← Chapters

မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်

Vol. 24 Ch. 358

မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်

Vol. 24 Ch. 358

သုံးယောက်သား စကားတပြောပြောနှင့် ပြပွဲထံသို့ လျှောက်လာကြသည်။

ပြပွဲအား ကြီးမားကျယ်ပြန့်သော မြေကွက်လပ်၌ ကျင်းပခြင်း ဖြစ်သည်။ ၎င်းသည် မူလက အကွေ့အကောက်များနှင့် ကားမောင်းပြိုင်ပွဲနေရာ ဖြစ်သည်။ ပြပွဲတွင်း လူများစွာ ဝန်းရံနေပြီး အချင်းချင်း စကားပြောလျက်နှင့် လည်ကိုဆန့်၍ ပိုမြင်ရရန် ကြိုးစားနေကြသည်။

ရှုနန်နှင့် ရှုဝမ်ချင်းတို့သည် ကားမောင်းခြင်း မစခင် အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာ၏ ချို့ယွင်းချက်များကို ရဲ့လင်းချန် ထောက်ပြနိုင်ရန် မျှော်လင့်နေကြသည်။ လမ်းပေါ်၌ မောင်းနှင်ရာတွင် ပြဿနာ တစ်ခုခု ဖြစ်ခြင်းမှ ရှောင်လွဲနိုင်ရန် သူ လျင်မြန်စွာ ပြုပြင်ပေးနိုင်ပါစေဟုလည်း မျှော်လင့် နေကြသည်။

“အဲ့ဒီမှာ ရပ်လိုက်”

သူတို့သုံးယောက် ပြပွဲတွင်း ဝင်လိုက်သည်နှင့် လုံခြုံရေးက လက်ကိုဆန့်တန်း၍ ရဲ့လင်းချန်ကို တားလာသည်။

“ငါ ဘယ်သူလဲ နင် မသိဘူးလား၊ ဒါ ငါ့ဆရာ၊ လမ်းဖယ်စမ်း”

ရှုနန်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကျွန်တော် တောင်းပန်ပါတယ် မမလေးရှု၊ ဒါရိုက်တာအိုးရန်က ခင်ဗျား ခေါ်လာတဲ့ ဘယ်သူမဆိုကို ဝင်ခွင့်မပြုဖို့ အထူးညွှန်ကြားထားလို့ပါ၊ အထူးသဖြင့် ခင်ဗျားဆရာကိုပေါ့”

လုံခြုံရေးက တည်ငြိမ်စွာ တောင်းပန်လေသည်။

“သူက ဘာသဘောလဲ၊ နင်က သူ့အမိန့်ကို နားထောင်တာလား၊ ငါ့အမိန့်ကို နားထောင်တာလား၊ အခုချက်ချင်း လမ်းဖယ်၊ ဒါမှမဟုတ် နင် ထွက်သွားလိုက်”

ရှုနန်က မကျေမနပ် ပြောလိုက်သည်။

သို့သော် လုံခြုံရေးက သူ့နေရာ၌ မတ်မတ်ရပ်၍ တည်ငြိမ်စွာ ပြန်ပြောသည်။

“ဥက္ကဋ္ဌရှုကလည်း မမလေးရှု တစ်ယောက်ယောက်ကို ခေါ်လာချင်ရင် ဒါရိုက်တာအိုးရန်ရဲ့ ခွင့်ပြုချက် လိုတယ်လို့ အမိန့်ပေးထားပါတယ်”

ရှုနန်၏ အမူအရာက ချက်ချင်း ဆိုးရွားသွားသည်။ တစ်ချိန်တည်းမှာပင် ရှုဝမ်ချင်သည်လည်း မျက်မှောင်ကြုတ် သွားလေသည်။ ရဲ့လင်းချန်ကမူ အေးအေးဆေးဆေး ရပ်နေ၏။

“ဆရာ ခဏလေး နေပါဦး၊ ကျွန်မ ရှင့်အတွက် တစ်ယောက်ယောက်ကို ရှာလိုက်ဦးမယ်”

