← Chapters

အလင်းတမန်အဖွဲ့ဝင် ပိုင်လီ

Vol. 20 Ch. 301

အလင်းတမန်အဖွဲ့ဝင် ပိုင်လီ

Vol. 20 Ch. 301

“ ဒါ ဘာမျိုးနွယ်လဲ ”

ရွှီချင်းက နောက်ဆုတ်ရင်း မေးလိုက်သည်။

“ ဝမ်ကူးဒေသကြီးက ကျယ်ပြန့်တယ်။ အဲဒါ ပိုးကောင်မျိုးနွယ်အမျိုးအစားဖြစ်တဲ့ပုံပဲ။ အသိဉာဏ်ဌာနထဲမှာ အဲဒီမျိုးနွယ်အကြောင်း ရေးထားတဲ့ ဖိုင်တစ်ဖိုင်ကို ဖတ်ဖူးသလိုပဲ။ ငါ စဉ်းစားကြည့်လိုက်ဦးမယ် ”

ခေါင်းဆောင်သည် အနည်းငယ် စဉ်းစားရခက်နေဟန်တူပါသော်လည်း သူသည်လည်း နောက်ဆုတ်လိုက်သည်။

ရွှီချင်းနှင့်ခေါင်းဆောင်တို့ ပျံပြေးသွားသည်ကို မြင်၍ ကြယ်ငါးမျိုးနွယ်ခေါင်းဆောင်၏ ကိုယ်ထဲမှ လူသားမဟုတ်သောမျိုးနွယ်မှာ သွားဖြဲ၍ ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားသည်။

ရွှီချင်း၏ မျက်နှာ မည်းမှောင်သွားပြီး ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားသည်။ သို့သော်လည်း သူတို့အမြန်နှုန်းဖြင့် ယွမ်ယင်ကျင့်ကြံသူတစ်ယောက်လက်မှ လွတ်မြောက်ရန် ခက်သည်။ ရွှီချင်းသည် အမြင်အာရုံများ ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး ခဏအကြာ တဝုန်းဝုန်းမြည်ဟည်းသံ လွင့်ပျံလာသည်။ နတ်အစွမ်းများ သူ့မျက်နှာထံ ပြေးဝင်သွားပြီး ကြောက်ခမန်းလိလိ အားလှိုင်း ရိုက်ခတ်သွားသည်။ သူ့တစ်ကိုယ်လုံး တုန်ခါသွားပြီး သွေးတစ်ပွက် အန်လိုက်သည်။ ခေါင်းဆောင်သည်လည်း ထိုနည်းတူပင်။

သို့သော် ရွှီချင်း၏လည်ဆွဲအကာအကွယ်ကြောင့် နတ်စွမ်းအားဖြင့် ပေတစ်ထောင်အကွာသို့ လွင့်သွားပါသော်လည်း အဆင်ပြေနေသေးသည်။ သူတို့ခန္ဓာကိုယ်များထဲရှိ ကိုယ်တွင်းအင်္ဂါများသည်သာ စုတ်ဖြဲခံလိုက်ရသည့်အလား တလိပ်လိပ်လူးလွန့်နေသည်။ တစ်ဖက်လူသာ ဆက်တိုက်ခိုက်လာပါက လည်ဆွဲအကာအကွယ်မှာ ကြာကြာတောင့်ခံနိုင်မည် မဟုတ်ပေ။

လူသားမဟုတ်သောမျိုးနွယ်ဝင်က ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်စဉ် ကောင်းကင်ကြီး ဂျိမ်းခနဲ မြည်ဟည်းသွားပြီး အပြာရောင်မီးတောက်များ ရုတ်ခြည်း ကျဆင်းလာကာ လူသားမဟုတ်သောမျိုးနွယ်ဝင်ကို တားဆီးနေသည်။

ကေကာင်းကင်ယံမှ အပြာရောင်မီးပင်လယ်သည် ကြယ်ငါးမျိုးနွယ်ကျွန်းပေါ်ရှိ လူအမြောက်အမြားကို ဇီဝိန်ခြွေခဲ့ပြီး ဖြစ်သည်။

