ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေး၏ စာလိပ် ( ၂ )
Vol. 20 Ch. 303
ပိုင်လီက ထပ်မံရယ်မောလိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ လေထဲတွင် ဧရာမခန္ဓာတစ်ခု ပေါ်လာသည်။
ထိုခန္ဓာသည် ပေတစ်ထောင်ရှည်ပြီး ဧရာမဓားခုတ်ကောင်ကြီးတစ်ကောင်နှင့် ဆင်သည်။ တစ်ကိုယ်လုံး မည်းနက်နေပြီး ချောက်ချားစရာအကောင်းဆုံးမှာ အလွန်စူးရှချွန်ထက်သော ဓားမော့သဖွယ်ခြေထောက်နှစ်ဖက်ဖြစ်သည်။
ထိုခန္ဓာက တိုက်ခိုက်ရေးခန္ဓာတစ်ခုကဲ့သို့ပင်။ ၎င်း ပေါ်လာသည့်အခိုက် ပိုင်လီ၏ခန္ဓာကိုယ်က ၎င်းနှင့် ပေါင်းစည်းသွားသည်။ တခဏလေးအတွင်း ပေတစ်သောင်းရှည်သော တိုက်ခိုက်ရေးခန္ဓာ၏ မျက်လုံးများ ပွင့်လာပြီး ရက်စက်ကြမ်းကြုတ်သောအလင်းများ ဝင်းလက်သွားသည်။ ၎င်းက ချက်ချင်းပင် ဆဋ္ဌမမြောက်သခင်ကြီးထံသို့ ပြေးဝင်သွားသည်။
၎င်းသည် ကြောက်စရာကောင်းလောက်အောင်မြန်ဆန်သည်ဖြစ်ပြီး လေဟာနယ်ကို ဖောက်၍ အမှတ်ခြောက်သခင်ကြီးရှေ့သို့ ရိပ်ခနဲ ရောက်သွားကာ လက်ဝါးဖြင့် ခုတ်ချလိုက်သည်။
အရာအားလုံးကို ဖျက်ဆီးနိုင်သည့်အလား ထိုဓားမော့ဓားချက်ကိုကြည့်၍ ရွှီချင်း၏နှလုံးသားများ တဒိန်းဒိန်းခုန်သွားသည်။ ဘုရားကျောင်းထဲတွင် သူ သင်ယူခဲ့ရသော ဓားမော့ဓားချက်ကို ပြန်တွေးမိသွား၏။
ထိုဓားချက်နှစ်ခုက ကွဲပြားသော်လည်း ဆင်တူနေသောနေရာများရှိသည်။ အမှတ်ခြောက်သခင်ကြီးက ထိုဓားချက်ကို အားကုန်သုံး၍ တားဆီးလိုက်ပါသော်လည်း နောက်သို့လွင့်သွားပြီး သွေးများအန်သွားသည်။
သို့သော်လည်း သူက ကျောချမ်းဖွယ်ပြုံးနေသေးသည်။ သူ့မျက်လုံးများထဲရှိ လူသတ်ချင်စိတ်များ လျော့ကျမသွားသေးပေ။
“ ငါက တိုက်ခိုက်တဲ့နေရာမှာ မတော်ဘူး။ ဒါပေမဲ့ ငါက ချီရွှဲ့ထုံဂိုဏ်းရဲ့ ဆဋ္ဌမမြောက်တောင်သခင်ပဲ။ ဆဋ္ဌမမြောက်တောင်က ဓမ္မအသုံးအဆောင်တွေလုပ်တဲ့နေရာမှာ ထူးချွန်တယ်။ အထူးသဖြင့် မဟာဓမ္မအသုံးအဆောင်တွေပဲ ”
အမှတ်ခြောက်သခင်ကြီးသည် ပြောလိုက်ရင်း အောက်ဘက်ရှိ ဆဋ္ဌမမြောက်တောင်ကို ဆွဲယူလိုက်သည်။
“ လာခဲ့ ”
ခဏအကြာ ကြယ်ငါးမျိုးနွယ်ကို သန့်စင်နေသော ဆဋ္ဌမမြောက်တောင်မှာ ချက်ချင်း ဝိုးတဝါးဖြစ်သွားသည်။ ၎င်း ပြန်လည်ကြည်လင်လာသောအခါ အမှတ်ခြောက်သခင်ကြီးရှေ့သို့ ရောက်နေပြီ ဖြစ်သည်။