ရှုနန်က ချက်ချင်း ဖုန်းထုတ်၍ သူမအဖေကို ဆက်လိုက်သည်။

သို့သော် ရင်းနှီးနေသော ဒေါက်ဖိနပ်သံကို ကြားလိုက်ရပြီး အိုးရန်ချင်း တံခါးရှေ့၌ ပေါ်လာသည်။ သူမ၏ စူးရှသော အကြည့်တို့က ရဲ့လင်းချန်အပေါ် တန်း၍ ကျရောက်လာလေသည်။

“ရှုနန်၊ ရှုဝမ်ချင်း၊ နင်တို့ နှစ်ယောက်လုံး အရမ်း ခေါင်းမာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

အိုးရန်ချင်းက သရော်လေသည်။

“နင်တို့နှစ်ယောက်လုံးက ဥက္ကဋ္ဌရှုရဲ့ သမီးတွေလေ၊ နင်တို့ ဘယ်တော့များမှ ကုမ္ပဏီကို အထောက်အကူ ပြုနိုင်မှာလဲ”

“ငါတို့ကို အဲ့လိုပြောရအောင် နင်က ဘာမို့လို့လဲ ဆရာမကြီး မြဲ့ကြွယ်ရဲ့၊ ငါတို့ ကုမ္ပဏီအတွက် ဒီလို လုပ်နေတာ၊ နင့်လုပ်ရပ်ကမှ ကုမ္ပဏီကို ဒုက္ခရောက်အောင် လုပ်နေတာ”

ရှုနန် ပက်ခနဲ ပြန်ပြောသည်။

“ဝမ်းကွဲအစ်မ၊ နင် ငါတို့ကို ယုံမှဖြစ်မယ်၊ ဒါက ငါတို့ကုမ္ပဏီရဲ့ အနာဂတ်အပေါ် သက်ရောက်နိုင်တယ်၊ အရင်ဆုံး နင် ရဲ့လင်းချန်ကို ချို့ယွင်းချက်တွေကို ထောက်ပြခွင့်ပေးသင့်တယ်၊ ဒီနည်းပညာက နည်းနည်းလေးမှ အမှားအယွင်း ဖြစ်လို့မရဘူးလေ”

ရှုဝမ်ချင်က တိုက်တွန်းသည်။

“ဟားဟား သူ့ကို ဝင်ခွင့်ပြုရမှာလား”

အိုးရန်ချင်းက ဘုရင်မတစ်ပါးကဲ့သို့ ရဲ့လင်းချန်ကို ခေါင်းစခြေဆုံး အထင်သေးသောအကြည့်ဖြင့် ကြည့်လေသည်။

“နင်တို့ရည်းစား ပြောတဲ့စကားကို နင်တို့ ယုံရင်ယုံလိမ့်မယ်၊ ငါတော့ မယုံဘူး၊ တကယ်လို့ ငါ သူ့ကို ဝင်ခွင့်ပြုလိုက်ပြီး ငါတို့ယာဉ်တွေကို သူ အဖျက်အမှောင့် လုပ်ခဲ့ရင် ဆုံးရှုံးမှုကို တိုင်းတာလို့ မရနိုင်ဘူး”

သူမက ပြောပြီးသည်နှင့် ဘာမှ ထပ်အနှောင့်အယှက် ဖြစ်မခံတော့ချေ။ သူမက လက်ဝှေ့ယမ်း၍ အမိန့်ပေး လိုက်သည်။

“သူတို့ကို စောင့်ကြည့်ထား၊ သူတို့ကို ဝင်ခွင့်မပေးနဲ့”

အိုးရန်ချင်း ထွက်သွားတော့မည့်အချိန်၌ သူမအနောက်မှ ထွက်လာသော အသံကို ကြားလိုက်ရသည်။

“မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်၊ မင်းက တန်ဖိုးမထားမှတော့ ထားလိုက်တော့”

