← Chapters

ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေး၏ စာလိပ် ( ၃ )

Vol. 20 Ch. 304

ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေး၏ စာလိပ် ( ၃ )

Vol. 20 Ch. 304

လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံက ပိုင်လီကို ကြောက်ဒူးတုန်သွားစေသည်။

သူသည် လွတ်မြောက်ရန် အစွန်းကုန်ရုန်းကန်လိုက်ပြီး သူ့ကို ဖိနှိပ်ထားသည့် ဆဋ္ဌမမြောက်တောင်ကြီးမှာ တဂျိမ်းဂျိမ်းမြည်ဟည်းကာ တုန်ခါလာသည်။ တဖြည်းဖြည်းနှင့် တောင်ကြီးက သူ့ကို မထိန်းချုပ်နိုင်တော့သည့်လက္ခဏာများ ပြသလာသည်။

အမှတ်ခြောက်သခင်ကြီး၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ရုတ်တရက် လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီး တုန်ခါသွားပြီး စူးရှတောက်ပသောအလင်းများ တောင်ပေါ်သို့ ဖြာကျသွားသည်။

သို့သော် သူသည် အမှတ်ခုနစ်သခင်ကြီးမဟုတ်ဘဲ သူ့ကျင့်ကြံခြင်းအဆင့်က ပို၍ နိမ့်ကျသည်။ ထို့ကြောင့် လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီးကို အသုံးပြုရာ၌ အမှတ်ခုနစ်သခင်ကြီးကဲ့သို့ မြန်ဆန်ပြီး တည်ငြိမ်ခြင်းမရှိပေ။

သူ့အနေဖြင့် လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံစွမ်းအားကို ထုတ်လွှတ်နိုင်ရန် အချိန်ယူရသည်။

ထိုသည်ကိုမြင်၍ ရွှီချင်း၏ မျက်လုံးများထဲ ဆုံးဖြတ်ချက်ချလိုက်ဟန် ပေါ်လာသည်။ သူ ရှေ့ထွက်သွားသည်။ ခေါင်းဆောင်၏ အသက်ရှူသံများသည်လည်း မြန်ဆန်သွားပြီး ဆဋ္ဌမမြောက်တောင်ထိပ်အောက်ရှိ ပိုင်လီ၏ခန္ဓာကိုယ်ကို စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ရူးသွပ်ခြင်းများ ထိန်းမနိုင်သိမ်းမရ ပေါ်နေ၏။

“ နတ်အစွမ်း၊ ထူထပ်သိပ်သည်းပြီး သန့်စင်လိုက်တဲ့ နတ်အစွမ်း။ ဓာတ်နှောတွေတစ်စက်တောင် ရှိမနေဘူး ”

ခေါင်းဆောင်၏ မျက်လုံးများ နီမြန်းလာသည်။

သူတို့နှစ်ယောက်လုံး အလွန် မြန်ဆန်ပြီး တောင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။ ထိုနေရာတစ်ခုလုံး ပိုင်လီ၏ ဟိန်းဟောက်သံများ၊ နတ်အစွမ်းများဖြင့် ပြည့်နှက်သွားသည်။ ထိုနတ်စွမ်းအားအငွေ့အသက်များနှင့် ထိပ်တိုက်တွေ့လိုက်ရသည့် အဆင့်နိမ့်ကျင့်ကြံသူများမှာ ချက်ချင်း သေသွားမည်သာ ဖြစ်သည်။

သို့သော်လည်း ရွှီချင်းမှာ လည်ဆွဲ၏ အကာအကွယ်ရှိသည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်ရှိ အလင်းအကာအကွယ်မှာ တွန့်လိမ်ရှုံ့တွသွားပြီး ခက်ခက်ခဲခဲ တောင့်ခံနေရသည်။ ခေါင်းဆောင်သည်လည်း သူ့နည်းတူ အပြင်းအထန် ကြိုးစားနေရသည်။ သူ တစ်လှမ်း တိုးသွားတိုင်း သွေးတစ်ပွက်အန်သွားသည်။ သို့သော်လည်း သူ့မှာလည်း သူ့ကိုကာကွယ်ပေးသည့် ဒိုင်းကာတစ်ခု ရှိသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ဂရုမစိုက်ပေ။ ရှေ့တူရှုရှိ တဂျိမ်းဂျိမ်းမြည်ဟည်းနေသော တောင်ကြီးကို သူ စူးစိုက်ကြည့်လိုက်ပြီးနောက် တောင်ကြီးကို အပေါ်သို့ မ၍ ထွက်ပြေးရန် ကြိုးစားနေသော ပိုင်လီကို ကြည့်လိုက်သည်။ သူ ညာလက်ကို ဆတ်ခနဲ မြှောက်လိုက်ရာ ပိုးကောင်နက်အများအပြား ပိုင်လီထံ ချက်ချင်း ပြေးဝင်သွားသည်။

