ပိုင်လီဝိညာဉ်ဆေးလုံး ( ၂ )
Vol. 20 Ch. 307
ထိုသည်ကို ရွှီချင်း ဂရုမစိုက်ပေ။ ယခုတစ်ခေါက် သူ၏လက်စားချေသည့်ကိစ္စ အဆင်ပြေသွားခဲ့သည့် အဓိကအကြောင်းအရင်းမှာ အမှတ်ခြောက်သခင်ကြီးကြောင့် ဖြစ်သည်။ ဝိညာဉ်ဆေးလုံးကို မပေးခဲ့လျှင်ပင် သူ ဘာမှခံစားရမည်မဟုတ်ပေ။
ပိုင်လီနှင့်တိုက်ပွဲ၌ အမှတ်ခြောက်သခင်ကြီးပေးခဲ့သည့် ကျောက်စိမ်းလည်ဆွဲအတွက် အစွမ်းများစွာ သုံးစွဲခဲ့ရပါသော်လည်း ထိုလည်ဆွဲက အသုံးဝင်နေဆဲပင်။ ထိုလည်ဆွဲ၏ တန်ဖိုးက ဝိညာဉ်ဆေးလုံးထက် ကျော်လွန်နေပြီဖြစ်သည်။
ရွှီချင်းသည် အတွေးများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ဝိညာဉ်ဆေးလုံးကို ကောက်ယူလိုက်သည်။ ဆေးလုံးကို သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး တဂျွမ်းဂျွမ်း ဝါးစားလိုက်သည်။ ဆေးလုံးထဲရှိ အကြွင်းအကျန်ဝိညာဉ်မှာ စူးစူးဝါးဝါးအော်ဟစ်နေပါသော်လည်း နောက်ဆုံးတွင် ဝါးမျိုခံရခြင်းမှ မလွတ်မြောက်သွားနိုင်ခဲ့ပေ။ ရွှီချင်း၏ကိုယ်ထဲရှိ တဟုန်းဟုန်းတောက်လောင်နေသော မိစ္ဆာမီးတောက်များအောက်တွင် ၎င်းသည် အားလှိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခြောက်ဆယ့်ကိုးခုမြောက်ဓမ္မတံခါးဆီသို့ ဝုန်းခနဲ ဝင်ရောက်သွားသည်။
ရွှီချင်း၏ခန္ဓာကိုယ် မသိမသာ တုန်ခါသွားသည်။ ခြောက်ဆယ့်ကိုးခုမြောက်ဓမ္မတံခါးပွင့်သွားပြီး နောက်ဆက်တွဲအနေဖြင့် ခုနစ်ဆယ်မြောက်ဓမ္မတံခါး၊ ခုနစ်ဆယ့်တစ်ခုမြောက်ဓမ္မတံခါး စသည်ဖြင့် ဓမ္မတံခါးများပွင့်လာသည်။
ဝိညာဉ်ဆေးလုံး၏အစွမ်းက အနည်းငယ်မျှပင် လွင့်ပျယ်သွားခြင်းမရှိပေ။ မကြာခင် ခုနစ်ဆယ့်နှစ်ခုမြောက်ဓမ္မတံခါးများ ပွင့်သွားသည်။ ထို့နောက် ခုနစ်ဆယ့်သုံးခုမြောက်၊ ခုနစ်ဆယ့်လေးခုမြောက်၊ ခုနစ်ဆယ့်ငါးခုမြောက်ဓမ္မတံခါးများ ပွင့်လာသည်။
ယင်းသည် အဆုံးသတ်မဟုတ်သေးပေ။ ခဏအကြာ ခုနစ်ဆယ့်ခြောက်ခုမြောက်၊ ခုနစ်ဆယ့်ခုနစ်ခုမြောက်၊ ခုနစ်ဆယ့်ရှစ်ခုမြောက်ဓမ္မတံခါးများသည်လည်း ဆက်တိုက် ပွင့်လာသည်။
ပိုင်လီ၏ အကြွင်းအကျန်ဝိညာဉ်ဖြင့် ဖော်စပ်ထားသော ဝိညာဉ်ဆေးလုံးအစွမ်းမှာ ကြောက်ခမန်းလိလိပင်။
နောက်ဆုံး၌ ရွှီချင်း၏ မျက်လုံးများ ပွင့်လာပြီး ခရမ်းရောင်အလင်းများ ဝင်းလက်သွားစဉ် ခုနစ်ဆယ့်ကိုးခုမြောက်ဓမ္မတံခါး ပွင့်သွားသည်။
သူ၏ကျင့်ကြံခြင်းအခြေခံ တိုးတက်သွားသည်ဖြစ်၍ သူ့ခန္ဓာကိုယ်တစ်လျှောက် ဓမ္မစွမ်းအားများ စီးဆင်းသွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာလည်း ကြောက်ခမန်းလိလိအရှိန်အဝါများ ဖြာထွက်သွားသည်။ ဘေးပတ်လည်ရှိ ပင်လယ်ပြင်မှာ လှိုင်းများ ထန်သွားသည်။
