပြင်ကို ဖြတ်၍ သူတို့နားသို့ ချဉ်းကပ်လာသည်။

ထိုစဉ် ရဲ့လင်းချန်က သူ၏ လှော်တက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ၎င်းက ရေမျက်နှာပြင်ကို ခွဲသွားပြီး အသံပင် မထွက်ဘဲ အရှေ့သို့ လျင်မြန်သို့ အရှိန်ဖြင့် ရောက်ရှိသွားသည်။

သူသည် အလွန်အမင်း လျင်မြန်လှသည်။ လူတိုင်း သတိထားမိသည့်အချိန်တွင် သူက မီတာာတစ်ရာကျော်မျှ အဝေးသို့ ရောက်နေပြီဖြစ်ကာ ဆက်၍ လှော်ခက်နေဆဲ ဖြစ်သည်။

လူအများ၏ မျက်လုံးအိမ်များ ချက်ချင်း ကျဉ်းမြောင်းလာပြီး မျက်နှာများ ပြာနှမ်းကုန်သည်။

*သူ … ထွက်ပြေးသွားတာလား*

*ဒ…ဒ…ဒါက*

သူတို့အားလုံး မယုံနိုင်ဖြစ်ရာမှ ဒေါသထွက်ခြင်း၊ ကြံရာမရဖြစ်ခြင်းတို့ ဖြစ်နေပြီးနောက် နောက်ဆုံးတွင် အားလုံး လက်လျှော့လိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် ရဲ့လင်းချန်အား သံကုန်အော်၍ ဆဲဆိုနေလေသည်။

သူတို့ထဲတွင် ရဲ့လင်းချန်သည် လှေအလှော်တက်ဆုံး ဖြစ်ပြီး သူကိုယ်တိုင် ထွက်ပြေးနိုင်စွမ်း ရှိသည်။ သူက သူတို့ကို တကယ် စွန့်ပစ်ပြီး ထိုသို့ အဝေးသို့ လှေလှော်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

[လခွမ်း မယုံနိုင်စရာပဲ၊ ဝိုင်က အဲ့လိုလူစားမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ အန္တရာယ်နဲ့ ရင်ဆိုင်လာရရင် လူတိုင်းက သူတို့အတွက်ပဲ အရေးစိုက်ကြတာပဲ]

[မြေယိုး၊ ဒီလိုမျိုး ပြေးရတယ်လို့ ငကြောက်ပဲ၊ အမှိုက်ကောင်၊ ဆန်ကုန်မြေလေး]

[ဟဲဟဲ၊ ဒီတစ်လျှောက်လုံး ဟန်ဆောင်နေခဲ့တာပဲ၊ လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်က အခုလိုအချိန်မှာ ပေါ်လာ တာပဲ]

[ပွင့်ပွင့်လင်းလင်း ပြောရရင် ဝိုင်က သူ အတတ်နိုင်ဆုံး လုပ်ခဲ့ပြီးပြီလေ၊ စစချင်းကတည်းက သူ အားလုံးကို သတိပေးခဲ့တာ၊ ပြီးတော့ နောက်ဆုံးအချိန်ကျမှ သူ အဝေးကို ထွက်ပြေးသွားတာ၊ သူ လုပ်နိုင်တာ ဘာမှမရှိဘူး]

[ဟုတ်တယ်၊ မင်းတို့က သူ့ကို ငါးမန်းတွေနဲ့ တိုက်ခိုက်ဖို့ မျှော်လင့်နေတာလား၊ ဒါ သေကြောင်းကြံတာပဲ]၏

[ငါလည်း တော်တော် စိတ်ပျက်မိပင်မယ့်လည်း အဲ့ဒီ “စိတ်သဘောထား ဖြူစင်တယ်” ဆိုတဲ့သူတွေ ပါးစပ် ပိတ်ထားလို့ ရမလား၊ လူတိုင်းမှာ အသက်ရှင်ဖို့ ကြိုးစားပိုင်ခွင့် ရှိတယ်]

