ဇူရွှမ်း၏တောင်းဆိုချက်.....
Vol. 15 Ch. 209
ပရိတ်သတ်အားလုံး၏ အံ့အားသင့်နေမှုအလယ်တွင် လီလော့၏ အဆင့်တက်မှုပြီးဆုံးသွားခဲ့လေပြီ......
" ဒီကောင်...ထပ်လုပ်ပြန်ပြီလား....."
ဒူဇီပိုင်ရွှမ်း ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ အဆင့်သတ်မှတ်ချက်ပြိုင်ပွဲတွင်လည်း ထိုသို့အဆင့်တက်ပြီး ကစားပွဲကို ပြောင်းပြန် လှန်ခဲ့သည် မဟုတ်လော.......
" အတိအကျတော့မဟုတ်လောက်ဘူး....အရင်တစ်ခေါက်တုန်းက မမျှော်လင့်ဘဲဖြစ်ခဲ့တာဆိုပေမယ့် ဒီတစ်ခါကတော့ ကြိုတင်ပြင်ဆင်ထားတာပဲဖြစ်ရမယ်...."ဟု ဝမ်ဟေးကျူ ဝင်ပြောလိုက်သည်။
" ဟုတ်တယ်....သူအဆင့်တက်သွားတာ သိပ်ကိုအဆင်ပြေနေပုံပဲ....."
" ဒါဆို ဒီကောင်က နဂါးစိမ်းအငွေ့ သုံးပြီး ယှဉ်ပြိုင်ခိုင်းမှာကို ကြိုသိနေတယ်ပေါ့.... "
" လုချင်းအာ ကြိုပြောထားတာပဲနေမှာပေါ့...."
" ငါလည်း ဘယ်သိပါ့မလဲ....."
............................ .......... ............................
" လီလော့ သတင်းကြိုရထားတယ်ထင်တယ်....."
မင်းသမီးကြီးကလည်း ကျန်းချင်းအာကို စနောက်ကျီဆယ်နေသည်။
" ကျွန်မက မဟုတ်ဘူးပြောရင် ရှင်ယုံမှာမို့လို့လား....."
ကျန်းချင်းအာသည် တဲ့တိုးသမားပီသပေသည်။
"တခြားသူတွေပြောတာဆို ယုံချင်မှယုံမိလိမ့်မယ်....ဒါပေမယ့် ဂျူနီယာကျန်းပြောတာဆို ယုံရပေါ့....."
ကျန်းချင်းအာ၏ စကားအသွားလာအရ လီလော့၏ အဆင့်တက်မှုသည် ကြိုတင်ပြင်ဆင်ထားခြင်းမဟုတ်နိုင်လောက်ပေ။
လီလော့သည် မိဘနှစ်ပါးနှင့်ရော ကျန်းချင်းအာနှင့်ပါ ကွဲပြားသူဖြစ်နေ၏။
............................................................
ယုဟုန်ရှီသည် ပိုမိုအားကောင်းသော လေပြင်းများကို ဖန်တီးပြီးသည့်အခါ လုချင်းအာ၏ စိုးရိမ်ပူပန်နေမှုကို ဝမ်းသာအားရထိုင်ကြည့်နေခဲ့သည်။
စမ်းသပ်မှုအကြောင်းကို သမီးဖြစ်သာကြိုပြောလိုက်မည်စိုးတာကြောင့် လျှို့ဝှက်ထားခဲ့သော်လည်း လီလော့ဘက်က မထင်မှတ်ထားသည့်အရာများကို လုပ်ပြသွားခဲ့ပြန်ပြီ......
တကယ်ဆို သူမ ဖန်တီးထားသော နဂါးစိမ်းအငွေ့ကို လီလော့ ဘယ်နည်းနဲ့မျှ ခုခံနိင်စရာအကြောင်းမရှိပေ။
ရုတ်တရက်အဆင့်တက်မှုသည် ကြိုတင်စီစဉ်ထားခြင်းလား တိုက်ဆိုက်မှုလား.....
လီလော့သည် အပေါ်ယံကြည့်ရတာ ဖော်ရွှေပုံရသော်လည်း တကယ်တမ်းမှာတော့ အတိမ်အနက်မသိနိုင်သောရေအိုင်တစ်ခုကဲ့သို့ဖြစ်နေသည်။ လီတိုင်ရွှမ်တို့လင်မယားသည် သူတို့နှင့်မတူသော သားတစ်ယောက်ကို မည်သို့မွေးဖွားခဲ့သနည်း.....