သို့သော်လည်း ပိုင်လီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော နတ်စွမ်းအားများမှာ ပြင်းထန်လွန်းလှသည်။ ပိုးကောင်နက်များ အနီးမကပ်နိုင်ခင် ပိုးကောင်နက်အများစု သေဆုံးသွားသည်။ ပိုင်လီသည်လည်း ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို အာရုံခံမိသည်။ သို့သော်လည်း သူတို့နှစ်ယောက်ကို သူ ဂရုစိုက်နေရန် အချိန်မရှိပေ။ သူက ဟိန်းဟောက်လိုက်ပြီး အားစိုက်၍ တောင်ကြီးကို အနည်းငယ် မကာ ကြမ်းတမ်းစွာ တွန်းလွှတ်လိုက်သည်။

တောင်ကြီးမှာ ပေဒါဇင်ချီ၍ လွင့်သွားသည်။ ထိုအခွင့်အရေးကို ယူ၍ သူက ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထိုအချိန်၌ ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူက ညာလက်ဖြင့် ဘိုးဘေး၏ စာလိပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

‘ နှာခေါင်း ’

‘ အလင်း ’ စကားလုံးမှာ မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ ထိုအချိန်၌ ‘ နှာခေါင်း ’ စကားလုံးက ချက်ချင်း ပုံပျက်သွားပြီး ဧရာမနှာခေါင်းကြီးတစ်ခုအသွင် ပြောင်းလဲကာ ပိုင်လီထံ ဝင်ရောက်သွားသည်။

၎င်းသည် လျှပ်စီးလက်သည့်အလား မြန်ဆန်ပြီး တခဏလေးအတွင်း အနီးသို့ ရောက်သွားသည်။

နှာခေါင်းကြီးကို ပိုင်လီ သတိထားမိလိုက်သည့်အချိန်၌ နှာခေါင်းက သူ့ကို အညှာအတာမဲ့စွာ ဝင်တိုက်သွားပြီ ဖြစ်သည်။ ဝုန်းခနဲ မြည်ဟည်းသံ ပဲ့တင်ထပ်သွားပြီး ပိုင်လီ သွေးတစ်ပွက် အန်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ တောင်ကြီး ကျဆင်းနေသည့်နေရာသို့ ပြန်ရောက်သွားပြီး ထွက်ပြေးရန် အခွင့်အရေးကို လက်လွှတ်သွားခဲ့သည်။ တောင်ကြီးက သူ့အပေါ်သို့ ထပ်မံကျဆင်းလာပြီ ဖြစ်သည်။

ဘုန်း

ပိုင်လီ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ တောင်ကြီးကို သူ အားကုန်သုံး၍ ခုခံလိုက်စဉ် တောင်ကြီးမှ အပြာရောင်မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး သူ့ကို သန့်စင်လေသည်။

“ တောက်ကွာ ခွေးကောင်လေး ”

ပိုင်လီက အံတင်းတင်းကြိတ်လိုက်သည်။ ခေါင်းဆောင်က ထိုသည်ကို အခွင့်အရေးယူ၍ မိုက်ရူးရဲဆန်စွာ တိုးဝင်သွားသည်။

သူ့ခန္ဓာကိုယ်နှင့် မျက်နှာကို ပိုင်လီ၏ အရှိန်အဝါက တိုက်စားနေသည့်တိုင်အောင် သူ ဂရုမစိုက်ပေ။ သူက သူ့အသက်ကို ထည့်မတွက်ဘဲ ပိုင်လီကို အားကုန်ကိုက်ချလိုက်သည်။

ဂျွတ်…

ပိုင်လီ၏ တစ်ကိုယ်လုံး တုန်ရီသွားသည်။ ခေါင်းဆောင်သည် စူးစူးဝါးဝါး အော်ဟစ်ကာ နောက်ဆုတ်သွားသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်း ပြိုကွဲသွားပြီး လူ့လက်တစ်ဖက် ပျက်စီးသွားသည်။ မျက်လုံးတစ်လုံးအပါအဝင် ခန္ဓာကိုယ်တစ်ခြမ်း မရှိတော့ပေ။ အူများအားလုံး မြေပြင်ပေါ်သို့ ကျသွားပြီး သူ့ပါးစပ်နှင့် သွားများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