…

“ဝိုင် ရှင် …”

ချန်ရှောင်ယန်သည် ရဲ့လင်းချန်အား မျက်ရည်များ ပြည့်နေသော မျက်ဝန်းတို့ဖြင့် မယုံနိုင်စွာ ကြည့်နေသည်။ သူမသည်လည်း ရဲ့လင်းချန်၏ အပေါင်းအဖော်များကို စွန့်ပစ်လိုက်သည့် ရွေးချယ်မှုကြောင့် ထိတ်လန့်နေလေသည်။

“ဘယ်လိုလဲ၊ မင်း စိတ်ပျက်သွားတာလား”

ရဲ့လင်းချန်က အတော်လေး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

ချန်ရှောင်ယန်က စိတ်အေးသလို သက်ပြင်းချလိုက်ပြီးနောက် ရဲ့လင်းချန်အား ခံစားချက်အပြည့်ဖြင့် ပြောလေသည်။

“ဝိုင် ရှင် ဒါကို ကျွန်မအတွက် လုပ်တာမလား”

“ဟမ်”

ရဲ့လင်းချန်သည် သူမ၏ တွေးခေါ်ပုံကို လိုက်မမီနိုင် ဖြစ်နေ၏။

“ကျွန်မ အသက်ရှင်နိုင်ဖို့အတွက် ရှင် သူတို့ကို စွန့်ပစ်လိုက်တာမလား၊ ကျွန်မအတွက်နဲ့ ရှင့်အပေါင်းအဖော်တွေကို သစ္စာဖောက်တဲ့ အပြစ်ကို လိုလိုလားလားနဲ့ ခံယူလိုက်တာမလား”

ချန်ရှောင်ယန်က ရဲ့လင်းချန်ကို စေ့စေ့ကြည့်နေလေသည်။

“ကျွန်မကို ကယ်ဖို့အတွက်နဲ့ ရှင့်ဂုဏ်သိက္ခာကို စတေးဖို့ မလိုပါဘူး၊ အဲ့လိုဆို ကျွန်မ ပျော်နိုင်မှာ မဟုတ်ဘူး၊ ကျွန်မ ရှင်နဲ့အတူတူ အသေခံနိုင်ပါတယ်”

“ကျွန်မကို ကယ်ပြီးရင် သူတို့ အသက်ဆုံးရှုံးလိုက်ရလို့ ရှင့်ကိုယ်ရှင် သတ်သေပြီး ပေးဆပ်မှာလား၊ အဲ့ဒါမှ အသည်းအသန် ပြောဆိုနေတာတွေ တည်ငြိမ်သွားအောင်လို့လေ”

ချန်ရှောင်ယန်က သူမ အထင်အမြင်ကို မြင်ယောင်ကာ မျက်ရည်များ ကျလာသည်။

“ရှင် သေသွားရင် ကျွန်မ ဆက်အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

ရဲ့လင်းချန်က အောင့်သက်သက်ဖြင့် ရယ်မော၍ ခေါင်းခါလေသည်။

“အဟမ်း အဟမ်း၊ မင်းရဲ့ တွေးခေါ်ပုံနဲ့ ဘာလို့ အဆိုတော်တစ်ယောက် ဖြစ်နေသေးတာလဲ၊ မင်း အချစ်ဝတ္ထု ရေးတဲ့ စာရေးဆရာ ဖြစ်သင့်တာ”

သူသည် လှော်တက်ဖြင့် လှော်ခက်နေရင်းဖြင့် ပင်လယ် ရေမျက်နှာပြင်မှ တစ်စုံတစ်ရာကို လိုက်ကြည့်နေသည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ရေ မျက်နှာပြင်နှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသလို ခံစားရသည်။ ကူးခပ်နေသော ငါးမန်းများက ရုတ်တရက် ငြိမ်သွားသည်။ ထို့နောက် သူတို့က ငါးများကို လျစ်လျူရှုပြီး ကယပ်လှေများကို သေချာ ကြည့်လာကာ တဖြည်းဖြည်းနှင့် အလယ်မှ ကျန်လူများ၏ ကယပ်လှေများကို ဝိုင်းလာကြသည်။

