ဒေါသမီးလျှံ
Vol. 20 Ch. 298
ဆဋ္ဌမတောင်ကြီးတစ်ခုလုံး ဗျူဟာမြောက်ခံတပ်ကြီးတစ်ခုအဖြစ် ဆဋ္ဌမမြောက်တောင်သခင်ကြီး ပြောင်းလဲခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ထိုဆဋ္ဌမမြောက်တောင်ကြီးတွင် ဓမ္မအသုံးအဆောင်များ မည်မျှများပြားစွာ ရှိနေပြီး ထိုတောင်ကြီးက မည်မျှအစွမ်းထက်သည်ကို သူမှလွဲ၍ တစ်ယောက်မှ မသိကြပေ။
ယင်းသည် ပထမဆုံးအကြိမ်အဖြစ် ထိုခံတပ်ကြီး အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။
၎င်း၏အစွမ်းအပြည့်အဝကို ထုတ်မသုံးနိုင်သေးသော်လည်း ပင်လယ်ပြင်၌ တည်နေရာရွှေ့ပြောင်းခြင်းသည်ပင် လူအားလုံး၏စိတ်ကို တုန်ရီသွားစေရန် လုံလောက်သည်။
ထိုတည်နေရာရွှေ့ပြောင်းခြင်းသည် သာမန်တည်နေရာရွှေ့ပြောင်းခြင်းမျိုး မဟုတ်ပေ။ တောင်ကြီးတစ်ခုလုံးကို တည်နေရာရွှေ့ပြောင်းရန်မှာ ထိုတောင်ကြီးက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ဖော်ပြနေပေသည်။
ခဏအကြာ တားမြစ်ပင်လယ်အထက်ရှိ ကောင်းကင်ယံတွင် ထိုဧရာမတောင်ကြီး ရုပ်လုံးပေါ်လာပြီး ရှေ့သို့ တဟုန်ထိုး ပျံသန်းသွားသည်။
ထိုတောင်ကြီး ဖြတ်သန်းသွားသည့်အခါတိုင်း အောက်ဘက်ရှိ ပင်လယ်ပြင်မှာ ရေလှိုင်းများ တဝုန်းဝုန်း ရိုက်ခတ်သွားသည်။ မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများမှာ ပင်လယ်မျက်နှာပြင်သို့ ထွက်မလာဝံ့ကြဘဲ ပင်လယ်ကြမ်းပြင်၌သာ တုန်ရီနေကြသည်။
ဘေးပတ်လည်ရှိ ကုန်တင်သင်္ဘောကြီးများမှာ ပင်လယ်ပြင်ပေါ်တွင် လွင့်မျောနေသော သစ်ရွက်များပမာ ဖြစ်သွားသည်။ ထိုသင်္ဘောကြီးများပေါ်ရှိ ကျင့်ကြံသူများသည် အထက်ကောင်းကင်ယံရှိ ဧရာမတောင်ကြီးကို မြင်သောအခါ သူတို့ ခံစားနေရသည်ကို ‘ တအံ့တသြ ဖြစ်သွားသည် ’ ဟူသောစကားဖြင့် ဖော်ပြရန် မလုံလောက်တော့ပေ။
ရွှီချင်းသည်လည်း ထိုနည်းတူ ခံစားနေရသည်။ ခေါင်းဆောင်ပင် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ နီမြန်းနေသော မျက်လုံးများဖြင့် ဘယ်ညာကို လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်ရှေ့၌ သေရည်အိုးကို ကိုင်ကာ အဝေးသို့ စူးစိုက်ကြည့်နေသော ဆဋ္ဌမမြောက်တောင်သခင်ကြီး ရှိသည်။
