ချီရွှဲ့ထုံဂိုဏ်းရဲ့ လျှို့ဝှက်ချက်
Vol. 20 Ch. 308
“ ခေါင်းဆောင်၊ ဘာလို့ခေါင်းဆောင်ခန္ဓာကိုယ်က တုန်ရီနေတာတုံး ”
နန်းဟွမ်ကျွန်းကြီး အရှေ့စူးစူးအရပ်ရှိ လုကျောက်မြို့ထဲမှ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ...
တည်နေရာရွှေ့ပြောင်းခြင်းအလင်းများ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်တို့ ပေါ်လာသည်။
ရွှီချင်းသည် ပုံမှန်အတိုင်း သူ့ရုပ်ရည်ကို ပြောင်းလဲလိုက်သည်။ ခေါင်းဆောင်သည် ထိုသို့လုပ်ရသည်ကို ပို၍ပင် အသားကျနေပြီး သက်လတ်ပိုင်းလူတစ်ယောက်အဖြစ် ရုပ်ပြောင်းရုပ်လွဲလုပ်လိုက်သည်။ သို့သော်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်သို့ ရောက်လာသောအခါ သူ့ခြေထောက်များ သိသိသာသာ တုန်ရီနေသည်။
ရွှီချင်း အံ့အားသင့်သွားသည်။
“ တုန်နေတာလား။ ဘယ်လိုဖြစ်တာလဲဟ။ ဘာအမှားမှလည်း မလုပ်ဘဲနဲ့ ”
ခေါင်းဆောင်က ချောင်းတဟွတ်ဟွတ်ဆိုးလိုက်ပြီး သူ့ခြေထောက်ကို ခပ်ပြင်းပြင်းရိုက်လိုက်သည်။
ရွှီချင်းသည် ဘာမှမမေးပေ။ ဂိုဏ်းထဲမှာ ခေါင်းဆောင်က ကြီးကျယ်သော ကိစ္စတစ်ခု လုပ်ခဲ့ကြောင်းကို သူ ခန့်မှန်းနေရန် မလိုပေ။ ထိုသို့မဟုတ်ပါက ခေါင်းဆောင်၏ ရူးသွပ်ခြင်းမျိုးဖြင့် ဤနေရာသို့ ရောက်လာသည့်တိုင်အောင် သူ့ခြေထောက်များ ဆက်လက်တုန်ရီနေမည် မဟုတ်ပေ။
ခေါင်းဆောင်က ဘာမှမပြောသည်ဖြစ်၍ ရွှီချင်းလည်း မေးမနေပေ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အပြင်ဘက်သို့ ထွက်လာပြီးနောက် ရင်းနှီးသလိုလို မရင်းနှီးသလိုလို ခံစားနေရသော လုကျောက်မြို့ကို သူ ကြည့်လိုက်သည်။ ကျင်းကန်းဂိုဏ်းကို သူ မီးလောင်တိုက်သွင်းပြီးနောက် ဤနေရာမှ တည်နေရာရွှေ့ပြောင်းခဲ့သည့်မြင်ကွင်း သူ့စိတ်ထဲ ထင်ဟပ်လာသည်။
ရွှီချင်းသည် အတိတ်ကို လွမ်းဆွတ်ရင်း ရှေ့ဆက်လျှောက်သွားသည်။
ဤမြို့သည် ချီရွှဲ့ထုံဂိုဏ်း၏ မြို့ခွဲဖြစ်ပါသော်လည်း ချောင်ချပြီး ကြမ်းတမ်းသော ပတ်ဝန်းကျင်မှာ ရှိနေသည်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးထက် ပို၍ ညစ်ပတ်စုတ်ပြတ်ကာ ဖရိုဖရဲ ဖြစ်နေသည်။ နေရာတိုင်းမှ ပုပ်ပွနံစော်နေသော အနံ့အသက်များ ပျံ့လွင့်နေပြီး လမ်းထောင့်တိုင်းမှာ ပိန်ချုံးချည့်နဲ့နေသော လူများစွာ ကောင်းကင်ကြီးအား အသက်မဲ့စွာ မော့ကြည့်နေကြသည်။
