← Chapters

ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေးရဲ့ စာလိပ် ( ၄ )

Vol. 20 Ch. 305

ယွမ်ယင်ဝိညာဉ်ကို ချုပ်နှောင်သော ဘိုးဘေးရဲ့ စာလိပ် ( ၄ )

Vol. 20 Ch. 305

ခေါင်းဆောင်၏ စကား ပြီးသွားသည်နှင့်တစ်ပြိုင်နက် သေရေးရှင်ရေးအခြေအနေနှင့် ကြုံတွေ့နေရသော ပိုင်လီမှာ အရူးအမူး ဖြစ်လာပြီး သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည်။ စွမ်းအင်လှိုင်းများသည် အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားခြင်းမရှိဘဲ စုစည်းသွားပြီး အထက်ရှိ တောင်ကြီးကို တိုက်ခိုက်လိုက်သည်။

တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ပျက်စီးသွားသော ခန္ဓာကိုယ်ထဲမှ သံချည်မျှင်ပိုးကောင်တစ်ကောင် ထွက်လာသည်။ တောင်ကြီးကို အပေါ်သို့ တွန်းတင်ခံနေရသည်ကို အခွင့်အရေးယူ၍ ၎င်းက အဝေးသို့ ပြေးသွားသည်။

သံချည်မျှင်ပိုးကောင်မှာ မိစ္ဆာနတ်သစ်စေ့ မရှိတော့ပေ။

၎င်း ပေးဆပ်လိုက်ရသည့်အဖိုးအခမှာ အလွန်ကြီးမားမှန်း သိသာသည်။ သို့သော်လည်း ၎င်း၏အသက်ကို ကယ်တင်ရန် ရွေးချယ်စရာမရှိခဲ့ပေ။ ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး ဘိုးဘေး၏ စာလိပ်ပေါ်ရှိ လက်ကျန်စာလုံးကို အသုံးပြုလိုက်သည်။

“ အလင်း ”

ရွှီချင်းရှေ့မှာ ဧရာမလက်ဝါးကြီးတစ်ဖက် ပေါ်လာပြီး ထွက်ပြေးနေသော သံချည်မျှင်ပိုးကောင်ထံသို့ ဝင်ရောက်သွားသည်။ လက်ဝါးကြီးက သံချည်မျှင်ပိုးကောင်အနီးသို့ ချက်ချင်း ရောက်သွားကာ ပိတ်ရိုက်လိုက်သည်။

သံချည်မျှင်ပိုးကောင်၏ ခန္ဓာတစ်ခြမ်း ပျက်စီးသွားပြီး ၎င်းက သွားကျိုးများစွာ ထွေးထုတ်လိုက်သည်။ ၎င်းက စူးစူးဝါးဝါးအော်ဟစ်မြည်တမ်း၍ အတင်းအကြပ် ထွက်ပြေးချင်နေပါသော်လည်း ထိုသို့မလုပ်နိုင်ဘဲ လက်ဝါးရိုက်ချက်ကြောင့် နောက်သို့ လွင့်သွားသည်။

၎င်းက လေထဲတွင် ဦးတည်ချက်များ ပြောင်း၍ အစွမ်းထက်ကုန်ထွက်ပြေးလိုက်ပါသော်လည်း တောင်ကြီးက ဝုန်းခနဲ ဖိချလိုက်ပြန်သည်။

ယခုတစ်ခေါက် ပိုင်လီကို လုံးလုံးလျားလျား ဖိနှိပ်လိုက်ပြီ ဖြစ်သည်။

ရွှီချင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆက်တွဲအနေဖြင့် သူ့တစ်ကိုယ်လုံး နုံးချည့်လာသည်။

သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ဘိုးဘေး၏စာလိပ်အစွမ်းကို အပြည့်အဝအသုံးမချနိုင်သေးပေ။ ထို့ပြင် ထိုစာလိပ်ကို အသုံးပြုရာတွင် အားအင်များစွာ စိုက်ထုတ်ရသည်။ ကံကောင်းထောက်မ၍ အမှတ်ခြောက်သခင်ကြီးကို အချိန်အလုံအလောက်ရစေရန် သူ အချိန်ဆွဲထားနိုင်ခဲ့သည်။

ထိုအချိန်၌ ကောင်းကင်ယံရှိ အမှတ်ခြောက်သခင်ကြီးသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ သူက လူသတ်ချင်စိတ်များ၊ မုန်တီးခြင်းများ၊ ရူးသွပ်ခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အောက်ဘက်ရှိ တောင်ကြီးကို အညှာအတာကင်းမဲ့စွာ ဖိချလိုက်သည်။

