← Chapters

ရေပန်းစားမှု မြင့်တက်လာခြင်း

Vol. 24 Ch. 353

ရေပန်းစားမှု မြင့်တက်လာခြင်း

Vol. 24 Ch. 353

လူသူမဲ့ကျွန်း၌ ရှင်သန်နေထိုင်ခြင်းက ပြီးဆုံးသွားသော်လည်း အင်တာနက်ပေါ်၌ နာမည်ကြီးခါစသာ ရှိသေးသည်။

ရိုးရှင်းသော ရသစုံရှိုးပွဲတစ်ခုက အလွန် ခက်ခဲသော ရှင်သန်ခြင်း စိန်ခေါ်မှုတစ်ခုအဖြစ် အဆုံးသတ် သွားလိမ့်မည်ဟု ဘယ်သူက ထင်ထားမည်နည်း။ မထင်မှတ်ထားသည့် ထူးခြားဆန်းကြယ်မှုနှင့်လည်း ကြုံခဲ့ရ သေးသည်။

ဝေ့ပေါ်တွင် နတ်ဘုရားလိုလူသည့် ခေါင်းစီးဖြင့် ပို့စ်တစ်ခုက ရေပန်းစားနေသော ရှာဖွေမှုများ၏ ထိပ်ဆုံးနေရာ၌ တည်ရှိနေသည်။

[မင်းတို့ နတ်တေးသံကို ကြားဖူးကြလား၊ လူတစ်ယောက်က သံစဉ်နဲ့ ငါးမန်းတွေကို တားလိုက်တာကို မင်းတို့ မြင်ဖူးလား၊ မင်းတို့ သစ်ရွက်တစ်ရွက်နဲ့ သံစဉ်တစ်ပုဒ်ကို ဖန်တီးနိုင်လား၊ နတ်ဘုရားလိုလူက အဲ့လို လုပ်နိုင်တယ်]

လူတော်တော်များများသည် ထိုခေါင်းစီးကို မြင်သောအခါ မရယ်ဘဲ မနေနိုင်ကြပေ။ သူတို့က မယုံကြည်ဟန်ဖြင့် ကြည့်၍ စိတ်ထဲမှ ကျိတ်ကာ ဝေဖန်ကြလေသည်။

*နောက်အရူးတစ်ယောက်က ရေပန်းစားနေတဲ့ ရှာဖွေမှုစာရင်းကို ပိုက်ဆံပေးပြီး လုပ်ထားတာပဲ ဖြစ်ရမယ်၊ သူတို့က ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ခေါင်းစီးမျိုး သုံးရတာလဲ၊ အတုမှန်း သိသာလိုက်တာ*

သို့သော် ထိုရှိုးပွဲက ဝိုင်နှင့် ပတ်သက်နေသည်ဟု ကောလာဟလ ထွက်နေပြီး ထိုအချက်ကြောင့် အောက်တွင် မှတ်ချက်ပေါင်း ထောင်သောင်းချီ၍ ရှိနေကာ လူအများစုက သိချင်စိတ်ဖြင့် နှိပ်ကြည့်ကြသည်။

ငါးမန်းများကို မြင်သောအခါ သူတို့အားလုံး မှင်တက်သွားကြသည်။

*အဲ့ဒါတွေက တကယ့် ငါးမန်းတွေပဲ၊ ရှစ်ကောင်တောင်ပါလား*

ရဲ့လင်းချန်က သူ့သံစဉ်ကို တီးမှုတ်သည်ကို မြင်သောအခါ သူတို့အားလုံး မှင်တက်သွားကြသည်။ လက်ရှိတွင် သူတို့၏ အတွေးများ ဗလာဖြစ်နေပြီး သံစဉ်ထဲ အပြည့်အဝ နစ်မျောနေကြသည်။

သံစဉ်က အလွန် သာယာ ကြည်နူးဖွယ် ကောင်းလှပြီး ကောင်းလွန်းလှသဖြင့် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။ သံစဉ်က ကောင်းလွန်းလှသဖြင့် သူတို့၏ စိတ်ဝိညာဉ်များပင် တုန်လှုပ်သလို ခံစားလိုက်ရသည်။