ဆဋ္ဌမမြောက်တောင်သခင်ကြီး၏မျက်နှာသည် သုန်မှုန်နေပြီး သူ့ကိုယ်ထဲမှာ သွေးများ တပွက်ပွက်ထနေဟန်တူသည်။ သူ၏လူသတ်ချင်စိတ်များသည် ကောင်းကင်ကြီးကိုပင် သက်ရောက်သွားပြီး ဆဋ္ဌမမြောက်တောင်ကြီး သွားနေသည်နှင့်အမျှ ကောင်းကင်ယံမှ တဂျိမ်းဂျိမ်းမြည်နေတော့သည်။ မြွေများပမာ မိုးကြိုးလျှပ်စီးများ ဘေးပတ်လည်တွင် ပေါက်ကွဲသွားသည်။
“ ကြယ်ငါးမျိုးနွယ်က မျိုးနွယ်စုလေးတစ်ခုပဲ။ ချီရွှဲ့ထုံဂိုဏ်းကို မပြောနဲ့ ရေသူမမျိုးနွယ်ကိုတောင် ယှဉ်နိုင်တာ မဟုတ်ဘူး။ အဲဒီမျိုးနွယ်မှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ခုနစ်ယောက်ပဲ ရှိတာ။ အခု သုံးယောက် သေသွားတော့ လေးယောက်ပဲ ကျန်တော့တယ် ”
ဆဋ္ဌမမြောက်တောင်သခင်ကြီးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မျိုးနွယ်ရဲ့အစွမ်းထက်ဆုံးဖြစ်တဲ့ ကြယ်ငါးမျိုးနွယ်ဘိုးဘေးက ရွှေအမြုတေအဆင့်အထွတ်အထိပ်မှာ ရှိတယ်။ဒါပေမဲ့ သူက အဆင့်တက်တာကြာနေတာကို ဖုံးကွယ်ထားတယ်လို့ ငါ သံသယဝင်နေတယ်။ သူကလွဲပြီး ကျန်တဲ့ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်က အစောပိုင်းအဆင့်မှာပဲ ရှိတာ ”
“ အဲဒီအစောပိုင်းရွှေအမြုတေအဆင့်မျိုးနွယ်တွေထဲမှာ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်လည်း ပါတယ်။ သူက ကြယ်ငါးဘိုးဘေးရဲ့သားဖြစ်လို့ ခေါင်းဆောင်ဖြစ်နေတာ ”
“ အဲဒါက မျိုးနွယ်စုလေးတစ်ခုပါ။ အဲဒီလိုမျိုးနွယ်စုလေးတစ်ခုက ချီရွှဲ့ထုံဂိုဏ်းနဲ့ တခြားမျိုးနွယ်တွေအားလုံးကို ရန်စလောက်အောင် သတ္တရှိနေတယ်ဆိုတော့ ဘယ်လိုပဲကြည့်ကြည့် တစ်ခုခု လွဲနေတယ် ”
“ ဒီတော့ အဲဒီတိုက်ပွဲမှာ ရွှီချင်း၊ မင်း ပိုပြီး ဂရုစိုက်ရမယ်။ ကြယ်ငါးမျိုးနွယ်မှာ ကြီးကျယ်တဲ့ လျှို့ဝှက်ချက်တွေ ရှိလောက်တယ် ”
ဆဋ္ဌမမြောက်တောင်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ရွှီချင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
ခေါင်းဆောင်က စကားမပြောပေ။ ရွှီချင်းနှင့် ဆဋ္ဌမမြောက်တောင်သခင်ကြီးတို့ သူ့အား ဂရုစိုက်မနေသည့်အချက်ကို အခွင့်အရေးယူ၍ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲများကို ထိကြည့်လိုက်သည်။ သူ့မျက်လုံးများ ပို၍ ဝင်းလက်လာသည်။ ထိုရတနာကို သူ အလွန်သဘောကျနေသည်မှာ သိသာသည်။
သို့သော်လည်း ခေါင်းဆောင် ကြာကြာမစစ်ဆေးနိုင်သေးခင် ဆဋ္ဌမမြောက်တောင်ထပ်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြန်သည်။ ယခုတစ်ခေါက်တွင် ကြယ်ငါးမျိုးနွယ်အထက်ရှိ လေထဲတွင် ပေါ်လာသည်။