ရုတ်တရက် ပေတစ်ထောင်ရှည်သော လူသားမျိုးနွယ်၏ တိုက်ပွဲဝင်အလံကြီးဆီမှ လက်တစ်ချောင်း ဆန့်ထွက်လာသည်။

ထိုလက်ချောင်း ပေါ်လာသည်နှင့် လောကကြီး အရောင်ပြောင်းလဲသွားပြီး လေပြင်းများ တိုက်ခတ်ကာ တိမ်များ တရွှီရွှီအော်မြည်လာသည်။ ထိုလက်ချောင်းကြီးထံမှ တောင်များကို ဝါးမျိုကာ ပင်လယ်များကို သွန်ပစ်နိုင်သော ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု ပျံ့လွင့်လာသည်။

ထိုလက်ချောင်းက တောင်ကြီးအပေါ်သို့ ဖိချလိုက်သည်။

တောင်ကြီးတစ်ခုလုံး တဂျိမ်းဂျိမ်းမြည်ဟည်းသွားပြီး ကြမ်းတမ်းစွာ နစ်ဝင်သွားသည်။

မရေမတွက်နိုင်သော အပြာရောင်မီးတောက်များ တစ်ခါမှ မကြုံဖူးလောက်အောင် တဟုန်းဟုန်း တောက်လောင်လာပြီး ကြယ်ငါးမျိုးနွယ်ကျွန်းတစ်ကျွန်းတစ်လျှောက် လောင်ကျွမ်းသွားသည်။

မီးတောက်များက ရွှီချင်းနှင့် ချီရွှဲ့ထုံဂိုဏ်းသားများကို အန္တရာယ်တစ်စုံတရာ မဖြစ်စေခဲ့ပေ။

သူတို့မှလွဲ၍ ကျွန်းပေါ်ရှိ လူသားမဟုတ်သောမျိုးနွယ်ဝင်များအားလုံး လောင်ကျွမ်းသွားသည်။ တခဏလေးအတွင်း နေရာအနှံ့မှ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းသံများ လွင့်ပျံလာသည်။

မရေမတွက်နိုင်သော ပိုးကောင်များထံမှ စူးစူးရှရှမြည်တမ်းသံများ ပဲ့တင်ထပ်လာပါသော်လည်း အသုံးမဝင်ချေ။ ၎င်းတို့အားလုံး မီးတောက်များအောက်တွင် ပြာများအဖြစ် ပြောင်းလဲသွားသည်။

“ အဲဒီလူနဲ့ ကျွန်းပေါ်က သက်ရှိတွေအားလုံး၊ သွေးအစုအဝေးတွေကို သန့်စင်စေ ”

အမှတ်ခြောက်သခင်ကြီး၏အသံ ပျံ့လွင့်သွားသည်။ သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များဖော်၍ ညွှန်လိုက်သည်။ ရုတ်တရက် တောင်ကြီး တုန်ခါသွားပြီး ကြယ်ငါးကျွန်းမှ သွေးနှင့်ချီအစုအဝေးကြီး မြင့်တက်လာသည်။ ပိုင်လီထံမှလည်း ထူထပ်သိပ်သည်းသော သွေးနှင့်ချီများ ပေါက်ကွဲထွက်လာသည်။

ပိုင်လီ၏ နာကျင်စွာအော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်နေသည်။ ကျွန်းပေါ်ရှိ လူသားမဟုတ်သော မျိုးနွယ်ဝင်များအားလုံး ဆွဲဆွဲငင်ငင် မြည်တမ်းနေကြသည်။ သူတို့ကိုယ်များထဲရှိ သံချည်မျှင်ပိုးကောင်များမှာ သူတို့အသွေးအသားများထဲရှိ အနက်ရှိုင်းဆုံးနေရာသို့ အရူးအမူး တိုးဝင်သွားပါသော်လည်း အသုံးမဝင်ပေ။ လူသားမဟုတ်သောမျိုးနွယ်ဝင်အားလုံး၏ အသားများသည်လည်း အရည်ပျော်သွားသည်။

ကျွန်းပေါ်ရှိ မြစ်ချောင်းများနှင့် ကန်များသည်လည်း အလျင်အမြန် အငွေ့ပျံသွားသည်။

“ အဲဒီလူနဲ့ ကျွန်းပေါ်က သက်ရှိတွေအားလုံး၊ အရိုးစုတွေကို သန့်စင်စေ ”

အမှတ်ခြောက်သခင်ကြီးက လက်ကိုမြှောက်၍ ဟိန်းဟောက်လိုက်သည်။ သူ့ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်လာပြီး တောင်ထဲသို့ စီးဝင်သွားသည်။ ရုတ်တရက် ကျွန်းပေါ်ရှိ လူသားမဟုတ်သော မျိုးနွယ်ဝင်များအားလုံး၏ အရိုးများ အရည်ပျော်သွားသည်။ ရိုးတွင်းခြင်ဆီများအထိ ပုန်းခိုနေသော ပိုးကောင်များကိုလည်း ချက်ချင်း လောင်ကျွမ်းသွားသည်။