မြို့ကြီးတစ်ခုလုံး မွန်းကြပ်စရာနေရာတစ်ခု ဖြစ်နေတော့သည်။
ရွှီချင်းသည် တိတ်ဆိတ်စွာ ရှေ့ဆက်လျှောက်သွားသည်။ လမ်းတွင် အသိဉာဏ်ကင်းမဲ့သောလူများကို သူ မကြုံခဲ့ရပေ။ ဤတစပြင်နေရာထဲမှာ လူသားသဘာဝက ကြမ်းတမ်းသောစရိုက်ရှိနေမည်ဖြစ်ပါသော်လည်း ဤနေရာတွင် ရှင်သန်နေသည့်လူများထဲတွင် အရူးများ မည်ကဲ့သို့ ရှိနေမည်နည်း။
အနိုင်ကျင့်နိုင်သည့်လူများနှင့် ရန်မစသင့်သည့်လူများကို သူတို့ အလိုလို ခွဲခြားနိုင်ကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့မှာ ဒုတိယအမျိုးအစားထဲတွင် ပါဝင်သည်ဖြစ်ကြောင်း သူတို့ကို ခံစားရစေသည်။
“ ရွှီချင်း၊ မင်း တကယ် မသိချင်ဘူးလား ”
လုကျောက်မြို့ဂိတ်တံခါးသို့ သူတို့ ရောက်သောအခါ ခေါင်းဆောင်သည် မနေနိုင်တော့ဘဲ ပန်းသီးတစ်လုံးကို ထုတ်၍ ကိုက်လိုက်သည်။ သူသည် ဘေးပတ်ဝန်းကျင်ကို စိတ်ပူမနေဘဲ ရွှီချင်းက မမေးဘဲ အောင့်အီးနေသည့်အတွက်သာ သူ သိချင်စိတ်ဖြစ်နေရသည်။
“ သိချင်ပါတယ် ”
ရွှီချင်းသည် ခေါင်းမလှည့်ကြည့်ဘဲ ပြောလိုက်သည်။ လုကျောက်မြို့အပြင်ဘက်သို့ ထွက်လာပြီးနောက် နတ်ဘုရား၏အကြည့် သက်ရောက်ခံလိုက်ရပြီး တစပြင်ဖြစ်သွားသော တားမြစ်နယ်မြေကို လှမ်းကြည့်လိုက်သည်။
“ မင်း ကြည့်ရတာလည်း သိချင်တဲ့ပုံမပေါ်ပါဘူး။ အာ ထားလိုက်တော့ ထားလိုက်တော့ မင်းက ငါ့အဖွဲ့ဝင်ဖြစ်နေတဲ့အပြင် ဝိညာဉ်ကျောက်တုံးငါးသောင်းလည်း အကြွေးတင်နေလို့ ငါ နည်းနည်းလောက် ပြောပြမယ် ”
“ ဘိုးဘေးက အကြီးစားစစ်တုရင်ပွဲကြီး ကစားနေတာကွ။ အဲဒီထက် ငါ ပိုပြောပြလို့ မရဘူး။ ငါ ဆက်ပြောလိုက်ရင် ငါ့ကို ဘိုးဘေးက အရှင်လတ်လတ် အရေခွံနွှာမှာ ”
ခေါင်းဆောင်က ဘေးဘီဝဲယာကို ကြည့်လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ အလျင်အမြန် ဆက်သွားလိုက်သည်။ သူက မြို့ပျက်ကြီးသို့ ပြန်မည် မဟုတ်ပေ။ ယခု မြို့ပျက်ကြီးထဲတွင် သူ သတိရစရာ မရှိပေ။ ယင်းအပြင် နောက်ဆုံးတစ်ခေါက် ထိုမြို့ပျက်ကြီးထဲသို့ သူ သွားခဲ့သည်မှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး သူ့နောက်သို့ လိုက်နေခြင်းကြောင့် ဖြစ်သည်။
ထိုမြို့ပျက်ကြီးထဲသို့ သူ ထပ်သွားစရာ အကြောင်းမရှိပေ။
