အတည်ပြုချက်
Vol. 24 Ch. 359
“ဝူး”
ဘာအသိပေးခြင်းမှမရှိသော တောက်ပြောင်နေသော ပြိုင်ကားက သားရဲရိုင်းတစ်ကောင်သဖွယ် အော်ဟစ် လာသည်။ ထွက်ပေါ်လာသောအသံက ရုပ်ရှင်ကားများထဲမှ ပြိုင်ကားများထက် ပိုကျယ်လောင်သည်။ ယင်းက လူအများကို စိတ်လှုပ်ရှားစေပြီး သူတို့ထံမှ ဩဘာပေးသံများနှင့် ဟစ်ကြွေးသံများ ထွက်ပေါ် လာစေသည်။
“မတရားမိုက်တယ်၊ ဒီလိုပြိုင်ကားမျိုးက ယောက်ျားတိုင်းရဲ့ အိပ်မက်ဆိုတာ အသေအချာပဲ”
“ငါ့မှာ ဒီလိုပြိုင်ကားမျိုး တစ်စီးလောက် ရှိလို့ကတော့ ချစ်သူတစ်ယောက်ရဖို့ လုံးဝ စိတ်ပူစရာ မလိုတော့ဘူး၊ ဒါက မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့အရာပဲ”
“ဒါက မတရားမိုက်တယ်ကွာ၊ ကားထဲမှာ တကယ် လူမရှိတာပဲ၊ အံ့ဩဖို့ကောင်းတဲ့ နည်းပညာပါလား၊ တရုတ်နိုင်ငံက မိုက်နေပြီကွာ”
…
လူအုပ်ကြီးက ပြောဆိုနေကြပြီး သူတို့၏ အကြည့်အားလုံးက ပြိုင်ကားပေါ် ကပ်ညိနေသည်။
“ရွေ့နေပြီ၊ ကားက သူ့ဘာသာသူ ရွေ့နေပြီဟ”
လူအုပ်ထဲမှ တစ်ယောက်က ထအော်လေသည်။ ကားက ၎င်းဘာသာ စတင်ရွေ့လျားနေသည်ကို သူတို့ မြင်နေရသည်။ ထို့အပြင် ၎င်းက ကားဘေး၌ ရပ်နေသော အိုးရန်ချင်းနားမှ ကွေ့ထွက်နေ၏။
ဤသို့ ထူးဆန်းသော အဖြစ်အပျက်ကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့က ဖုန်းများထုတ်၍ အံ့ဩစရာကောင်းသော ဖြစ်ရပ်ကို ရိုက်ကူးနေသည်။
“ဝူး”
ကား၏ အင်ဂျင်သံ ထွက်လာပြီးနောက် အရှိန်မြှင့်သွားပြီး လူအုပ်ကြီးသည် ဖုန်မှုန့်များကိုသာ မြင်လိုက်ရလေသည်။
၎င်း၏ အရှိန်က ထိပ်တန်းပင်။ သူတို့၏ မျက်လုံးထဲတွင် တောက်လောင်နေသော မီးလုံးတစ်ခု၏ မီးစ အရိပ်အယောင်များကိုသာ မြင်လိုက်ရသည်ဟု ထင်မြင်နေမိသည်။
ပထမအကြိမ် ပတ်မောင်းခြင်းက အချိန်တိုအတွင်း ပြီးဆုံးသွားသည်။
လူအုပ်ထံမှ ရင်သက်ရှုမောဖွယ်အသံများ ပိုတိုးလာ၏။ ကားသည် ၎င်းကိုယ်တိုင် အင်ဂျင်နှိုး၍ မောင်းနှင်နေသည်။ လမ်းတစ်လျှောက်တွင် အတားအဆီးများ ချထားသော်လည်း အလိုအလျောက် အရှိန်လျော့၍ ရှောင်တိမ်း နိုင်ခဲ့သည်။ ယင်းက အံ့ဩစရာကောင်းလှပြီး ထိပ်တန်းနည်းပညာ တစ်ခုပင်တည်း။