ထိုတောင်ကြီးထဲမှ နတ်အစွမ်းများ တဟုန်းဟုန်း ထွက်ပေါ်နေပြီး တောင်ပေါ်မှ ဓမ္မအသုံးအဆောင်များအားလုံး တဂျိမ်းဂျိမ်းမြည်ဟည်းသွားသည်။ တောင်တစ်ခုလုံး၏ အရှိန်အဝါများ ဖြာထါက်လာပြီး တိုက်ခိုက်ရေးခန္ဓာနှင့် ပေါင်းစည်းနေသော ပိုင်လီကို ဖိချလိုက်သည်။
“ ဖိနှိပ်စေ ”
တောင်၏ စွမ်းအားများက အဖျက်အဆီးအားလှိုင်းအသွင်ဖြင့် ဘေးပတ်လည်ရှိ အရာအားလုံးကို ချုပ်နှောင်လိုက်သည်ဖြစ်ရာ ပိုင်လီအတွက် ရှောင်စရာနေရာမရှိတော့ပေ။ ပိုင်လီ မျက်နှာပျက်သွားသည်။ တောင်ကြီးက သူ့ကို အရှိန်အဟုန်ပြင်းစွာ ဖိနှိပ်လာစဉ် သူ မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီလာသည်။
သူ့တိုက်ခိုက်ရေးခန္ဓာမှာ အက်ကြောင်းများ ပေါ်လာသည်။ ပိုင်လီ၏မျက်လုံးများ နီမြန်းလာပြီး ဓားမော့ခြေထောက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး တောင်ဆီသို့ ပျံတက်သွားသည်။ သို့သော်လည်း တောင်နှင့်ယှဉ်လျှင် သူက အလွန် သေးငယ်နေသည်။
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသွားပြီး အမှတ်ခြောက်သခင်ကြီးက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်စဉ် ဧရာမတောင်ကြီးသည် အောက်ဘက်ရှိ ပိုင်လီကို ဖိနှိပ်ကာ ကြယ်ငါးမျိုးနွယ်ဆီသို့ ဆက်လက်ကျဆင်းနေသည်။
တဝုန်းဝုန်းမြည်ဟည်းသံများ နေရာအနှံ့ လွင့်ပျံသွားသည်။ မြေပြင်ကြီးတုန်ခါသွားပြီး ရွှီချင်းနှင့်ခေါင်းဆောင်တို့မှာ ခန္ဓာကိုယ်များ လှစ်ခနဲ လှုပ်ရှားကာ လေထဲသို့ ရှောင်တိမ်းလိုက်ကြသည်။ ကြယ်ငါးမျိုးနွယ်ကျွန်းပေါ်မှာ အက်ကွဲကြောင်းကြီးများ ပေါ်လာပြီး ပြိုကွဲတော့မည့်ဟန်တူသည်။
ဘေးပတ်လည်ရှိ ပင်လယ်ကြီးက ဆူနာမီလှိုင်များအသွင်ဖြင့် အဖက်ဖက်သို့ တဝုန်းဝုန်း ရိုက်ခတ်သွားသည်။
“ မင်းကို ငါ သန့်စင်မယ် ”
အမှတ်ခြောက်သခင်ကြီး၏ ဆံပင်များ ရှုပ်ပွနေပြီး သူ့မျက်လုံးများထဲ ရူးသွပ်ခြင်းများ ပြည့်နေသည်။ သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်ကာ မြေပြင်ပေါ်ရှိ တောင်ကြီးကို အဆက်မပြတ် ဖိနှိပ်နေသည်။ သို့ဖြစ်၍ သန့်စင်ရန် တောင်ထဲမှ သိပ်သည်းထူထပ်သော မီးပင်လယ်ကြီး ပေါ်လာသည်။
“ ငါ့သားကို မင်း သန့်စင်ခဲ့တယ်။ မင်းကို ငါ သန့်စင်မယ် ”