“ခစ်ခစ်”

အိုးရန်ချင်းက လမ်းလျှောက်နေရာမှ ရပ်၍ ခနဲ့လေသည်။

“လေကျယ်ကောင်ကများ”

“ကားက တတိယအကြိမ် မောင်းနှင်တဲ့အခါကျရင် အလိုအလျောက် မောင်းနှင်ခြင်းစနစ်က အထိန်းအကွပ် မဲ့သွားလိမ့်မယ်၊ ကားက နေရာမှာ လည်နေပြီးတော့ ပြောင်းပြန် ဆက်မောင်းလိမ့်မယ်၊ ပြီးရင် ပတ်လမ်းပေါ်က ချော်သွားလိမ့်မယ်၊ မင်း တခြားသူတွေကို အန္တရာယ် မဖြစ်စေချင်ရင် လူအုပ်ကို မြန်မြန် လူစုခွဲဖို့ ငါ အကြံပေးတယ်”

ရဲ့လင်းချန်က ရလဒ်က သူ့ရှေ့တည့်တည့်၌ ဖြစ်နေသကဲ့သို့ ပြတ်သားသော လေသံဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“ဟားဟား ခြောက်လှန့်ရေးသမားပဲ”

အိုးရန်ချင်းက ခေါင်းကိုမော့လိုက်သဖြင့် သူမ၏ ဖြူဝင်းသော လည်တိုင် ပေါ်လာပြီး သူ့အား အထင်မကြီးစွာ ကြည့်လာသည်။

“ငါ ပညာ စသင်ကတည်းက ယာဉ်ပေါင်း ၂၆၃ စီးကို စမ်းသပ်ခဲ့တယ်၊ ငါ တစ်ခါ အတည်ပြုလိုက်တာနဲ့ ပထမအကြိမ် စမ်းသပ်မှုမှာတင် အောင်မြင်နိုင်ချေ ကိုးဆယ် ရာခိုင်နှုန်း ဖြစ်နိုင်ချေ ရှီတယ်၊ ငါ့စမ်းသပ်မှု ၁၅၀ ကျော်က ဆုတွေ ရခဲ့တာပဲ၊ နင့်မှာ ဘာရှိလို့လဲ”

“ငါ့မှာ ဘာမှမရှိဘူး”

ရဲ့လင်းချန်က ပခုံးတွန့်ပြလိုက်ပြီးနောက် ထွက်သွားရန် နောက်သို့ လှည့်လိုက်သည်။

အိုးရန်ချင်းက ရဲ့လင်းချန်၏ နောက်ကျောကိုကြည့်ပြီး သရော်ဟန် ပြုံးလိုက်လေသည်။

*ငါ့ဆီမှာ အလိမ်ပေါ်သွားလို့ ဒီမှာ ဆက်နေဖို့တောင် ရှက်သွားတယ်ပေါ့လေ*

ထိုအခါ ရှုနန်က ရဲ့လင်းချန်နောက်သို့ ခပ်သွက်သွက် လိုက်သွားသည်။

“ဆရာ ကျွန်မ တောင်းပန်ပါတယ်”

“ရပါတယ်”

ရဲ့လင်းချန် လက်ကာပြလိုက်သည်။

“ငါ့ကို အိမ်သာပြန်ပို့ပါ”

“ဟုတ်ကဲ့ …”

ရှုနန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရှုဝမ်ချင်းနှင့်အတူ ကားပေါ် တက်လိုက်ကြသည်။

နှစ်ယောက်လုံး သူ့ကို ဖျောင်းဖျချင်သော်လည်း သူတို့ဘာသာသူတို့ ရပ်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့ သက်ပြင်းရှည်တစ်ချက် ချရုံသာ တတ်နိုင်တော့သည်။

ရဲ့လင်းချန်က သူ့အတတ်နိုင်ဆုံး လုပ်ဆောင်ပြီးသွားပြီ ဖြစ်သည်။ သူတို့ သူ့ကို ထပ်၍ မတောင်းဆို ရက်တော့ပါ။