“ဟားဟားဟား အံ့ဩစရာပဲဟေ့”
ဥက္ကဋ္ဌရှုက ခေါင်းတညိတ်ညိတ်နှင့် ရယ်မောနေသည်။
“တူမလေးအိုးရန် မင်းက တကယ်ကို တစ်ခုခုပဲ၊ မင်းရဲ့ ဒီအကူအညီကို ကောင်းကောင်း မှတ်မိနေမှာ သေချာတယ်”
အိုးရန်လုပ်ငန်းစု၏ အခြားရာထူးကြီးသူများက သတင်းထောက်များကို စိတ်လှုပ်ရှားစွာ ကြည့်နေပြီး သူတို့ဘာသာသူတို့ ဂုဏ်ယူစိတ်ကို ခံစားနေကြသည်။
“ဒီတစ်ခေါက်တော့ ငါတို့ ဝမ်ရုံ အော်တိုမိုဘိုင်း လုပ်ငန်းစုက ပြည်ပကို တိုးချဲ့နိုင်ပြီးတော့ နိုင်ငံတကာ ဈေးကွက်မှာ ထိပ်တန်းကို အရယူနိုင်တော့မှာပဲ၊ အခုချိန်ကစပြီး အမြင့်ကို တက်နိုင်ဖို့က မဖြစ်နိုင်တာမျိုး မဟုတ်တော့ဘူး၊ ဟားဟားဟား ဒါရိုက်တာအိုးရန်က တကယ်ကို ငါတို့ရဲ့ ထိပ်တန်း ကူညီသူကြီးပဲ …”
“ရှင်က အရမ်း သဘောထားကြီးနေပါပြီ၊ ကျွန်မက ကိုယ့်အလုပ်ကိုယ် လုပ်နေရုံလေးပါ”
အိုးရန်ချင်းက တည်ငြိမ်သောအသံဖြင့် ခပ်မှန်မှန် ပြောလိုက်သည်။
“အိုးရန်ဖုန်း၊ မင်းက အံ့ဩစရာကောင်းတဲ့ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ”
ဥက္ကရှုက အိုးရန်လုပ်ငန်းစု၏ ရာထူးကြီးသူများထဲမှ တစ်ယောက်ကို ရယ်၍ ချီးမွမ်းလေသည်။
“ဒါက အစ်ကိုရှုရဲ့ ဦးဆောင်မှုကြောင့်ပါ”
အိုးရန်ဖုန်းက ဂုဏ်ယူစွာ ရယ်မော၍ ပြန်ပြောသည်။
ဥက္ကဋ္ဌရှု၏ အမူအရာက ရုတ်တရက် သုန်မှုန်သွားပြီး သက်ပြင်းချလေသည်။ သူက အိုးရန်ချင်းကို ကြည့်ကာ မေးလိုက်သည်။
“တူမလေးအိုးရန် ရှုနန်နဲ့ ရှုဝမ်ချင်တို့က ဘယ်မှာလဲ”
“သူတို့က ရဲ့လင်းချန်ဆိုတဲ့ ဟိုလူငယ်လေးနဲ့အတူ ထွက်သွားပါတယ်”
အိုးရန်ချင်းက နူးညံ့စွာ ပြန်ပြောသည်။ ရဲ့လင်းချန်၏ နာမည်ကို ပြောလိုက်သည်နှင့် အိုးရန်ချင်း၏ မျက်နှာက သုန်မှုန်လာသည်။
“အသုံးမကျတဲ့ကလေး၊ သူတို့က အသုံးမကျတဲ့ကလေးတွေပဲ၊ ဒါ သူတို့ကို တစ်ချိန်လုံး အလိုလိုက်ထားမိတဲ့ ငါ့အမှားတွေ၊ ဒီလို အရေးကြီးတဲ့ အခမ်းအနားကိုမှ သူတို့က အလွတ်ခံရဲရတယ်လို့”
ဥက္ကဋ္ဌရှုက သက်ပြင်းချလိုက်ပြီး မျက်နှာ မည်းမှောင်သွားသည်။
“မိန်းကလေးနှစ်ယောက်က ယောက်ျားလေး တစ်ယောက်နဲ့ တစ်နေ့လုံး လျှောက်သွားနေတာ၊ သူတို့ ဘာလုပ်နေတယ်လို့များ ထင်နေကြတာလဲ”