[ချီးပဲ သူတို့ အဲ့လောက် ကံမဆိုးနိုင်လောက်ပါဘူး ဟုတ်တယ်မလား]

[ကယပ်လှေတွေ အတူတူ စုနေတာက ငါးမန်းတွေကို အာရုံစိုက်မိသွားစေတာပဲ]

[မဖြစ်ဘူး၊ ဒါက အဆုံးသတ်ပဲ၊ မျှော်လင့်ချက်မရှိတဲ့ အခြေအနေပဲ၊ သူတို့ ဘယ်လိုလုပ် ပင်လယ်ထဲက ထွက်ပြေး နိုင်မှာလဲ]

[ထူးခြားဆန်းကြယ်မှုက ဘယ်မှာလဲ၊ ပေါ်လာမှာလား၊ စူပါမန်းဝိုင် ပေါ်လာမှာလား]

[အပေါ်ကလူ မရူးစမ်းပါနဲ့၊ စူပါမန်းဝိုင်က အရာရာ စွမ်းတယ်လို့ ထင်နေတာလား၊ ဒါက ပင်လယ်ကွ၊ ပြီးတော့ ငါးမန်းတွေနဲ့ ရင်ဆိုင်ရမှာ]

…

“ဟင့် ဟင့် ဟင့် …”

ရှောင်မိုက ကြောက်လန့်နေသော ကြောင်ပေါက်လေးသဖွယ် ငိုယိုနေသည်။ သူမက ဘောလုံးကဲ့သို့ ကိုယ်ကို ကိုင်းညွှတ်နေပြီး မျက်ရည်များဖြင့် တစ်ကိုယ်တည်း ရေရွတ်လေသည်။

“ငါတို့ကို ဘယ်သူ ကယ်နိုင်မှာလဲ”

ရိုက်ကူးရေးအဖွဲ့မှ လူများသည်လည်း ဆောက်တည်ရာမရ ငိုကြွေးနေကြသည်။ ငါးမန်း ရှစ်ကောင်က ထွက်သွားမည့် အရိပ်အယောင် မပြသဖြင့် သူတို့ ပြေးမလွတ်သော အခြေအနေထဲသို့ ကျရောက်နေ၏။

ထိုအခိုက်တွင် သူတို့သည် ရဲ့လင်းချန်၏ စွန့်ပစ်မှုကို အပြစ်တင်လိုစိတ် မရှိတော့ဘဲ ကြောက်စိတ်သာ ကျန်ရစ် လေသည်။

“ဟင့်ဟင့်ဟင့် ငါ သေနိုင်လောက်မယ့် နည်းလမ်းတွေ အများကြီးကို ငါ တွေးမိပင်မယ့် ငါ့ကိုယ်ငါ ငါးမန်း သတ်လို့ သေရလိမ့်မယ်လို့ တစ်ခါမှ ထင်မထားမိဘူး၊ အဟင့်ဟင့်ဟင့် …”

အာနယ်လ်က ငိုကြွေးလျက် ညည်းညူလေသည်။

ရုတ်ရုတ်သဲသဲဖြစ်ခြင်းက ငါးမန်းများ၏ အာရုံကို ဆွဲဆောင်သွားမိပုံ ရသည်။ ငါးမန်းနှစ်ကောင်က မသိမသာ လမ်းကြောင်း ပြောင်းလာပြီး သူတို့ထံ ဦးတည်လာသည်။

တည်ငြိမ်သော ပင်လယ်ရေမျက်နှာပြင်အောက်၌ သူတို့သည် ငါးမန်း၏ အသွင်အပြင်ကို မြင်နေရသည်။ ၎င်းသည် ကယပ်လှေထက် နှစ်ဆကြီးသော အရိပ်ကြီးတစ်ခုပင်။

