သွေးခင်းလမ်း
Vol. 20 Ch. 199
ကောင်းကင်ယံ၌ ဆဋ္ဌမမြောက်တောင်သခင်ကြီးသည် တဟားဟား ရယ်မောနေသည်။
ထိုရယ်မောသံတွင် စိတ်ထိခိုက်ကြေကွဲခြင်းများ၊ ဖော်ပြ၍မရနိုင်သော ဝမ်းနည်းပူဆွေးခြင်းများ ရောယှက်နေပြီး နှစ်ပေါင်းများစွာကြာ မျိုသိပ်ထားခဲ့ရသည့် ရူးသွပ်ခြင်းများလည်း ရှိနေသည်။
အမှတ်ခြောက်သခင်ကြီး၏ တိုက်ခိုက်မှုအောက်တွင် ကြယ်ငါးမျိုးနွယ်ဘိုးဘေး၏ ခန္ဓာကိုယ်မှာ အကြိမ်ကြိမ်အခါခါ ပျက်စီးနေသည်။
ကြယ်ငါးမျိုးနွယ်ဘိုးဘေး၏ နတ်အစွမ်းက ထူးဆန်းပြီး ထပ်ခါထပ်ခါ ပျက်စီးသွားတိုင်း ခန္ဓာ ပြန်ဖြစ်လာသော်လည်း ထိုသို့ အကောင်းပကတိ ပြန်ဖြစ်လာလေလေ အမှတ်ခြောက်သခင်ကြီးက အရူးအမူး တိုက်ခိုက်လေပင်။
သူ့ရန်သူ ပိုနာကျင်ပြီး အော်ဟစ်ညည်းညူလေ လူသတ်ချင်စိတ်များ ပို၍ ပြင်းထန်လာလေပင်။
သူက ကြယ်ငါးမျိုးနွယ်ဘိုးဘေးကို အသက်ရှင်လျက် ပိုင်းဖြတ်လိုက်သည်။ အသွေးအသားများ ပြန့်ကျဲသွားပြီး အပြာရောင်မီးတောက်များအောက်တွင် ပြာများဖြစ်သွားသည်။
သို့သော်လည်း ယင်းသည် သူ့ရင်ထဲမှ အမုန်းတရားများကို ဖြေဖျောက်နိုင်စွမ်း မရှိပေ။
မြေပြင်၌ ရွှီချင်း၏ မျက်လုံးများ နီမြန်းနေသည်။
သူသည်လည်း အရူးအမူး သတ်ဖြတ်နေသည်။
ကြယ်ငါးမျိုးနွယ်ဘိုးဘေးဘုရားကျောင်းသို့ ခြေချလိုက်ကတည်းက သူနှင့် ထိပ်တိုက်တွေ့လိုက်ရသည့် ကြယ်ငါးမျိုးနွယ်ဝင်များအားလုံး သေမင်း၏လက်မှ မလွတ်မြောက်သွားခဲ့ပေ။
ရွှီချင်းသည် ညာလက်ကို မြှောက်လိုက်ရာ မိစ္ဆာမီးဓားမြှောင် ချက်ချင်း ဖြစ်တည်လာသည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကြယ်ငါးမျိုးနွယ်ဝင်တစ်ယောက်ရှေ့သို့ ရိပ်ခနဲ ရောက်သွားကာ လည်ပင်းကို အညှာအတာမဲ့စွာ ပိုင်းဖြတ်လိုက်သည်။
ကြယ်ငါးမျိုးနွယ်ဝင်၏ခေါင်း လွင့်ပျံသွားစဉ် နောက်ထပ်ကြယ်ငါးမျိုးနွယ်ဝင်တစ်ယောက်ရှေ့သို့ ရွှီချင်း ရောက်သွားသည်။
ရွှီချင်းက ထိုကျင့်ကြံသူ၏ ဗိုက်ကို ထပ်ခါထပ်ခါ ထိုးသွင်းလိုက်သည်။ ထို့နောက် ဓားမြှောင်ကို ဘေးသို့ ပစ်လိုက်ရာ ကြယ်ငါးမျိုးနွယ်ဝင်နောက်တစ်ယောက်၏ လည်ပင်းကို ထိုးဖောက်သွားသည်။ ဓားမြှောင်က ထိုကြယ်ငါးမျိုးနွယ်ဝင်ကို ပိုင်းဖြတ်ပြီးနောက် ရွှီချင်းထံ ပြန်ရောက်လာသည်။ ရွှီချင်းက ဓားမြှောင်ကို ဖမ်းကာ သူ့ရှေ့မှ ကြယ်ငါးမျိုးနွယ်ဝင်၏ခေါင်းကို ပိုင်းဖြတ်လိုက်သည်။