ထိုဗွီဒီယိုအတိုလေး တစ်ခုတည်းနှင့် မှတ်ချက်များက ခြောက်သောင်း ကျော်သွားလေသည်။

[အစတုန်းက ငါ ဒါကို အတုလို့ ထင်နေတာ၊ ဒါပေမဲ့ အစစ် ဖြစ်နေတာပဲ၊ ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာမှ ဟုတ်ရဲ့လား]

[ချီးပဲ၊ ဒီသံစဉ်က ကောင်းကင်ဘုံ ပိုင်ဆိုင်တဲံအရာပဲ၊ လူသားကမ္ဘာကို သူတို့ ဘယ်နှစ်ခါ လာခဲ့တာလဲ၊ ဒီစကားရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို ငါ နားလည်သွားပြီ]

[အံ့ဖွယ်ပဲ၊ ဒါက တကယ်ကို အံ့ဩစရာပဲ၊ အဆိုတော်ဝိုင်က ဝိုင်နာမည် ခံယူဖို့ ထိုက်တန်ပါပေတယ်]

[ငါးမန်းတွေက ယဉ်ပါးစေဖို့ ခက်ခဲတဲ့ သဘာဝ မုဆိုးတွေပဲ၊ သူတို့ရဲ့ ရန်လိုတဲ့ သဘာဝအရ ပင်လယ်မှာ သူတို့ထဲက တစ်ကောင်နဲ့တွေ့ရင် သေခြင်းတရားကို ရှောင်လို့ မရနိုင်ဘူး၊ ဒါ ဇာတ်တိုက်ထားတာဆိုတဲ့ ဖြစ်နိုင်ချေကို ဖယ်ထားလိုက်ရင်တောင်မှ ငါးမန်းတွေကို ဂီတသုံးပြီး နှင်လွှတ်လိုက်တာက အံ့ဩဖို့ ကောင်းလွန်းတယ်]

[ငါ တောင်းပန်ပါတယ်၊ နတ်သားက တီးမှုတ်နေတယ်ဆိုတာကို ငါ မသိလိုက်ဘူး၊ ငါ သင့်တော်တဲ့ အနေအထားမှာ မနေလိုက်မိဘူး၊ ငါ ဒူးထောက်ပြီး နောက်တစ်ခါ နားထောင်ပါရစေ]

[ဒါက မှော်ဆန်လွန်းတယ်၊ ဒီဝိုင်တွေက ဘယ်သူတွေလဲဆိုတာ တစ်ယောက်ယောက် စဉ်းစားမိလား၊ သူတို့အားလုံးက ဆန်းကြယ်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြတာပဲ၊ တစ်ယောက်ချင်းစီက နောက်တစ်ယောက်ထက် ပိုကြောက်ဖို့ ကောင်းနေတယ်]

[အပေါ်ကလူ မင်းလည်း သတိထားမိတာလား၊ မင်း မြင်နေရတာက ရေခဲထုရဲ့ ထိပ်ပိုင်းလေးပဲ ရှိသေးတယ်၊ ငါတို့ ကမ္ဘာက စိတ်ဝိညာဉ် ပြန်လည် ရှင်သန်သက်ဝင်ခြင်းနဲ့ ကြုံတွေ့နေရတာ၊ ငါက အနောက်ဘက် ချူနယ်မြေရဲ့ အရှင်သခင် ရှန်းယု ပြန်ဝင်စားတဲ့သူပဲ၊ မင်း ၁၂၃၄၅၆၇၈ ဆီကို ယွမ်တစ်ရာ လွှဲတာနဲ့ ငါ မင်းကို သိုင်းကျမ်းတစ်ခု ပေးမယ်၊ ယွမ်တစ်ရာနော်၊ လူလိမ်ထက်တောင် ဈေးသက်သာသေးတယ် …]

…

၎င်းအပြင် နောက်ထပ် ရေပန်းစားနေသော ရှာဖွေမှုတစ်ခုကလည်း ထိပ်ဆုံးသို့ တက်လာပြီး ဒုတိယနေရာ၌ ရပ်တည်လာသည်။ ထိုပို့စ်၏ ခေါင်းစဉ်မှာ “ဒါ ဘယ်လို နတ်ဘုရား သံစဉ်ပါလိမ့်”

