ရေခဲနှင့်မီး ယှဉ်တွဲမိတ်ဆွေ
Vol. 20 Ch. 300
ခေါင်းဆောင်နှင့် ရွှီချင်းတို့ ပြေးသွားသည့်အခိုက် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏အသံ ဟိန်းထွက်လာသည်။ သူသည် မတ်တတ်ရပ်၍ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ့ခြေထောက်မြေပေါ်ကျသွားသည့်တဒင်္ဂလေးတွင် သူ့ကိုယ်ပေါ်မှာ အရိပ်များ အထပ်လိုက် ပေါ်လာသည်။ သူ့ကိုယ်ထဲမှ အမုန်းဝိညာဉ်နှစ်ထပ် ပျံထွက်လာပြီး ဘယ်ညာခွဲထွက်သွားသည့်အလားပင်။
တခဏလေးအတွင်း ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်က အလုံးအရပ်တူခန္ဓာနှစ်ခုအဖြစ် ကွဲထွက်သွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ပြေးဝင်သွားသည်။
သူသည် ကြောက်ခမန်းလိလိမြန်ဆန်ပြီး ရွှီချင်းအနီးသို့ ရိပ်ခနဲ ရောက်သွားသည်။ သူက ညာလက်ညှိုးကို မြှောက်၍ ရွှီချင်း၏ မျက်ခုံးမွေးနှစ်ခုကြားသို့ ဖိချလိုက်သည်။
သူ့မျက်နှာပေါ်တွင် သရော်သည့်အပြုံးတစ်စ ပေါ်လာသည်။ လက်ချောင်း ကျဆင်းသွားသည်နှင့် လက်ချောင်းထဲမှ ကြောက်ခမန်းလိလိအစွမ်းများ ပေါက်ကွဲထွက်လာသည်။ ယင်းသည် ဘေးပတ်လည်ရှိ အရာအားလုံးထက် သာလွန်သော ရွှေအမြုတေအဆင့် စွမ်းအားဖြစ်နေ၍ ရွှီချင်းမှာ တုန်ရီသွားသည်။ သူ့ကိုယ်ထဲရှိ သက်စောင့်မီးတောက်သည် လေပြင်းတိုက်ခံလိုက်ရပြီး ငြိမ်းသက်သွားတော့မည့်ဟန်တူသည်။
ထိုအချိန် သံတုတ်နက်လေးက ရွှီခနဲ အနီးကပ်လာပြီး ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို တားဆီးရန် ကြိုးစားလိုက်သည်။ သို့သော် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်က သံတုတ်ကို ဖတ်ခနဲ ရိုက်လိုက်သည်။
သံတုတ်နက်လေး လွင့်ထွက်သွားသည်။ သံတုတ်နက်ပေါ်မှာ အက်ကွဲရာများပင် ထလာသည်။ ထို့နောက် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်က မြေပြင်ကို ဝုန်းခနဲ ဆောင့်ချလိုက်သည်။
မြေပြင်ကြီး တုန်ခါသွားပြီး သူ့ခြေထောက်အောက်တွင် ပေါ်လာသော အရိပ်မှာ ချက်ချင်း ပျောက်သွားသည်။
“ ဒါပဲလား ”
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်သည် ခေါင်းယမ်းလိုက်ပြီး သူ့လက်ညှိုးကို ရွှီချင်း၏နဖူးဆီသို့ ဖိချလိုက်သည်။ သူ့လက်ချောင်း ကျတော့မည့်အခိုက် ရွှီချင်းနောက်မှ ရွှေကျီးကန်း ရုပ်လုံးပေါ်လာပြီး သူ့ကို အငမ်းမရ စုပ်ယူလိုက်သည်။
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင် ရပ်သွားသည်။ သူ အနည်းငယ် ဝိုးတဝါးဖြစ်လာပါသော်လည်း ရွှီချင်း၏နဖူးကို လက်ညှိုးဖြင့် ဆက်ဖိနေသေးသည်။ သို့သော်လည်း လက်ချောင်းကို သူ ဖိချနေသည့်အချိန်မှာပင် ရွှေကျီးကန်းကြီး၏ မီးတောက်များသည်လည်း တဟုန်းဟုန်း တောက်လောင်လာသည်။
ရွှီချင်း၏မျက်လုံးများထဲ ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်လာသည်။ သူသည် လက်ချောင်းကို မရှောင်တိမ်းဘဲ ခေါင်းဖြင့် တိုက်ပစ်လိုက်သည်။