ရုတ်တရက် ခေါင်းပြတ်သွားသည်။ လဲကျနေသော အလောင်းများကြားတွင် ပျက်စီးနေသော အမျှင်ပုံစံ ပိုးကောင်များကို ရွှီချင်း မြင်လိုက်ရပြန်သည်။
ထိုပိုးကောင်များစွာ ရှိနေသည်။ တချို့ပိုးကောင်များက ရောထွေးနေပြီး တချို့ပိုးကောင်များက သီးခြားရှိနေကြသည်။ ထိုပိုးကောင်များကို ကြည့်ရသည်မှာ အလွန် ထူးဆန်းသည်။
ကြယ်ငါးမျိုးနွယ်ဝင်အားလုံးနီးပါး၏ ခန္ဓာကိုယ်များထဲတွင် ထိုပိုးကောင်များ ရှိနေသည်။ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ထိုပိုးကောင်များစွာ သူ မြင်ခဲ့ရသည်။ သူ့ကိုယ်ထဲသို့ ဝင်ရန် ကြိုးစားသည့် ပိုးကောင်တချို့ပင် ရှိသည်။
သို့သော်လည်း ထိုပိုးကောင်များက သူ၏အစွမ်းထက်သော ခန္ဓာအကာအကွယ်ကို မထိုးဖောက်နိုင်ဘဲ အပြာရောင်မီးတောက်များအောက်တွင် လောင်ကျွမ်းသွားသည်။
သို့သော်လည်း ထိုပိုးကောင်များ၌ အလျော့မပေးသော စိတ်ရှိသည်။ မီးတောက်များက ၎င်းတို့ကို ကျုံ့သွားအောင်သာ လောင်ကျွမ်းစေနိုင်ခဲ့ပြီး ချက်ချင်း သေသွားအောင် မလုပ်နိုင်ခဲ့ပေ။
နောက်ဆုံး၌ ရွှေကျီးကန်းကြီးက ၎င်းတို့ကို ဝါးမျိုကာ လက်စတုံးပစ်လိုက်သည်။
ထိုပိုးကောင်များက ထူးဆန်းပြီး ကြယ်ငါးမျိုးနွယ်ဝင်များ၏ စိတ်နှင့်ဝိညာဉ်အပေါ် သက်ရောက်နေဟန်တူသည်ကိုလည်း ရွှီချင်း သတိထားမိသည်။ ကြယ်ငါးမျိုးနွယ်ဝင်များ၏ မျက်လုံးများထဲတွင် ထိုပိုးကောင်များစွာ ဖြတ်ပြေးတတ်သည်ကို သူ မြင်လိုက်ရသောကြောင့် ထိုသို့ နားလည်သွားခြင်းလည်း ဖြစ်သည်။
သူတို့မျက်လုံးများထဲ ထိုပိုးကောင်များ ပေါ်လာသည့်အခါတိုင်း ရူးသွပ်ကာ အကြင်နာတရားကင်းမဲ့သွားကြသည်။
တချိန်တည်းမှာပင် ကြယ်ငါးမျိုးနွယ်ဝင်များစွာ၏ ဝိညာဉ်များကို သူ ဝါးမျိုခဲ့ပြီးဖြစ်ပါသော်လည်း သူ ဝါးမျိုခဲ့ရသည့် ဝိညာဉ်များက မပြည့်စုံနေသလို ခံစားနေရသည်။
ထိုဝိညာဉ်များမှ ရခဲ့သည့် မူလစွမ်းအားသည်လည်း အတူတူပင်။ ရွှေကျီးကန်းက သူတို့၏ မူလစွမ်းအားများကို စုပ်ယူခဲ့သည့်တိုင်အောင် များများစားစား မဟုတ်ပေ။
အပေါ်ယံကြည့်လျှင် ကြယ်ငါးမျိုးနွယ်တစ်ခုလုံး ပုံမှန်ဖြစ်ဟန်တူသော်လည်း အမှန်စင်စစ် ထူးဆန်းသော စွမ်းအားတစ်မျိုးက သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုကို ဝါးမျိုထားသည့်အလားပင်။
“ အမှတ်ခြောက်သခင်ကြီး ပြောတာမှန်လောက်တယ်။ ကြယ်ငါးမျိုးနွယ်က အပြောင်းအလဲတွေ နောက်ကွယ်မှာ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခု ရှိလောက်တယ် ”
