← Chapters

အမြစ်ဖြုတ်သုတ်သင်ရန် အမိန့်ပြန်တမ်း

Vol. 20 Ch. 297

အမြစ်ဖြုတ်သုတ်သင်ရန် အမိန့်ပြန်တမ်း

Vol. 20 Ch. 297

ရွှီချင်းသည် ခေါင်းလှည့်ကာ နီမြန်းနေသောမျက်လုံးများဖြင့် ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်သည်။

“ ချင်းလေး၊ ဘဝဆိုတာ ထူးခြားတဲ့အတွေ့အကြုံတစ်ခုပဲ။ ခါးသီးတဲ့အရာတွေနဲ့ ကြုံရသလို ချိုချိန်တဲ့အရာတွေနဲ့လည်း ကြုံရတယ်။ ဝမ်းနည်းပူဆွေးခြင်းနဲ့ ကြုံနိုင်သလို ဝမ်းသာပျော်ရွှင်ခြင်းနဲ့လည်း ကြုံရနိုင်တယ်။ အရောင်တစ်ရောင်တည်းမဟုတ်သလို ဘယ်တော့မှလည်း တစ်ရောင်တည်း ဖြစ်နေမှာ မဟုတ်ဘူး ”

“ အဲဒါက ကောင်းကင်က နတ်ဘုရားတောင် ပြောင်းလဲပစ်နိုင်တဲ့အရာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့က အရိုင်းအစိုင်းကောင်တွေမဟုတ်ဘဲ လူသားတွေဖြစ်နေလို့ပဲ။ အဲဒါကြောင့် မင်းဝမ်းနည်းပြီး လူသတ်ချင်တဲ့စိတ်တွေဖြစ်နေတာကို ငါ နားလည်တယ် ”

“ ငါ မင်းကို ပြောချင်တာက မင်း ဘာပဲလုပ်ချင်လုပ်ချင် မင်းနှလုံးသားက စေစားရာအတိုင်း လျှောက်ဖို့ပဲ ”

ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။ သူ့အပြုံးက တောက်ပကြည်လင်နေသည်။

ထိုအပြုံးကြောင့် ရွှီချင်း၏ လူသတ်ချင်စိတ်များ အနည်းငယ် ပြေလျော့သွားသည်။

ရွှီချင်း ငြိမ်သက်သွားသည်။ ထိုကဲ့သို့ စကားများကို သူ ရှားရှားပါးပါး ကြားရခဲသည်။ သူ့ကို ဘဝနှင့်ပတ်သတ်သည့်စကားများအား ပြောခဲ့သော နောက်ဆုံးလူနှစ်ယောက်မှာ သမားတော်ကြီးပိုင်နှင့် ခေါင်းဆောင်လဲ့တို့ ဖြစ်သည်။

ခဏအကြာ ရွှီချင်းသည် ခေါင်းဆောင်ကို အလေးအနက်ကြည့်လိုက်ပြီး လေးပင်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မင်းသမီး၏ဝိညာဉ်ကို ရှာဖွေနေသော ဆဋ္ဌမမြောက်တောင်သခင်ကြီးအား လှမ်းကြည့်ကာ အဖြေကို စောင့်နေသည်။

သူက ကြယ်ငါးမျိုးနွယ်မင်းသမီးကိုသာ အပ်ခဲ့ပြီး သဘာဝလွန်မိစ္ဆာကို မအပ်ခဲ့ပေ။ သဘာဝလွန်မိစ္ဆာကို သူ စိတ်ကျေနပ်လောက်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းမပြုရသေးသလို သဘာဝလွန်မိစ္ဆာက သူ့အကြောင်းများစွာကိုလည်း သိနေသည်။

ယင်းအပြင် ယခု နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာတွေ့သွားခဲ့ပြီဖြစ်၍ ကြယ်ငါးမျိုးနွယ်မင်းသမီး၏ အချက်အလက်ဖြင့် လုံလောက်ပြီ ဖြစ်သည်။