လက်ရင်းတပည့်ဖြစ်သော ကျန်းချင်းအာကမှ သူတို့လင်မယားနှင့် စရိုက်တူနေသေးသည်။
လေပြင်းများ ပျောက်ကွယ်သွားချိန်တွင် အနိုင်ရသူ လေးဉီးသာကျန်ရှိနေခဲ့သည်။
" အဆုံးထိ ကြံ့ကြံ့ခံနိုင်ခဲ့ကြတဲ့အတွက် ဂုဏ်ယူပါတယ်......"
ယုဟုန်ရှီသည် ထိုသို့ပြောပြီးသည်နှင့် ရွှေရောင်အလင်းတန်းလေးခုကို လီလော့တို့ဆီသို့ ပစ်လွှတ်လိုက်သည်။
ရွှေရောင်တောက်ပနေသော သော့တံများသည် အနိုင်ရရှိသူများ၏လက်ထဲတွင် လျှို့ဝှက်ဆန်စွာတောက်ပနေကြသည်။
" တာအိုနယ်မြေကို ဒီလထဲမှာဖွင့်လှစ်မယ်....အချိန်ကျရင် မင်းတို့တွေ ဒီသော့တွေယူပြီး ရွှေနဂါးဘဏ်တိုက်ကိုလာခဲ့....."
" ကဲ...အနားယူလိုက်ကြဉီး...."
ရွှေနဂါးဘဏ်တိုက် ဝတ်စုံဝတ်ဆင်ထားသော ဝန်ထမ်းများရောက်ရှိလာပြီး ဒဏ်ရာများကို ကုသပေးသည့်အပြင် စုတ်ပြဲနေသော အဝတ်အစားများလဲလှယ်ရန် အဝတ်အစားအသစ်များပါ သယ်လာပေးကြသည်။
လီလော့ကတော့ ကုသရေးစွမ်းအင်ကြောင့် ဒဏ်ရာများ ပျောက်ကင်းနေပြီဖြစ်သောကြောင့် ကုသပေးဖို့မလိုတော့ပေ။
အဝတ်အစားလဲပြီး ပြန်ထွက်လာချိန်တွင် ဇူရွှမ်းက အခန်းပြင်ကနေ အသင့်စောင့်ကြိုနေလေ၏။
မသိမသာကျော်သွားဖို့ပြင်လိုက်သော်လည်း ဇူရွှမ်းက လီလော့ရှေ့တွင် တည့်တည့်ကြီး ပိတ်ရပ်နေသည်။
ဇူရွှမ်းသည် ရုပ်ချောပြီး ကြံ့ခိုင်သော ထူးချွန်သူဖြစ်သောကြောင့် ကြယ်နှစ်ပွင့်ခန်းမ၏ နာမည်ကျော်တစ်ဉီးဖြစ်နေသည်မှာ အံ့သြစရာတော့မဟုတ်ပေ။
" ဂျုနီယာလီလော့.....ငါ မင်းအကြောင်းတွေ ကြားနေတာတော့ကြာပြီ.....အခုမှသာ မင်းရဲ့ ပဲ့တင်ထပ်သံနှစ်ခုအစွမ်းကို သေချာတွေ့ရတော့တယ်....."
"ချီးကျူးတဲ့အတွက် ကျေးဇူးပါ...... ဒါလေးပြောဖို့အတွက်တော့ စောင့်နေတာတော့မဟုတ်ဘူးမလား....."
" ဟုတ်တယ်.....ငါ မင်းကို ပြောစရာရှိတယ်....."
" ပြောပါ......"
" ထွေထွေထူးထူးတော့မဟုတ်ပါဘူး...... တာအိုနယ်မြေထဲဝင်တဲ့အခါ အဖွဲ့လိုက်ဝင်ရမယ်ကြားတယ်..... လုချင်းအာ မင်းနဲ့အဖွဲ့ဖွဲ့ဖို့ပြောရင် ငြင်းလိုက်ပါ.....ဉက္ကဌယုလည်း အဲ့လိုဆန္ဒရှိမှာသေချာတယ်.....ငါတို့နှစ်ယောက်အတွက် လူကြီးချင်းလည်း စကားပြောပြီးကြပြီ.....မင်းဘက်က ငြင်းပေးမယ်ဆို ငါကရော ငါတို့ဂျိယအိမ်တော်ကပါ မင်းကို ကျေးဇူးတင်မိမှာပါ....."