ရွှီချင်းသည် အမှတ်ခြောက်သခင်ကြီး၏ စကားများကို ပြန်တွေးမိလိုက်ပါသော်လည်း ယခုအချိန်၌ ထိုစကားများက သူ့အတွက် အရေးမပါတော့ပေ။
ရွှီချင်း လှစ်ခနဲ လှုပ်ရှားသွားစဉ် သူ့နောက်မှ ရွှေကျီးကန်းက သူ့ကို တိုက်ခိုက်လာသည့် ကြယ်ငါးမျိုးနွယ်ဝင်ခြောက်ယောက်ကို လွှမ်းခြုံလိုက်သည်။ တချိန်တည်းမှာပင် သံတုတ်နက်လေးက မနီးမဝေးရှိ ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် ထိုးဖောက်နေသည်။
သံတုတ်နက်လေးက ထိုးဖောက်လိုက်သည့်အခါတိုင်း သက်စောင့်အားများကို ဖျက်ဆီးသော လျှပ်စီးများ ထုတ်လွှတ်တတ်သည်။
အရိပ်လေးသည်လည်း အတူတူပင်။ အရိပ်လွှမ်းမိုးသွားသည့်နေရာ၌ ကြယ်ငါးမျိုးနွယ်ဝင်အများစု၏ အရိပ်များမှာ မျက်လုံးများ ပွင့်လာပြီး သူတို့အရိပ်များကို အငမ်းမရ ဝါးမျိုလေသည်။ သူ ဝါးမျိုလိုက်သည့်အခါတိုင်း ရန်သူများကို ရွှီချင်းနှင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့က ဝင်ရောက်သတ်ဖြတ်ကြသည်။
သို့သော်လည်း အရိပ်လေးက လက်မလျော့ပေ။ ၎င်း အောင်မြင်စွာ ထိန်းချုပ်နိုင်သည့် လူအနည်းငယ် ရှိသည်။ ထိုထိန်းချုပ်ခံလူများသည် တခြားကြယ်ငါးမျိုးနွယ်ဝင်များထံ တဟားဟား ရယ်မောကာ ပြေးဝင်သွားပြီး သူတို့ကိုယ်သူတို့ ဖောက်ခွဲလိုက်ကြသည်။
သို့သော်လည်း ထိုအရာများသည် ရွှီချင်း၏ အစွမ်းထက်ဆုံး လူသတ်လက်နက်များ မဟုတ်သေးပေ။ သူ့နောက်မှ လိုက်နေသော ခေါင်းဆောင်ကို တုန်လှုပ်ချောက်ချားသွားစေသည်မှာ ရွှီချင်း၏ ပတ်လည်ရှိ အနက်ရောင်မြူများ ဖြစ်သည်။
ပိုးကောင်နက်များစုဝေးရာမှ ဖြစ်လာသော အနက်ရောင်မြူခိုးများသည် ရွှီချင်း၏ ပတ်လည်တွင် ဖြန့်ကျက်နေသည်။ ထိုမြူခိုးများ ဖြတ်သွားသည့်နေရာတိုင်း အရာအားလုံး ဝါးမျိုခံလိုက်ရသည်။ သန္တာကျောက်သစ်ပင်များဖြစ်စေ ကြယ်ငါးမျိုးနွယ်ဝင်များဖြစ်စေ အနက်ရောင်မြူခိုးများကို ထိမိလိုက်ပါက တွန့်လိမ်ရှုံ့တွကာ ဝါးမျိုခံလိုက်ရသည်။
မြူခိုးများထဲမှ စူးစူးဝါးဝါးအော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ အမျှင်တန်းကဲ့သို့ ပိုးကောင်များသည်ပင် ပိုးကောင်နက်လေးများအတွက် အစာဖြစ်သွားသည်။ သို့သော်လည်း ၎င်းတို့က ပိုးကောင်များကို ချောချောမွေ့မွေ့ မဝါးမျိုနိုင်ဘဲ အားအင်များစွာ စိုက်ထုတ်ရသည်။