ဝိညာဉ်ကို ဆက်လက်ရှာဖွေနေစဉ် ဆဋ္ဌမမြောက်ောတင်သခင်ကြီး၏ခန္ဓာကိုယ် တုန်ရီလာပြီး နဖူးကြောကြီးများ ထောင်ထလာသည်။ သူ့မျက်လုံးများ တဖြည်းဖြည်း နီမြန်းလာကာ အသက်ရှူသံများ မြန်ဆန်လာသည်။ သူ့ရင်ထဲမှာ ယူကြုံးမရသော ခံပြင်းနာကြည်းခြင်းများဖြင့် ပြည့်နှက်လာဟန်တူလာပြီး တဟင်းဟင်း မြည်သံများ အလိုလို ထွက်လာသည်။

ထို့နောက် ဆဋ္ဌမမြောက်တောင်သခင်ကြီး အဓိကမှတ်ဉာဏ်အပိုင်းအစတစ်ခုကို မြင်တွေ့လိုက်ဟန်တူပြီး သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားသည်။ ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ကြယ်ငါးမျိုးနွယ်မင်းသမီးမှာ သွေးမြူများအဖြစ် ပေါက်ကွဲသွားသည်။ သူမ၏ဝိညာဉ်ကို ဆဋ္ဌမမြောက်တောင်သခင်ကြီးက ဆွဲနှုတ်လိုက်ပြီး ပါးစပ်ထဲပစ်ထည့်ကာ တဂျွမ်းဂျွမ်း ဝါးစားလိုက်သည်။

သူ ဝါးစားနေရင်း သူ့မျက်လုံးများ ပို၍ နီမြန်းလာသည်။

သူသည် စကားတစ်ခွန်းမဆိုဘဲ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ကောင်းကင်သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ ထို့နောက် မန္တန်အစီအရင်ကြီး၏ အမိုးဆီမှ အလင်းတန်းများစွာ ဆင်းသက်လာပြီး ပင်မမြို့ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။

ပင်မမြို့ကြီး တုန်ခါလာပြီး မြေပြင်များ တရွှီရွှီအော်မြည်နေသည်။ ပင်မမြို့ကြီးထဲရှိ နေရာအနှံ့အပြားမှ စူးစူးဝါးဝါး အော်ဟစ်သံများ လွင့်ပျံလာပြီး မန္တန်အစီအရင်ကြီး၏စွမ်းအားဖြင့် လူတစ်ယောက်ပြီးတစ်ယောက် လေထဲသို့ ဆွဲတင်ခြင်း ခံလိုက်ရသည်။

အဝေးမှကြည့်ပါက ထိုလူရိပ်ပေါင်း နှစ်ရာခန့်ရှိသည်ကို မြင်နိုင်သည်။ ထိုသူများအားလုံး ကြယ်ငါးမျိုးနွယ်ဝင်များဖြစ်ကြပြီး ထိုသူများထဲတွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်ပါဝင်သည်။ ထိုအချိန်၌ ထိုသုံးယောက်မှာ ထိတ်လန့်တုန်ရီကာ သွေးရူးသွေးတန်း ဖြစ်နေကြသည်။

မည်မျှပင် သူတို့ ရုန်းကန်သည့်တိုင်အောင် အသုံးမဝင်ပေ။ ချီရွှဲ့ထုံဂိုဏ်းမန္တန်အစီအရင်ကြီး၏ ကြီးမားသော တန်ခိုးအစွမ်းအောက်တွင် တစ်ကြိမ်မျှပင် တန်ပြန်မတိုက်ခိုက်နိုင်ကြပေ။ တခဏလေးအတွင်း ဆဋ္ဌမမြောက်တောင်သခင်ကြီးထံသို့ သူတို့ ဆွဲယူခံလိုက်ရသည်။