ထို့ကြောင့် ရွှီချင်းက ရတနာမုဆိုးစခန်းသို့ ဦးတည်သွားလိုက်သည်။
ခေါင်းဆောင်က ဘေးပတ်လည်ရှိ မြေရိုင်းလွင်ပြင်ကို ကြည့်ရင်း သူ့ဘေးမှ လျှောက်သွားသည်။ ဤနေရာတွင် နွေဦးရာသီအစောပိုင်းကာလဖြစ်နေ၍ နှင်းအငွေ့အသက်များကို ရံဖန်ရံခါ မြင်ရတတ်သည်။ တဟူးဟူးတိုက်ခတ်နေသော လေထဲတွင် အနွေးဓာတ်များ ရှိမနေဘဲ အေးစက်နေ၏။
“ မင်းကို ပြောပြမယ် ရွှီချင်း။ အမှတ်ခြောက်သခင်ကြီး … သူလည်း အကြံသမားတစ်ယောက်ပဲကွ။ ကြယ်ငါးကျွန်းပေါ်မှာတုံးက သူ ကောင်းကောင်း ဟန်ဆောင်သွားတာ ”
ရွှီချင်းက ဆက်မမေးသေးသည်ကို မြင်၍ ခေါင်းဆောင်မှာ စိတ်ထဲ ယားကျိကျိဖြစ်လာသည်။ သူ မနေနိုင်တော့ဘဲ သူ မြင်ခဲ့ရသမျှကို ထုတ်ပြောချင်လာပါသော်လည်း မပြောဝံ့ချေ။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ အိုက်ယား၊ ရွှီချင်း … အဲဒီလိုကြီး လုပ်တာ မကောင်းဘူးကွ ”
ခေါင်းဆောင်သည် အနည်းငယ် ကူကယ်ရာမဲ့သွားရပြီး ပန်းသီးကို ကိုက်လိုက်သည်။
“ ဆဋ္ဌမမြောက်တောင်ထိပ်မှာ ငါ မြင်ခဲ့ရတာကို မင်း ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ငါဆို အံ့သြလွန်းလို့ တုန်လှုပ်သွားရတယ်။ အဲဒါ တကယ့်အကြီးစားစစ်တုရင်ပွဲကြီးနော် ”
“ ခန့်မှန်းထားသလိုပဲ အသက်ကြီးလေလေ ကောက်ကျစ်လေပဲ။ ငါတို့ချီရွှဲ့ထုံဂိုဏ်းက အဲဒီအဘိုးကြီးတွေက လူတွေကို ကစားနေကြတာကွ ”
ခေါင်းဆောင်က အသက်ပြင်းပြင်းရှူလိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုစကားကို သူ များစွာ နားမလည်ပေ။ သူ သိသည်မှာ ဆဋ္ဌမမြောက်တောင်ထိပ်၌ ခေါင်းဆောင် ကိစ္စကြီးတစ်ခု လုပ်ခဲ့သည်ဆိုတာကိုပင်။ ဆဋ္ဌမမြောက်တောင်ထိပ်ကို သူ ကြည့်လိုက်စဉ်အခါက ခေါင်းဆောင်၏ အကြည့်ကို သူ ပြန်တွေးမိလိုက်ပြီး ဒိန်းခနဲ ရင်ခုန်သွားရသည်။
“ ခေါင်းဆောင်၊ ဆဋ္ဌမမြောက်တောင်ထိပ်ကို ခေါင်းဆောင် သွားပြီး တစ်ခုခုကို ကိုက်ခဲ့တယ်လို့ ကျနော့်ကို မပြောနဲ့နော် ”
ခေါင်းဆောင်၏ မျက်ခုံးမွေးများက မနှစ်မြို့သည့်ဟန်ဖြင့် အပေါ်သို့ ပင့်တက်သွားသည်။
“ တစ်ခုခု ကိုက်ခဲ့တယ်ဆိုတာကြီးက ဘာသဘောတုံးဟ။ လက်ထောက်ခေါင်းဆောင်၊ မင်းကို ငါ သတိပေးရဦးမယ်။ ကိုယ့်အထက်လူကြီးကို ဒီလိုမျိုး ပြောစရာလား ”