သို့သော်လည်း သူ့ပါးစပ်ထဲရှိ ပိုင်လီ၏ အသားစကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။ သူ့မျက်နှာပေါ်တွင် ရူးသွပ်ပြီး အားရကျနပ်နေဟန်ရှိသည့်အပြုံးတစ်စ ပေါ်လာသည်။

ပိုင်လီမှာ ဒေါသအမျက်ချောင်းချောင်း ထွက်သွားပြီး ကောင်းကင်ကြီးကို မော့ကြည့်၍ အော်ဟစ်လိုက်သည်။ သို့သော် သူ ချုပ်နှောင်ခံထားရသည်ဖြစ်၍ တန်ပြန်မတိုက်ခိုက်နိုင်ပေ။ အစောပိုင်းက တိုက်ခိုက်မှုသည် သူ့အစွမ်းကုန် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ သူ့ပတ်လည်ရှိ မီးတောက်များက သူ့ကို အားနည်းအောင် အဆက်မပြတ် ပြုလုပ်နေပေရာ သူ ရူးသွပ်လုမတတ် ဖြစ်လာသည်။

သူ့မျက်လုံးများ နီမြန်းလာပြီး သူ့တစ်ကိုယ်လုံးရှိ နတ်အစွမ်းများ ပေါက်ကွဲထွက်လာပြန်သည်။ တောင်ကြီးကို အပေါ်သို့ တွန်းတင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ် နှစ်ခြမ်း ကွဲသွားသည်။ ထိုခန္ဓာကိုယ်နှစ်ခြမ်းက အရပ်မျက်နှာနှစ်ဖက်သို့ ပြေးထွက်သွားပြီး တောင်၏ နယ်နိမိတ်မှ လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။

ထိုအချိန်၌ သူ့ကို တချိန်လုံး စူးစိုက်ကြည့်နေခဲ့သော ရွှီချင်းက တိုက်ခိုက်လိုက်သည်။ ရုတ်တရက် ‘ ဆောင် ’ ဆိုသော စကားလုံးမှာ ဝေဝါးသွားပြီး ဧရာမလက်သီးချက်တစ်ခုအသွင် ပြောင်းလဲကာ ပိုင်လီထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ရွှီချင်းသည် စာလိပ်ကို ဆက်လက်အသုံးပြုရန် ပြင်လိုက်ပါသော်လည်း ထိုလက်သီးချက်က ပိုင်လီအတုနှင့်အစစ်ကို ခွဲခြားနေရန် မလိုပေ။ ၎င်းက ပိုင်လီအစစ်ကို သိနေသည့်အလား ပိုင်လီပေါ်သို့ ကျဆင်းသွားရာ ပိုင်လီ စိတ်ဓာတ်ကျသွားသည်။

ပိုင်လီ၏ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သွေးများ အန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ် နောက်လွင့်သွားသောအခါ သူ အပေါ်သို့ တွန်းထုတ်ခဲ့သော တောင်ကြီးက သူ့အပေါ် အရှိန်ဖြင့် ကျဆင်းလာသည်။

ဘုန်း

ပိုင်လီ တုန်ရီသွားသည်။ ယခုတစ်ခေါက်တွင် သူ တောင့်မခံနိုင်တော့ဘဲ ဒူးထောက်ကျသွားသည်။ အဆုံးအစမဲ့ အပြာရောင်မီးတောက်များ သူ့ထံသို့ အရူးအမူး ပြေးဝင်လာပြီး သူ့ကို ဆက်လက်တိုက်စားလေသည်။ ထိုအချိန်၌ ခေါင်းဆောင်သည် လက်တစ်ဖက်ကို သုံး၍ ပိုင်လီထံသို့ ရောက်သွားပြန်သည်။

ခေါင်းဆောင်သည် အစောပိုင်းကထက် ပို၍ မြန်ဆန်နေသည်။ သူက ပိုင်လီအနီးသို့ ချဉ်းကပ်သွားကာ ပိုင်လီကို ကိုက်တော့မည့်အချိန်တွင် ပိုင်လီက ဆတ်ခနဲ နောက်လှည့်ကာ သွေးပျက်ခမန်း အော်ဟစ်လိုက်သည်။

ခေါင်းဆောင် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ် ပြိုကွဲသွားပြီး သူ့လက် ပျောက်သွားသည်။ အသွေးအသားများစွာ မရှိတော့သော ခေါင်းသည်သာ လိမ့်ထွက်သွားသည်။ သို့တိုင်အောင် သူ မသေသေးပေ။ သူက မချင့်မရဲဖြင့် ရွှီချင်းကို အော်ပြောလိုက်၏။

“ ငါ့ကို ပစ်၊ ငါ့ကိုပစ် ”

All Chapters