ရွှီချင်းနှင့် တခြားသူများရှေ့ရှိ လေထဲတွင် ကြယ်ငါးမျိုးနွယ်ဝင်နှစ်ရာကျော် ဖမ်းဆုပ်ခံထားရသည်။ သူတို့ကို အလွန်မြန်ဆန်စွာ ဆွဲယူလိုက်သည့်အတွက်ကြောင့် ခန္ဓာကိုယ်အများစုမှာ ဆွဲအားကို တောင့်မခံနိုင်ဘဲ ပေါက်ကွဲသွားကြသည်။ လက်ကျန်ကျင့်ကြံသူများမှာ စူးစူးဝါးဝါး အော်ဟစ်ညည်းညူနေကြသည်။

ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။ ရုတ်တရက် ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားပြီး လေပြင်းများနှင့်အတူ တိမ်မည်းများ တလိပ်လိပ်တက်လာသည်။

လေထဲတွင် ကျင့်ကြံသူများမှာ သည်းခြေခိုက်လုမတတ် အော်ဟစ်နေကြသည်။ သူတို့ခန္ဓာကိုယ်များမှာ ပကတိမြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ညှိုးနွမ်းခြောက်ကပ်လာပြီး သူတို့ဝိညာဉ်များအားလုံးကို ဆဋ္ဌမမြောက်တောင်သခင်ကြီးမှ နှုတ်ယူလိုက်သည်။

ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်၏ ဒွါရခုနစ်ပါးမှ ဝိညာဉ်အရိပ်အငွေ့များလည်း အလျင်အမြန် ထွက်လာပြီး ဆဋ္ဌမမြောက်တောင်သခင်ကြီးထံ ပြေးဝင်သွားသည်ကို မြင်နေရပေသည်။

ဆဋ္ဌမမြောက်တောင်သခင်ကြီးအတွက် ရွှေအမြုတေအဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ၊ ချီစုစည်းခြင်းအဆင့်ဖြစ်စေ ကွာခြားခြင်းမရှိပေ။

တခဏလေးအတွင်း ဝိညာဉ်နှစ်ရာကျော်ကို ဆဋ္ဌမမြောက်တောင်သခင်ကြီး ဝါးမျိုလိုက်သည်။ သူသည် တဂျွမ်းဂျွမ်းဝါးစားရင်း သတင်းများ ပို၍ ရလာသောကြောင့် သူ့မျက်လုံးများထဲတွင် သွေးကြောများ ပို၍ ပေါ်လာသည်။ နောက်ဆုံး၌ စူးစူးဝါးဝါးအော်ဟစ်သံများကြားတွင် ဝိညာဉ်အားလုံးကို ဆဋ္ဌမမြောက်တောင်သခင်ကြီး ဝါးမျိုပြီးသွားပြီ ဖြစ်သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်သည်။ ခဏအကြာ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။ ယခုတစ်ကြိမ်တွင် ထိုမျက်လုံးများထဲတွင် ကြောက်စရာကောင်းလောက်အောင် လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် ကြောက်မက်ဖွယ်ဖိအားကို တောင့်ခံရင်း ဆဋ္ဌမမြောက်တောင်သခင်ကြီးကို စူးစိုက်၍ ကြည့်လိုက်သည်။

“ ရွှီချင်း၊ ဒီအဘိုးကြီး မင်းကို အကြွေးတင်သွားပြီ။ အမှတ်ခုနစ်က မင်းကို တပည့်အဖြစ် လက်မခံရင် ငါ မင်းကို ငါ့တပည့်အရင်းအဖြစ် လက်ခံမယ် ”

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် စကားဆုံးသည်နှင့် အပြာရောင်အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။

ထိုကျောက်စိမ်းပေလွှာသည် ရွှီချင်း မြင်ခဲ့ဖူးသည့် တခြားကျောက်စိမ်းပေလွှာများနှင့် မတူညီပေ။ ထိုကျောက်စိမ်းပေလွှာကို ဝိညာဉ်ကျောက်စိမ်းဖြင့် ထွင်းထုထားပုံမရဘဲ ပို၍ပင် အဖိုးတန်သော ပစ္စည်းတစ်မျိုးမျိုးဖြင့် ထွင်းထုထားပုံရသည်။ ထိုကျောက်စိမ်းပေလွှာတွင် ရွှေအမြုတေအဆင့်ကို ယှဉ်နိုင်သော အရှိန်အဝါတစ်ခု ရှိနေ၏။