သူတို့ ကြောက်လန့်၍ ကူကယ်ရာမဲ့နေလေသည်။

အာနယ်လ်သည် ကြောက်စိတ်ကြောင့် တော့်တင်းနေသည်။ ထိုအခိုက်တွင် သူမသည် သူမကို ကယ်တင်ရန် မင်းသားလေး တစ်ပါး ပေါ်လာပါစေဟု မျှော်လင့်နေမိသည်။ သို့သော် ယင်းက အိပ်မက်တစ်ခုသာ။

သူမ ရဲ့လင်းချန်၏ အစွမ်းအစရှိသော ပုံရိပ်ကို ပြန်တွေးမိသွားသည်။ သို့သော် ထို့နောက်တွင် သူမစိတ်ထဲ၌ ခါးသက်သော ခံစားချက် ဖြစ်ပေါ်လာသည်။ ဤသို့သော အချိန်မျိုး၌ သူမက ဘယ်လိုလုပ် စိတ်ကူးယဉ်နိုင် နေသေးသနည်း။ လက်တွေ့သည် ပုံပြင်များနှင့်မတူဘဲ ရက်စက်လှပေသည်။

“ဒုန်း”

ငါးမန်းတစ်ကောင်က ကယပ်လှေကို ဝင်တိုက်သဖြင့် ပင်လယ်ထက်တွင် ခါယမ်းသွားရသည်။

“အားးး”

အာနယ်လ်နှင့် ရှောင်မိုတို့ ပြိုင်တူ အော်ဟစ်မိသွားသည်။ သူတို့ ဆက်၍ တောင့်မတားနိုင်တော့ဘဲ ဆောက်တည်ရာမရ ကုန်းအော်တော့သည်။

သူတို့၏ တုံ့ပြန်မှုက ငါးမန်းများ၏ မုဆိုးသဘာဝကို ပို၍ အစပျိုးပေးလိုက်သလို ဖြစ်သွားသည်။ ငါးမန်း ရှစ်ကောင်လုံးကို သူတို့၏ ပါးစပ်များကို ဖြဲကာ ပို၍ အားအင်တက်ကြွစွာဖြင့် ကူးခပ်လာပြီး ကယပ်လှေကို ကိုက်ရန် အသင့် ဖြစ်နေသည်။

လူတိုင်း လှုပ်ရှားမှုများ ရပ်တန့်ကုန်သည်။ သူတို့သည် ကယပ်လှေပေါ်၌ ထိုင်နေပြီး သေမင်းတမန် ရောက်လာသည် ကို မတတ်နိုင်ဘဲ ထိုင်စောင့်နေရလေသည်။

သို့သော် …

“ဘုတ် ဘုတ် ဘုတ်”

ထိုစဉ် ခပ်လှမ်းလှမ်းမှ ရိုက်သံများ ထွက်ပေါ်လာသည်။ ၎င်းက ကျယ်လောင်ပြီး စည်းချက်ကျလှသည်။

လူတိုင်း ခေါင်းမော့၍ ကြည့်လိုက်သောအခါ ရဲ့လင်းချန်က ပင်လယ်ရေ မျက်နှာပြင်ကို လှော်တက်ဖြင့် ခပ်ပြင်းပြင်း ရိုက်၍ ကျယ်လောင်စွာ အော်ပြောသည်ကို မြင်တွေ့လိုက်ရသည်။

“ဟေ့ မင်းတို့ သတ္တိရှိရင် ဒီကို လာခဲ့စမ်း”