သို့သော် ကြယ်ငါးမျိုးနွယ်ဝင်များ သေဆုံးသွားစဉ်အခါက သူတို့အလောင်းများထဲမှ အမျှင်တန်းသဖွယ် ပိုးကောင်များ တွားသွားထွက်လာခဲ့သည်။ ထိုထူးဆန်းသောဖြစ်ရပ်က ဆဋ္ဌမမြောက်တောင်ထိပ်ဂိုဏ်းသားများနှင့် အမှတ်ခြောက်သခင်ကြီးတို့၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ကြယ်ငါးမျိုးနွယ်ခေါင်းဆောင် အသွင်ပြောင်းသွားသည့်ဖြစ်ရပ်ကိုလည်း အမှတ်ခြောက်သခင်ကြီးက မြင်ခဲ့သည်။ ထို့ကြောင့် ကြယ်ငါးမျိုးနွယ်ဘိုးဘေးကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ဖိနှိပ်ပြီးနောက် လူသားမဟုတ်သောမျိုးနွယ်ဝင်ကို တားဆီးရန် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ တိုက်ခိုက်ခဲ့ရာ ကောင်းကင်ယံမှ အပြာရောင်မီးပင်လယ် ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

“ သူက သံချည်မျှင်မျိုးနွယ်ကပဲ ”

တချိန်တည်းမှာပင် ဆဋ္ဌမမြောက်သခင်ကြီး၏အသံက အရပ်မျက်နှာအနှံ့ လွင့်ပျံသွားသည်။

ထိုစကားများကို ခေါင်းဆောင်ကြားသောအခါ မျက်နှာအမူအရာပြောင်းလဲသွားပြီး ခပ်တိုးတိုးဖြင့် အလျင်အမြန် ပြောလိုက်သည်။

“ ရွှီချင်း၊ ငါ မှတ်မိပြီ ”

ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို နှိပ်စက်သတ်ဖြတ်ချင်နေခဲ့သော လူသားမဟုတ်သောမျိုးနွယ်ဝင်သည် ထိုစကားကိုကြား၍ ကောင်းကင်ကြီးကို မော့ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

“ ဒီက ဂိုဏ်းတွေကို ငါ နည်းနည်း လျော့တွက်ထားခဲ့မိတဲ့ပုံပဲ။ ဒါပေမဲ့ မင်းက ယွမ်ယင်ကျင့်ကြံသူတစ်ယောက်ပဲ မဟုတ်လား။ ငါ့ကျင့်ကြံခြင်းကို နှောင့်ယှက်ရလောက်အောင် မင်း အဆင့်မရှိပါဘူး ”

လူသားမဟုတ်သောမျိုးနွယ်ဝင်သည် ညာလက်ကိုမြှောက်၍ ကောင်းကင်ကြီးကို ညွှန်ပြလိုက်သည်။

ရုတ်တရက် ရာသီဥတုပြောင်းလဲသွားပြီး ကောင်းကင်ယံမှ မိုးခြိမ်းသံများနှင့် စစ်စည်တီးသံများ လွင့်ပျံလာသည်။ ယင်းအသံများမှာ နတ်ဘုရားတစ်ပါး အော်ဟစ်ကြုံးဝါးလိုက်သည့်အလားပင်။ ထိုအသံများ ပျံ့နှံ့သွားသည်နှင့် ကောင်းကင်ယံတွင် ဧရာမမန္တန်အစီအရင်ကွန်ခြာသုံးခု ပေါ်လာသည်။

ထိုမန္တန်အစီအရင်ကွန်ခြာတစ်ခုစီသည် ပေတစ်ထောင်ရှည်ပြီး ကြောက်မက်ဖွယ်အစွမ်းများ ထုတ်လွှတ်နေသည်။ ၎င်းတို့ထံမှ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းများ တဝေါဝေါ ထွက်ပေါ်နေသည်။

ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သုံးခုမှ လူရိပ်များ ပေါ်လာသည်။

ပထမတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှ ပေါ်လာသည်မှာ ကျောများမှာ အတောင်ပံများနှင့် လူသားမဟုတ်သောမျိုးနွယ်ဝင်အုပ်စု ဖြစ်သည်။ သူတို့သည် မည်းနက်ကာ ကျီးကန်းများနှင့် ဆင်တူသည်။