“ ဓမ္မတံခါးဆယ့်တစ်ခုတောင် ပွင့်သွားခဲ့တာပဲ။ ဒီဆေးလုံးထဲမှာ ပိုင်လီရဲ့ အကြွင်းအကျန် ဝိညာဉ်တစ်ခုပဲ ပါတာ မဟုတ်လောက်ဘူး ”
ရွှီချင်း အနည်းငယ် တအံ့တသြ ဖြစ်သွားသည်။ အမှတ်ခြောက်သခင်ကြီး ပြောခဲ့သည့် အကြွင်းအကျန်ဝိညာဉ်ထဲတွင် တခြားမျိုးနွယ်လေးခုမှ ဘိုးဘေးများနှင့် ကျင့်ကြံသူများစွာ၏ အကြွင်းအကျန်ဝိညာဉ်များလည်း ပါဝင်နေနိုင်ကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။
မျိုးနွယ်စုလေးစုမှ မျိုးနွယ်ဝင်အများစုကို ဝါးမျိုလိုက်ပါသော်လည်း မျိုးနွယ်ဝင်များမှာ များပြားလှသည် မဟုတ်ပါလား။ အကြွင်းအကျန်ဝိညာဉ်အနည်းအကျဉ်းကို စုစည်းလိုက်သည့်တိုင်အောင် ၎င်းတို့၏ အစွမ်းက ကြောက်စရာကောင်းသွားမည်သာ ဖြစ်သည်။
“ တတိယမြောက်သက်စောင့်မီးလုံး ပေါ်လာဖို့ ဓမ္မတံခါးဆယ့်တစ်ခု ငါ ဖွင့်ရဦးမယ် ”
ရွှီချင်းက ခပ်တိုးတိုးဆိုလိုက်သည်။ ပြီးနောက် သိုလှောင်အိတ်ကို စစ်ကြည့်လိုက်သည်။ သိုလှောင်အိတ်ထဲတွင် ဆန္ဒမွန်သေတ္တာနှစ်လုံးရှိနေသည်။ ဆန္ဒမွန်သေတ္တာများအား ဖွင့်သည့်နည်းလမ်းကို သိလိုက်ရစဉ်ကတည်းက အားလပ်ချိန်တိုင်း ထိုသေတ္တာများကို သူ အားဖြည့်ပေးနေခဲ့သည်။ ယခု အားပြည့်ရန် မလိုတော့ပေ။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး သူ့နောက်ဘက်ရှိ နန်းဟွမ်ကျွန်းကြီးကို ကြည့်လိုက်သည်။ ယခု အရာအားလုံး ဖြေရှင်းပြီးသွားပြီဖြစ်ပြီး ခေါင်းဆောင်လဲ့ကို သူ အနည်းငယ် လွမ်းလာသည်။
ပြီးခဲ့သော လဝက်အတွင်း ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကြားက စစ်ပွဲသည်လည်း ပြောင်းလဲသွားခဲ့သည်။ ပထမဦးစွာ တတိယမြောက်မင်းသားက အံ့သြဘနန်း ကိစ္စကြီးတစ်ခုကို ဆောင်ရွက်ခဲ့သည်။
တတိယမင်းသားကို စစ်ပွဲထဲတွင် ရွှီချင်း တစ်ခါမှ မမြင်ခဲ့ရပေ။ ထိုကိစ္စကြီး ပေါ်လာသောအခါမှသာ တတိယမင်းသားက စစ်ပွဲစတင်ကတည်းက သစ္စာဖောက်ရန် သွေးထိုးလှုံ့ဆော်ရသည့် တာဝန်ကို ယူထားရကြောင်း သူ သိလိုက်ရသည်။
ထိုကိစ္စအား တတိယမြောက်မင်းသား မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို ရွှီချင်း မသိပေ။ တတိယမင်းသားက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ စစ်မြေပြင်မှာပင် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ် အားထားရသော မဟာမိတ်သုံးဖွဲ့ကို အောင်မြင်စွာ သွေးထိုးလှုံ့ဆော်နိုင်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် မူလက ချီရွှဲ့ထုံဂိုဏ်းကို ခုခံနေခဲ့သော အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မှာ ကျရှုံးတော့မည့်အရိပ်အခြေများ ပြသလာသည်။