*သူ … သူ ထွက်ပြေးသွားတာ မဟုတ်ဘူးလား၊ ဘာလို့ သူက ပြန်လာတာလဲ*

ဘာကြောင့်မှန်းမသိသော်လည်း ရဲ့လင်းချန်ကို မြင်သောအခါ သူတို့မျက်လုံးတွင် အလိုလို မျက်ရည် ဝဲတက်လာ၏။ သေမင်းလက်မှ ကပ်သီးလေး လွတ်လာသော အာနယ်လ်သည် ပြောစရာ စကား မဲ့နေလေသည်။ သူမသည် ပါးစပ်ဟ၍ ရဲ့လင်းချန်အား ရူးမိုက်မနေဘဲ ထွက်ပြေးရန် ပြောမည်ဟု စဉ်းစားလိုက်သည်။ သို့သော် သူမ ဘာစကားမှ ပြောမထွက်နိုင်ပေ။

“ဘုန်း ဘုန်း ဘုန်း”

ရဲ့လင်းချန်၏ ရိုက်ပုတ်မှုက စည်းချက်ကျလွန်းလှသည်။ တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ငါးမန်းများအား ဆွပေးသလို ဖြစ်သွားလေသည်။ ထိုသို့ ဆွပေးလိုက်ပြီးနောက် ငါးမန်းများအားလုံးက ရဲ့လင်းချန်ထံ ပြိုင်တူ ကူးခပ်လာကြသည်။

ငါးမန်း ရှစ်ကောင်က ရဲ့လင်းချန်ထံ အားသွန်ခွန်စိုက် ကူးလာနေ၏။ ထိုမြင်ကွင်းက အလွန် သည်းထိတ်ရင်ဖိုစရာ ကောင်းလွန်းလှသည်။ လူပေါင်းများစွာသည် ဖန်သားပြင်ရှေ့၌ မျက်ရည်များကြောင့် အမြင်များ ဝေဝါးကုန်သည်။

အချို့ဆိုလျင် လက်မြှောက်၍ သူတို့ကိုယ်သူတို့ ရိုက်နှက်နေ၏။

[အဆိုတော်ဝိုင်ရေ၊ ခုနက ငါ နားလည်မှုလွဲသွားခဲ့တဲ့အတွက် ငါ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်၊ ငါ တောင်းပန်ပါတယ်]

[အဆိုတော်ဝိုင်၊ မင်းက တကယ့် သူရဲကောင်းပဲ၊ ကြီးမြတ်တဲ့ သူရဲကောင်းတစ်ယောက်]

[ဟင့်ဟင့်ဟင့်၊ သူက ငါးမန်းတွေကို အဝေးကို မြှားနိုင်ဖို့အတွက် တမင်သက်သက် လှေလှော်သွားတာပဲ၊ ဒါက အရမ်း စိတ်ထိခိုက်ဖို့ ကောင်းလိုက်တာ]

[ကောင်းကင်ဘုံရေ ကျေးဇူးပြုပြီး အဆိုတော်ဝိုင်ကို ကောင်းချီးပေးပါ၊ သူ့ကို အန္တရာယ်ကနေ ကာကွယ်ပေးပါ၊ ကျွန်တော် တောင်းပန်ပါတယ်]

[အဆိုတော်ဝိုင်က ဘာလုပ်နေတာလဲ၊ ဘာလို့ သူက ထွက်မပြေးတာလဲ၊ အဝေးကို သွားလေ]

…

အင်တာနက်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်ကုန်သည်။ ထိုသို့သောအချိန်၌ အချိန်ကာလက ရပ်တန့် သွားသည်ဟု ထင်မှတ်မှားရသည်။

“မင်း ကြောက်နေပြီလား”

ရဲ့လင်းချန်က ချန်ရှောင်ယန်ကို ကြည့်လိုက်သည်။

“ကျွန်မ အရင်က ကြောက်ခဲ့ပါတယ်၊ ဒါပေမဲ့ အခုတော့ မဟုတ်ဘူး”

ချန်ရှောင်ယန်က ပြုံး၍ ခေါင်းခါပြလေသည်။

“ဘာလို့လဲဆိုတော့ ကျွန်မဘေးမှာ သူရဲကောင်းတစ်ယောက် ရှိနေတာပဲလေ”

All Chapters