← Chapters

ဖွင့်ပြောတာက ရေပန်းစားနေတယ်

Vol. 24 Ch. 355

ဖွင့်ပြောတာက ရေပန်းစားနေတယ်

Vol. 24 Ch. 355

*စင်ဂယ်လ်များနေ့တဲ့လား*

ရဲ့လင်းချန် တစ်ခဏမျှ ကြက်သေ သေသွားရသည်။ သူ ဖုန်းကို ကြည့်လိုက်ပြီးနောက် ယနေ့က နိုဝင်ဘာ ဆယ့်တစ်ရက်နေ့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ကိန်းဂဏန်း တစ်လေးလုံးကို အထင်းသား မြင်နေရလေသည်။

*အမျိုးသား‌နေ့ အားလပ်ရက်တွေ ပြီးသွားတာတောင် တစ်လ ရှိသွားပြီလား*

*အံ့ဩစရာ မဟုတ်တော့ဘူးပဲ*

စင်ဂယ်လ်များနေ့သည် စင်ဂယ်လ် မဟုတ်သောနေ့ဟုလည်း လူသိများကာ ချစ်သူများနေ့နှင့်လည်း မတူခြားနား လေသည်။ ၎င်း၏ ကျော်ကြားမှုက ချစ်သူများနေ့ထက် မမြင့်လျင်တောင်မှ တန်းတူပင်။

ရဲ့လင်းချန်သည် သူ့အရှေ့မှ ရည်းစားစာ ဘူးနှစ်ဘူးကို ကြည့်ပြီး အောင့်သက်သက်ဖြင့် ရယ်၍ ခေါင်းခါလိုက်မိသည်။

*ချစ်ခင်သူ များလွန်းတာကလည်း အတော်လေး ပြဿနာ များပါလား*

သူသည် ကြုံရာစာအချို့ကို ဖွင့်ဖတ်လိုက်သည်။ အထဲ၌ ပါသော စာအများစုမှာ ချစ်ခင်သော စကားလုံးများ ဖြစ်ပြီး အချို့သော ဖွင့်ပြောသည့် ကဗျာများကို လှပသော လက်ရေးတို့ဖြင့် ရေးထားလေသည်။ အချို့သော သတ္တိကောင်း သူများသည် စာထဲတွင် သူတို့၏ ပုံစံကိုပါ ထည့်ရေးထားကြသည်။

“ရှောင်ရဲ့၊ ငါ စာနည်းနည်းလောက် ယူလို့ရလား”

ရှောင်ကမ်းက ရဲ့လင်းချန်ကို ရုတ်တရက်ကြီး‌ မေးလာသည်။

“မင်း ဘာလုပ်မလို့ ကြံစည်နေတာလဲ”

“ငါ ရည်းစားစာ ဘယ်လိုရေးပြီး မိန်းကလေးတစ်ယောက်ကို ဖွင့်ပြောလဲဆိုတာကို သင်ယူမလို့လေ”

ရှောင်ကမ်းသည် အတော်လေး စိတ်အားထက်သန်နေ၏။

“ဒီနေ့ ငါရဲ့ တစ်ကိုယ်တော်ဘဝကို နှုတ်ဆက်မယ်လို့ ငါ ဆုံးဖြတ်ထားပြီးပြီ၊ ငါ တစ်ကိုယ်တော် ခွေးတစ်ကောင် ဖြစ်နေတဲ့ အချက်ကို ငါ ထပ်ပြီး လက်မခံနိုင်တော့ဘူး”

“ရှောင်ရဲ့ ငါ့ကိုလည်း နည်းနည်းလောက် ငှားပါ”

ရှန်းကလည်း ဝင်ပြောသည်။

“မင်းလည်း ရည်းစားစာရေးဖို့ စိတ်ကူးနေတာလား”

ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ ဓာတ်ပုံရိုက်ပြီး Wechat moments မှာ တင်ချင်လို့လေ၊ တစ်ယောက်ယောက်က ငါ့ကို ရည်းစားစာ ရေးတယ်လို့ ပြောချင်တာ”

ရှန်းက ညစ်ကျယ်ကျယ် ဟန်ပန်ဖြင့် ပြန်ပြောသည်။

ထိုအကွက်က ရှောင်ကမ်းထက်ပင် ပို၍ ရှက်စရာ ကောင်းလှသဖြင့် ရဲ့လင်းချန် ချက်ချင်း စိတ်ပျက်သလို အကြည့်လွှဲ လိုက်မိသည်။

ဤသို့ ထူးခြားသောနေ့မျိုး၌ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့၏ ရင်ထဲ၌ တလှပ်လှပ် ခုန်လာသည်။ ရည်းစားစာများအပြင် အင်တာနက်တွင် ဖွင့်ပြောသော ကဗျာများနှင့် ဖွင့်ပြောသည့် စကားပြေများဖြင့် ပြည့်နေသည်။ လူတိုင်းက သူတို့၏ ဖွင့်ပြောခြင်းကို ချပြခြင်း သို့မဟုတ် သူတို့၏ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ခြင်းတို့အား အများတကာသိအောင် ပြသနေသည်။ သူတို့က စင်ဂယ်လ်များ ဖြစ်သည်ဟု အများသိအောင် ဖော်ပြ၍ ချဉ်းကပ်ခံရပါစေဟု မျှော်လင့်နေသူများလည်း ရှိပေသည်။

ဝေ့ပေါ်တွင် အချို့သော ဗွီအိုင်ပီများနှင့် အနုပညာရှင်များကလည်း ဤအခွင့်အရေးကို အငိုက်ဖမ်း၍ ကျော်ကြားမှုတစ်ချို့ ရရှိရန် အသုံးချနေကြသည်။

လူသိများသော အမျိုးသား အနုပညာရှင်တစ်ယောက်က ဝေ့ပေါ်၌ ဤသို့ တင်လာသည်။

[ငါ့ကိုယ်ငါ အပြစ်ဆိုချင်ပင်မယ့် မဆိုရဲဘူး၊ နှင်းကျချိန်ကို မင်းနဲ့အတူ မျှဝေချင်တယ်၊ မင်းသာဆိုရင် ဒီနှလုံး သားလေးက အသိဝင်လာမှာ မဟုတ်ဘူး]

ထိုစာသားနှင့်အတူ သူက သူ့ဇနီးသည်၏ အကောင့်ကို တွဲလိုက်ပြီး နောက်ဆုံး စာကြောင်းတစ်ကြောင်းကို ထပ်ရေးလိုက်သည်။

[ချစ်ရသူအားလုံး လက်ထပ်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်]

[အားးးး ရှင်က သိပ်ကို ကြည်နူးဖို့ ကောင်းတာပဲ၊ ရှင့်ဇနီးကတော့ တကယ် ကံကောင်းတာပဲ]

[ဒါ စာကြောင်းအစ အက္ခရာကို အစဉ်အတိုင်း ကောက်ပြီး ပုံဖော်ထားတဲ့ ကဗျာပဲ၊ စာကြောင်းတစ်ကြောင်းချင်းစီက ပထမဆုံး စကားလုံးတွေကို အတူတူ စုစည်းလိုက်ရင် “ကိုယ် မင်းကို ချစ်တယ်” လို့ ပြောထားတာပဲ၊ ငါ သဘောကျတယ်]

[ဟင့်ဟင့်ဟင့် … စင်ဂယ်လ်တွေအားလုံး ရှင်တို့ဆီက အရှိုက်ထိသွားပြီ၊ အခု ကျွန်မတို့ကို ကယ်တင်မယ့် လက်တွဲဖော် တစ်ယောက်ကို ငါတို့ လိုအပ်နေပြီ]

