လေနှင့်အတူ......
Vol. 15 Ch. 208
ယုဟုန်ရှီ လက်ထဲက ကျောက်စိမ်းပုလင်း အရောင်တောက်ပလာသည်ကို ပရိတ်သတ်အားလုံးက စွဲမက်ဖွယ်ကောင်းစွာ ငေးကြည့်နေကြပြီး ပို၍ပြင်းထန်သောအရာတစ်ခု မကြာမီရောက်ရှိလာတော့မည်ကို ကြိုတင်အာရုံခံမိနေကြသည်။
ပြိုင်ပွဲရလဒ်သည် ကြိုတင်စီစဉ်သလိုပင်......
ရဲချူတင်းနှင့် ဇူရွှမ်းတို့နှစ်ဉီးသာ ရှေ့ဆုံးတွင်ရှိနေ၏။
နှစ်ဉီးစလုံး ဆရာသခင်တတိယအဆင့်များဖြစ်သော်လည်း ကြာကြာတောင့်ခံနိုင်ဖို့မလွယ်လှပေ။
၎င်းတို့နောက်တွင် ထူးချွန်သူ နှစ်ဉီး၊ သုံးဉီးခန့်ရှိနေသေးသည်။
ထိုသူများ၏ နောက်တွင်မှ လီလော့နှင့် ချင်ဇူလု.......
လက်ရှိ ကျန်ကှိနေသေးသူများထဲတွင် လီလော့နှင့်ချင်ဇူလုတို့သည် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးဖြစ်သော်လည်း အံ့ဖွယ်ကောင်းလောက်အောင် ခုခံနိုင်ကြသည်။
ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့သည် နောက်ဆုံးစည်းနားတွင် ရှိနေကြပြီး လေပြင်းများကို အသည်းအသန်ခုခံနေကြရသည်။
ဝုန်းးးးးး
ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ အစိမ်းရောင်ဖန်သားပြင်တစ်ခု ထပ်မံထွက်ပေါ်လာပြီး ယှဉ်ပြိုင်သူအားလုံးကို စည်းပြင်ရောက်အောင် တွန်းထုတ်ဖို့ ကြံရွှယ်ထားပုံရသည်။
ထပ်မံတိုက်ခတ်လာသောလေပြင်းများသည် ရဲချူတင်းနှင့် ဇူရွှမ်းတို့ကို ခြေလှမ်းအနည်းငယ်နောက်ဆုတ်သွားစေခဲ့ပြီး အားလုံး၏ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်သံယိုဒဏ်ရာများ ဖြစ်ပေါ်လာစေသည်။
ဆရာသခင်တတိယအဆင့်များပင်လျှင် ဒက္ခရောက်နေကြပြီဖြစ်သောကြောင့် ကျန်သည့် သူများအတွက်တော့ ပြောစရာပင်မလိုတော့ပေ။
လီလော့နှင့်ချင်ဇူလုတို့သည်လည်း ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရပြီး ချင်ဇူလု၏ ရွှေရောင်ကျားကြီးလည်း တဖြည်းဖြည်း အရောင်မှိန်လာပြီး အနီရောင်ပြောင်းသွားခဲ့သည်။
ဤသို့ဖြင့် ခုခံမှုကို ပိုမိုအားကောင်းလာစေခဲ့သည်။
ဤသို့တိုင် ချင်ဇူလုသည် လေပြင်းဒဏ်ကြောင့် နာကျင်မှုများကို ခံစားနေရဆဲပင်.....
လီလော့၏ ကျင့်ကြံမှုအဆင့်သည် ချင်ဇူလုထက် နိမ့်ပါးသောလည်း ခိုင်မာသည့်ဖွဲ့စည်းပုံကြောင့် ချင်ဇူလုနှင့် တန်းတူရပ်တည်နိုင်ခဲ့သည်။
သို့သော်လည်း စွမ်းအားလျင်မြန်စွာကုန်ဆုံးမှုကြောင့် ကုသရေးစွမ်းရည်များကို ကောင်းမွန်စွာထုတ်မသုံးနိူင်တော့ပေ။
ထို့ကြောင့် ရှုံးနိမ့်တော့မည်ကိုပင်စိုးရိမ်နေရလေပြီ။
ထိုအချိန်တွင် ဝမ်ဟေးကျူနှင့် ဒူဇီပိုင်ရွှမ်းတို့သည် နောက်ဆုံးစည်းကို ကျော်ဖြတ်သွားပြီဖြစ်သောကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်လိုက်ကြရပြီ......
လေပြင်းဒဏ်ကြောင့် လွင့်ထွက်သွားသော ဒူဇီပိုင်ရွှမ်ကို ဒူဇီဟုန်လျန် လှမ်းဖမ်းထားပေးသောကြောင့် အထိမနာခဲ့ခြင်းဖြစ်သည်။
" ဘယ်လိုဖြစ်လို့ လီလော့ ဒီလောက်ထိ တောင့်ခံနိုင်ရတာလဲ....."
အမှန်ဆို သူနှင့် ဝမ်ဟေးကျူတို့သည် လီလော့ထက် ကျင့်ကြံမှုပိုမြင့်ကြသည်။
" နင် သေချာကြည့်လိုက်....သူ့ဒဏ်ရာတွေ အမြန်နှုန်းနဲ့ ပြန်သက်သာနေတယ်.....ငါထင်တာမမှားဘူးဆို သူ့ရဲ့ရေပဲ့တင်ထပ်သံနဲ့သစ်သားပဲ့တင်ထပ်သံကြောင့်ပဲဖြစ်ရမယ်....."