ရွှေကျီးကန်းကြီးသည် အားကုန်ထုတ်သုံးနေရဟန်တူပြီး အနည်းငယ် ဝိုးတဝါး ဖြစ်လာပါသော်လည်း သွေးနှင့်ချီအငွေ့အသက်ကို အတင်းအကြပ် စုပ်ယူနေသည်။
လက်ချောင်း ပျက်စီးသွားပြီး ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏မျက်လုံးများထဲ ထူးဆန်းသောအလင်းတစ်ခု ဝင်းလက်သွားသည်။
ရွှီချင်းမှာမူ အဝေးသို့ လွင့်သွားသည်။ ကျောက်စိမ်းလည်ဆွဲမှ အကာအကွယ်က သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် ပေါ်လာပြီး မည်သည့်ဒဏ်ရာမျှမရအောင် ကာကွယ်ပေးလိုက်သည်။ ပြင်းထန်သော ဖိအားကြောင့် သူ့ကိုယ်ထဲရှိ ချီနှင့်သွေးများသာ ထကြွလာသည်။ သို့သော်လည်း သူ အလျင်အမြန်မတ်တတ်ရပ်လိုက်ပြီး ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်ရာ ကြယ်ငါးမျိုးနွယ်၏ အထူးတဆန်းဖြစ်နေသောမျက်နှာပေါ်တွင် အံ့အားသင့်ဟန်အရိပ်အယောင်များ ပေါ်လာသည်။
တခြားတစ်ဖက်တွင် ခေါင်းဆောင်သည် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ တခြားခန္ဓာကိုယ်နှင့် ရင်ဆိုင်နေသည်။ တခြားခန္ဓာသည်လည်း လက်ချောင်းကို မြှောက်၍ ခေါင်းဆောင်၏ မျက်ခုံးမွေးနှစ်ခုကြားကို ဖိချလိုက်သည်။
သို့သော်လည်း ခေါင်းဆောင် ဖြေရှင်းပုံက ရွှီချင်းနှင့် မတူညီပေ။
သူ့မျက်လုံးများထဲရှိ ကမ္ပည်းစာအချုပ်အနှောင်များ ချက်ချင်း ပွင့်ထွက်လာပြီး သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါများ ဆက်တိုက်မြင့်တက်လာသည်။ ရွှီချင်းကဲ့သို့ နောက်ဆုတ်မည့်အစား သူ ရှေ့တက်လိုက်သည်။
ရွှီချင်းနှင့် ကွဲသွားသည်မှာ သူသည် လက်ချောင်းကို ခေါင်းဖြင့် မတိုက်ပေ။ ထိုအစား ပါးစပ်ကို ဟ၍ လက်ချောင်းအား အရူးအမူး ကိုက်ချလိုက်သည်။
ထိုအခြင်းအရာအားလုံးသည် ဖော်ပြရန်သာ ကြာပါသော်လည်း အမှန်စင်စစ် တချိန်တည်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာနှစ်ခုက ခေါင်းဆောင်နှင့် ရွှီချင်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏လက်ချောင်းကို ခေါင်းဆောင် ကိုက်မိသွားသည်။ လက်ချောင်း ပြတ်ထွက်မသွားသော်လည်း အသားများကို သွားများ ထိုးစိုက်သွားသည်ဖြစ်၍ လက်ချောင်းမှ သွေးများ စီးကျလာသည်။
ခေါင်းဆောင်၏ သွားအနည်းငယ် ပြုတ်ထွက်သွားပြီး နောက်ဆုတ်သွားသည်။ သို့သော်လည်း သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်ပြီး အကာအကွယ်အလွှာတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ရွှေအမြုတေအဆင့်စွမ်းအားကို ခုခံပြီး အဝေးသို့ လွင့်သွားသည်။
“ စိတ်ဝင်စားစရာပဲ ”
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာနှစ်ခုက လက်ချောင်းများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ခန္ဓာနှစ်ခုလုံး ချက်ချင်း ပေါင်းစည်သွားသည်။ ခန္ဓာနှစ်ခုက တစ်ခုတည်းဖြစ်သွားပြီးနောက် လက်ချောင်းများမှ ဒဏ်ရာများ ရုတ်ခြည်း ပျောက်ကင်းသွားသည်။