ထိုတောင်းဆိုချက်ကို လီလော့ အံ့သြမနေခဲ့ပေ။
" ဟီးးးဟီးးးး ဉက္ကဌယုပြောကို ခင်ဗျား အဓိပ္ပါယ်ကောက်လွဲတာလဲ ဖြစ်န်ုင်တာပဲ....."
" လီလော့....မင်းငါပြောတာကို သေချာအလေးနက်ထား စဉ်းစားကြည့်ပါ....မင်းတို့လော့လန်အိမ်တော်က ဒူဇီအိမ်တော်ရဲ့ဖိနှိပ်မှုကိုခံနေရတယ်မလား....ငါတို့ ဂျိယအိမ်တော်နဲ့ပါ ပြသာနာတက်မယ်ဆို မင်းတို့အိမ်တော် တစစီဖြစ်ကုန်လိမ့်မယ်......"
" အိုးး...ချိန်းခြောက်နေတာလား...."
" မင်းဘက်က ငါ့တောင်းဆိုချက်ကို လိုက်လျောပေးဖို့ မျှော်လင့်ပါတယ်......ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတစ်ယောက်တိုးတာ အကောင်းဆုံးပဲမဟုတ်လား....ဒါမှမဟုတ်...မင်း လုချင်းအာပေါ် ရည်ရွယ်ထားတာများရှိနေလို့လား....."
" ပထမအချက်.....ခင်ဗျားတို့ဂျိယအိမ်တော်က ကျုပ်တို့ လောလန်အိမ်တော်အပေါ် ကောင်းခဲ့ဖူးတာတစ်ကွက်မှမရှိဘူး....ကျင်းချွဲ့အိမ်တော်ကို ကြောက်နေလို့သာ ငြိမ်နေကြတာမဟုတ်လား....ဒါနဲ့များ ကျုပ်ရှေ့မှာ သူတော်ကောင်းယောင်လာဆောင်နေရဲသေးတယ်နော်....ဒုတိယအချက်....လုချင်းအာက ကျုပ်သူငယ်ချင်း....ဒါ့ကြောင့် သူ့ဘက်က ကမ်းလှမ်းလာရင်ကျုပ်ဘက်က ငြင်းစရာဘာအကြောင်းမှမရှိဘူး.....ရှင်းတယ်နော်....တကယ်ဆို ခင်ဗျား လုချင်းအာကို တိုက်ရိုက်သွားပြောသင့်တယ်..... ခင်ဗျားဘက်ကသာ ရိုးသားတယ်ဆို သူလည်း သေချာစဉ်းစားပေးမှာပေါ့....ကြည့်ရတာခင်ဗျားဉီးနှောက်က မီးစွမ်းအား အသုံးလွန်ပြီး အရည်ပျော်နေပြီထင်ပါရဲ့....."
ယခုချိန်တွင် ဇူရွှမ်း၏ဟန်ဆောင်အပြုံးများ လုံးဝပျောက်ဆုံးနေပြီဖြစ်သည်။
" မင်းက ငါထင်ထားတာထက်တောင် ခေါင်းမာတာပဲ.....ကောင်းပြီလေ...ဆက်ပြောနေလို့လဲ လေကုန်တာပဲအဖတ်တင်မယ်....မင်းအတွက် ကံဆိုးမှုတွေ ရောက်မလာစေဖို့ ဆုတောင်းပေးပါတယ်......"
ထိုသို့ပြောပြီးသည်နှင့် ဇူရွှမ်း လှည့်ထွက်သွားလေသည်။
ဂျိယအိမ်တော်နှင့် လောလန်အိမ်တော်တို့သည်ရေနှင့်မီးပမာ မည်သို့မျှ သဟဇာတမဖြစ်နိုင်သော ဇူရွှမ်း၏ချိန်းခြောက်မှုများကို လီလော့ တွေးပူမနေခဲ့ပေ။
ဂျိယအိမ်တော်ကြောင့်မဟုတ်လျှင်တောင် လော့လန်အိမ်တော် အခြေနေဆိုးဝါးနေသည်မဟုတ်လော။
ပေါက်သည့်နဖူး ထူးမနေတော့ပေ.......
လီလော့ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် ပုန်းအောင်းနေသော လုချင်းအာနှင့် ပက်ပင်းကြုံခဲ့ရလေသည်။