…

ထို့အပြင် လူအချို့ကလည်း ဖွင့်ပြောသော ကဗျာများ ရေးကြပြီး အွန်လိုင်းပေါ် တင်ကြသဖြင့် အားပေးမှုများ ရရှိလာသည်။

အချို့က ဖွင့်ပြောကြပြီး လူအများထံမှ တွဲကြရနန် အားပေးသည့် မှတ်ချက်များနှင့် ပြည့်လာလေသည်။

ယနေ့သည် အလွန် သက်ဝင်လှုပ်ရှားသည့် နေ့တစ်နေ့ပင်။ မရေတွက်နိုင်သော လူများက ကျီစယ်သော နည်းလမ်းကို သုံး၍ ဖွင့်ပြောကြသည်။ ထိုနည်းတူပင် လူများစွာတို့သည်လည်း တိတ်တဆိတ် ဒဏ်ရာရကာ နောက်တာဟု ပြော၍ အနေရခက်မှုကို ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်ကြသည်။

လျင်မြန်စွာပင် နေ့တစ်ဝက် အတန်းများ ပြီးဆုံးသွားလေသည်။ ဘာမှလုပ်စရာ မရှိသဖြင့် ရဲ့လင်းချန် ဝိုင် အလှကုန်ပစ္စည်းဆိုင်သို့ သွားလိုက်သည်။

ယ‌နေ့က ထူးခြားသော နေ့တစ်နေ့ မဟုတ်ပါလော။ ကျန်းယွင်ရှီ ဘာများ လုပ်နေမလဲ သူ သိချင်မိသည်။ သူဌေးတစ်ယောက် အနေဖြင့် သူ့ဝန်ထမ်းများကို သူ ပိုဂရုစိုက်ကြောင်း ပြသင့်ပေသည်။

သို့သော် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ တံခါးဝသို့ သူ ရောက်သောအခါ မှင်တက်သွားရသည်။ ဒါ သူ့ဆိုင်ဖြစ်ကြောင်း အတည်ပြုရန် သူ့အတွက် အတော်လေး အချိန်ယူလိုက်ရလေသည်။

တံခါးအပြင်ဘက်၌ လူတန်းရှည်ကြီးတစ်ခု ရှိနေကာ ဝယ်သူများနှင့် ပြည့်လျှံနေ၏။ လုပ်ငန်း တိုးတက်နေခြင်းက ပုံမှန်ပင် ဖြစ်သော်လည်း ပုံမှန်မဟုတ်သည့် အရာတစ်ုခမှာ အလှကုန်ပစ္စည်းဆိုင်၏ တံခါး၌ လတ်ဆတ်သော ပန်းများနှင့် ပြည့်နေခြင်းပင်။

ပန်းအများစုမှာ နှင်းဆီများ ဖြစ်ပြီး အနီရောင်က အများဆုံးဖြစ်ကာ အဖြူရောင် နှင်းဆီပန်းများလည်း ပါရှိသည်။ ၎င်းတို့အား သပ်သပ်ရပ်ရပ် ပြုလုပ်ထားပြီး အလှကုန် ပစ္စည်းဆိုင်ရှေ့၌ ချထားလေသည်။

*ဘာတွေဖြစ်နေတာလဲ၊ အလှကုန်ပစ္စည်းဆိုင်က ပန်းရောင်းတဲ့ လုပ်ငန်းကိုပါ တွဲလုပ်နေတာလဲ*

သူ အနားသို့ လှမ်းသွားသောအခါ ပန်းများတွင် ကဒ်လေးများ တွဲထားသည်ကို သတိပြုလိုက်မိသည်။ အများစုမှာ “မင်းကို နှစ်ထောင်ချီ ချစ်နေမယ်” ၊ “ငါ့ရဲ့ နတ်သမီးလေး ဖြစ်ပေးပါ” ၊ “မင်းက ငါ့အရာရာပါ” စသည်တို့ ဖြစ်လေသည်။ ၎င်းက သည်းမခံနိုင်စရာ ကောင်းလှသဖြင့် ရဲ့လင်းချန် တစ်ကိုယ်လုံး ကြက်သီးထလာရသည်။