ခုနစ်ဂိုဏ်းမဟာမိတ်က ချီရွှဲ့ထုံဂိုဏ်းနှင့် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်တို့ အင်အားချည့်နဲ့နေစေရန် မျှော်လင့်ထားသည်မှာ သိသာသည်။ သူတို့သည် စစ်ပွဲစကတည်းက စောင့်ကြည့်နေခဲ့၏။ ချီရွှဲ့ထုံဂိုဏ်းက အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပိုင်နက်ထဲသို့ ကျူးကျော်လာသောအခါတွင် သူတို့ လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဝမ်ကူးဒေသကြီးနှင့် အလွန်နီးကပ်နေသောကြောင့် ဖြစ်သည်။
တိတိကျကျဆိုရပါက ဝမ်ကူးဒေသကြီးမှ သွားသောလမ်းကြောင်းသည် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ပင်မကျွန်း၊ အရံကျွန်းများ၊ ရေသူမမျိုးနွယ်ကျွန်းများနှင့် ချီရွှဲ့ထုံဂိုဏ်းဟူ၍ အစဉ်လိုက်ဖြစ်သည်။
တတိယမြောက်မင်းသားက သစ္စာဖောက်ရန် သွေးထိုးမလှုံ့ဆော်ခင် ခုနစ်ဂိုဏ်းမဟာမိတ်က စစ်ပွဲကို သေချာစောင့်ကြည့်နေခဲ့သည်။ ထိုစစ်ပွဲက ကြာရှည်သွားပြီး ချီရွှဲ့ထုံဂိုဏ်း၏ အခြေခံအုတ်မြစ် လျော့တိလျော့ရဲဖြစ်လာစေရန် သူတို့ မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း တတိယမြောက်မင်းသား၏ အောင်မြင်မှုက သူတို့သဘောထားများကို ပြောင်းလဲသွားစေခဲ့သည်။
ချီရွှဲ့ထုံဂိုဏ်းထဲတွင် စစ်ပွဲနှင့် ပတ်သက်သော ကောလာဟလတချို့ ပျံ့နှံ့နေသည်။ ထိုစစ်ပွဲကြီး ပြီးဆုံးတော့မည်ဟု လူတချို့ ခန့်မှန်းနေကြသည်။ ခုနစ်ဂိုဏ်းမဟာမိတ်သာ ထိုစစ်ပွဲကြီးထဲ ဝင်ရောက်စွက်ဖက်လာလျှင် ချီရွှဲ့ထုံဂိုဏ်းအနေဖြင့် ဆက်လက်တိုက်ခိုက်ရန် အလွန် ခက်ခဲသွားမည် ဖြစ်သည်။
ရွှီချင်းသည် ထိုအဖြစ်အပျက်များကို ဂရုမစိုက်ပေ။
သူသည် ရတနာမုဆိုးစခန်းနှင့် တားမြစ်နယ်မြေထဲရှိ ခေါင်းဆောင်လဲ့၏ အုတ်ဂူသို့သာ သွားချင်နေသည်။ တချိန်တည်းမှာပင် ကြက်ခြေခတ်နှင့် လွမ်ယာတို့အကြောင်း သဲလွန်စရရန် သူ မျှော်လင့်နေသည်။
( ၂ ) နှစ် ကုန်လွန်သွားပြီဖြစ်ပြီး ထိုအတောအတွင်း သူတို့ မည်သည့်အခြေအနေသို့ ရောက်နေမည်ကို သူ သိချင်နေသည်။
ရွှီချင်းသည် အဝေးသို့ ငေးကြည့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ ထို့နောက် မှော်သင်္ဘောကို သိမ်းဆည်းကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သို့ လျှောက်သွားသည်။ လမ်းတွင် သစ်သီးဆိုင်ပိုင်ရှင်အား ဈေးလျော့ခိုင်းနေသော ခေါင်းဆောင်ကို သူ မြင်လိုက်ရသည်။ ခေါင်းဆောင်က စိတ်ပျက်လက်ပျက်ဖြစ်သွားသောအမူအရာဖြင့် ပန်းသီးတစ်အိတ်ဝယ်ရန် ဝိညာဉ်ကြေးပြားအနည်းငယ်ပေးလိုက်သည်။