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ထိုအပြာရောင်ကျောက်စိမ်းပေလွှာကို ကိုင်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ အမှတ်ခုနစ် ”

အမှန်စင်စစ် သူသည် စကားဖြင့် မပြောဘဲ နတ်အာရုံမှတစ်ဆင့် အသံပို့လွှတ်နိုင်သည်။

သို့သော်လည်း ထိုကိစ္စကို ရှာတွေ့ခဲသည်မှာ ရွှီချင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ရွှီချင်းက ပထမဆုံး ရှာတွေ့ခဲ့သည်ကို သူ သိသည်။ ထို့ကြောင့် သူက ထိုကိစ္စ၏ အကျိုးအကြောင်းကို ရွှီချင်း သိစေရန် စကားဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

“ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စုံစမ်းပြီးသွားပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကြယ်ငါးမျိုးနွယ်က ငွေစန္ဒာလက်ရွေးစင်အသွင်ပြောင်းဆေးလုံးရဲ့ ပထမတွဲကို ရပြီး မျိုးနွယ်တွေဆီက ကောင်းကင်လက်ရွေးစင်တွေကို တိတ်တဆိတ် ဖမ်းဆီးခဲ့တယ်။ အဲဒီကိစ္စကို တစ်ယောက်မှ မရိပ်မိနိုင်လောက်အောင် သိုသိုသိပ်သိပ် လုပ်ခဲ့တယ်။ လက်ရွေးစင်တွေအများကြီးကို သူတို့ ဖမ်းဆီးခဲ့တယ်။ အဲဒီထဲမှာ ငါ့သားလည်း ပါတယ် ”

“ သူတို့ဆေးလုံးက ပုံစံပေါ်လာပြီဆိုပေမဲ့ ဒုတိယတွဲလိုနေသေးလို့ သမားတော်ကြီးပိုင်ကို လုပ်ကြံခဲ့ကြတယ်။ အဲဒီကိစ္စကို သူတို့ ပြင်ဆင်နေခဲ့တာ နှစ်တော်တော်ကြာပြီ ”

“ ဒီတစ်ခေါက် ချီရွှဲ့ထုံဂိုဏ်းကို ကြယ်ငါးမျိုးနွယ်လာတယ်ဆိုတာက တိတ်တဆိတ် အကူအညီပေးမလို့။ အပြင်ပန်းကြည့်ရင် ကြယ်ငါးမျိုးနွယ်က အန္တရာယ်ကြောင့် ပြေးနေရတယ်လို့ ထင်ရပေမဲ့ ဒီလိုမျိုး ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုကို ရည်မှန်းချက်ကြီးကြီး လုပ်နေခဲ့တာ။ အရင်တုန်းက ကောင်းကင်လက်ရွေးစင်တွေကို ဖမ်းဆီးဖို့ပဲဖြစ်ဖြစ်၊ သမားတော်ကြီးပိုင်ဆီက ဆေးညွှန်းဒုတိယတွဲကို ယူတာပဲဖြစ်ဖြစ် အဲဒါတွေအားလုံးကို ကြယ်ငါးမျိုးနွယ်ရဲ့ ခေါင်းဆောင်ကိုယ်တိုင် အမိန့်ပေးခဲ့တာ ”

“ ဒါပေမဲ့ ကြယ်ငါးမျိုးနွယ်က အင်အားနည်းတယ်။ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်တောင် သူတို့မှာ မရှိဘူး။ သူတို့ဘိုးဘေးက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားရင်တောင် ဒီလိုမျိုးနွယ်လေးအနေနဲ့ ဒီလောက်ကြီးကျယ်တဲ့ကိစ္စကို လုပ်ရလောက်အောင် သတ္တိမရှိနိုင်ဘူး။ ဒီလောက်နှစ်တွေအကြာကြီး ငါ သတိမထားမိနိုင်လောက်အောင် ဒီလိုကိစ္စကြီးကို သူတို့ ဘယ်လိုမှ မလုပ်နိုင်ဘူး ”