သူတို့က အရိုင်းဆန်သောအသွင်အပြင်ရှိကြပြီး အထူးသဖြင့် ရှေ့ဆုံးမှတစ်ယောက်ပင်။ သူ့အကြည့်က လျှပ်စီးလက်သည့်အလားဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ယွမ်ယင်အဆင့်ကျင့်ကြံခြင်းအငွေ့အသက်များ တလိပ်လိပ် ထွက်နေသည်။

ယင်းသည် အဆုံးသတ်မဟုတ်ပေ။ ဒုတိယမြောက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် တဝုန်းဝုန်း မြည်ဟည်းသွားပြီး နောက်ထပ်လူတစ်စု ရောက်လာသည်။ သူတို့အားလုံးမှာ လူသားခန္ဓာကိုယ်များနှင့် ဆင်နှာခေါင်းများ ရှိကြသည်။ တစ်ယောက်စီတိုင်းက အလွန် အရပ်ရှည်ကာ သိပ်သည်းထူထပ်သော သက်စောင့်အားများကို ထုတ်လွှတ်နေကြသည်။

ထိပ်ဆုံးမှ လူထွားကြီးသည်လည်း ယွမ်ယွင်အဆင့်ကျင့်ကြံခြင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူသည် သွေးဆာပြီး ရက်စက်ကြမ်းကြုတ်ဟန်ရှိသည်။

တတိယမြောက်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည်လည်း ထိုနည်းတူပင်။ ထိုအချိန်၌ ထိုအစီအရင်ကြီး တဂျိမ်းဂျိမ်းမြည်ဟည်းကာ လည်ပတ်သွားပြီး လူရိပ်အမြောက်အမြား ပျံထွက်လာသည်။ သူတို့ရုပ်ရည်သွင်ပြင်များသည် ပို၍ပင် ထူးဆန်းပြီး သုံးထောင့်ချွန်းမျက်လုံးများရှိသာ ပင်လယ်ရေညှိပင်များနှင့် ဆင်တူသည်။ သူတို့လှုပ်ရှားလိုက်ရုံဖြင့် လေပြင်းများ တိုက်ခတ်သွားသည်။

ထိုအုပ်စုထံမှလည်း ယွမ်ယင်အဆင့်အငွေ့အသက်များ လွင့်ပျံနေသည်။

ထိုမျိုးနွယ်သုံးစု ပေါ်လာသည်နှင့် ရွှီချင်းဘေးရှိ ခေါင်းဆောင်၏ မျက်လုံးများ အနည်းငယ် မှေးသွားသည်။

“ တောင်ပံခြောက်ဖက်ကျီးကန်းနက်မျိုးနွယ်၊ ဆင်ခွန်အားတိမ်လွှာမျိုးနွယ်၊ မြက်လျှောမြွေ မိစ္တာအပင်မျိုးနွယ် ”

“ အဲဒီမျိုးနွယ်သုံးခုက မျိုးနွယ်စုကြီးတွေမဟုတ်ဘူး။ ကြယ်ငါးမျိုးနွယ်လို မျိုးနွယ်စုလေးတစ်ခုပဲ။ အဲဒီမျိုးနွယ်ထဲမှာ တောင်ပံခြောက်ဖက်မျိုးနွယ်က ချီရွှဲ့ထုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ထားတာ။ ကျန်မျိုးနွယ်နှစ်ခုက ကြားနေတွေ ”

မျိုးနွယ်သုံးခုက စကားတစ်ခွန်းမဆိုကြဘဲ အမှတ်ခြောက်သခင်ကြီးကို စူးစိုက်ကြည့်နေကြသည်။ ထိုမျိုးနွယ်သုံးခုအဖွဲ့ဝင်အများစုက သတ္တမမြောက်တောင်ကြီးကိုပင် ဝုန်းခနဲ ခြေဆောင့်ချနေကြသည်။

သူတို့သည် သေရမည်ကို မကြောက်ဘဲ အသက်နှင့်ရင်း၍ တောင်ကြီးကို တုန်ခါအောင် လုပ်ချင်နေကြသည်။ အကယ်၍ အနီးကပ် ကြည့်မည်ဆိုပါက သူတို့မျက်လုံးများထဲ ဖြတ်ပြေးနေသေ အမျှင်တန်းသဖွယ် ပိုးကေကာင်များကို မြင်ရမည်ဖြစ်သည်။