ထိုသို့သောအချိန်၌ ပြပွဲတွင် ဆူညံလှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေ၏။ မရေတွက်နိုင်သော သတင်းထောက် များက ပြေးလမ်းကို ဝိုင်းရံထားပြီး အင်တာဗျူးများ ပြုလုပ်ကာ ဗွီဒီယို ရိုက်ကူးနေကြသည်။ တစ်ချိန်တည်း မှာပင် လူများစွာတို့က တန်း၍ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နေသည်။ သတင်းကို ကြားပြီးနောက် ပို၍ များပြားသော လူများက ဤနေရာသို့ ရောက်ရှိလာကြသည်။

ပြပွဲ၏ အလယ်၌ ဝမ်ရုံအော်တိုမိုဘိုင်း လုပ်ငန်းစု၏ ရာထူးကြီးသူများအားလုံး ရောက်ရှိနေကြသည်။ သူတို့၏ မျက်နှာများက ဝင်းပလျက်ရှိပြီး သတင်းထောက်များ၏ အင်တာဗျူးကို ဖြေနေလေသည်။

အိုးရန်ချင်းသည်လည်း အင်တာဗျူးခံနေရသည်။ သူမက ကင်မရာကို တည့်တည့်ကြည့်နေပြီး သူမပုံစံက ယုံကြည်ချက် ရှိဟန် ပေါ်နေကာ တည်ငြိမ်စွာ ပြောဆိုနေ၏။

“ဒီအလိုအလျောက်‌ မောင်းနှင်ခြင်း နည်းပညာက ကျွန်မတို့အဖွဲ့ ရှစ်နှစ်တိတိ တိုးတက်အောင် လုပ်ခဲ့တဲ့ အရာပါ၊ ဒီအရာမှာ မောင်းနှင်သွားလာခြင်း၊ အနေအထားယူခြင်း၊ အဟန့်အတားကို ရှာဖွေခြင်းနဲ့ အခြားသော စနစ်လုပ်ဆောင်ချက်တွေ ပါပါတယ်၊ အဲ့ဒါအပြင် လမ်းပေါ်က မြန်နှုန်းကန့်သတ်ချက်ပေါ် အခြေခ့ပြီး အလိုအလျောက် ချိန်ညှိမှုတွေ လုပ်ဆောင်သွားမှာပါ၊ အလိုအလျောက် မောင်းနှင်တဲ့ကား နဲ့ဆိုရင် ရှင်တို့တွေ အရှိန်မြန်လို့ ဒဏ်ကြေးဆောင်ရတာတွေကို ဘယ်တော့မှ စိတ်ပူစရာ မလိုတော့ပါဘူး၊ ပြီးတော့ …”

ဤနည်းပညာ၏ ဒါရိုက်တာတစ်ဦး ဖြစ်သောကြောင့် အိုးရန်ချင်းသည် မလွဲမသေ အဓိက အာရုံစိုက်စရာ ဖြစ်နေ၏။ သူမ၏ အရပ်မြင့်မြင့်နှင့် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်၊ မာနကြီးသော အသွင်အပြင်၊ ရင့်ကျက်သော အလှနှင့် သူမတူသော ဉာဏ်ပညာတို့က ပရိသတ်များထံမှ ဟစ်ကြွေးသံများ ထွက်လာ စေသည်။ မရေတွက်နိုင်သော လူများ၏ စိတ်ထဲတွင် ဤအရိုင်းဆန်သော မြင်းကို ဘယ်သူများ လွှမ်းမိုး ချုပ်ကိုင် နိုင်မလဲဟု တွေးနေကြသည်။