တော်လဲသံများ မြည်ဟည်းနေပြီး တောင်များ တစ်တောင်ပြီးတစ်တောင် ပြိုလဲကာ မြေပြင်တွင် အက်ကြောင်းကြီးများ ပေါ်လာသည်။ ကျွန်းအစွန်အဖျားများ တစ်စစီ ပျက်စီးလာပြီး ထိုအပျက်အစီးများက လေထဲသို့ ပျံတက်ကာ ဆဋ္ဌမမြောက်တောင်ကြီးနှင့် ပေါင်းစည်းနေသည်။ သို့ဖြစ်၍ ဆဋ္ဌမမြောက်တောင်ကြီးမှာ ပို၍ပင် ထည်ဝါလာသည်။

“ ဒီလူနဲ့ ကျွန်းပေါ်က သက်ရှိတွေအားလုံး၊ ဝိညာဉ်အစုအဝေးတွေကို သန့်စင်စေ ”

အမှတ်ခြောက်သခင်ကြီးက ညာလက်ကို မြှောက်လိုက်သည်။ သေရည်အိုးက လျှပ်စီးအချုပ်အနှောင်မှ ဝုန်းခနဲ လွတ်မြောက်သွားပြီး အမှတ်ခြောက်သခင်ကြီး၏ လက်ထဲ ရောက်သွားသည်။ အမှတ်ခြောက်သခင်ကြီးက သေရည်တစ်ငုံစာ သောက်လိုက်ပြီး သေရည်ကို ထွေးထုတ်လိုက်သည်။

ရုတ်တရက် တောင်ကြီး တုန်ခါလာပြန်ပြီး မြေပြင်မှာ ဆက်လက်ပြိုကွဲနေသည်။ ဝိညာဉ်အမျှင်တန်းများ အရပ်မျက်နှာအနှံ့မှ ရောက်လာကြသည်။ အသိပင်လယ်ထဲ ပုန်းခိုနေကြသော သံချည်မျှင်ပိုးကောင်များသည် သေမင်းနှင့် ကြုံတွေ့လိုက်ရပြီဖြစ်၍ အော်ဟစ်မြည်တမ်းလိုက်ကြသည်။

မြေပြင်က အလျင်အမြန် ကျုံ့လာပြီး လေထဲသို့ မြေသားထုများစွာ မြင့်တက်လာသည်။ ကြယ်ငါးကျွန်းတစ်ကျွန်းလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေပြီး မီးပင်လယ်ကြီး တဟုန်းဟုန်း လောင်ကျွန်းနေသည်။

“ သံသရာကို သန့်စင်စေ ”

နောက်ဆုံး၌ အမှတ်ခြောက်သခင်ကြီးသည် လျှာထိပ်ကို ကိုက်၍ တောင်ပေါ်သို့ သွေးတစ်ပွက်စာ အန်ထုတ်လိုက်သည်။

ကြယ်ငါးကျွန်းတစ်ကျွန်းလုံး ပျက်စီးသွားပြီး ဆဋ္ဌမမြောက်တောင်ထိပ်၏ စုပ်ယူခြင်း ခံလိုက်ရသည်။

ထိုအချိန်၌ ကျွန်းပေါ်ရှိ သက်ရှိများအားလုံး မီးပင်လယ်ကြီးနှင့်အတူ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။

ကြယ်ငါးကျွန်း မရှိတော့ပေ။

လောကကြီးထဲမှ ချေဖျက်ပစ်လိုက်သည့်အလားပင်။

ပင်လယ်ကြမ်းပြင်ပေါ်၌ ဧရာမကျဉ်းကြီးတစ်ကျဉ်းသာ ကျန်ခဲ့သည်။

ဘေးပင်လယ်ရှိ ပင်လယ်ရေများက ကျဉ်းကြီးထဲသို့ မဝင်ဝံ့ရာ ကျဉ်းနက်ကြီးမှာ သိသိသာသာ ပေါ်လွင်နေတော့သည်။ ဆဋ္ဌမမြောက်တောင်ကြီးသည်သာ ထီးထီးကြီးရှိနေပြီး နေမင်းနှင့်လမင်းပမာ ရောင်ဝါများ ဖြာထွက်နေသည်။

ပိုင်လီ၏ခန္ဓာကိုယ်သာမက ဝိညာဉ်ပါ ဇီဝိန်ချုပ်သွားလေပြီ။

ကြယ်ငါးမျိုးနွယ် အမြစ်ဖြုတ်သုတ်သင်ခံလိုက်ရလေပြီ။

All Chapters