ရွှေအမြုတေအဆင့်စွမ်းအားများသည်လည်း အပြည့်အဝ ပေါ်ထွက်လာသည်။ ရွှီချင်း၏ မျက်လုံးများ စပ်ဖျင်းဖျင်း ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ နေမင်းကြီးက သူ့ကို တိုက်ခိုက်နေသည့်အလား သူ ခံစားလိုက်ရပါသော်လည်း သူ့မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ရှိနေဆဲပင်။
ခေါင်းဆောင်သည်လည်း ရွှီချင်းကဲ့သို့ပင်။ သွားအနည်းငယ် ပြုတ်ထွက်သွားပါသော်လည်း ထိုအနေအထားကြောင့် သူ့လျာကို သပ်ရာတွင် ပိုလွယ်သွားသည်။ သူက ဘဝင်ခိုက်နေသည့်အမူအရာဖြင့် ရွှီချင်းကိုပင် ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်။
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်သည် အေးစက်စက်နှာမှုတ်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခေါင်းဆောင်ဆီသို့ ဦးတည်သွားသည်။ သို့သော် ခြေသုံးလှမ်းမပြည့်ခင် သူ ကွက်ခနဲ မျက်နှာပျက်သွားသည်။
ထိုအချိန်၌ အကောင်းပကတိဖြစ်သွားသော သူ့လက်ချောင်းပေါ်မှာ အမည်းရောင်စွန်းထင်းနေသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် အဆိပ်များစွာ ပျံ့နှံ့သွားသည့်အလားပင်။
သူ့ကိုယ်ထဲသာ မြင်နိုင်ပါက ပိုးကောင်နက်ပေါင်းမြောက်မြားစွာ ရှိနေသည်ကို မြင်ရပေမည်။
ပိုးကောင်နက်များသည် ဓာတ်နှောများနှင့် အဆိပ်အမြောက်အမြား ထုတ်လွှတ်ကာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ခေါင်းဆောင၏ ခန္ဓာကိုယ်ကို အရူးအမူး ကိုက်စားနေကြသည်။
ယင်းသည် ရွှီချင်းနှင့်ခေါင်းဆောင်တို့ ပူးပေါင်းတိုက်ခိုက်ခြင်း၏ ရလဒ်ဖြစ်သည်။
ရွှီချင်းသည် ခေါင်းဆောင် တိုက်ခိုက်သည့်ပုံစံကို ကောင်းကောင်း သိထားသည်။ ခေါင်းဆောင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဘိုးဘေးရုပ်အလောင်းရုပ်ထုကို ကိုက်ခဲ့ပြီး ရွှေအမြုတေအဆင့်ရေဘဝဲကြီးကိုလည်း ကိုက်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် အစောပိုင်းက ပန်းသီးကို ခေါင်းဆောင် စားနေသောအခါတွင် ရွှီချင်းက ပိုးကောင်နက်များကို ထိန်းချုပ်၍ ပန်းသီးထဲသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ခေါင်းဆောင်က ပိုးကောင်နက်များကို သတိထားမိသော်လည်း ဂရုမစိုက်ပေ။ ထိုပိုးကောင်နက်များကို သူ့သွားကြားထဲတွင် သိုဝှက်ခွင့်ပြုလိုက်သည်။ ယခု လက်ချောင်းကို သူ ကိုက်လိုက်သောအခါက ပိုးကောင်နက်များက ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင် မျက်နှာပျက်သွားစဉ် ခေါင်းဆောင်က ရယ်သွမ်းသွေးလိုက်သည်။ ထို့နောက် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ဆီသို့ အရူးအမူး ပြေးဝင်သွားသည်။ ရွှီချင်းသည်လည်း ခေါင်းဆောင်ကဲ့သို့ ပြေးဝင်သွားသည်။