ထို့နောက် ရွှီချင်းကို သူ လှမ်းမြင်လိုက်ပြီး ပန်းသီးတစ်လုံး ပစ်ပေးလိုက်သည်။ သူ့အတွက်လည်း ပန်းသီးတစ်လုံး ထုတ်လိုက်ပြီး ရွှီချင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“ မင်း အပြင်သွားမလို့လား။ ငါရော လိုက်ခဲ့မယ် ”
ရွှီချင်းက ပန်းသီးကို ဖမ်းလိုက်သည်။ ခေါင်းဆောင်ကို တိုက်တိုက်ဆိုင်ဆိုင် ဆုံခြင်းဖြစ်သည်ဟု သူ မယုံကြည်ပေ။ ထို့ကြောင့် သူ့မျက်လုံးများထဲ သံသယဝင်နေသည့်အရိပ်အယောင်များ ပေါ်လာသည်။
ခေါင်းဆောင်က ပန်းသီးကို စားလိုက်ပြီး ချောင်းဟန့်၍ သက်ပြင်းချလိုက်သည်။
“ အဘိုးကြီးက သူ ပြန်မရောက်မချင်း မင်းနောက်ကို လိုက်ပြီး မင်းကို စောင့်ရှောက်ပေးရမယ်လို့ ငါ့ကို မှာထားတာ။ ငါ့မှာ ရွေးချယ်ခွင့်မှမရှိဘဲ။ အဲဒီအဘိုးကြီးက နည်းနည်း စိုးရိမ်စိတ်ဝင်နေတယ်လို့ ထင်တယ်။ သူ့ဘာသာ တပည့်တစ်ယောက် လက်ခံချင်ရင် လက်ခံလိုက်လေ။ ဘာလို့ ဒီလိုစမ်းသပ်တာတွေ လုပ်နေတာတုံး။ အခုကျ စစ်ပွဲနဲ့ ပြန်လာလို့မရတော့ စိုးရိမ်ကြောင့်ကြနေရပြီ ”
ခေါင်းဆောင်သည် ပခုံးတွန့်လိုက်ပြီး သတ္တမမြောက်သခင်ကြီးကို တွေဝေတွန့်ဆုတ်မနေဘဲ ရောင်းစားလိုက်သည်။
ရွှီချင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။ သူ အတန်ငယ် တွေးတောပြီးနောက် ငြင်းဆန်မနေတော့ပေ။
အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်၏ ဝရမ်းစာရင်းလည်း ရှိနေသေးသည် မဟုတ်ပါလား။ ထို့အပြင် ကျစ်ထူ၏ ရက်စက်ကြမ်းကြုတ်ပုံများကို ချန်ဖေးယွမ်က သူ့အား ပြောပြထားခဲ့သည်။ ဤခရီးတွင် ခေါင်းဆောင်သာ သူ့ဘေးမှာ ရှိနေခဲ့ပါက သူ ပို၍ ဘေးကင်းလုံခြုံမည် ဖြစ်သည်။
သို့သော်လည်း ဤခရီးက ရူးမိုက်သောရည်ရွယ်ချက်တစ်ခုသို့လည်း ဦးတည်သွားကောင်း ဦးတည်သွားနိုင်သည်။
“ ကျနော် အိမ်ပြန်မလို့ ”
ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ အိမ်ပြန်မှာလား။ ဒါဆို ငါက ဧည့်သည်ပေါ့ဟ။ ဟား ဟား သွားမယ် သွားမယ်။ ဂိုဏ်းထဲမှာ နေရတာ ငြီးငွေ့နေပြီ။ အပြင်ထွက်ပြီး အနားယူကြမယ် ”
ခေါင်းဆောင်က ပြောလိုက်သည်။ သူက ရွှီချင်းထက်ပင် ပို၍ စိတ်အားထက်သန်နေပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ ခပ်သွက်သွက်သွားလေသည်။
“ ခေါင်းဆောင် တစ်ခုခုလုပ်ခဲ့တာလား။ အပြင်ထွက်ချင်တာက ရှောင်ချင်လို့လား ”
ရွှီချင်းက အံ့အားသင့်စွာ ပြောလိုက်သည်။
“ အာ … မဟုတ်ပါဘူးကွာ ”