“ ကျနော်က လူဆိုးထိန်းဌာနရဲ့ ဌာနမှူးလေ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ ငါက မင်းရဲ့ဆရာတူအစ်ကိုလေ ”
ခေါင်းဆောင်က ပန်းသီးကို လက်စသတ်လိုက်ပြီး ရွှီချင်း ပြောမည့်စကားကို သိနေသည့်အလား ပုလဲတစ်လုံးကို ထုတ်၍ ကြည့်လိုက်သည်။
“ အခုထိ ကျနော့်ကို ဆရာမှ အသိအမှတ်မပြုသေးတာ ”
ရွှီချင်းက ပြန်ပြောလိုက်သည်။
“ ဒါဆိုလဲ အကြီးဆုံးမင်းသားကို မြန်မြန်နှုတ်ဆက်လေ ”
ခေါင်းဆောင်က မေးကိုပင့်ထားပြီး ရွှီချင်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
ရွှီချင်း ငြိမ်သက်သွားသည်။ ယခုတစ်ခေါက် ခေါင်းဆောင်ကို သူ အနိုင်ရမည်မဟုတ်ကြောင်း သိလိုက်ရပြီး မကြားဟန်ဆောင်ကာ ရှေ့ဆက်သွားလိုက်သည်။ လက်ရှိသူ၏အမြန်နှုန်းဖြင့် လုကျောက်မြို့မှ ရတနာမုဆိုးစခန်းသို့ရောက်ရန် တစ်နာရီခန့်သာ သွားရမည်ဖြစ်သည်။
သူက တောင်တစ်လုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး တောင်ခြေရှိ ရတနာမုဆိုးစခန်းအပြင် မနီးမဝေးရှိ မည်းနက်နေသော တောအုပ်ကို မြင်လိုက်ရသည်။
ဤနေရာမှနေ၍ တားမြစ်နယ်မြေတောအုပ်အား အနက်ရောင်မြူခိုးများ လွှမ်းခြုံရစ်သိုင်းနေသည်ကို သူ မြင်လိုက်ရသည်။ လေထဲတွင် လျှပ်စီးများ တဖျပ်ဖျပ်လက်နေပြီး တဂျိမ်းဂျိမ်းမြည်ဟည်းလျက် တားမြစ်နယ်မြေပေါ်သို့ ရံဖန်ရံခါ ကျဆင်းသွားသည်။
ခေါင်းဆောင်က အဝေးရှိ တားမြစ်နယ်မြေကို လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
“ ဒီတားမြစ်နယ်မြေက အကြီးကြီးပဲ။ အထဲမှာ နတ်အငွေ့အသက်တွေ ရှိနေတာပဲ ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ ယခင်က ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသည့်အတွက်ကြောင့် နတ်စွမ်းအားကို သူ နားမလည်ခဲ့ပေ။ ယခု သူ ပြန်ရောက်လာပြီး ဤနေရာတွင် ရပ်လိုက်သောအခါ အဝေးရှိ တားမြစ်နယ်မြေထဲမှ နတ်အငွေ့အသက်များကို ကောင်းစွာ ခံစားလိုက်ရသည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး အောက်ဘက်ရှိ ရတနာမုဆိုးစခန်းကို ကြည့်လိုက်သည်။ ထိုနေရာသည် ဖရိုဖရဲ ဖြစ်နေပြီး စခန်းထဲမှ ကောက်ကျစ်စဉ်းလဲသော ရယ်မောသံသဲ့သဲ့ကို ကြားနေရသည်။
သူ ရှေ့ဆက်လျှောက်သွားသည်။ ဘေးရှိ ခေါင်းဆောင်က ချောင်းဟန့်လိုက်သည်။