[ငါ အပိုပြောတာ မဟုတ်ဘူး၊ ဒီသံစဉ်က အံ့ဩဖို့ ကောင်းလွန်းတယ်၊ ဒါက ကလေးတွေကို စိတ်ငြိမ်အောင် လုပ်တဲ့ နေရာမှာ အလုပ်ဖြစ်တယ်၊ ငါ့ကလေးက တစ်ချိန်လုံး ငိုနေလို့ ငါ စိုးရိမ်နေခဲ့ရတာ၊ ဒီသံစဉ်ကို ဖွင့်လိုက်တော့ သူက ငြိမ်ကျသွားတဲ့အပြင် ရယ်ပါရယ်သေးတယ်၊ အားးးး ဒါက မိခင်တွေအားလုံးအတွက် ကံကောင်းမှုပဲ]

လိုက်ခ်လုပ်သူနှင့် မှတ်ချက်များ ဒလဟော တိုးမြင့်လာ၏။

[ငါ စမ်းကြည့်ပြီးပြီ၊ အိမ်က ငါ့အဆိုးအသွမ်းလေးက ငြိမ်ကျသွားပြီးတော့ ဘာဆူညံသံမှ မလုပ်ဘဲ စိတ်ဝင်တစား နားထောင်နေတာ၊ ဒါပေမဲ့ သံစဉ် ရပ်သွားတာနဲ့ သူ သောင်းကျန်းလို့ ဆက်ဖွင့်ထားပေးရတယ်]

[ဟဲဟဲ မင်းတို့က ဒါရဲ့ အသုံးဝင်ပုံတွေထဲက တစ်ခုကို ရှာတွေ့ခဲ့ရုံပဲ ရှိသေးတာ၊ မင်းတို့ သိအောင် ပြောပြလိုက်မယ်၊ ဒီသံစဉ်က အိပ်ပျော်အောင် လုပ်တဲ့နေရာမှာလည်း အလုပ် ဖြစ်တယ်၊ ငါ ပြောတာကို မယုံရင် မင်းတို့ အိပ်ခါနီးရင် ဒါကို နားထောင်ကြည့်၊ ငါ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး အဲ့လောက် တစ်ခါမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖူးဘူး]

[ကလေးတွေကို ငြိမ်အောင် လုပ်တာက ဘာများ ထူးခြားနေလို့လဲ၊ ငါ့ကလေးက အမြဲ ရွယ်တူတွေထက် ဖွံ့ဖြိုးမှု နှေးပြီးတော့ သူ့စာမေးပွဲတွေကို ကျခဲ့တာ၊ ဒီသံစဉ်ကို နားထောင်ပြီးတော့ သူက ဉာဏ်အလင်းရလိုက်သလို ဖြစ်သွားတယ်၊ သူ အခု ဆယ်မိနစ်အတွင်း အပေါင်း၊ အနုတ်ကို အပြည့်အဝ နားလည်သွားပြီ]

[ဒါက တကယ်ကို နတ်တေးသံပဲ၊ ဘုရားစာတွေနဲ့ ငါတို့စိတ်ကို ချမ်းမြေ့စေတဲ့ တရားစာတွေထက် ပိုအလုပ် ဖြစ်တယ်]

[ဟားဟား မင်းတို့အားလုံးက ပျော့ညံ့လွန်းတယ်၊ အမှန်အတိုင်း ပြောရရင် ငါက သူခိုးတစ်ယောက်ပဲ၊ ဒီသံစဉ်ကို နားထောင်ပြီးတော့ ငါ့ကိုယ်ငါ အဖမ်းခံဖို့ သွားနေပြီ …]

…

တစ်ဖက်တွင် ရဲ့လင်းချန်၏ သူမတူသော သီချင်းက နာမည်ကြီးနေပြီး TikTok ပေါ်၌ ပလူပျံနေ၏။ ချန်နယ်ငါးခုတွင် တစ်ခုလောက်က သူ့သီချင်းကို အသုံးပြုနေကြသည်။ များစွာသော သီဆိုမှုများက အင်တာနက်ပေါ်၌ ပျံ့နှံ့နေပြီး အပြိုင်အဆိုင် သီဆိုနေကြသည်။