ကြယ်ငါးမျိုးနွယ်အပါအဝင် ထိုမျိုးနွယ်လေးခုမှာ ထိန်းချုပ်ခံထားရသည်။

အမှတ်ခြောက်သခင်ကြီးကို လေးဖက်လေးတန်မှ ဝန်းရံလိုက်ကြသည်။ ရွှီချင်းသည် ထပ်မံအရှိန်တင်လိုက်ပြီး ခေါင်းဆောင်သည်လည်း အမြင့်ဆုံးမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။ အစောပိုင်းအခြေတည်အဆင့်ကျင့်ကြံသူဖြစ်နေပါက သူတို့ ကြိုးစားတိုက်ခိုက်ကြည့်နိုင်သော်လည်း တစ်ဖက်လူက ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ယင်းသည် သူတို့ တိုက်ခိုက်၍မရသောာအရာ ဖြစ်သည်။

ဘိုးဘေးဆီမှ စာလိပ်ရှိပါသော်လည်း သေရေးရှင်ရေးအခြေအနေကို မရောက်သေးမချင်း အဟန့်အတားအဖြစ်သာ အသုံးပြုသည်က ပိုကောင်းသည်။

“ ငါ့တိုက်ကွက်တွေကို မင်းအကာအကွယ်က ဘယ်နှကြိမ်တောင့်ခံနိုင်မလဲ ငါ သိချင်တယ် ”

ယွမ်ယင်အဆင့်လူသားမဟုတ်သောမျိုးနွယ်ဝင်သည် ပြုံးလိုက်ပြီး သူတို့နှစ်ယောက်နောက်သို့ လိုက်ရန် ပြင်လိုက်သည်။ ထိုစဉ် ခေါင်းဆောင်က ရုတ်တရက် ခေါင်းလှည့်၍ လူသားမဟုတ်သောမျိုးနွယ်ဝင်ကို စူးစိုက်ကြည့်လိုက်သည်။

“ ခင်ဗျားက ပိုင်လီပဲ ”

“ သံချည်မျှင်မျိုးနွယ်က ပိုင်လီ ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး လူသားမဟုတ်သောယွမ်ယင်အဆင့်ကျင့်ကြံသူမှာလည်း တအံ့တသြ ဖြစ်သွားသည်။

သူ့အကြောင်းကို အမှတ်ခြောက်သခင်ကြီး ထုတ်ပြောစဉ်အခါက အလွန်စိတ်ဝင်စားစရာကောင်းပြီး အမှတ်ခြောက်သခင်ကြီးမှာ အနည်းငယ် ဗဟုသုတရှိသည်ဟု သူ ခံစားခဲ့ရသည်။ သို့သော်လည်း သူ့နာမည်ကို အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်က သိနေသည့်အတွက် သူ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။

“ ဒီလိုနေရာလေးမှာ ငါ့ကို သိနေတဲ့လူတစ်ယောက်ရှိမယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး။ မင်းက အတော်လေး စိတ်ဝင်စားစရာကောင်းတာပဲ ”

“ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က သံချည်မျှင်မျိုးနွယ်က ပိုင်လီက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ။ ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေရဲ့ လမ်းစဉ်ကို လျှောက်နေတဲ့လူလို့ သူ့ကို သိကြတယ် ”

“ ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ရုတ်တရက်ကြီး သူ သစ္စာဖောက်သွားခဲ့တယ်။ သူ့ဆွေမျိုးသားချင်းတွေကို သတ်ဖြတ်ရုံတင်မကဘူး၊ မျိုးနွယ်ထဲမှာ ပရမ်းပတာဖြစ်အောင် လုပ်ခဲ့တယ်။ သံချည်မျှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာကို အသုံးချပြီး မျိုးနွယ်ဝင်တွေမရေမတွက်နိုင်လောက်အောင် သတ်ဖြတ်ခဲ့တယ်။ အဲဒီနောက် ‘ အလင်းတမန် ’ လို့ခေါ်တဲ့ ထူးဆန်းတဲ့အဖွဲ့အစည်းကြီးတစ်ခုထဲ ဝင်သွားခဲ့တယ် ”

ခေါင်းဆောင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

“ မင်း သိတာ တော်တော်များတာပဲ။ တခြားဘာတွေသိသေးလဲ သိရအောင် မင်းဝိညာဉ်ကို ငါ ရှာကြည့်ရမယ် ”