“ ချင်းလေး၊ စောစောက ဆရာတူအစ်ကို မင်းကို နောက်နေတာကွ။ မင်း စိတ်ပျက်မသွားနဲ့ဦး။ အဲဒီကိစ္စက ကြီးလွန်းလို့ မင်းကို အကုန်ပြောပြလို့မရတာ ”
“ ဒီကိစ္စက စစ်မြေပြင်နဲ့ ပတ်သက်နေတယ်။ မင်း မသိဘူး၊ ဆဋ္ဌမမြောက်တောင်ထိပ်ကို ငါ ရောက်သွားပြီး အဲဒါကို မြင်လိုက်တော့ စကားမပြောနိုင်လောက်အောင် ဖြစ်သွားတယ် ”
“ ပြီးတော့ ဒီအကြံသမားအဘိုးကြီးတစ်စုရဲ့ ဦးဆောင်မှုနဲ့ဆိုရင် ချီရွှဲ့ထုံဂိုဏ်းရဲ့ အနာဂတ်က ပိုပြီး တောက်ပလာမယ်လို့ ငါ ထင်တယ် ”
“ မင်း တကယ် မသိချင်ဘူးလား။ ငါ အရှင်လတ်လတ်အရေခွံနွှာခံရမယ့်အရေးကို စွန့်စားပြီး မင်းကို နည်းနည်းလောက် သေချာပြောပြမယ်ဆိုရင်ကော ”
တောင်အောက်ဆင်းသည့်လမ်းတစ်လျှောက် ခေါင်းဆောင်သည် လျှို့ဝှက်ချက်များဖြင့် ရွှီချင်းကို သိချင်စိတ်ဖြစ်လာအောင် လုပ်နေသည်။ သို့သော်လည်း အဆုံးသတ်တွင် ကြွားဝါချင်သည့်သူ့စိတ်ကြောင့် ရွှီချင်းထက်ပင် ပို၍ စိတ်မရှည်နိုင်အောင် ဖြစ်လာရသည်။
ရွှီချင်းသည် ငြိမ်သက်စွာဖြင့် ရတနာမုဆိုးစခန်းသို့ လျှောက်သွားသည်။
သူ့ကို ကြိုဆိုနေသည်မှာ သူမှတ်မိနေခဲ့သည့်ပုံပန်းသွင်ပြင်နှင့် တစ်ထပ်တည်းပင်။ မြေပြင်မှာ ရွှံ့များဖုံးလွှမ်းနေပြီး ဘေးပတ်လည်တွင် အပျက်အစီးများ ရှိနေသည်။ ရတနာမုဆိုးများသည် သားရေအနွေးထည်များကို ဝတ်ဆင်ကြသည်။ တချို့က ရွှံ့အလိမ်းလိမ်းဖြစ်ကာ တချို့က မျက်နှာတွင် အမာရွတ်များ ရှိကြသည်။
ရွှီချင်းနှင့် ခေါင်းဆောင်တို့ ရောက်ရှိလာခြင်းကြောင့် ရတနာမုဆိုးစခန်းထဲရှိ ဆူဆူညံညံအသံများ တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ ရတနာမုဆိုးအများစုက အနည်းငယ် နောက်ဆုတ်သွားကြပြီး ကပ်ဖားရပ်ဖားလုပ်သည့်အမူအရာများ ပေါ်လာသည်။
သို့သော် ထိုကပ်ရပ်ရပ်ဖားအမူအရာများ နောက်ကွယ်တွင် သူတို့ထံမှ လုယူနိုင်ရန် စောင့်ကြည့်နေကြသည်ကို ရွှီချင်း သိသည်။
ရွှီချင်းသည် ဖျတ်ခနဲ လှမ်းကြည့်လိုက်ပါသော်လည်း ရင်းနှီးသောလူရိပ်များကို မမြင်ရပေ။ ( ၂ ) နှစ်ဆိုသောအချိန်အတွင်း ရတနာမုဆိုးအများစု၏ နေထိုင်မှုဘဝက ပြောင်းလဲမသွားခဲ့ပေ။
သူ နေခဲ့ဖူးသည့် အိမ်လေးသို့ ရောက်သည်အထိ သူ လျှောက်လာခဲ့သည်။
ထိုအိမ်လေးထဲတွင် တခြားတစ်ယောက် နေထိုင်နေပြီ ဖြစ်သည်။