“ဥက္ကဋ္ဌရှု ကျေးဇူးပြုပြီး စိတ်ထိန်းပါ၊၊ နှစ်ယောက်လုံးက ခဏလောက်ပဲ အရူးလုပ်ခံနေရတာပါ၊ ကျွန်မတို့ရဲ့ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာက ပြစ်ချက်မရှိကြောင်း သက်သေပြပြီးတဲ့အချိန်ထိပဲ စောင့်လိုက်ပါ၊ အဲ့အလိမ်ကောင်က အလိမ်အညာတွေက အလိုလို ပေါ်လာလိမ့်မယ်၊ အဲ့အခါကျရင် သူတို့ အသိဝင်လာမှာပါ”
အဖွဲ့ထဲမှ တစ်စုံတစ်ယောက်က နှစ်သိမ့်လာ၏။
“ဟူး …. သူတို့သာ အိုးရန်ချင်းရဲ့ တစ်ဝက်လောက်သာ အစွမ်းအစရှိရင် ငါ စိုးရိမ်နေစရာ မလိုလောက်ဘူး”
ဥက္ကဋ္ဌရှု၏ အမူအရာက သုန်မှုန်မြဲ သုန်မှုန်နေသည်။
“သူတို့ ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းတဲ့ အလိမ်အညာကို မမြင်နိုင်ရတာလဲ၊ သူတို့ အဲ့ကလေးရဲ့ စကားတွေနဲ့ ညှို့ယူခံထားရတာလား”
“ဥက္ကဋ္ဌ၊ သူတို့ မကြာခင် ခင်ဗျားရဲ့ စိုးရိမ်စိတ်ကို နားလည်လာလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်၊ စိတ်လျှော့ထားလိုက်ပါ၊ အလိုအလျောက် မောင်းနှင်ခြင်းယာဉ်ရဲ့ ပြသမှု ပြီးသွားတာနဲ့ ကျုပ်တို့ သတင်းစာ ရှင်းလင်းပွဲတက်ပြီး စကားပြောဖို့ ကျန်သေးတယ်လေ”
အဖွဲ့ထဲမှ နောက်တစ်ယောက်ကလည်း အကြံပေးလာသည်။
ဥက္ကဋ္ဌရှုက ခေါင်းညိတ်၍ ငြိမ်မြဲငြိမ်နေသည်။
ထိုအချိန်တွင် ပြိုင်ကားက ဒုတိယအကြိမ် မောင်းနှင်ခြင်း ပြီးဆုံးကာနီး ဖြစ်နေကာ ဆက်လက်၍ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေ၏။
အိုးရန်ချင်း၏ လှပသော မျက်ဝန်းများက ပြိုင်ကားကို မမှိတ်မသုန် ကြည့်နေသည်။ သူမ မသိမသာ မျက်မှောင်ကြုတ်လာပြီး စိတ်ထဲ၌ စိုးရိမ်ပူပန်မှုကို ခံစားလာရသည်။ သူမစိတ်ထဲ၌ မကောင်းသော ခံစားချက် ဖြစ်ပေါ်လာသည်။
အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာက တတိယအကြိမ်မြောက်၌ ရှုံးနိမ့်လေမည်ဟူသော ရဲ့လင်းချန်၏ သတိပေးစကားကို သူမ သတိမရဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
သို့သော် သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမကိုယ်သူမ ဆက်၍ တည်ငြိမ်နေအောင် ကြိုးစားလိုက်သည်။ ထိုသို့သောလူစားမျိုးမှ ထွက်လာသော စကားများကို အလေးထားစရာ မလိုပါ။ သူမ သူ့စကား၏ လွှမ်းမိုးခြင်း မခံသင့်ပေ။