ရွှီချင်းပြေးနေစဉ် ရွှီချင်း၏ခြေထောက်အောက်ရှိ အရိပ်သည် ပြန့်ကားသွားပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံကာ အရိပ်နယ်မြေဖြစ်လာသည်။ တချိန်တည်းမှာပင် သံတုတ်နက်လေးပေါ်ရှိ လျှပ်စီးကမ္ပည်းစာများ စူးရှတောက်ပလာသည်။ ရွှီချင်းနောက်ရှိ ရွှေကျီးကန်းကြီးသည်လည်း ဂီးခနဲ စူးစူးရှရှအော်မြည်လိုက်၏။
ရွှီချင်းသည် ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးအိမ်နှင့် သက်စောင့်မီးလုံးများကို ထွန်းညှိလိုက်ပြီး အပြင်အားကိုလည်း အဆုံးစွန်ထိ လှည့်ပတ်ထားသည်။ ထို့နောက် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။
ရွှီချင်းသည် ထိုလက်သီးချက်ထဲတွင် ရှိသမျှအရာအားလုံး ထည့်သွင်းထားသည်။ သက်စောင့်မီးလုံးများနှင့် သက်စောင့်မီးအိမ်အစွမ်းများ၊ ရွှေကျီးကန်းအစွမ်းနှင့် ဓမ္မတံခါးခြောက်ဆယ်ပေါက်ကွဲထွက်လာသောအစွမ်းများအားလုံးကို ထိုလက်သီးချက်ထဲတွင် စုစည်းခဲ့သည်။ ထိုလက်သီးချက်ကို သူ ပစ်လိုက်သောအခါ ဘေးပတ်ဝန်းကျင်တစ်ခုလုံး မုန်တိုင်းကြီး တိုက်ခတ်သွားသည်။
ထိုမုန်တိုင်းကြီးသည် မီးပင်လယ်ကြီးအသွင်ပြောင်းလဲကာ ကောင်းကင်ယံသို့တိုင်အောင် မြင့်တက်နေသည်။
ယင်း၌ ရွှေကျီးကန်းမီးတောက်များ၊ သက်စောင့်မီးတောက်များ၊ ဓမ္မစွမ်းအားမီးတောက်များ၊ သက်စောင့်မီးတောက်များအပြင် သူ၏ဒေါသမီးတောက်များပါ ပါဝင်နေပေသည်။
ခေါင်းဆောင်၏ မျက်လုံးများထဲရှိ အချုပ်အနှောင်များက တစ်ခုပြီးတစ်ခု ပျက်စီးလာပြီး ပတ်ဝန်းကျင်အပူချိန် လျော့ကျလာပြီး အလွန် အေးစက်လာသည်။ မြေပြင်ကြီးအေးခဲသွားပြီး ဘေးပတ်လည်တွင် နှင်းခဲများ ပေါ်လာသည်။
ထိုနှင်းခဲများသည် သဘာဝလွန်မိစ္ဆာများစွာထက်ပင် ကျော်လွန်လောက်အောင် အေးစိမ့်စိမ့်အငွေ့အသက်များ ထုတ်လွှတ်နေပြီး အသိအာရုံနှင့်စိတ်ကိုပင် အေးခဲသွားစေနိုင်ဟန်တူသည်။
ထိုအချိန်၌ ကောင်းကင်ကြီးပင် အရောင်ပြောင်းလဲသွားခဲ့သည်။ ရွှီချင်း၏အပူရှိန်နှင့်ဆန့်ကျင်ဘက်ဖြစ်စွာ ခေါင်းဆောင်၏ ကိုယ်ထဲမှ အဆုံးအစမဲ့ လေအေးများ ကောင်းကင်ယံသို့ လွင့်ပျံတက်နေသည်။
ထိုမီးနှင့် ရေခဲက ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ဘေးတစ်ဖက်စီမှ ဝင်ရောက်သွားသည်။
ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ အားကောင်းလာသည်။ သူ့ဗိုက်ထဲမှ လက်တစ်ဖက် ထူးဆန်းစွာ ထွက်လာသည်။
ထိုလက်သည် ရေခဲလက်တစ်ဖက်ဖြစ်ပြီး အပြာရောင်သမ်းနေကာ လူသားလက်တစ်ဖက်နှင့် မတူပေ။ စူးရှချွန်ထက်သော ဆူးချွန်များလည်း လက်ပေါ် ဖုံးလွှမ်းနေပြီး လက်ဝါးပေါ်မှာ မျက်နှာတစ်ခုရှိသည်။
ထိုမျက်နှာသည် ခေါင်းဆောင်၏မျက်နှာမှလွဲ၍ တခြားမဟုတ်ပေ။ သို့သော်လည်း သူ အိပ်ပျော်နေသည့်အလား သူ့မျက်လုံးများ ပိတ်ထားသည်။