ကြယ်ငါးမျိုးနွယ်သည် ချီရွှဲ့ထုံဂိုဏ်းနှင့် ရေသူမကျွန်းများအကြားတွင် တည်ရှိသည်။ ထိုမျိုးနွယ်မှာ ကျွန်းတစ်ကျွန်းသာရှိပြီး အပေါ်စီးမှကြည့်ပါက ဧရာမကြယ်ငါးကြီးပုံစံဖြစ်နေသည်ကို မြင်နိုင်ပေမည်။ သို့သော်လည်း ထိုပုံပန်းသွင်ပြင်ဖြစ်အောင် ကြယ်ငါးမျိုးနွယ်က ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း သိနိုင်သည်။ ဤနေရာတွင် ထိုကဲ့သို့ ဧရာမကြယ်ငါးကြီး ရှိနေသည်မှာ မဖြစ်နိုင်သည် မဟုတ်ပါလား။
ကျွန်းပေါ်၌ မြို့ကြီးငါးမြို့ရှိသည်။ အဆောက်အအုံအများစုကို သန္တာကျောက်များဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ထိုကျွန်း၏ အကြီးကျယ်ဆုံး သွင်ပြင်လက္ခဏာမှာ ကျွန်းပေါ်၌ သန္တာကျောက်သစ်ပင်များ မရေမတွက်နိုင်လောက်အောင် ပေါက်နေခြင်းဖြစ်သည်။
ထိုသစ်ပင်များသည် သန္တာကျောက်များပုံစံရှိသော သစ်ပင်အမျိုးအစားများ ဖြစ်ကြသည်။ သစ်ပင်တစ်ပင်ချင်းစီက အလွန် မြင့်မားပြီး ညအခါတွင် အရောင်ငါးရောင်ထုတ်လွှတ်ကာ နေ့အခါတွင် မီးခိုးရောင်ဖျော့ဖျော့ထုတ်လွှတ်လေသည်။
ထိုဧရာမသန္တာကျောက်သစ်ပင်ကြီးများပေါ်၌ အဆောက်အအုံများစွာ တည်ဆောက်ထားသည်။ ကြယ်ငါးမျိုးနွယ်တွင် မျိုးနွယ်ဝင်တစ်သိန်းခန့်ရှိသည်။ ချီရွှဲ့ထုံဂိုဏ်း၏ အရိပ်အာဝါသအောက်တွင် ကြယ်ငါးမျိုးနွယ်သည် ဘေးဒုက္ခများစွာ ရင်မဆိုင်ခဲ့ရဘဲ တည်ငြိမ်အေးချမ်းနေခဲ့သည်။
ဆဋ္ဌမမြောက်တောင်ကြီး ရုတ်တရက် ပေါ်လာခြင်းကြောင့် ကြယ်ငါးမျိုးနွယ်ဝင်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ထိုဧရာမစစ်ခံတပ်ကြီးကို သူတို့ မမှတ်မိပါသော်လည်း မျိုးနွယ်ထဲမှ ထိပ်သီးကျင့်ကြံသူများက ချီရွှဲ့ထုံဂိုဏ်း၏ ကျင့်ကြံခြင်းအငွေ့အသက်များအား အာရုံခံမိလိုက်ကြသည်။
ထို့ကြောင့် ဆဋ္ဌမမြောက်တောင်ကြီး ရုပ်လုံးပေါ်လာချင်း ကြယ်ငါးမျိုးနွယ်ထဲမှ နတ်အာရုံတစ်ခု ပျံ့လွင့်လာသည်။
“ ဒါ ချီရွှဲ့ထုံဂိုဏ်းလား။ ကျုပ်တို့မျိုးနွယ်ကို ဘယ်ဆရာကြီးများ ကြွရောက်လာတာလဲခင်ဗျာ။ ဂရုမစိုက်မိသလိုဖြစ်သွားခဲ့ရင် ကျုပ်ကို ခွင့်လွှတ်ပေးပါ ”
နတ်အာရုံနှင့်အတူ အရောင်ငါးရောင်တာအိုဝတ်ရုံဝတ်အဘိုးအိုတစ်ဦး ပေါ်လာသည်။
ထိုအဘိုးအိုသည် ပြုံးနေပြီး သူ မည်သည့်အရာအား တွေးတောနေသည်ကို ပြောရန် မဖြစ်နိုင်ပေ။ သူက လေထဲသို့ ပျံတက်လာကာ ဆဋ္ဌမမြောက်တောင်သခင်ကြီးကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။