ပိုင်လီ တအံ့တသြ ဖြစ်သွားသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ခေါင်းဆောင်အနီးသို့ ကပ်သွားသည်။ ခေါင်းဆောင်၏ မျက်လုံးများ အပြာရောင်လက်သွားပြီး ရွှီချင်းသည်လည်း ရူးသွပ်ခြင်းအပြည့်ဖြင့် ဘိုးဘေး၏ စာလိပ်ကို ထုတ်လိုက်သည်။

သူတို့ တိုက်ခိုက်ရန်ပြင်လိုက်စဉ် ကောင်းကင်ယံမှ အေးစက်စက်နှာမှုတ်သံ လွင့်ပျံလာသည်။

ထိုနှာမှုတ်သံသည် မိုးခြိမ်းသံထက်ပင် ပို၍ ကျယ်လောင်ပြီး အဖက်ဖက်သို့ ပဲ့တင်ထပ်သွားသည်။ ယင်းနောက် အမှတ်ခြောက်သခင်ကြီး၏ ခေါင်းအထက်သို့ သေရည်အိုကြီး ရုတ်တရက် မြှောက်တက်သွားသည်။

ထိုသေရည်အိုးသည် သူ၏ဇနီးနှင့်သား သေသွားကတည်းက သူကိုယ်နှင့်မကွာ ဆောင်ခဲ့သည့် ပစ္စည်းဖြစ်သည်။

ထိုသေရည်အိုး ပေါ်လာသည်နှင့် ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ ကောင်းကင်ကြီးထဲ ရိုက်ခတ်သွားသည်။ ၎င်းတို့သည် အရိပ်လက်နက်များအဖြစ် ရုပ်လုံးပေါ်လာပြီး အဖက်ဖက်သို့ ပျံ့လွင့်သွားသည်။

ဓားမော့များ၊ လှံများ၊ ဓားများ၊ ပုဆိန်များ၊ သံချိတ်များ၊ ခက်ရင်းများ စသည်ဖြင့် လက်နက်များစုံလင်လှသည်။ လက်နက်စုစုပေါင်း တစ်သန်းအောက်လျော့မည်မဟုတ်ဘဲ လမ်းကြောင်းရှိ အရာအားလုံးကို ဖြတ်ဆီးပစ်မည့်လက်နက်ပင်လယ်ကြီးအသွင် ဖြစ်နေသည်။

ထိုလက်နက်များက မျိုးနွယ်သုံးစုကို လွှမ်းခြုံသွားသည်။

ပိုင်လီဆင့်ခေါ်ထားခဲ့သည့် မျိုးနွယ်သုံးစု၏ ယွမ်ယင်အဆင့်ဘိုးဘေးများ လက်နက်ပင်လယ်ကြီးဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရပြီး ရှောင်တိမ်း၍ မရတော့ပေ။ သူတို့အားလုံး သွေးများ အန်သွားကြပြီး အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် စူးစူးရှရှ အော်ဟစ်မြည်တမ်းလိုက်ကြသည်။

မျိုးနွယ်သုံးစုမှ အဖွဲ့ဝင်များသည်လည်း ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ ထိုလက်နက်ပင်လယ်ကြီးနှင့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါအောက်တွင် သူတို့စိတ်များ တုန်ရီသွားကြပြီး မျက်နှာများ ပျက်သွားကြသည်။

သူတို့ထဲမှ အများစုမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။ ကျန်မျိုးနွယ်ဝင်များမှာ ချက်ချင်း သေမသွားသော်လည်း ကြာကြာတောင့်မခံနိုင်တော့ဘဲ ပျက်စီးတော့မည့်လက္ခဏာများ ပြလာသည်။

သေရည်အိုးကြီးထဲ၌ မျက်ဝန်းတစ်စုံပင် ပေါ်လာသည်။ ထိုမျက်ဝန်းတစ်စုံက လူသားမဟုတ်သောမျိုးနွယ်ဝင်များကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်နေကြသည်။

ဘုန်း …

မိုးသားတိမ်စိုင်များ လွင့်မျောသွားပြီး လက်နက်ပင်လယ်ကြီး ကျဆင်းလာသည်။ လေထဲရှိ လူသားမဟုတ်သောမျိုးနွယ်ဝင်များအားလုံး အလွန် ဆိုးဆိုးဝါးဝါး ဖြစ်သွားကြသည်။