ထိုလက်ပေါ်လာခြင်းကြောင့် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ထဲရှိ ပိုးကောင်နက်များက ပေါက်ကွဲထွက်လာပြီး တစ်ကောင်ပြီးတစ်ကောင် ဖောက်ခွဲလိုက်ကြလေရာ ဓာတ်နှောများနှင့် အဆိပ်များ ထူထပ်သိပ်သည်းစွာ ထွက်ပေါ်လာသည်။ ထို့ကြောင့် ကြယ်ငါးမျိုးနွယ်ခေါင်းဆောင် အလိုလိုရပ်သွားသည်။
သူ ရပ်သွားသည့်အခိုက် ခေါင်းဆောင်၏ ဗိုက်ထဲမှ ထွက်လာသော လက်က ကြယ်ငါးခေါင်းဆောင်၏ နဖူးကို ဖိချလိုက်သည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ အအေးဓာတ်များ အဆုံးအစမဲ့ ပေါက်ကွဲထွက်လာသည်။ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင် အေးခဲသွားသည်။ မျက်တောင်တစ်ချက်ခတ်အတွင်း ရွှီချင်း၏ အဆုံးအစမဲ့မီးပင်လယ်ကြီးက သူ့ကို လွှမ်းခြုံသွားသည်။ ရွှီချင်းသည် ထိုအခြေအနေကို အခွင့်အရေးယူ၍ ဘိုးဘေး၏ စာလိပ်ကို ထုတ်ကာ အသုံးပြုလိုက်သည်။
“ အလင်း ”
တခဏလေးအတွင်း ‘ အလင်း ’ ဆိုသော စာလုံးက ဝင်းလက်သွားပြီး အစိမ်းရောင်မီးတောက်အသွင်ပြောင်းလဲကာ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ဆီသို့ ကြောက်ခမန်းလိလိအစွမ်းဖြင့် ဝင်ရောက်သွားသည်။
ရွှီချင်းသည် လူသတ်ချင်စိတ်ပြင်းထန်နေသောအကြည့်ဖြင့် အေးခဲနေသော ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို ကြည့်ကာ အစွမ်းကုန် ထိုးလိုက်သည်။
လက်သီးချက် ကျသွားသောအခါ မီးတောက်များဖြင့် ဝန်းရံခြင်းခံလိုက်ရသော ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ အက်ကြောင်းများ ပေါ်လာသည်။ ဘိုးဘေး၏ စကားလုံးမီးတောက်က အလွန် အစွမ်းထက်သည်။ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်ကို ဖုံးလွှမ်းသွားသည်နှင့် တဟုန်းဟုန်း လောင်ကျွမ်းသံများ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။
ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ် လောင်ကျွမ်းပြီး ပျောက်ကွယ်နေသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်သည်။ သို့သော်လည်း ထူးဆန်းသည်မှာ သူ့မျက်လုံးများထဲ ကြောက်ရွံ့စိတ်အနည်းငယ်မျှပင် မရှိဘဲ အံ့အားသင့်နေဟန်သာ ရှိနေသည်။
“ ထိပ်သီးကျင့်ကြံသူရဲ့ စကားတွေ ”
ခဏအကြာ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ သို့သော် သူ့ခန္ဓာကိုယ် ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ထိုပျက်စီးသွားသောခန္ဓာကိုယ်ထဲမှ လက်မောင်းတစ်ဖက်စာ တုတ်ခိုင်သော သားရဲလက်ကြီးတစ်ဖက် ထွက်လာပြီး ရွှီချင်းနှင့်ခေါင်းဆောင်တို့ကို ရိုက်ခတ်လိုက်သည်။
ကြောက်ခမန်းလိလိစွမ်းအားကြီး လွှမ်းခြုံလာသည်ဖြစ်၍ ခေါင်းဆောင်နှင့်ရွှီချင်းတို့ မတတ်သာဘဲ နောက်ဆုတ်လိုက်ကြရသည်။
ထိုသေရေးရှင်ရေးအခြေအနေတွင် ရွှီချင်းသည် ခေါင်းဆောင်ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်ပြီး အမှတ်ခြောက်သခင်ကြီး ပေးခဲ့သည့် လည်ဆွဲကို အသုံးပြုကာ တားဆီးလိုက်သည်။ သူတို့နှစ်ယောက်လုံး ပေတစ်ထောင်အကွာအထိ လွင့်သွားပြီး သူတို့ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားသည်ဖြစ်၍ သွေးများအန်လိုက်ကြသည်။ သူတို့သည် အလျင်အမြန် ခေါင်းမော့ကာ သားရဲလက်ကြီး ထွက်လာသည့်နေရာသို့ ကြည့်လိုက်သည်။