သို့သော်လည်း သူ့ကို တုန့်ပြန်လိုက်သည်မှာ လူသတ်ချင်စိတ်များမှ အသွင်ပြောင်းလဲသွားသော ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ လက်ချောင်းဖြစ်သည်။
သူ့လက်ချောင်း ချလိုက်သည်နှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားသော ဆဋ္ဌမမြောက်တောင်ကြီးက ခြေဆောင့်ချလိုက်သည့်အလား ကြယ်ငါးမျိုးနွယ်ကို ဝုန်းခနဲ ဖိချလိုက်သည်။
ထိုဖိအားအောက်တွင် လောကကြီးတစ်ခုလုံး တဝုန်းဝုန်းမြည်ဟည်းသွားကာ ကြယ်ငါးမျိုးနွယ်ကျွန်းများပေါ်ရှိ တောင်များအားလုံးတွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ယင်းနောက် ထိုတောင်များအားလုံး ပေါက်ကွဲကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။
မြေပြင်ရှိ နေရာအများစုသည်ပင် ပြိုကွဲကာ ချိုင့်ဝင်သွားသည်။
ကြယ်ငါးမျိုးနွယ်ဝင်ဘိုးဘေးမှာ သိသိသာသာ မျက်နှာပျက်သွားသည်။
“ ဆဋ္ဌမမြောက်တောင်သခင်ကြီး ဒါ ဘာလုပ်တာတုံး ”
“ ဘာလုပ်တာတုံး ဟုတ်လား။ မင်းကများ ငါ့ကို ပြန်မေးနေသေးတယ် ”
ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် သူ့ရင်ထဲမှ လူသတ်ချင်စိတ်များကို ဖိနှိပ်မနေတော့ပေ။ သူက လေထဲသို့ ခြေချလိုက်ရာ ကြယ်ငါးမျိုးနွယ်၏ ဘိုးဘေးရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူက ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။
ကောင်းကင်ကြီး မျောင်မည်းလာပြီး နေမင်းနှင့် လမင်းတို့၏ အရောင်အဝါများ ဖျော့တော့လာသည်။
ကြယ်ငါးမျိုးနွယ်၏ ဘိုးဘေးမှာ မရှောင်တိမ်းနိုင်သည်ဖြစ်၍ သူ့ခေါင်းကို ဆဋ္ဌမမြောက်တောင်သခင်ကြီး ဖမ်းဆုပ်မိသွားသည်။ ဆဋ္ဌမမြောက်တောင်သခင်ကြီးက သူ့ခေါင်းကို အညှာအတာမဲ့စွာ ဖိချေပစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားသည်။
၎င်း ပေါက်ကွဲသွားပါသော်လည်း ကြယ်ငါးပုံစံ သွေးအရိပ်တစ်ခု ပျံထွက်လာပြီး မနီးမဝေးတစ်နေရာတွင် ခန္ဓာဖြင့် ပြန်ဖြစ်သွားသည်။ ၎င်းက သွေးများ ထွေးထုတ်လိုက်ပြီး ကြောက်လန့်တုန်ရီစွာဖြင့် အလျင်အမြန် နောက်ဆုတ်သွားသည်။
“ ဆဋ္ဌမမြောက်သခင်ကြီး၊ နားလည်မှုလွဲတာပါ ”
ဆဋ္ဌမမြောက်တောင်သခင်ကြီးက ခန္ဓာပြန်လည်စုစည်းသွားသော ကြယ်ငါးမျိုးနွယ်ဝင်ဘိုးဘေးကို အေးတိအေးစက်ကြည့်လိုက်သည်။