အမှတ်ခြောက်သခင်ကြီးသည် မလုံလောက်သေးဟု ခံစားနေရသည်အလား လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ဆဋ္ဌမမြောက်တောင်ကြီးကို ညွှန်လိုက်သည်။

ရုတ်တရက် ဆဋ္ဌမမြောက်တောင်မှ မီးတောက်များ အရပ်မျက်နှာအနှံ့ လွင့်ပျံသွားကာ ကြယ်ငါးမျိုးနွယ်၏ နယ်မြေနှင့် အောက်ကျနေသော မျိုးနွယ်သုံးခု၏ အဖွဲ့ဝင်အားလုံးကို လွှမ်းခြုံသွားသည်။

အရာအားလုံး လောင်ကျွမ်းစေကာ သန့်စင်ခြင်းကို အရှိန်တင်လိုက်ခြင်းပင်။

“ ဒါ ဘာဓမ္မအသုံးအဆောင်တုံး။ သတ္တုဓာတ်ရက်စက်ကြမ်းကြုတ်ခြင်း အရှိန်အဝါ ရှိနေတာပဲ ”

ပထမဆုံးအကြိမ်အဖြစ် ပိုင်လီ ကွက်ခနဲ မျက်နှာပျက်သွားသည်။

ထိုအချိန်၌ သူသည် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို သတ်ဖြတ်ရန် စိတ်မဝင်စားတော့ပေ။ သူ၏ခန္ဓာကိုယ် လှစ်ခနဲ လှုပ်ရှားသွားပြီး ပျောက်ကွယ်သွားသည်။ သို့သော်လည်း ဤနေရာရှိ တည်နေရာရွှေ့ပြောင်းခြင်းကို ကန့်သတ်ထားသောကြောင့် အဝေးတစ်နေရာတွင် ပေါ်မလာဘဲ အနီးအနားရှိ လေထဲတွင် ပေါ်လာသည်။ သူ ကွက်ခနဲ မျက်နှာပျက်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ ကြယ်ငါးမျိုးနွယ်က ဒီလိုမျိုး ကိစ္စကြီးတစ်ခုကို လုပ်ရဲရလောက်အောင် ဘယ်ကသတ္တိတွေရနောတုံးလို့ အရင်က ငါ တွေးနေခဲ့တာ။ ဒီတော့ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူက ဝမ်ကူးဒေသကြီးမှာ လှုပ်ရှားနေတဲ့ အလင်းတမန်အဖွဲ့ ခွေးကောင်ကိုး ”

အမှတ်ခြောက်သခင်ကြီး၏ အသံက ဒေါသစိတ်များ၊ လူသတ်ချင်စိတ်များ ရောယှက်နေသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ခေါင်းအထက်တွင် သေရည်အိုးကြီး ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမုန်တိုင်းတစ်ခု ချက်ချင်း ဖြစ်တည်လာပြီး ပိုင်လီကို တိုက်ခတ်သွားသည်။

ပိုင်လီ တုန်ရီသွားသည်။ သူ ထွက်ပြေးရန်ပြင်လိုက်စဉ်မှာပင် အမှတ်ခြောက်သခင်ကြီးက လက်နက်လှိုင်းကြီးနှင့်တူ ချဉ်းကပ်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

မလွတ်မြောက်နိုင်သည်ကို သိသွားသော ပိုင်လီ၏ မျက်လုံးများက ကောက်ကျစ်သောအရိပ်အငွေ့များဖြင့် ဝင်းလက်သွားသည်။ သူက ချာခနဲ လှည့်ကာ ကောင်းကင်ယံရှိ အမှတ်ခြောက်သခင်ကြီးကို တိုက်ခိုက်လိုက်သည်။

လူနှစ်ယောက် တိုက်ခိုက်ခြင်းကြောင့် ကောင်းကင်နှင့်မြေပြင် တုန်ခါသွားသည်။ သူတို့ တိုက်ခိုက်သံများက တဝုန်းဝုန်းမြည်ဟည်းနေပြီး အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပေရာ ဘေးပတ်လည်တွင် ကြည့်နေသော ကျင့်ကြံသူများမှာ အဝေးသို့ နောက်ဆုတ်သွားရန်မှတစ်ပါး ရွေးချယ်စရာ မရှိပေ။