ခေါင်းဆောင်က ခေါင်းကို ချက်ချင်း ခါလိုက်သည်။ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ ပျံသန်းသွားပြီးနောက် သူက ရွှီချင်းကို တည်နေရာမေးမြန်းကာ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်အား ချက်ချင်း ချိန်ညှိလိုက်သည်။ ရွှီချင်း စိတ်ရှုပ်ထွေးနေစဉ် သူတို့နှစ်ယောက်သည် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲ ပျောက်ကွယ်သွားသည်။
သူတို့ ထွက်သွားပြီး မကြာခင် ဆဋ္ဌမမြောက်တောင်ထိပ်မှ ဒေါသတကြီး အော်ဟစ်သံ ပဲ့တင်ထပ်သွားသည်။
“ ချန်အားညို ခွေးကောင် … မင်း အကုန်လုံး စားပစ်လိုက်တာလား ”
ထိုအော်ဟစ်ကြိမ်းမောင်းသံနှင့်အတူ ဆဋ္ဌမမြောက်တောင်ထိပ်မှ နတ်အာရုံတစ်ခု လွင့်ပျံလာပြီး ပင်မမြို့ကြီးတစ်ခုလုံး ဖြန့်ကျက်သွားကာ ခေါင်းဆောင်ကို ရှာလေသည်။ သို့သော်လည်း အချည်းနှီး ဖြစ်သွားလေပြီ။
ဆဋ္ဌမမြောက်တောင်ထိပ်မှ ခန်းမဆောင်အနောက်ဘက်ရှိ တောင်ခံတပ်ထဲတွင် အမှတ်ခြောက်သခင်ကြီးသည် သူ့ရှေ့မှ မြေဖုံးထားသော ကျဉ်းကြီးကို ဒေါပွနေသောအမူအရာဖြင့် ကြည့်နေသည်။ ဆက်ခံသူများနှင့် ဂိုဏ်းထဲရှိ ထိပ်ဆုံးနှစ်ယောက် သို့မဟုတ် သုံးယောက်ခန့်သာ ဆဋ္ဌမမြောက်တောင်ထိပ်ပေါ်တွင် ထိုကဲ့သို့ လုပ်ရပ်မျိုး လုပ်နိုင်ကြပေမည်။
ထိုကျဉ်းကြီးသည် အလွန်နက်ရှိုင်းပြီး ဆဋ္ဌမမြောက်တောင်ကြီး၏ အတွင်းထဲအထိ ပေါက်နေသည်။ ယင်းသည် ဆဋ္ဌမမြောက်တောင်ထိပ်စစ်ခံတပ်ကြီး၏ စွမ်းအားရင်းမြစ်တည်နေရာ ဖြစ်သည်။
ဆဋ္ဌမမြောက်တောင်ကြီး၏ စွမ်းအားရင်းမြစ်သည် လျှို့ဝှက်ချက်ဖြစ်သည်။ ယင်းကို မြူခိုးများဖြင့် လွှမ်းခြုံထားပြီး မည်သည့်အရာဖြစ်ကြောင်း မြင်နိုင်ရန် အလွန်ခက်ခဲသည်။ သို့သော်လည်း အမှတ်ခြောက်သခင်ကြီး၏ မျက်လုံးများထဲတွင် အရာအားလုံး ရှင်းလင်းနေသည်။
စွမ်းအင်ရင်းမြစ်၏ ခြေထောက်မှာ ကိုက်ရာကြီးတစ်ခုရှိနေပြီး အစိတ်အပိုင်းလေးတစ်ခု ပျောက်နေသည်ကို သူ မြင်နေရသည်။
“ ချန်အားညိုက အရင်ဘဝက ခွေးဝင်စားခဲ့တာလား။ အကုန်လုံး ကိုက်ပစ်နေတော့တာပဲ ”
ဆဋ္ဌမမြောက်သခင်ကြီး သက်ပြင်းချလိုက်သည်။ မြူခိုးများဖြင့် လွှမ်းခြုံထားသော စွမ်းအင်ရင်းမြစ်ကို ကြည့်ကာ သူ အနည်းငယ် ဒေါသထွက်နေသည်။
“ အဲဒီကလေး ဒါကို မြင်ပြီး ခန့်မှန်းမိမှာ သေချာတယ်။ ဒါပေမဲ့ သူ့အတိုင်းအဆကို သိပြီး လုပ်သင့်တာ၊ မလုပ်သင့်တာကိုလည်း သိလောက်မှာပါ။ ပြီးတော့ ပိုင်လီနဲ့ တိုက်တုန်းကတောင် ကြိတ်မှိတ်သည်းခံပြီး ဒီစွမ်းအင်ရင်းမြစ်ကို မသုံးခဲ့ဘူး။ တကယ်လို့ ငါ သုံးခဲ့တယ်လို့သာ သတင်းထွက်သွားရင် ဘိုးဘေးက ငါ့ကို အရှင်လတ်လတ်အရေခွံနွှာမှာ ”