“ ခန့်မှန်းထားသလို မင်းက ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခဲ့တာပဲ။ ယွမ်ယင်အဆင့်ကိုတောင် ရောက်နေပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အဲဒါမှလဲ စိတ်ဝင်စားဖို့ကောင်းမှာ။ သားတစ်ယောက်ဆုံးရှုံးရတဲ့နာကျင်မှုကို နှစ်တွေအကြာကြီး ငါ့ကို ခံစားရအောင် မင်း လုပ်ခဲ့တယ်။ မင်းတို့မျိုးနွယ်၊ မင်းပိုင်နက်၊ မင်းမှာရှိသမျှအရာအားလုံး မင်းရှေ့မှာပျက်စီးသွားတဲ့ နာကျင်မှုအရသာကို မင်းကို မြည်းစမ်းခိုင်းမယ် ”
ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ပြောပြီးသည်နှင့် ညာလက်ကို မြှောက်၍ မန္တန်လက်ကွက်များဖော်ကာ ဖိချလိုက်သည်။
ရုတ်တရက် အောက်ဘက်ရှိ ကြယ်ငါးမျိုးနွယ်ပေါ်သို့ ဆဋ္ဌမမြောက်တောင်ကြီး ဆင်းသက်လာသည်။
တောင်ကြီးက လုံးလုံးလျားလျား အောက်သို့ ကျသွားခြင်းမရှိဘဲ လေထဲရှိ ပေတစ်သောင်းအကွာတွင် ရပ်သွားသည်။ တောင်ကြီးမှ အပြာရောင်မီးတောက်များ ထွက်လာပြီး ကျွန်းတစ်ကျွန်းလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
အဝေးမှကြည့်ပါက အပြာရောင်မီးတောက်များက မြေပြင်သို့ ကျဆင်းနေသော ကောင်းကင်မီးတောက်များပမာ ဖြစ်နေပြီး ဘေးပတ်လည်ရှိ အရာအားလုံးကို လွှမ်းခြုံသွားသည်။ ၎င်းသည် မြေပြင်သို့ ဥက္ကာခဲကျဆင်းသွားသည်နှင့်လည်း ဆင်တူပြီး တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ပြင်းထန်သောအပူရှိန်အောက်တွင် ပင်လယ်ရေများ မြင့်တက်လာပြီး ကြယ်ငါးမျိုးနွယ်ကျွန်းပေါ်ရှိ မရေမတွက်နိုင်သော အဆောက်အအုံများသည်လည်း ချက်ချင်း မီးလောင်ကျွမ်းသွားသည်။ နေရာအနှံ့မှ စူးစူးဝါးဝါး အော်ဟစ်သံများ လွင့်ပျံလာသည်။
“ သန့်စင်မယ် ”
“ မင်းရဲ့မျိုးနွယ်၊ မင်းရဲ့ပိုင်နက်၊ မင်းရဲ့သွေးမျိုးဆက်အားလုံးကို ငါ သန့်စင်မယ်။ မင်းရဲ့ ကြယ်ငါးမျိုးနွယ်ကို အရှင်လတ်လတ် သန့်စင်ပြီး ဖယောင်းတိုင် လုပ်မယ်။ ပြီးရင် ငါ့သားရဲ့အုတ်ဂူရှေ့မှာ နေ့ရောညရော ထွန်းထားမယ် ”
ဆဋ္ဌမမြောက်တောင်သခင်ကြီးက ရူးသွပ်ခြင်းအပြည့်ဖြင့် ပြောလိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ဆဋ္ဌမမြောက်တောင်ပေါ်မှာ စစ်အသုံးအဆောင်ပစ္စည်းများစွာ ပေါ်လာပြီး အလင်းတန်းများအသွင်ဖြင့် ကြယ်ငါးမျိုးနွယ်သို့ ပြေးဝင်သွားသည်။
ရုပ်သေးရုပ်များသည်လည်း လူသတ်ငွေ့များ တဟုန်းဟုန်း တောက်လောင်နေလျက် ကြယ်ငါးမျိုးနွယ်သို့ ပြေးသွားကာ စတင်သတ်ဖြတ်လိုက်ကြသည်။