မည်သို့ပင်ဖြစ်စေ ရွှီချင်း၏ နှလုံးသားထဲတွင် စုစည်းနေခဲ့သော ဝမ်းနည်းပူဆွေးစိတ်များကို စစ်မြေပြင်မှာ အကုန်အစင်ဖွင့်ထုတ်နေပြီ ဖြစ်သည်။ သူသည် ရှေ့ဆက်သွားကာ လမ်းတစ်လျှောက်ရှိ တွေ့သမျှမျိုးနွယ်ဝင်တိုင်းကို သတ်ဖြတ်သည်။ နောက်ဆုံး၌ ကြယ်ငါးမျိုးနွယ်၏ ဘိုးဘေးဘုရားကျောင်းသို့ ရောက်သောအခါ သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်းဖြစ်နေပြီး သူ့နောက်မှာ အလောင်းများ မရေမတွက်နိုင်အောင် ရှိသည်။
ဘိုးဘေးဘုရားကျောင်းအပြင်ဘက်၌ လူရိပ်လေးရိပ် တင်ပျဉ်ခွေထိုင်နေသည်။
ထိုလူရိပ်လေးရိပ်က ခေါင်းများကို တဖြည်းဖြည်း မော့လိုက်ရာ သွေးကြောများ ထောင်ထနေသော မျက်နှာများ ပေါ်လာသည်။ သူတို့သည် ကြယ်ငါးမျိုးနွယ်မှ ဖြစ်ကြပါသော်လည်း အနည်းငယ် ကွဲပြားသည်။ ပထမဆုံးအနေဖြင့် သူတို့ အရှိန်အဝါများပင်။ ထိုလေးယောက်၏ အရှိန်အဝါများက သက်စောင့်မီးလုံးသုံးလုံးကို ကျော်ပါသော်လည်း သက်စောင့်မီးလုံးလေးလုံးကို ရောက်သေးဟန်မတူပေ။
နောက်တစ်ချက်မှာ သူတို့ သွေးကြောများပင်။ ထိုသွေးကြောများအားလုံး လူးလွန့်နေပြီး ပိုးကောင်များ သွားလာနေကြသည့်အလားပင်။
သူတို့ ရွှီချင်းကို ကြည့်လိုက်သောအချိန်မှာပင် ရွှီချင်းသည် ဘိုးဘေးဘုရားကျောင်းထဲထိုင်ကာ ဆေးဖော်နေသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုသက်လတ်ပိုင်းကျင့်ကြံသူသည် ရွှေချည်မျှင်များဖြင့် ရက်လုပ်ထားသော အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့ခေါင်းပေါ်တွင် ဧကရာဇ်တစ်ပါး၏ သရဖူသဖွယ် ပစ္စည်းတစ်မျိုး ရှိသည်။
သူ့ကိုယ်မှ ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းအငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ့မျက်ခုံးမွေးနှစ်ခုကြားတွင် ကြယ်ငါးအမှတ်အသားတစ်ခု ရှိသည်။
ထိုသက်လတ်ပိုင်းလူ၏ မျက်နှာအမူအရာက အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအသွင် ဖြစ်သည်။ အပြင်ဘက်တွင် သွေးဆာနေသော လူသတ်သမားတစ်ယောက် ရောက်နေပြီး မျိုးနွယ်စုက ကပ်ဘေးနှင့် ရင်ဆိုင်နေရသည့်တိုင်အောင် သူ ဆေးဖော်မပြတ်ပေ။
သူ့အတွက် မျိုးနွယ်စုတစ်ခုလုံး ပျက်စီးသွားသည့်တိုင်အောင် အရေးမကြီးဘဲ ထိုဆေးပေါင်းဖိုထဲရှိ ဆေးလုံးများကို ဖော်စပ်နေခြင်းသည်သာ အရေးကြီးသည့်အလားပင်။
သူသည် ကြယ်ငါးမျိုးနွယ်၏ခေါင်းဆောင်ဖြစ်ပြီး လေထဲတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကြယ်ငါးမျိုးနွယ်ဝင်ဘိုးဘေး၏ သားဖြစ်သည်။
ထိုကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို ရွှီချင်း စူးစိုက်ကြည့်လိုက်ပြီး သူ့ရင်ထဲ လူသတ်ချင်စိတ်များ ထောင်းခနဲ ထွက်ပေါ်လာသည်။ ထိုစဉ် ဘိုးဘေးဘုရားကျောင်းအပြင်ဘက်ရှိ ကြယ်ငါးမျိုးနွယ်ဝင်လေးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ထလာကြသည်။
သူတို့မျက်လုံးများသည် အေးစက်ပြီး ခံစားချက်များ မရှိပေ။ တူကဲ့သို့ ထူထပ်သော အဖြူရောင်အမျှင်တန်းများ သူတို့မျက်လုံးများအိမ်များထဲ သွားလာနေသည်။
သူတို့သည် သက်စောင့်မီးလုံးသုံးလုံးနှင့် ညီမျှသော ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ထုတ်ဖော်လိုက်ပြီး ရွှီချင်းထံသို့ အရပ်မျက်နှာအသီးသီးမှ ဝင်ရောက်သွားကြသည်။
သူတို့ အနီးကပ်သွားသည်နှင့် သူတို့နောက်ကျောမှ ဧရာမဘုကြီးများ ထွက်လာပြီး သူတို့အားလုံး ကြယ်ငါးမျိား ဖြစ်သွားကြသည်။ သူတို့က ပြိုင်တူ ဟိန်းဟောက်လိုက်ကြပြီး ရွှီချင်းကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ရွှီချင်းက မရှောင်ဘဲ နေရာမှာပင် ရပ်နေရင်း မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူ့နောက်မှ ရွှေကျီးကန်းကြီးသည် စူးရှစွာ အော်မြည်လိုက်ပြီး ရွှီချင်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ ၎င်း၏အနက်ရောင်အမွေးအတောင်များက အနက်ရောင်ဧကရာဇ်ဝတ်ရုံအဖြစ် ပြောင်းလဲသွားပြီး ၎င်း၏အမြီးမီးတောက်များက ခြုံလွှာအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ခေါင်းကို မော့လိုက်သောအခါ ရွှီချင်း၏အပေါ်မှာ ဧကရာဇ်သရဖူ တပ်ဆင်ပေးလိုက်သည့်အလားပင်။
ပြင်းထန်သော စိတ်ဆန္ဒကို လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ ယခုအချိန်၌ ရွှီချင်းသည် ဧကရာဇ်လုလင်ပျိုလေးတစ်ယောက်အလားပင်။ သူက မျက်လုံးများကို ဖွင့်လိုက်သည်။
သူ့ပတ်လည်ရှိ ကြယ်ငါးမျိုးနွယ်ဝင်လေးယောက် အပြင်းအထန် တုန်ရီသွားသည်။ သူတို့လက်သီးချက်များက ရွှေကျီးကန်းကို တုန်ခါအောင် မလုပ်နိုင်ပေ။ တန်ပြန်အားလှိုင်းကိုပင် သူတို့ ခံစားလိုက်ရပြီး နောက်ဆုတ်သွားကြသည်။
သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။ ရွှီချင်းသည် မျက်လုံးများကို ဖွင့်ပြီးနောက် ကျင့်ကြံသူတစ်ယောက်ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ သူက ထိုကျင့်ကြံသူ၏ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ဂရုမစိုက်ဘဲ လည်ပင်းကို ဖမ်းဆုပ်ကာ အညှာအတာမဲ့စွာ ဖိချေပစ်လိုက်သည်။ လည်ပင်းကျိုးသွားပြီး သံတုတ်နက်လေးက တရွှီရွှီအော်မြည်ကာ ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ထိုးဖောက်သွားသည်။
သူ့ကျောပေါ်မှ အမြီးမီးတောက်ခြုံလွှာသည် ယိမ်းခါသွားပြီး သက်တန့်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် အလျင်အမြန် နောက်ဆုတ်နေသော ကြယ်ငါးမျိုးနွယ်ဝင်တစ်ယောက်ရှေ့တွင် သူ ပေါ်လာသည်။ သူက ထိုကျင့်ကြံသူကို ဝုန်းခနဲ တိုက်လိုက်သည်။
ကြယ်ငါးမျိုးနွယ်ဝင်မှာ နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ပါသော်လည်း ဆက်လက်နောက်ဆုတ်နေသည်။ သို့သော်လည်း ရွှီချင်းက အဆပေါင်းများစွာ ပို၍ မြန်ဆန်၏။ သူက နောက်တစ်ကြိမ် တိုက်လိုက်ရာ ကြယ်ငါးမျိုးနွယ်ဝင်၏ခေါင်း ချက်ချင်း ပေါက်ကွဲသွားသည်။
ယင်းသည် အဆုံးသတ်မဟုတ်ပေ။ ထိုအချိန်၌ နောက်ဆုတ်နေသော တတိယမြောက်ကြယ်ငါးမျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲ၌ ပိုးကောင်နက်များစွာဖြင့် ပြည့်နေပြီ ဖြစ်သည်။ ပိုးကောင်နက်များက ထိုကျင့်ကြံသူကို စတင်ဝါးမျိုနေကြပြီ ဖြစ်သည်။
မြူခိုးများထဲမှ စူးရှနာကျင်စွာ အော်ဟစ်သံများ လွင့်ပျံလာသည်။ ရွှီချင်းသည် နောက်ဆုံးကြယ်ငါးမျိုးနွယ်ဝင်ရှေ့သို့ ရိပ်ခနဲ ရောက်သွားသည်။ ထိုကျင့်ကြံသူ သွေးပျက်ချောက်ချားသွားစဉ် ရွှီချင်း၏ ကိုယ်ပေါ်မှ ရွှေကျီးကန်းက ပြေးထွက်သွားသည်။ ရုတ်တရက် မိစ္ဆာမီးတောက်များ တဟုန်းဟုန်း တောက်လောင်လာကာ ထိုကျင့်ကြံသူကို လောင်ကျွမ်းသွားသည်။
ထိုအဖြစ်အပျက်အားလုံးသည် တခဏလေးအတွင်း ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်သည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ကြယ်ငါးမျိုးနွယ်ဝင်လေးယောက် သေဆုံးသွားသည်။ သူတို့၏ ချီနှင့်သွေးများ၊ ဝိညာဉ်များနှင့် အသားများ ဝါးမျိုခံလိုက်ကြရသည်။
သို့သော်လည်း သူတို့မှာ နှစ်ပေါင်းများစွာ အအေးခံထားသော အသားစကြီးနှင့် တူနေသည်မှာ နှာမျောစရာကောင်းလှသည်။ သူတို့မှာ အာဟာရဓာတ်မရှိသလို အရသာလည်း မရှိပေ။
ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ ဘေးပတ်လည်ရှိ အလောင်းများအားလုံး ပြာဖြစ်သွားသည်။ သူက တချို့အလောင်းများအပေါ် အကြည့်ရောက်သွားသော်လည်း သူ့စိတ်အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။
သူသည် ဘိုးဘေးဘုရားကျောင်းထဲရှိ ဆေးပေါင်းဖိုဘေးမှာ ဆေးဖော်နေသော ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်သည်။
တချိန်တည်းမှာပင် ခေါင်းဆောင်က ရွှီချင်း၏နောက်မှ လျှောက်လာပြီး ရွှီချင်းနှင့်ယှဉ်လျက် ရပ်လိုက်သည်။ သူက မည်သည့်အတွက်ကြောင့်မသိ မည်းနက်နေသော ပန်းသီးတစ်လုံးကို ကိုင်ထားသည်။ သူက ပန်းသီးကို စားရင်း မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ အာ … ဂိုဏ်းတူညီလေး၊ ဟိုလူကို ကြည့်လိုက်စမ်း၊ လူသေကြီးနဲ့ မတူဘူးလား ”
ခေါင်းဆောင်က ပြုံး၍ ပြောလိုက်သည်။
ခေါင်းဆောင် ပြောလိုက်သည့်အခိုက် ဆေးပေါင်းဖိုဘေးရှိ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ့မျက်လုံးများက လျှပ်စီးလက်သည့်အလား ဝင်းလက်သွား၏။
ရုတ်တရက် ရွှီချင်း၏စိတ်ထဲ တုန်ခါသွားပြီး မုန်တိုင်းတစ်ခုပမာ ကြီးမားသော ဖိအားတစ်ရပ်ကို သူ ခံစားလိုက်ရသည်။ သို့သော်လည်း သူ့လည်ပင်းမှာ ဆွဲထားသော လည်ဆွဲမှာ ဝင်းလက်သွားပြီး ထိုဖိအား ချက်ချင်း ပျောက်ကွယ်သွားသည်။
ခေါင်းဆောင်သည်လည်း ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူ့မျက်လုံးများထဲမှာ ကမ္ပည်းစာများ ဝင်းလက်သွားပြီး ရူးသွပ်သည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက လျှာကို သပ်လိုက်ပြီး ပန်းသီးအစအနများ ညပ်နေသည့် သွားများကို ဖြဲလိုက်သည်။
“ ရွှီချင်း၊ အတူတူတိုက်ကြမယ် ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည။ ခဏအကြာ သူတို့နှစ်ယောက်သည် ဘိုးဘေးဘုရားကျောင်းထဲရှိ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ဆီသို့ တဟုန်ထိုး ဝင်ရောက်သွားကြသည်။
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများထဲ ထူးဆန်းသော အလင်းများ ဝင်းလက်သွားပြီး ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။
“ စိတ်ဝင်စားစရာပဲ။ မင်းတို့လို ဘာမဟုတ်တဲ့ကောင်လေးတွေက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို တွေ့တာတောင် တိုက်ခိုက်ဝံ့မယ်လို့ ငါ မထင်ထားဘူး ”
“ အချိန်ရှိသေးတော့ မင်းတို့နဲ့ ငါ တစ်ကွက်နှစ်ကွက် ကစားပေးမယ် ”