ရွှီချင်း၏ မျက်နှာလေးနက်သွားသည်။ လည်ဆွဲအကာအကွယ်ဖြင့် တိုက်ပွဲကို သူ စူးစိုက်ကြည့်လိုက်သည်။

ဘေးတွင် ခေါင်းဆောင်က ကောက်ကာငင်ကာ ရယ်မောလိုက်သည်။ သူ ရယ်မောနေစဉ် သူ့မျက်လုံးများထဲ ရူးသွပ်ခြင်းများ၊ လောဘအရိပ်အငွေ့များဖြင့် ပြည့်နေသည်။

“ ဒဏ္ဍာရီလာအလင်းတမန်အဖွဲ့ဝင်တစ်ယောက်ကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ အဲဒီအဖွဲ့အစည်းက အဖွဲ့ဝင်တိုင်း သာမန်မဟုတ်ဘူးလို့ ငါ ကြားတယ် ”

ရွှီချင်း ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။

“ အလင်းတမန်အဖွဲ့က ဝမ်ကူးဒေသကြီးက အင်မတန်လျှို့ဝှက်ဆန်းကြယ်တဲ့အဖွဲ့အစည်းတစ်ခုပဲ။ အဲဒီအဖွဲ့တည်ထောင်တာ နှစ်တစ်ထောင်မရှိသေးဘူး။ အဲဒီအဖွဲ့ဝင်တွေအားလုံးက မျိုးနွယ်စုတွေရဲ့ အထူးချွန်ဆုံး ကောင်းကင်လက်ရွေးစင်တွေ။ အဲဒီအဖွဲ့အစည်းက သူတို့ထဲ ဝင်တဲ့သူတွေကို နတ်ဘုရားဖြစ်မယ့်အခွင့်အရေးပေးမယ်ဆိုပြီး ကြေညာထားတယ်လို့ အသိဉာဏ်ဌာနက လျှို့ဝှက်စာလိပ်တစ်လိပ်မှာ ငါ ဖတ်ခဲ့ဖူးတယ်။ အဲဒီအဖွဲ့ထဲ ဝင်ဖို့လိုအပ်ချက်က သက်ဆိုင်ရာမျိုးနွယ်တွေမှာ သွေးယဇ်ပူဇော်ပွဲ လုပ်ဆောင်ဖို့ပဲ။ အဲဒီသွေးယဇ်ပူဇော်ပွဲက ကြီးကျယ်လေလေ အလင်းတမန်အဖွဲ့က အသိအမှတ်ပြုလေပဲ ”

“ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက နန်းဟွမ်ဒေသကြီးမှာ နတ်ဘုရားရဲ့အကြည့်ကို အသုံးချခဲ့တဲ့ လူတစ်ယောက်ရှိတယ်လို့ ငါ ကြားတယ်။ အဲဒီလူရဲ့မျက်လုံးတွေက ထူးခြားလို့ အလင်းတမန်အဖွဲ့ထဲ ဝင်ခွင့်ရခဲ့တယ် ”

ခေါင်းဆောင်က ပြုံး၍ ရွှီချင်းကို လှမ်းကြည့်လိုက်သည်။

“ သူတို့ ငါ့ကို လာမရှာတာ နှမျောစရာကောင်းတာပဲ။ နို့မဟုတ်ရင် အဲဒီအဖွဲ့ထဲဝင်ပြီး နတ်ဘုရားဖြစ်လာမယ့်အခွင့်အရေးဆိုတာကြီးကို သွားကြည့်တယ်။ ရှေးဘုရင်တွေ၊ အရှင်သခင်တွေလျှောက်တဲ့လမ်းလား၊ ဒါမှမဟုတ် တကယ်ပဲ နတ်ဘုရားဖြစ်လာမှာလား ”

“ ငါတော့ မယုံဘူး ”

“ ကျနော်လည်း မယုံဘူး ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး စာလိပ်ကို ထိလိုက်သည်။ ထို့နောက် ကောင်းကင်ယံတွင် တိုက်ခိုက်နေသော ပိုင်လီကို ကြည့်လိုက်သည်။

All Chapters