နောက်ဆုံးတွင် ပြိုင်ကားက ဒုတိယအကြိမ် ပတ်မောင်းခြင်း ပြီးဆုံး၍ တတိယအကြိမ်မြောက်ကို စတင် လေသည်။
အိုးရန်ချင်း လက်ကို တင်းနေအောင် ဆုပ်ထားမိပြီး ပြိုင်ကား၏ အခြေအနေကို အာရုံစိုက်နေသည်။ သူမမျက်လုံးထဲတွင် ပြိုင်ကားက မည်သည့် ချွတ်ယွင်းချက်မှ မပြချေ။ ၎င်းက အရှိန်ပြင်းပြင်းဖြင့် ဆက်လက်၍ မောင်းနှင်နေ၏။ သူမ ကြည့်နေစဉ်မှာပင် တတိယအကြိမ်မြောက် မောင်းနှင်ခြင်း ပြီးဆုံးလု နီးပါးသို့ ရောက်ရှိလာသည်။
*သူက တကယ်ကို ခြောက်လှန့်ရေးသမားပဲ*
အိုးရန်ချင်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သို့သော် ထိုအပြုံး မပျောက်ကွယ်သွားခင်မှာပင် သူမ ချက်ချင်း မျက်မှောင်ကြုတ်မိသွားသည်။
ရုတ်ချည်းဆိုသလိုပင် ကားက အကြောင်းပြချက်မရှိ ဘီးချော်သွားသည်။ ကားတစ်စီးလုံး ဘေးသို့ ဦးတည်ချက် ပြောင်းသွားပြီး ကျွီခနဲ မြည်သံများ ထွက်ပေါ်လာကာ အရှိန်လျော့မည့် လက္ခဏာ မပြချေ။ ထို့နောက် ၎င်းက မြွေတစ်ကောင်သဖွယ် ဘယ်ညာယိမ်းနေ၏။ ဟင်းလင်းပြင် ဧရိယာ ဖြစ်သော်လည်း ကားက အတားအဆီးတစ်ချို့ကို ရှောင်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။
“ကျွီ”
ချက်ချင်းဆိုသလိုပင် ကားက တစ်ပတ်လည်လာသည်။ ဘယ်သို့ သုံးကြိမ်လှည့်ပြီးနောက် ညာသို့ သုံးကြိမ်လှည်ကာ စနစ်အတိုင်း မလုပ်ဆောင်တော့ပေ။
*ဒါက …*
လူတိုင်း တွေဝေသွားကြသည်။ သူတို့သည် အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး စိတ်ရှုပ်ထွေး နေကြလေသည်။
“မဟုတ်မှလွဲရော ဝမ်ရုံအော်တိုမိုဘိုင်းက ငါတို့ကို စတန့်မောင်းနှင်မှုကို ပြဖို့ ကြိုးစားနေတာများလား”
“ဒါ ဖြစ်နိုင်တယ်၊ ကားက ဒီအတိုင်း မောင်းနေတာကို ကြည့်တာက ဘာများ စိတ်ဝင်စားဖို့ ကောင်းလို့လြ၊ ဒါ အလိုအလျောက် မောင်းနှင်ခြင်း စွမ်းရည်ကို ထုတ်ကြွားနေတာပဲ”
“ချီးပဲ၊ ဒီမောင်းနှင်ခြင်းစွမ်းရည်က ရူးချင်စရာပဲ၊ အရှိန်မြန်ရုံတင်မကဘူး၊ လှည့်ကွက်တွေပါ လုပ်နိုင်တယ်၊ အလိုအလျောက် မောင်းနှင်ခြင်းယာဉ်တွေက အံ့ဩစရာပဲ”