ဟုတ်ပေသည်....ပဲ့တင်ထပ်သံနှစ်ခုရှိသူသည်အခြားသူများထက် နှာတဖျားမက သာလွန်နေသည်။
လီလော့၏ ပဲ့တင်ထပ်သံနှစ်ခုစလုံးသည် အဆင့်သိပ်မမြင့်သော်လည်း ပေါင်းစပ်အသုံးပြုလိုက်သည့်အခါ ထူးခြားသောစွမ်းအားသည် ထင်မှတ်မထားလောက်အောင် အားကောင်းနေသည်။
" ဒါပေမယ့် ဒဏ်ရာတွေကိုကူသနေရတာကြောင့် သူ့ရဲ့စွမ်းအားတွေ ခပ်မြန်မြန်ကုန်ဆုံးနေတယ်.....သူ့ကျင့်ကြံမှုအဆင့်လောက်နဲ့ ကြာကြာတောင့်ခံနိုင်မှာမဟုတ်လောက်ဘူး....."
ဒူဇီဟုန်လျန်က စီနီယာပီပီ ဖြစ်နိုင်ချေများကို သေချာတွက်ချက်ပြနေသည်။
" ငါမှန်းရသလောက်ဆို ရဲချူတင်းရယ်၊ဇူရွှမ်းရယ်၊ချင်ဇူလုရယ်ပဲကျန်ခဲ့မယ်ထင်တယ်....."
ဝမ်ဟေးကျူရော ဒူဇီပိုင်ရွှမ်းပါ ထိုစကားကိုခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ချင်ဇူလုသည် ကျောင်းသားသစ်များထဲတွင် အားအကောင်းဆုံးသူပင်မဟုတ်လော.....
လီလော့ ထွက်ရမှာသာ သူတို့လည်း သိက္ခာဆယ်နိုင်လိမ့်မည်။
ယခုဆိုလျှင် ဒူဇီဟုန်လျန် ခန့်မှန်းထားသည့်အတိုင်း တစ်ယောက်ပြီး တစ်ယောက် စည်းပြင်ရောက်လာခဲ့ကြပြီး ရဲချုတင်း၊ဇူရွှမ်း၊လီလော့နှင့် ချင်ဇူလုတို့လေးယောက်သာ ကျန်တော့သည်။
ဇူရွှမ်းနှင့်ရဲချူတင်းတို့သည် သွေးအလိမ်းလိမ်းဖြစ်နေသောလည်း အခြေနေကောင်းနေကြဆဲပင်...
ချင်ဇူလုကလည်း နတ်ဆိုးကျားရဲပဲ့တင်ထပ်သံကိုသုံး၍ အကောင်းဆုံး ခုခံနေသောကြောင့် အကုန်လုံးက လီလော့ကိုသာ အာရုံပိုစိုက်နေကြသည်။
ဒူဇီဟုန်လျန်ပင်လျှင် လီလော့၏ ပဲ့တင်ထပ်သံ စွမ်းအားများ လျင်မြန်စွာ လျော့ပါးသွားသည်ကို အာရုံရနေသောကြောင့် သူမထက် အားကောင်းသူတွေလည်း ထိုအချင်းအရာကို အာရုံခံမိကြပေလိမ့်မည်။
ခန့်မှန်းချေ အသက်ရှူအရှိုက်သုံးဆယ်စာအတွင်း လီလော့ ရှုံးနိမ့်လိမ့်မည်......
စင်မြင့်ပေါ်တွင်ရှိနေသော လုချင်းအာသည် စိတ်လှုပ်ရှားလွန်းလို့ လက်ဆစ်များဖြူဖွေးနေသည်အထိ လက်သီးဆုပ်ထားမိနေသည်။
ပရိတ်သတ်ကြားတွင်ရှိနေသော ကျန်းချင်းအာသည်လည်း ထိုနည်း၎င်းပင်........
ယုဟုန်ရှီသည်လည်း လီလော့ကို သေချာအကဲခတ်နေရင်းကနေ အံ့သြနေမိသည်။
မည်သို့ပင် အံ့သြဖွယ်ကောင်းနေပါစေ ရေနှင့်သစ်သားစွမ်းအင်တို့သည် ဒဏ်ရာများကို လျင်မြန်စွာသက်သာစေသော်လည်း ကျင့်ကြံမှုအဆင့်နိမ့်ပါးသောကြောင့် မလွဲဧကန် ရှုံးနိမ့်ရတော့မည်သာ......
လီလော့သည် လေပြင်းတိုက်ခတ်မှုကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နေသောလည်း အတွင်းပိုင်းရှိ ပဲ့တင်ထပ်သံမျိုးစေ့များသည် စွမ်းအင်ကုန်ဆုံးမှုကြောင့် တဖြည်းဖြည်း ခြောက်သွေ့လာပြီး ၎င်းပေါ်တွင် ပန်းပွင့်သဏ္ဍာန်ကောက်ကြောင်းများ ခပ်ရေးရေးဖြစ်ပေါ်လာကြသည်။
ဝုန်းးးးးးးးး
လီလော့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံခပ်အုပ်အုပ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ သဘာဝစွမ်းအင်များကို အငမ်းမရစတင်စုပ်ယူနေ၏။
စုပ်ယူလိုက်သော သဘာဝစွမ်းအင်များသည် မျိုးစေ့နှစ်ခုထံသို့ အဆက်မပြတ်စီးဝင်သွားကြသည်။
ထို့ကြောင့် ခိုင်မာသည့်ဖွဲ့စည်းပုံလည်း ယခင်ကထက် ပိုမိုအားကောင်းလာသည်။
ထိုအချင်းအရာကို ဝါရင့်သမ္ဘာရင့် ယုဟုန်ရှီ မသိဘဲနေလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ နဂါးစိမ်းအငွေ့၏ ဖိအားကိုသုံး၍ လီလော့အဆင့်တက်နေခြင်းဖြစ်လေ၏။