တောင်ကြီး တုန်ခါသွားသည်။ တောင်အောက်ရှိ ဖိနှိပ်ခံနေရသော ပိုင်လီသည် တောင်ကြီးအား ဖောက်ထွင်းရန် အပြင်းအထန် ကြိုးစားနေသည်။
တောင်အောက်မှ သားရိုင်းများ၏ မာန်ဖီသံများနှင့်အတူ ဝိညာဉ်တုန်ခါသွားစေနိုင်လောက်အောင် အစွမ်းထက်သော နတ်အစွမ်းလှိုင်းများ ပျံ့နှံ့လာသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့ တုန်လှုပ်ချောက်ချားသွားကြစဉ် မီးတဟုန်းဟုန်း တောက်လောင်နေသော တောင်ကြီးမှာ တဖြည်းဖြည်းချင်း အပေါ်သို့ ကြွလာသည်။
အစောပိုင်းယွမ်ယင်အဆင့်ဖြင့် ထိုကဲ့သို့ စွမ်းဆောင်နိုင်သည်ဖြစ်၍ ထိုပိုင်လီမှာ သူ့မျိုးနွယ်၏ တုဖက်ကင်း ပါရမီရှင်တစ်ယောက် အမှန်တကယ် ဖြစ်ထိုက်ပေသည်။ တောင်ကြီးအပေါ်သို့ ကြွတက်လာပြီးနောက် အောက်ဘက်မှ အော်ဟစ်ကြုံးဝါးသံ လွင့်ပျံလာသည်။
ပိုင်လီ၏ ရုပ်ရည် ဆိုးဆိုးဝါးဝါး ပျက်စီးသွားပြီဖြစ်သည်။ သူသည် တိုက်ခိုက်ရေးခန္ဓာဖြင့် မဟုတ်တော့ဘဲ သူ့နောက်ကျောပေါ်မှ မိစ္ဆာသစ်ပင်နှင့် ပေါင်းစည်းသွားပြီ ဖြစ်သည်။
ထိုအပင်ကြီးမှာ ထူထပ်သောအကိုင်းအခက်များ၊ အရွက်လက်ခြောက်ဖက်နှင့် မြေပြင်ကို အမြစ်တွယ်နေသည့် မရေမတွက်နိုင်သော လက်များသဖွယ် အမြစ်များ ရှိသည်။ တောင်ကြီးကို ၎င်းက ပင့်မလိုက်သောအခါ တြွိဂံပုံစံပန်းပွင့်နှင့်မျက်နှာ ပေါ်လာသည်။
ထိုမျက်နှာသည် သရဲမျက်နှာကြီးမဟုတ်တော့ဘဲ ပိုင်လီ၏မျက်နှာကြီး ဖြစ်နေပေသည်။
သူ့မျက်လုံးများထဲ အနီရောင်အလင်းများ ဝင်းလက်သွားပြီး သူ့တစ်ကိုယ်လုံးမှ နတ်အစွမ်းများ ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် တိုးထွက်လာသည်။
“ မင်းက ဓမ္မအသုံးအဆောင်တွေ လုပ်တဲ့နေရာမှာ ထူးချွန်တယ်လို့ပြောတာ ဒါလား။ ဓမ္မအသုံးအဆောင်ကျင့်ကြံသူတွေအများကြီး ငါ မြင်ဖူးတယ်။ သူတို့က ဘယ်လိုလုပ်ရလဲ သိရုံတင်မကဘူး၊ အသုံးပြုတဲ့နေရာမှာလည်း တော်ကြတယ်ကွ။ မင်းကကျတော့ ငါ … ”
သူ၏ဝင့်ကြွားသောစကား မဆုံးခင် အမှတ်ခြောက်သခင်ကြီးက လက်ကို ဆတ်ခနဲ ဝှေ့ယမ်းလိုက်ရာ သူ့ခေါင်းအထက်ရှိ လေထဲတွင် ဧရာမအလံကြီးတစ်လံ ပေါ်လာပြီး ပြန့်ကားသွားသည်။
ထိုအလံကြီးသည် ပေတစ်သောင်းရှည်ပြီး တုန်လှုပ်ချောက်ချားသွားစေနိုင်လောက်သည့် အရှိန်အဝါများ ထုတ်လွှတ်နေသည်။