“တီ တီ တီ”

ထိုစဉ် လျှပ်စစ်ဆိုင်ကယ်တစ်စီးက ဆိုင်ရှေ့၌ ရပ်လာသည်။ မောင်းသူက အော်ပြောလေသည်။

“သူဌေးရေ မင်းအတွက် ပစ္စည်း လာပို့တာ”

“ဟင် … ကျွန်မ လာပြီ”

ဆိုင်ထဲမှ ကျန်းယွင်ရှီ၏ အသံကို ကြားလိုက်ရပြီးနောက် သူမက အပြင်သို့ ခပ်သွက်သွက် လျှောက်လာသည်။

ပစ္စည်းပို့သူက ခမ်းနားသော ပန်းစည်းတစ်စည်းကို ထုတ်၍ ကျန်းယွင်ရှီကို ပေးသည်။

“ဒီမှာ မင်းရဲ့ နှင်းဆီပန်း ကိုးဆယ့်ကိုးပွင့်၊ တစ်ဖက်လူက မင်းကို သတင်းစကား ပါးပေးဖို့ ပြောလိုက်ပါတယ်၊ “ငါ မင်းနဲ့လက်ကို ကိုင်ပြီး မင်းနဲ့အတူ အိုမင်းချင်ပါတယ်” တဲ့၊ ကျေးဇူးပြုပြီး ပစ္စည်းရရှိကြောင်း လက်မှတ်ထိုးပေးပါ”

ကျန်းယွင်ရှိသည် ပစ္စည်းပို့သူထံမှ ပစ္စည်းကို မတတ်သာဘဲ လက်ခံလိုက်ရသည်။

“ယွင်ရှီ”

ရဲ့လင်းချန် ပြုံး၍ လှမ်းနှုတ်ဆက်ကာ အနားသို့ လျှောက်သွားသည်။ သို့သော် သူ့ရင်ထဲ၌ မသိမသာ နာကျင်နေသည်။

*ဒီလူတွေက ဘာတွေလဲ၊ ငါတို့ရွာရဲ့ အလှလေးကို ပန်းလေး နည်းနည်းလောက်နဲ့ ရည်းစားစာလေးနဲ့ ပိုးဖို့ ကြိုးစားတယ်ပေါ့လေ၊ ဟမ့်*

သူ ရည်းစားစာများ ရခဲ့စဉ်က ဘာကိုမှ မခံစားမိခဲ့ပေ။ သို့သော် ကျန်းယွင်ရှီက တောင်လောက် ရှိသော လက်ဆောင်များ ရသည်ကို မြင်သောအခါ သူ ခံရခက်သလို မခံစားဘဲ မနေနိုင်ပါ။

*ဒီလူတွေက မကောင်းတဲ့သူတွေပဲ၊ သူတို့က ငါ့ကောင်မလေးကို ခိုးယူဖို့ ဒီလာကြတာ*

“လင်းချန် နင် ဘယ်တုန်းက ဒီရောက်တာလဲ”

ရဲ့လင်းချန်ကို မြင်သောအခါ ကျန်းယွင်ရှီ၏ မျက်လုံးများက အရောင်လက်လာသည်။

“ငါ မင်းအတွက် ပန်းတွေ ကူသိမ်းပေးပါရစေ”

ရဲ့လင်းချန်က ကျန်းယွင်ရှီ၏ လက်ထဲမှ ပန်းများကို လှမ်းယူလိုက်သည်။

“ပန်းတွေက များလွန်းနေတယ်၊ ငါတို့ ဆိုင်ထဲမှာတောင် နေရာမလောက်တော့ဘူး၊ ဒါတွေကို အပြင်မှာပဲ ထားလိုက်တာပေါ့”