“သောက်ရမ်းမိုက်တယ်ကွာ”
…
ရုတ်တရက် ပြောင်းလဲမှုနှင့် ရင်ဆိုင်လိုက်ရပြီးနောက် လူအုပ်ထဲမှ ဩဘာသံများ ပို၍ ကျယ်လောင်လာပြီး သူတို့က စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။
ထိုအခိုက်မှာပင် ကားက ရှေ့သို့ ဆက်မမောင်းတော့ဘဲ အရှိန်ဖြင့် ပြောင်းပြန်လဲကာ ပြေးလမ်းအတိုင်း ပြောင်းပြန် မောင်းလေတော့သည်။
“ဒါက သောက်ရမ်း အံ့ဩဖို့ကောင်းတယ်ကွာ၊ ငါ့ထက်တောင် မြန်မြန် မောင်းနေတာပဲ၊ အလိုအလျောက် မောင်းနှင်ခြင်းယာဉ်တွေက ရူးချင်စရာ ကောင်းလောက်အောင် မိုက်တယ်”
လူအုပ်ထံမှ အားပေးသံများ ပိုကျယ်လောင်လာပြီး ကားနောက်ခြမ်းမှ မီးခိုးများ ထွက်နေသည်ကို လုံးဝ ဥပေက္ခာ ပြုထားကြသည်။
ဥက္ကဋ္ဌရှုနှင့် ကျန်လူကြီးများ မျက်မှောင်ကြုတ်နေကြသည်။ သူတို့ စိုးရိမ်ပူပန်လာပြီး ရင်ထဲ၌ သံသယများ တိုးပွားလာသည်။ သူ မနေနိုင်ဘဲ မေးလိုက်မိသည်။
“တူမလေး အိုးရန်၊ ဒါက တကယ်ပဲ စတန့်မောင်းနှင်မှု ပြကွက်လား၊ မင်း ဒါအတွက် စီစဉ်ထားတာလား”
အိုးရန်ချင်း ပြန်မဖြေပါ။ သူမမျက်လုံးထဲ၌ သွေးပျက်မှုကို အတိုင်းသား မြင်နေရသည်။ အင်္ကျီလက်နှင့် ကွယ်နေသော သူမလက်များက အကြီးအကျယ် တုန်ယင်နေ၏။ သူမသည် ရဲ့လင်းချန် ထွက်မသွားခင်က စကားများကို ပြန်ကြားနေမိသည်။ သူမမျက်နှာက တစ်ခဏအတွင်း ဖြူရော်လာ၏။
*ကားက တတိယအကြိမ် မောင်းနှင်တဲ့အခါကျရင် အလိုအလျောက် မောင်းနှင်ခြင်းစနစ်က အထိန်းအကွပ် မဲ့သွားလိမ့်မယ်၊ ကားက နေရာမှာ လည်နေပြီးတော့ ပြောင်းပြန် ဆက်မောင်းလိမ့်မယ်၊ ပြီးရင် ပတ်လမ်းပေါ်က ချော်သွားလိမ့်မယ်၊ မင်း တခြားသူတွေကို အန္တရာယ် မဖြစ်စေချင်ရင် လူအုပ်ကို မြန်မြန် လူစုခွဲဖို့ ငါ အကြံပေးတယ်*
လက်ရှိအချိန်၌ ရဲ့လင်းချန်၏ သတိပေးချက်များက တစ်ခုပြီးတစ်ခု အတည်ပြုလာသည်။ ခဏနေလျင် ဖြစ်လာမည်က …
အိုးရန်ချင်း၏ မျက်လုံးအိမ်က ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူမ အဆောတလျင် ပြောလိုက်သည်။
“ဥက္ကဋ္ဌရှု၊ ကျေးဇူးပြုပြီး လူအုပ်ကို လူစုခွဲခိုင်းပြီးတော့ အားလုံးကို ပြေးလမ်းကြောင်းကနေ ဝေးဝေး နေခိုင်းပေးပါ”