“ ဒီကိစ္စရဲ့နောက်ကွယ်မှာ နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ရှိနေလောက်မယ်။ မင်း ဘယ်လိုသဘောရလဲ ”

ဆဋ္ဌမမြောက်တောင်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။

ဘေးရှိ ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာသည်။ သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ပေါ်လာပြီး သူ့ကိုယ်မှ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ လွင့်ပျံလာသည်။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကြယ်ငါးမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ကြောင်း သူ သိလိုက်ရပြီး ထိုကိစ္စတွင် နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကိုလည်း သူ ကြားလိုက်ရသည်။

ထိုလျှို့ဝှက်ချက်ကို မကြာခင် ဖော်ထုတ်နိုင်မည်ဟု သူ ယုံကြည်သည်။ သို့သော်လည်း ယခုအချိန်၌ သူ့စိတ်ထဲတွေးမိနေသည်မှာ ကြယ်ငါးမျိုးနွယ်၏ ခေါင်းဆောင်ကို သတ်ရန်သာ ဖြစ်သည်။

ရွှီချင်း၏ရင်ထဲ လူသတ်ချင်စိတ်များဖြင့် ပြည့်နှက်နေစဉ် ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ အပြာရောင်ကျောက်စိမ်းပေလွှာထဲမှ သတ္တမမြောက်တောင်သခင်ကြီး၏ လေးနက်သောအသံ ထွက်ပေါ်လာသည်။

“ ကြယ်ငါးမျိုးနွယ်က မဟာမိတ်ဖွဲ့ထားတာကို သစ္စာဖောက်လို့ လက်စတုံးပစ်သင့်တယ်။ အဲဒီကိစ္စကို မြန်မြန် ဆောင်ရွက်လိုက်။ ဒါပေမဲ့ ငါ အခု ပြန်လာလို့ မရသေးဘူး ”

“ မင်း ပြန်လာဖို့ မလိုပါဘူး။ ဘိုးဘေးကိုသာ ငါဆန္ဒရှိသလို လုပ်ခွင့်ရှိမလား မေးပေး။ ငါ့ခံစားချက်တွေကို မျိုသိပ်ထားရတာ နှစ်တွေကြာနေပြီ။ ငါ လူသတ်ချင်တယ် ”

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည်လည်း ရွှီချင်းကဲ့သို့ လူသတ်ချင်စိတ်များဖြင့် ဆူဝေနေပြီဖြစ်ပြီး သူတို့နှစ်ယောက်လုံး ထိန်းချုပ်မထားနိုင်တော့ပေ။

ကျောက်စိမ်းပေလွှာထဲမှ အသံထွက်မလာတော့ပေ။ အသက်ရှူကြိမ်ဆယ်ကြိမ်ကြာပြီးနောက် ခပ်ပြတ်ပြတ်လေသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ အမှတ်ခြောက်၊ နားထောင် ”

“ ဘိုးဘိုး ”

ဆဋ္ဌမမြောက်သခင်ကြီးက ချက်ချင်းပင် လေးစားစွာ နှုတ်ဆက်လိုက်သည်။ ရွှီချင်း၊ ခေါင်းဆောင်နှင့် တခြားလူများသည်လည်း ခေါင်းများငုံ့လိုက်ကြသည်။

“ ဒီနှစ်တွေထဲ မင်း ခက်ခက်ခဲခဲ နေခဲ့ရတာကို ငါ သိတယ်။ ကြယ်ငါးမျိုးနွယ်ကို သွားချေမှုန်းချေ ”

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ခေါင်းမော့လိုက်ရာ သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ထင်ဟပ်နေသည်။ ရွှီချင်းသည်လည်း ခေါင်းမော့လိုက်ရာ သူ့မျက်လုံးများထဲမှ လူသတ်ငွေ့များ တဟုန်းဟုန်း ထွက်ပေါ်လာ၏။