အင်တာဗျူးအပြီးတွင် ဝမ်ရုံလုပ်ငန်းစု၏ ခေါင်းဆောင်များက အလိုအလျောက် မောင်းနှင်ခြင်းယာဉ်များ အပေါ် သူတို့၏ အမြင်များကို မိန့်ခွန်းပြောကြားသည့် အချိန်သို့‌ ရောက်ရှိလာသည်။ အများစုက အဓိပ္ပာယ်မရှိသော စကားများကိုသာ ပြောဆိုကြလေသည်။ လူအုပ်ကြီး၏ စိတ်အားထက်သန်နေသော အကြည့်အောက်၌ မိန့်ခွန်း ပြောကြားခြင်း အဆုံးသတ်သွားသည်။

“အခု လူသားတွေရဲ့ သမိုင်းမှာ ပထမဆုံး အလိုအလျောက် မောင်းနှင်ခြင်းယာဉ် ထွက်ပေါ်လာမှုအတွက် အောင်ပွဲ ဗြောက်အိုး ဖောက်ပေးဖို့ ဒါရိုက်တာအိုးရန်ကို ဖိတ်ကြားပါရစေ”

“ဖြောင်း ဖြောင်း ဖြောင်း”

ဗြောက်အိုးများ ဖောက်ပြီးနောက် အိုးရန်ချင်းက အနီရောင် အဝတ်စအုပ်ထားသော အရာဝတ္ထုတစ်ခုထံ လျှောက်လမ်းသွားကာ လက်ကိုမြှောက်၍ အဝတ်စကို ဖယ်ရှားလိုက်သည်။

အားလုံး၏ အကြည့်အောက်၌ တောက်ပသော ပြိုင်ကားတစ်စီး ပေါ်လာသည်။ ဤတွင် ချောမွေ့ တောက်ပြောင်သော အသွင်သဏ္ဌာန်ရှိပြီး အံ့ဩစရာကောင်းသည့် ဒီဇိုင်း ရှိကာ တောက်လောင်နေသော မီးလျှံတစ်ခုနှင့် ဆင်တူနေပြီး လူအုပ်ကြီးအား ကြည့်မိရုံနှင့် စိန်ခေါ်မှုတစ်ခု ပေးစွမ်းနေ၏။

ပြပွဲတွင် လူအများ၏ စိတ်အားထက်သန်စွာ အားပေးသံတို့နှင့် ပြည့်လျှံလာလေသည်။

ထိုသို့သောအချိန်၌ တောက်ပသော အလင်းများ တဖျတ်ဖျတ် လက်လာပြီး လူအများက ဖုန်းများထုတ်၍ ဓာတ်ပုံ ရိုက်ကြသည်။ ၎င်းသည် သမိုင်းစာအုပ်များ၌ မှတ်တမ်းဝင်နေမည့် ကားတစ်စီးပင်။

ထို့နောက် အိုးရန်ချင်းကိုယ်တိုင် ကားတံခါးဖွင့်၍ အတွင်းပိုင်း အပြင်အဆင်များကို ပြသလေသည်။ ကားထဲ၌ ဗလာကျင်းနေပြီး အထဲတွင် ယာဉ်မောင်းမရှိကြောင်း သက်သေ ပြနေ၏။

ထို့အပြင် အခြားကားများနှင့် မတူညီစွာပင် ဤကား၏ ယာဉ်မောင်းခုံက မရှိပေ။ ယာဉ်မောင်းသူ ထိုင်ခုံအား တပ်ဆင်ထားခြင်း မရှိပေ။ ထိုနေရာက အလိုအလျောက် မောင်းနှင်ခြင်းကားတွင်း၌ ခရီးထွက်ချိန်အတွင်း အပန်းဖြေနိုင်မည့် နေရာလေးတစ်ခုအဖြစ် ပြောင်းလဲထားသည်။ ၎င်းက ခရီးသွားများအတွက် ပြီးပြည့်စုံသော အဖော်မွန်တစ်ခုပင်။

ပြသပြီးနောက် အလိုအလျောင်မောင်းနှင်ခြင်းယာဉ်၏ အင်ဂျင်ကို နှိုးရန် အချိန်ကျလာလေပြီ။

All Chapters