ဆဋ္ဌမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများနှင့် အကြီးအကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြသည်။
ကြယ်ငါးမျိုးနွယ်ဘိုးဘေး၏မျက်နှာ သုန်မှုန်သွားသည်။ သူတို့ကို သူ ရပ်တန့်ရန်ပြင်လိုက်စဉ်မှာပင် ဆဋ္ဌမမြောက်သခင်ကြီးက သူ့ရှေ့သို့ ရိပ်ခနဲ ရောက်လာသည်။
ကြယ်ငါးမျိုးနွယ်ဘိုးဘေးမှာ နောက်ထပ်သွေးတစ်ပွက် အန်သွားသည်။ သူ့မျက်လုံးများ နီမြန်းလာပြီး သူ့မျက်လုံးအိမ်များထဲတွင် ငွေရောင်မျဉ်းတစ်ကြောင်း ဖျပ်ခနဲ လက်သွားသည်။ သူ့အရှိန်အဝါများ မြင့်တက်လာပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်သို့ မုန်တိုင်းတစ်ခုအသွင်ဖြင့် ထွက်ပေါ်လာပါသော်လည်း ဆဋ္ဌမမြောက်သခင်ကြီးက သူ့ကို ဖိနှိပ်ထားဆဲပင်။
တချိန်တည်းမှာပင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည်လည်း မြေပြင်သို့ ခုန်ဆင်းသွားကြသည်။
ရွှီချင်းက သန္တာကျောက်သစ်ပင်ပေါ်သို့ ကျသွားသည်။
မီးခိုးရောင်သန္တာကျောက်သစ်ပင်သည် ဖိအားကို မခံနိုင်ဘဲ ကျိုးသွားသည်။ ရွှီချင်း၏ မျက်လုံးများ သွေးချင်းချင်း နီရဲလာသည်။ ယခုတိုင်အောင် သူ ချုပ်တည်းထားခဲ့ရသော လူသတ်စိတ်များကို နောက်ထပ် မထိန်းချုပ်နိုင်တော့ပေ။ ကြယ်ငါးမျိုးနွယ်ဝင်များထံသို့ သူ တဟုန်ထိုး ပြေးဝင်သွားသည်။
ခေါင်းဆောင်သည် တိုက်ပွဲတွင် ဝင်မပါပေ။ သူက ဆင်းသက်လာပြီးနောက် ရွှီချင်းနောက်သို့ တိတ်တဆိတ် လိုက်သွားသည်။ ထိုသို့ သူ လိုက်သွားရခြင်းမှာ ရွှီချင်း၏ ရင်ထဲရှိ အစိုင်အခဲက အလွန် ကြီးမားနေသည်ကို သူ သိသောကြောင့် ဖြစ်သည်။ ထိုအစိုင်အခဲမှာ အသက်ပေါင်းများစွာ နှုတ်ယူပြီးသောအခါမှသာ ပြေပျောက်နိုင်မည် ဖြစ်သည်။
သူ့အတွက် ကြယ်ငါးမျိုးနွယ်က အရေးမပါပေ။ သတ္တမမြောက်သခင်ကြီး၏ လျှို့ဝှက်ညွှန်ကြားချက်အရဖြစ်စေ၊ ရွှီချင်းနှင့် မိတ်ဆွေဆက်ဆံရေးကြောင့်ဖြစ်စေ ရွှီချင်းကို ဤအခြေအနေမှ ပြန်လည်သက်သာစေရန်သာ သူ မျှော်လင့်နေသည်။
ထို့ကြောင့် ယခုတစ်ခေါက် ရွှီချင်းနောက်သို့ လိုက်လာခဲ့ခြင်းမှာ ရည်ရွယ်ချက်တစ်ခုသာ ရှိပြီး ထိုရည်ရွယ်ချက်က ရွှီချင်းကို အဖော်ပြုပေးရန် ဖြစ်သည်။