ကျန်းယွင်ရှီက ပြောသည်။

“ယွင်ရှီ၊ မင်းက တကယ် နာမည်ကျော်တာပဲ”

ရဲ့လင်းချန်က မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ကျန်းယွင်ရှီသည် သူမဘေးပတ်လည်မှ ပန်းများကို ကြည့်ပြီးနောက် ရွှတ်နောက်နောက်ဖြင့် လျှာလေး ထုတ်ပြသည်။

“ဒါတွေကို အွန်လိုင်းပေါ်က မိတ်ဆွေအချို့က ပို့ပေးတာပါ”

“သူတို့အားလုံးက မင်းကို ပိုးဖို့ ကြိုးစားနေတာ မဟုတ်လား”

ရဲ့လင်းချန် မေးလိုက်သည်။ ကျန်းယွင်ရှီက ရဲ့လင်းချန်ကို နှစ်လိုဖွယ်ကောင်းသော အပြုံးမျိုးဖြင့် ပြုံးပြလေသည်။

“မဟုတ်လောက်ပါဘူး၊ ငါ သူတို့ကို အရင်က မြင်မှမမြင်ဖူးတာ”

*ကျစ် … အဲ့ဒါကို ငါ ယုံမယ်လို့ မင်း ထင်နေတာလား*

ကျန်းယွင်ရှီ၏ အမူအရာကို မြင်ပြီး ရဲ့လင်းချန် နှုတ်ခမ်းကို တင်းနေအောင် စေ့ထားမိသည်။ ထို့နောက် သူသည် ထိုလူများကို ရန်လုပ်လေတော့သည်။

“ဘယ်လိုလုပ် ဒီလူတွေက အရမ်း သာမန်ကာလျှံကာ ဆန်ရတာလဲ၊ မင်းကို လူချင်းမဆုံဘူးပဲ ပိုးဖို့ ကြိုးစားတာလား၊ ဒီလူတွေက ရုပ်ရည်ကိုပဲ အာရုံစိုက်တဲ့ လူစားမျိုးပဲ၊ ဒီလူတွေကို မယုံရဘူး”

“လင်းချန်၊ နင် ဘာလို့ အဲ့လောက် ရန်လိုနေတာလဲ၊ နင် သဝန်တိုနေတာလား”

ကျန်းယွင်ရှီက ရဲ့လင်းချန် အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး လှပသော မျက်ဝန်းများဖြင့် ရဲ့လင်းချန်ကို စိုက်ကြည့်၍ ရယ်နေသည်။

“အဟမ်း အဟမ်း ငါက မင်းကို စိုးရိမ်ရုံလေးပါပဲ၊ မင်း အဲ့လူတွေရဲ့ လှည့်စားခံရမှာကို ငါက စိုးရိမ်လို့ပါ”

ရဲ့လင်းချန်က ချောင်းအသာဟန့်၍ ပြန်ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ ဒီနေ့က စင်ဂယ်လ်များနေ့လေ၊ လက်ဆောင်တွေ ရတာ ပုံမှန်ပါပဲ”

ထို့နောက် ကျန်းယွင်ရှီက ဆက်ပြောသည်။

“ငါတင် မဟုတ်ဘူး၊ မီယာကိုနဲ့ အခြား အလုပ်လုပ်နေတဲ့သူတွေလည်း လက်ဆောင်ရတယ်”

*ဘာ*

ရဲ့လင်းချန် ထိတ်လန့်သွားသည်။

*ဒီလူတွေက မီယာကိုကိုလည်း ပစ်မှတ်ထားတာလား*

သို့သော် သူ စဉ်းစားကြည့်လိုက်သောအခါ ယင်းက အဓိပ္ပာယ် ရှိပေသည်။ မီယာကိုကလည်း လှပသည်။ သူမက လိုင်းပေါ်မှ စင်ဂယ်လ်များ၏ ပစ်မှတ်ထားခြင်း ခံရသည်က ပုံမှန်ပင်။