ထိုအခိုက်တွင် သီချင်း၏ ကျော်ကြားမှုက နယ်ပယ်တွင်းမှ ဂီတပလက်ဖောင်းများ၏ အာရုံကို ဆွဲဆောင် သွားနိုင်သည်။ QQ Music, NetEase Music နှင့် Kugou Music တို့က ဝေ့ပေါ်မှနေ၍ ရဲ့လင်းချန်ကို ဆက်သွယ်ကြပြီး တည်ငြိမ်ခြင်းသံစဉ်နှင့် သီချင်းကို မူပိုင်ခွင့် ဝယ်ယူနိုင်ရန် ယှဉ်ပြိုင်ကြလေသည်။

နောက်ဆုံးတွင် Kugou Music က နှစ်ပုဒ်လုံး၏ မူပိုင်ခွင့်ကို ယွမ် ဆယ်သန်းဖြင့် အောင်မြင်စွာ ဝယ်ယူလိုက် နိုင်ခဲ့သည်။

သီချင်းနှစ်ပုဒ်အတွက် ယွမ်ဆယ်သန်း၊ စူပါစတားများဖြင့် ထိုသို့သော အရေးပေးမှု မခံရပေ။ ယင်းက သီချင်းတစ်ပုဒ်၏ မူပိုင်ခွင့်များတွင် အမြင့်ဆုံး မှတ်တမ်းဟု ဆိုနိုင်ပေသည်။

သူက ဆင်းရဲသူဆိုလျင် သန်းဂဏန်းက သေးငယ်သော ပမာဏ မဟုတ်ပေ။ သူက ချမ်းသာသူ ဆိုလျင်လည်း အဆောက်အဦးတစ်ခုကို ဝယ်နိုင်ရန် မလောက်ပါ။ ထိုပမာဏက များသည်ဟု မဆိုနိုင်ပါ။

ရဲ့လင်းချန်သည် အဆောက်အဦးတစ်ခု မဝယ်နိုင်သည့် သူ၏ အစွမ်းအစ မရှိမှုကို ယခုအထိ မကျေနပ်သေးပေ။

၎င်းသည် သူ၏ နားလည်မှုလွဲနေခြင်း တစ်ခုပင်။ သာမန်နေရာတစ်ခုတွင် သူသည် အဆောက်အဦး တစ်ခုကို အသာလေး ဝယ်နိုင်ပါသည်။ သို့သော်လည်း သူသည် မြို့တော်၏ မြို့လယ်ခေါင်မှ အဆောက်အဦးတစ်ခုကို ဝယ်ယူလိုနေခြင်း ဖြစ်သည်။ ထိုတည်နေရာက အဆပေါင်းများစွာ ပိုခက်ခဲသည်။ တန်ကြေးက ဈေးကြီးလွန်းသလို သူ၏ ရည်မှန်းချက်ကလည်း ကြီးမားလွန်းနေ၏။

သူ ခွင့်ရက်ယူထားသော ရက်ဖြစ်နေသေးသဖြင့် သူ အတန်းသွားမတက်သေးပေ။ ထိုအစား သူသည် တောင်ကျစမ်းရေ အိမ်ရာသို့ ပြန်၍ သူ၏ အောင်မြင်မှုကို တွက်ချက်နေသည်။

စနစ်မီနူးထဲ ဝင်လိုက်ပြီးနောက် သူ၏ ရေပန်းစားမှုအမှတ်က ငါးသိန်းသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သုံးသိန်းနီးပါး တိုးလာခြင်းပါတကား။

ထိုသို့ အကြီးအကျယ် အောင်မြင်မှုက ရဲ့လင်းချန် မျှော်မှန်းထားသည်ထက် သာလွန်နေသည်။ သို့သော် တည်ငြိမ်ခြင်း၏ အကျိုးသက်ရောက်မှုကို သတိရပြီးနောက် သူ နားလည်သွားသည်။ တည်ငြိမ်ခြင်းသည် လူအများ၏ စိတ်နှလုံးကို စိမ့်ဝင်ပျံ့နှံ့နိုင်သည့် သီချင်းတစ်ပုဒ် ဖြစ်သည်။ ထို့ကြောင့် သက်ရောက်မှု ကြီးမားလေ သူ၏ ရေပန်းစားမှု တိုးတက်ခြင်းက မြင့်မားလေပင်။