“ ညီလေး၊ သတ် … ဒီလောကပျက်ကြီးထဲမှာ သတ်ဖြတ်တာက တစ်ခုတည်းသော စိတ်ထွက်ပေါက်ပဲ။ အရင်တုန်းက ငါလည်း ဒီလို ကြုံခဲ့ရတာပဲ။ မျိုးနွယ်စုနည်းနည်းလောက်ကို ငါတို့ မဖျက်ဆီးပစ်ရင် တခြားသူတွေက ငါတို့ကို ဘယ်လိုလုပ် လေးစားကြမှာတုံး ”
ခေါင်းဆောင်က ရူးသွပ်ခြင်းအပြည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။
ရွှီချင်းမှာမူ စတင်သတ်ဖြတ်နေပြီ ဖြစ်သည်။
ရွှီချင်း၏ကိုယ်ထဲမှ သက်စောင့်မီးလုံးများ တောက်လောင်နေပြီး သူ့ခန္ဓာကိုယ်အပြင်ဘက်တွင သံတုတ်နက်လေးက အဆင်သင့်တိုက်ခိုက်နေပြီဖြစ်သည်။ ရွှီချင်း၏ အကြည့်ရောက်သွားသည့်နေရာတိုင်း သံတုတ်နက်လေးက သွားရောက်တိုက်ခိုက်တတ်သည်။ ခဏအကြာ ကျွန်းတစ်ကျွန်းလုံး တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေတော့သည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ကြယ်ငါးမျိုးနွယ်၏ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ရှေ့သို့ သူ ရိပ်ခနဲ ရောက်သွားသည်။
ထိုကျင့်ကြံသူ မလှုပ်ရှားနိုင်သေးခင် ရွှီချင်းက ထိုသူကို အညှာအတာကင်းမဲ့စွာ ထိုးနှက်လိုက်ပြီဖြစ်သည်။ ထိုသူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ ပေါက်ကွဲသွားသည်။
ထိုသူ၏ အသွေးအသားများထဲတွင် ငွေရောင်ပိုးကောင်များကဲ့သို့ အမျှင်တန်းတချို့ ရှိသည်။ ထိုအချိန်၌ ကြယ်ငါးမျိုးနွယ်ဝင် သေဆုံးသွားသည်ဖြစ်၍ ထိုပိုးကောင်များမှာ တွန့်လိမ်ရှုံ့တွကာ ခြောက်ကပ်လာသည်။
ရွှီချင်းသည် လှမ်းကြည့်လိုက်ပြီး မနီးမဝေးရှိ ကြယ်ငါးမျိုးနွယ်၏ ဘိုးဘေးဘုရားကျောင်းသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထိုနေရာသည် ကြယ်ငါးမျိုးနွယ်၏ ခေါင်းဆောင် အမြဲ ကျင့်ကြံကာ ဆေးလုံးများ ဖော်စပ်လေ့ရှိသည့် နေရာဖြစ်သည်။
ကြယ်ငါးမျိုးနွယ်သို့ လာရာလမ်းတစ်လျှောက်တွင် ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ဝိညာဉ်များအား ရှာဖွေခြင်းမှ ရခဲ့သည့်သတင်းအချက်များကို သူ့အား ပြောပြခဲ့သည်။ သူတို့တာဝန်များသည်လည်း ခွဲခြားထားသည်။ ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် ကြယ်ငါးမျိုးနွယ်၏ ဘိုးဘေးနှင့် ကြယ်ငါးမျိုးနွယ်တစ်ခုလုံးကို လက်စားချေရန် သန့်စင်ချင်နေပြီး ရွှီချင်း၏ပစ်မှတ်မှာမူ သမားတော်ကြီးပိုင်ကို လုပ်ကြံရန် အမိန့်ပေးခဲ့သော ကြယ်ငါးမျိုးနွယ်၏ ခေါင်းဆောင် ဖြစ်သည်။