*ဒီတိရစ္ဆာန်ကောင်တွေက ငါ့တစ်ဆိုင်လုံးကို ရဖို့ ကြိုးစားနေတာပဲ*

“စင်ဂယ်လ်များနေ့က တစ်ကိုယ်တော်သမားတွေအတွက် ဖြစ်သင့်တာလေ၊ ဘာလို့ အဲ့ဒါကို အတင်း ဖွင့်ပြောတဲ့နေ့ အဖြစ် ပြောင်းလိုက်တာလဲ၊ ဒါ အမြစ်ကနေ လှန်ပစ်တာပဲ၊ အဓိပ္ပာယ် မရှိတာတွေ”

ရဲ့လင်းချန် စိတ််ဆိုးမာန်ဆိုး ပြောသည်။

“သူဌေးရေ မင်းရဲ့ ပစ္စည်း ရောက်ပါပြီ”

ထိုစဉ် နောက်ထပ် ပစ္စည်းပို့သူတစ်ယောက် ရောက်လာသည်။ ယခုတစ်ခေါက်၌ ပန်းအပြင် မိတ်ဆက်စာလည်း ပါနေသည်။

ကဒ်၏ဒီဇိုင်းက ထူးခြားကာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်၏ အသည်းနှလုံးပုံနှင့် တူသော ကာတွန်း ဒီဇိုင်း ဖြစ်လေသည်။ ယင်းက ကိုယ်ပိုင် ဂီတနှင့်ပင် လာလိုက်သေးသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ၎င်းက Taobaoမှ နာမည်ကျော် အမျိုးစားဖြစ်မှန်း သိနိုင်ပေသည်။

(သာလျင်) ဧည့်သည့်တွေက ပွင့်သစ်စ ပန်းတွေအတွက် ထွက်သွားကြတယ်။

(ဆုတောင်းက) နွေဦးကို ကြာရှည်ပါစေလို့ မျှော်လင့်မိတယ်။

(တိုင်အောင်) ငှက်လေးတွေ နွေးထွေးမှုကြောင့် သီဆိုကခုန်နေကြတယ်။

(နေဖို့) မင်းက မြူခိုးဝေနေတဲ့ ကြည်နူးစရာ မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားတယ်။

(နောက်ထပ်) အချစ်မြစ်ကို တစ်ဖန် ဖြတ်သန်းချင်မိတယ်။

(နေ့တစ်နေ့ကို) မြစ်ထဲက အချစ်ငှက်လေးတွေလိုပေါ့။

(အတွက်) ရေစီးနဲ့အတိုင်း မျောပါရင်း ရေကစားချင်တယ်။

(မင်း) ကောင်းကင်ဘုံက ငါတို့ကို ခွဲထားရက်တဲ့အထိ ရက်စက်တာပါလား။

ရဲ့လင်းချန်က တစ်ချက် ဖတ်ကြည့်ပြီးနောက် အခြေအနေကို နားလည်သွားပြီး တီးတိုးပြောလိုက်သည်။

“ဟဲဟဲ အစစကားလုံးတွေ စုရတဲ့ ကဗျာပဲ”

ဤကဗျာကို ဆက်လိုက်လျင် “မင်းအတွက်သာလျင် နောက်ထပ် နေ့တစ်နေ့ကို ရှင်သန်ဖို့ ဆုတောင်းမိတယ်” ဟု အဓိပ္ပာယ် ရလေသည်။

သူ တည်ငြိမ်စွာ ယူဖတ်လိုက်သည်ဟု ထင်ရသော်လည်း စိတ်ထဲ၌ ကျိန်ဆဲနေ၏။

*ခွေးမသား ရွံဖို့ကောင်းလိုက်တာ၊ ဒီလောက် အရှက်မဲ့တဲ့လူကို ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးသေးဘူး*

…

All Chapters