“ ဘိုးဘေးရဲ့အမိန့်ကို နာခံပါတယ် ”

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် တဟားဟား ရယ်မောလိုက်သည်။ သူ၏ရယ်မောသံသည် ဝမ်းနည်းပူဆွေးခြင်းများနှင့် ရူးသွပ်ခြင်းများ ကိန်းအောင်းနေပြီး အဆုံးသတ်တွင် ငိုကြွေးနေသကဲ့သို့လည်း ထင်ရပေသည်။

ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် အဝေးရှိ ဆဋ္ဌမမြောက်တောင်ကြီး တုန်ခါသွားပြီး ဖုန်မှုန့်များ ထောင်းခနဲ ထသွားသည်။ ထိုမြင့်မားမတ်စောက်သော တောင်ကြီးမှာ အံ့သြစရာကောင်းလောက်အောင် လေထဲသို့ မြင့်တက်လာသည်။

မိုးမြေတုန်ဟီးစေနိုင်လောက်သော မြည်ဟည်းသံကြီး ဘေးပတ်လည်သို့ ရိုက်ခတ်သွားသည်။ တချိန်တည်းမှာပင် ဆဋ္ဌမမြောက်တောင်ကြီး ရောက်လာသည်ဖြစ်၍ ဖော်ပြ၍ မရနိုင်လောက်သော ဖိအားကြီးတစ်ခု အဖက်ဖက်သို့ လွင့်ပျံသွားသည်။

ဆဋ္ဌမမြောက်တောင်ကြီးပေါ်ရှိ ဂူများ တစ်ဂူပြီးတစ်ဂူ ပွင့်ထွက်သွားသည်။ ဂူပိတ်ကျင့်ကြံနေကြသော ဆဋ္ဌမမြောက်တောင်ထိပ်ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် အပြင်ထွက်လာကြ၏။ ထိုဂိုဏ်းသားများထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူများနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံသူများစွာ ပါဝင်သည်။

ဆဋ္ဌမမြောက်တောင်ထိပ်၏ ဂိုဏ်းသားအများစုက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နှင့် စစ်ပွဲသို့ သွားကြပြီဖြစ်သော်လည်း ဆဋ္ဌမမြောက်တောင်ထိပ်မှာ ဓမ္မအသုံးအဆောင်များနှင့် ရုပ်သေးရုပ်များ ရှိသည်။ ထု့ိကြောင့် တောင်ကြီး မြည်ဟည်းသွားပြီးနောက် ခဏအကြာတွင် တောင်ပေါ်မှ ရုပ်သေးရုပ်များ ပျံထွက်လာပြီး အရပ်မျက်နှာအနှံ့ ပြန့်ကျဲသွားသည်။ ရုပ်သေးရုပ်ပေါင်း ထောင်ချီ၍ ရှိသည်။

ထို့နောက် ဆဋ္ဌမမြောက်တောင်ပေါ်ရှိ စစ်ပွဲကြီးအမျိုးအစား ဓမ္မအသုံးအဆောင်များကို အသက်သွင်းလိုက်သည်။

ကောင်းကင်ပေါ်ရှိ ဆဋ္ဌမမြောက်တောင်ကြီးသည် ကြောက်ခမန်းလိလိအရှိန်အဝါများကို ထုတ်လွှတ်၍ ပြိုးပြိုးပြက်ပြက် ဝင်းလက်လာသည်။ ထိုတောင်ကြီးထံမှ ဖိအားကြောင့် ကောင်းကင်ကြီးသည်ပင် အရောင်ပြောင်းသွားသည်။ တောင်ကြီးသည် ကြောက်မက်ဖွယ် ခံတပ်ကြီးတစ်ခုအလား ဝေဟင်တွင် လွင့်မျောနေ၏။

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုခံတပ်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။ သူ အနီးသို့ ရောက်သောအခါ ဆဋ္ဌမမြောက်တောင်ကြီးတစ်ခုလုံး တုန်ခါလာသည်။ တောင်ကြီးကို စောင့်ကြပ်နေသော ဘေးပတ်လည်ရှိ ထောင်ချီသောရုပ်သေးရုပ်များနှင့် ရွှေအမြုတေအဆင့်ဂိုဏ်းသားများ၊ အခြေတည်အဆင့်ဂိုဏ်းသားများအားလုံး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်ကြသည်။