ရွှီချင်း၏ခန္ဓာကိုယ်ထဲမှာ တဟုန်းဟုန်း တောက်လောင်နေသော မီးတောင်ကြီးတစ်ခု ရှိနေဟန်တူပြီး သူသည် ကြယ်ငါးမျိုးနွယ်၏ ဘိုးဘေးဘုရားကျောင်းသို့ တဟုန်ထိုး ပြေးသွားသည်။
သူ ဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်ယံမှ အပြာရောင်မီးတောက်များ ကျဆင်းလာကာ အဆောက်အအုံများအားလုံး လောင်ကျွမ်းသွားသည်။ မီးတောက်များထဲတွင် ကြယ်ငါးမျိုးနွယ်ဝင်များ မရေမတွက်နိုင်လောက်အောင် ရှိနေပြီး နာကျင်စွာ အော်ဟစ်ညည်းညူနေကြသည်။
ပြင်းထန်သော အပူရှိန်ကြောင့် မြေသားပင် အရည်ပျော်နေသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်သည်။ အပြာရောင်မီးတောက်များက မြေအောက်အလွှာအထိ စိမ့်ဝင်ကာ သန့်စင်ချင်နေသည့်အလားပင်။
ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ စိတ်ဓာတ်ကို ဆက်ခံထားသော ရုပ်သေးရုပ်များသည်လည်း နေရာအနှံ့တွင် သတ်ဖြတ်နေကြသည်။ ဆဋ္ဌမမြောက်တောင်ထိပ်ဂိုဏ်းသားများသည်လည်း ဆဋ္ဌမမြောက်တောင်သခင်ကြီး၏ အမိန့်ကို နာခံ၍ သတ်ဖြတ်နေကြသည်။
ကြယ်ငါးမျိုးနွယ်တစ်ခုလုံး ရုန့်ရင်းဆတ်ခန် ဖြစ်နေသည်။ သန္တာကျောက်သစ်ပင်များ တစ်ပင်ပြီးတစ်ပင် ပြိုလဲသွားပြီး မြေပြင်မှာ ကျဉ်းကြီးများ ပေါ်လာသည်။ ယခုအခါ မြို့ကြီးငါးမြို့အနက် သုံးမြို့မှာ အပြာရောင်မီးပင်လယ်ကြီး လွှမ်းခြုံနေပြီဖြစ်သည်။
ရွှီချင်းသည် သူ့ကို ဟန့်တားရန် ပြင်လာသော ကြယ်ငါးမျိုးနွယ်ဝင်ဆီသို့ ရိပ်ခနဲ ချဉ်းကပ်သွားကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ ရွှေကျီးကန်းက ဂီးခနဲ အော်မြည်လိုက်ပြီး တခဏလေးအတွင်း ထိုကျင့်ကြံသူ အလောင်းဖြစ်သွားသည်။
ရွှီချင်းမှာ အရှိန်လျော့မသွားဘဲ ဆက်သွားသည်။ ရွှေကျီးကန်းသည် ဝတ်ရုံကို တရွတ်တိုက် ဆွဲနေသည့်အလား အမြီးတောက်များနှင့်အတူ ရွှီချင်းနောက်မှ လိုက်ပါလာသည်။ ရွှီချင်းပတ်လည်တွင် အနက်ရောင်မြူခိုးအများအပြားလည်း ရစ်သိုင်းလာပြီး လေထဲတွင် သွေးအေးသောမျက်နှာကြီးတစ်ခု ပေါ်လာသည်။ ထိုမျက်နှာကြီးထဲတွင် ပိုးကောင်နက်များ ထူထပ်သိပ်သည်းစွာ ရှိနေသည်။
အရိပ်နှင့် သံတုတ်နက်လေးသည်လည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
အဝေးမှကြည့်ပါက ရွှီချင်းသည် လောကကြီးသို့ ဆင်းသက်လာသည့် အကြင်နာမဲ့နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။ သူ သွားသည့်နေရာတိုင်း ဟန့်တားသည့်အရာမှန်သမျှ ဇီဝိန်ချုပ်သွားကြရသည်။