အဝေးမှကြည့်ပါက ထိုအလံကြီးသည် ပြည့်စုံသေးဟန်မတူဘဲ အလံကြီး၏ အရောင်မှာလည်း မရေမတွက်နိုင်သော သွေးများ စွန်းထင်းနေသည့်အလားပင်။ ထိုအလံကြီးထံမှ ပြင်းထန်သော နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်နေသည်။
ထိုအလံကြီးသည် ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ရပြီး မရေမတွက်နိုင်သော စစ်ပွဲများစွာကို ကြုံတွေ့ခဲ့ရသည့်အလားပင်။ အလံကြီးကို ဖြန့်လိုက်သောအခါ ကောင်းကင်ကြီး၏အရောင်ပင် ပြောင်းလဲသွားပြီး နေမင်းကြီးကို ဖုံးကွယ်သွားသည်။
ကြယ်ငါးကျွန်း၏ ပေတစ်သောင်းအတွင်းရှိ မျိုးနွယ်များအားလုံး တုန်ခါသွားကြသည်။ ပင်လယ်ကြမ်းပြင်မှ ပုန်းကွယ်နေသော သတ္တဝါများပင် တစ်ကောင်ပြီးတစ်ကောင် မျက်လုံးများ ပွင့်လာပြီး ကြောက်လန့်တုန်ရီနေကြသည်။
အထူးသဖြင့် ရွှေအဆင်းရှိသော သွေးတစ်စက်၏ အရှိန်အဝါကို သူတို့ ခံစားလိုက်ရသောအခါတွင် ပို၍ ဆိုးသည်။ ထိုသွေးစက်သည် နတ်အစွမ်းများကို ကျော်လွန်ကာ ကောင်းကင်ယံမှ အရာအားလုံးကို အထင်သေးစွာ ကြည့်နေသော နတ်ဘုရားမျက်နှာပျက်ကြီးနှင့် အနီးစပ်ဆုံး တူညီနေသကဲ့သို့ ခံစားရစေသည်။
ထိုတိုက်ပွဲဝင်အလံကြီးအောက်တွင် မရေမတွက်နိုင်သော နတ်သတ္တဝါများစွာနှင့် မရေမတွက်နိုင်သော လူသားများ ဇီဝိန်ချုပ်ခဲ့ကြရသည့်အလားပင်။ ယခုအခါ အမှတ်ခြောက်သခင်ကြီး ထုတ်လိုက်သောအလံထံမှ လောကကြီးကို တုန်ခါသွားစေနိုင်သည့် တုဖက်ကင်းသော ရက်စက်ကြမ်းကြုတ်ခြင်းအရှိန်အဝါတစ်ခု ထွက်နေပေပြီ။
ထိုအရှိန်အဝါသည် ပြင်းထန်အားကောင်လှသည်ဖြစ်၍ ကောင်းကင်ကြီး အေးခဲကာ ရေလှိုင်းများ ရပ်သွားသည်။
ပိုင်လီ၏အသံ ဆတ်ခနဲ ရပ်သွားသည်။ ခဏအကြာ သူ၏အပင်ခန္ဓာကိုယ်ထဲမှ တစ်ခါမှမကြုံဖူးသော အပြင်းအထန် ရုန်းကန်နေသည့်ခံစားချက် သူ ရလာသည်။ သူ့လေသံ ပြောင်းသွားပြီး ထိတ်လန့်တုန်ရီခြင်းများဖြင့် ပြည့်နှက်လာသည်။
“ အဲဒါ လူသားမျိုးနွယ်ရဲ့ တိုက်ပွဲဝင်အလံကြီးမလား။ ဒီလိုနေရာသေးသေးလေးမှာ ဘယ်လိုလုပ် အဲဒီလိုပစ္စည်းရှိနေရတာတုံး ”
သူ ဘာမှမသိသည်မှာ ထင်ရှားသည်။ အနိမ့်ဆုံးအနေဖြင့် ထိုလူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီးအား ချီရွှဲ့ထုံဂိုဏ်းက ရေသူမကျွန်းပေါ်မှာ တစ်ခါ ထုတ်သုံးခဲ့သည်ကို သူ မသိပေ။