“ တောင်သခင်ကို နှုတ်ဆက်ပါတယ် ”

ထိုအသံများက ရေလှိုင်းအလား အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။

ရွှီချင်း၏နှလုံးသားသည်လည်း တုန်ရီသွားသည်။ ဘေးရှိ ခေါင်းဆောင်သည်လည်း မျက်လုံးများ ပြူးကျယ်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ ဆဋ္ဌမမြောက်ဂိုဏ်းတူဦးလေးက အရင်တုန်းက သူနဲ့ တစ်တန်းတည်းမှာရှိတဲ့ ကောင်းကင်လက်ရွေးစင်တစ်ယောက်လို့ အဘိုးကြီး ပြောဖူးတယ်။ ဒီဘက်နှစ်တွေမှာ ဝမ်းနည်းရင်းနဲ့ အချိန်ကုန်နေလို့ ကျင့်ကြံဖို့ စိတ်မပါတော့ဘူးတဲ့။ ဒါလား ကျင့်ကြံဖို့ စိတ်မပါဘူးဆိုတာ။ သူက ကြောက်စရာကောင်းလောက်အောင် ဆဋ္ဌမမြောက်တောင်တစ်ခုလုံးကို လက်နက်လုပ်ပစ်နေခဲ့တာပဲ။ ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို တိုက်တုန်းကတောင် သူ ဒီလောက် အားမစိုက်ခဲ့ဘူး ”

ကောင်းကင်ယံ၌ ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ခြေလှမ်းများ ရပ်လိုက်ပြီး ခေါင်းဆောင်ကို အေးတိအေးစက်ကြည့်လိုက်သည်။ ခေါင်းဆောင်မှာ ခေါင်းပုသွား၏။ ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ အကြည့်က ရွှီချင်းထံ ရောက်သွားပြီး သူ့အမူအရာ ပျော့ပျောင်းသွားသည်။

“ ရွှီချင်း၊ ဒါ မင်းအတွက် ”

သူသည် ပြောပြီးနောက် နှစ်ပေါင်းများစွာတစ်လျှောက် ကိုယ်နှင့်မကွာ ဆောင်ခဲ့သည့် သေရည်အိုးကြီးကို ယူလိုက်သည်။ ထို့နောက် သေရည်အိုးကြီးကို အသာခါလိုက်ရာ အပြာရောင်အလင်းတန်းတစ်ခု ပျံထွက်လာပြီး ရွှီချင်းထံ ပျံသန်းသွားသည်။ ထို့နောက် ထိုအလင်းတန်းသည် ရွှီချင်း၏ရှေ့သို့ရောက်သောအခါ အပြာရောင်လည်ဆွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထဲလွင့်မျောနေသည်။

ထိုလည်ဆွဲသည် ကြောက်ခမန်းလိလိ အကာအကွယ်တစ်ခုကို ပေးစွမ်းသော စူးရှတောက်ပသည့်အလင်းများ ထုတ်လွှတ်နေသည်။ ထိုအကာအကွယ်မှာ မယုံနိုင်စရာကောင်းလောက်အောင် ထည်ဝါနေ၍ ရွှီချင်းမှာ စိတ်ထဲ တုန်ခါသွားရသည်။

“ ယွမ်ယင်အဆင့်အကာအကွယ် ”

ခေါင်းဆောင်၏မျက်လုံးများ ပြူးကျယ်သွားပြီး တအံ့တသြ ရေရွတ်လိုက်သည်။ သူက မနာလိုသောအကြည့်ဖြင့် ကောင်းကင်ယံရှိ ဆဋ္ဌမမြောက်တောင်သခင်ကြီးကို ကြည့်လိုက်သည်။