သူ ရေပန်းစားမှုအမှတ် ငါးသိန်းကို စုဆောင်းထားနိုင်ပြီ ဖြစ်သဖြင့် ဒုတိယမြောက် အလယ်အလတ်အဆင့် စွမ်းရည်ကို ရရှိနိုင်ရန် ရေပန်းစားမှု အမှတ် တစ်သန်း ပြည့်သည်အထိ တစ်ခဏမျှ ထပ်စောင့်ရန် ဆုံးဖြတ် လိုက်သည်။

အလယ်အလတ်အဆင့် စွမ်းရည်က ပေးစွမ်းလာမည့် ဆန်းကြယ်မှုကို တွေးမိရုံနှင့်တင် ရဲ့လင်းချန် ရင်ခုန်လာသည်။

ထိုအချိန်တွင် ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစု၏ ဌာနချုပ်အတွင်း၌ …

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ထိပ်ဆုံး၌ ထိုင်နေသည်။ သူ၏ မျက်လုံးများက စူးရှလင်းလက် နေသည်။ သူ့အရှေ့တွင် ရှည်လျားသော အစည်းအဝေး စားပွဲတစ်လုံး ရှိပြီး ဘေးတစ်ဖက်တစ်ခြိမ်တွင် လူဆယ်ယောက်စီ ထိုင်နေ၏။ အနည်းစုက လူလတ်ပိုင်းအရွယ်များ ဖြစ်ပြီး ကျန်လူများက အသက်ကြီးပိုင်းများ ဖြစ်ကြသည်။ သို့သော် တစ်ယောက်ချင်းစီက သာလွန်သော အရှိန်အဝါတစ်ခုစီကို ပေးစွမ်းနေကြသည်။

ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့လက်ထဲမှ အစီရင်ခံစာကို ကိုင်၍ တစ်မျက်နှာချင်းစီ ဖတ်နေသည်။ အစည်းအဝေးခန်း၏ အရှေ့ဆုံးတွင် အိုးရန်ချင်းက တက်ရောက်သူများကို သူမ၏ ပါဝါပွိုင့် တင်ဆက်မှုဖြင့် သီအိုရီနှင့် လက်တွေ့ စမ်းသပ်ချက်များအား ရှင်းပြနေ၏။ သူမအသံက တည်ငြိမ်ပြီး ယုံကြည်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

“တူမလေး အိုးရန်၊ ဒီအလိုအလျောက် မောင်းနှင်းခြင်း နည်းပညာက အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုတာ သေချာလား”

လူလတ်ပိုင်းအရွယ် အမျိုးသားက အိုးရန်ချင်း၏ တင်ဆက်မှု ပြီးသည်နှင့် လေးနက်သော အသံဖြင့် မေးလေသည်။

“ဥက္ကဋ္ဌရှု၊ ကျွန်မ သေချာပါတယ်”

အိုးရန်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“အခုလက်ရှိမှာ မရေတွက်နိုင်တဲ့ မျက်လုံးတွေက ကျွန်မတို့ ဝမ်ရုံ လုပ်ငန်းစုကို စောင့်ကြည့်နေကြတာ၊ ကျွန်မတို့ရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာကို ထုတ်ဖော်ပြသဖို့ အချိန်ဆွဲမနေသင့်တော့ဘူး၊ ကျွန်မတို့ နောက်ကျနေရင် မထင်မှတ်ထားတဲ့ ကိစ္စတွေကို ရင်ဆိုင်ရလောက်တယ်၊ အဲ့ဒါကြောင့် ကျွန်မ ချက်ချင်း သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အများပြည်သူကို ကျွန်မတို့ နည်းပညာ ချပြပြီး အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ ပထမဆုံး ကုမ္ပဏီဆိုတဲ့ အောင်မြင်မှုကို ရရှိအောင် လုပ်ဖို့ အကြံပြုတာပါ”

သူမစကားက အစည်းအဝေးခန်းတွင်းမှ လူများအားလုံးကို မသိမသာ မျက်မှောင်ကြုတ်သွားစေပြီး အတွေးနက် သွားစေသည်။ ထိုအခိုက်တွင် လူတိုင်း ငြိမ်ကျသွားကြသည်။

…

All Chapters