ထိုနေရာရှိ ဖုန်မှုန့်များ ရှင်းသွားသောအခါ လူရိပ်တစ်ရိပ် တစ်လှမ်းချင်းလျှောက်လာသည်ကို မြင်လိုက်ကြရသည်။
ယင်းသည် လက်ကြီးမဟုတ်ဘဲ ထူထပ်သိပ်သည်းသောပိုးကောင်များ ဖြစ်သည်။ ထိုပိုးကောင်များသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကိုကြည့်ကာ စူးရှချွန်ထက်သော သွားများကို ဖြဲ၍ ချောက်ချားဖွယ်ရာ အော်မြည်နေသည်။
ခဏအကြာ လူရိပ်သည် ဖုန်မှုန့်များထဲမှ အပြင်ဘက်သို့ ရောက်လာပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။
ထိုလူရိပ်သည် ဆယ်ပေကျော်မြင့်သောခန္ဓာနှင့် လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်။ ၎င်း၏တစ်ကိုယ်လုံး ငွေရောင်လက်နေပြီး တြွိဂံပုံစံခေါင်းရှိသည်။ ၎င်း၏မျက်လုံးများထဲတွင် မျက်ဆံနှစ်ခုစီရှိပြီး လျှာက အလွန်ရှည်သည်။ သိပ်သည်းထူထပ်သော နတ်အစွမ်းများ လွင့်ပျံထွက်လာပြီး ဘေးပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံး တွန့်လိမ်ရှုံ့တွနေသည်။
ယင်းသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
၎င်း၏အရှိန်အဝါ လွင့်ပျံလာသည်နှင့် ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားပြီး တိမ်များ မြင့်တက်လာကာ လေပြင်းများ တဟူးဟူး တိုက်ခတ်လာသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် မတတ်သာဘဲ နောက်ဆုတ်လိုက်ရပြန်သည်။
“ ဒီလိုနယ်မြေလေးမှာ သိပ်ထက်တဲ့ငှက်ကလေးနှစ်ကောင်ကို မြင်ရမယ်လို့ မထင်ထားခဲ့ဘူး။ တစ်ယောက်က ခန္ဓာကိုယ်ထဲမှာ အဆင့်လေး သဘာဝလွန်သတ္တဝါတစ်ကောင်ကို ချုပ်နှောင်ထားတယ်။ တခြားတစ်ယောက်က ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်၊ ထူးဆန်းတဲ့အစွမ်းတွေနဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ရဲ့ စကားတွေကို ပိုင်ဆိုင်ထားတယ် ”
ထူးဆန်းသော လူသားမဟုတ်သောမျိုးနွယ်ဝင်၏ ပါးစပ်မှ အေးစက်စက်အသံတစ်သံ ထွက်လာသည်။
ထိုစကားကြောင့် ရွှီချင်း၏ မျက်လုံးများ မှေးသွားပါသော်လည်း စိတ်ထဲတွင် သူ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ တစ်ဖက်လူသည် တစ်စိတ်တပိုင်းကိုသာ မြင်ခဲ့ရခြင်းဖြစ်ပြီး သက်စောင့်မီးအိမ်၊ အရိပ် သို့မဟုတ် သလင်းကျောက်တို့ကို မမြင်ခဲ့ပေ။
ဘေးရှိခေါင်းဆောင်သည်လည်း စိတ်သက်သာရာသွားကာ သက်ပြင်းချလိုက်သည်။ သူ့အတွေးများသည်လည်း ရွှီချင်းနှင့် တူနေပေသည်။
ထူးဆန်းစွာပင် သူတို့သည် တစ်ယောက်က စိတ်သက်သာရာရသွားသည်ကို တခြားတစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင် အာရုံခံမိလိုက်ကြ၏။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။