“ ရွှီချင်း၊ ဘိုးဘေးရဲ့ စာလိပ်လည်း ယူခဲ့။ ဘိုးဘေးရဲ့ စကားတွေမှာ နတ်အစွမ်းတွေ ရှိတယ်။ ဘိုးဘေးရဲ့စာလိပ်နဲ့ ငါ့အကာအကွယ်ကို မင်း ယူထား။ ငါ့နောက်ကနေ ကြယ်ငါးမျိုးနွယ်ကို လိုက်ခဲ့ပြီး မင်းစိတ်ထဲ ရှိတဲ့အတိုင်း သတ် ”

“ ငါတို့နှစ်ယောက်လုံးရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ကြမယ် ”

ဆဋ္ဌမမြောက်တောင်သခင်ကြီးက အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ဆဋ္ဌမမြောက်တောင်ဆီသို့ ဦးတည်သွားလိုက်ပြီး တောင်ပေါ်ခြေချလိုက်သည်။

ရွှီချင်းက လေးပင်စွာ ခေါင်းညိတ်လိုက်သည်။ သူ့ရင်ထဲတွင် လူသတ်ချင်စိတ်များ ထူထပ်သိပ်သည်းစွာ ရှိနေသည်။ သူ လူသတ်ချင်နေပြီး မြင်သမျှ ကြယ်ငါးမျိုးနွယ်ဝင်တိုင်းကို သတ်ဖြတ်ချင်သည်။ ကြယ်ငါးမျိုးနွယ်၏ ခေါင်းဆောင်ကိုလည်း သတ်ဖြတ်ချင်နေပြီး သွေးချောင်းစီးသွားသည့်တိုင်အောင် ကြယ်ငါးမျိုးနွယ်ဝင်တိုင်းကို သတ်ချင်နေသည်။

ထိုသို့မဟုတ်ပါက သူ့ရင်ထဲတွင် အမြစ်တွယ်နေသော မုန်းတီးခြင်းများအား လွင့်ပျောက်ရန် ခက်ခဲပေမည်။

ထိုသို့မဟုတ်ပါက သူ့ဆရာ သေဆုံးရာ၌ အဖော်ပြုပေးမည့်သူ လုံလုံလောက်လောက် ရှိနေမည် မဟုတ်ပေ။

“ ဆဋ္ဌမမြောက်တောင်သခင်ကြီးရဲ့အမိန့်ကို ကျုပ် နာခံပါတယ် ”

ရွှီချင်းက လက်နှစ်ဖက်ဆုပ်၍ ဆိပ်ကမ်းသို့ ဦးတည်သွားသည်။ ပြတိုက်သို့ သူ ရောက်သောအခါ ပြတိုက်ထဲရှိ ရွှေအမြုတေအဆင့်အကြီးအကဲနှစ်ယောက်၏ နှုတ်ဆက်စကားသံများကြားတွင် ဘိုးဘေး ပေးခဲ့သည့် စာလိပ်ကို ယူ၍ ဆဋ္ဌမမြောက်တောင်ထိပ်သို့ လှည့်ထွက်သွားသည်။

နောက်ဆုံး၌ သူ့ကို စောင့်နေသော ခေါင်းဆောင်နှင့်အတူ သူတို့နှစ်ယောက်လုံး ဆဋ္ဌမမြောက်တောင်ထိပ်ပေါ် တက်လိုက်ကြသည်။ ဝေဟင်ထဲရှိ ဧရာမတောင်ကြီးသည် နောက်တစ်ကြိမ် တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး လောကကြီးတစ်ခုလုံး ပုံပျက်ရှုံ့တွသွားသည်။

ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် လေထုကို ထိုးခွင်း၍ တားမြစ်ပင်လယ်သို့ ဦးတည်လိုက်သည်။

ထို့နောက် တောင်ကြီး ဝိုးတဝါး ဖြစ်သွားပြီး တောင်ကြီးတစ်ခုလုံး တည်နေရာရွှေ့ပြောင်းသွားသည်။

ကြယ်ငါးမျိုးနွယ်ဆီသို့ ….

All Chapters