ခဏအကြာ ရွှီချင်းသည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး လှည့်ထွက်သွားသည်။ ခေါင်းဆောင်သည်လည်း ထိုအိမ်လေးကို လှမ်းကြည့်ကာ ယခင်က ရွှီချင်း၏အိမ်ဖြစ်ခဲ့နိုင်ကြောင်း နားလည်လိုက်သည်။ သူသည် ရွှီချင်း၏ဘေးမှ ကပ်လျှောက်သွားရင်း ရွှီချင်းနှင့်အတူ ထွက်သွားရန် ပြင်လိုက်စဉ် ရုတ်တရက် ရွက်ဖျင်တဲတစ်လုံးကို မြင်သွားသည်။
ရွက်ဖျင်တဲပေါ်၌ ငှက်မွေးတစ်ချောင်း တွဲလောင်းချထားသည်။
ရွှီချင်းကဲ့သို့ မကြုံတွေ့ခဲ့ရဖူးသော ခေါင်းဆောင်မှာ ထိုငှက်မွေးများက ရတနာမုဆိုးစခန်းများနှင့် ဆင်းရဲသားရပ်ကွက်များ၌ မည်သည့်သဘောဆောင်သည်ကို မသိပေ။ သို့သော်လည်း မကြာခင် လူတစ်ယောက်က ဘောင်းဘီရှည်ကို ဆွဲမရင်း ရွက်ဖျင်တဲထဲမှ ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
“ သိပြီ။ အဲဒါ ဆောင်ကြာမြိုင်နဲ့ အတူတူပဲ။ ဒါပေမဲ့ ရတနာမုဆိုးစခန်းက ငှက်မွေးတွေကို အမှတ်အသားအနေနဲ့ သုံးကြတာ ”
ခေါင်းဆောင်သည် နားလည်သွားပြီး အကြည့်လွှဲရန် ပြင်လိုက်သည်။ သို့သော် ငှက်မွေးကို သူ ပြန်ကြည့်လိုက်ပြီးနောက် ရွှီချင်းကို ကြည့်လိုက်သည်။
“ ရွှီချင်း … ရေသူမကျွန်းပေါ်မှာတုံးက ငါ့ခန္ဓာကိုယ်တစ်ခြမ်း ပျက်စီးနေတာကို မင်း မြင်တော့ ငါ့ကို ငှက်မွေးတစ်ချောင်း ပေးချင်တယ်လို့ မင်း ပြောခဲ့တာက …”
ခေါင်းဆောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ရွှီချင်းသည် ခေါင်းဆောင်ကို လှမ်းကြည့်လိုက်ပြီး ပန်းသီးတစ်လုံး ထုတ်လိုက်သည်။ ထို့နောက် ပန်းသီးကို ကိုက်စားလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။
ခေါင်းဆောင်သည် အေးစက်စက်နှာမှုတ်လိုက်ပြီး ငှက်မွေးကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူ ချာခနဲ လှည့်၍ ပြေးထွက်သွားသည်။ မည်သည့်နည်းလမ်းကို သူ အသုံးပြုလိုက်သည်မသိရပါသော်လည်း ရွှီချင်းကို သူ မီလာသောအခါ သူ့လက်ထဲတွင် ငှက်မွေးခုနစ်ချောင်း၊ ရှစ်ချောင်း ပါလာသည်။
“ ပစ္စည်းကောင်းလေးပဲကွ။ ပြန်ရောက်ရင် ကျန်းစန်းကို တစ်ချောင်း ပေးရမယ် ”
ရွှီချင်းက ရတနာမုဆိုးစခန်းထဲမှ ထွက်လာခဲ့သည်။ တားမြစ်နယ်မြေဆီသို့ သူ လျှောက်လာရင်း ခေါင်းဆောင်၏ လက်ထဲမှ ငှက်မွေးများကို လှမ်းကြည့်လိုက်သည်။ တားမြစ်နယ်မြေသို့ သူ ရောက်ခါနီးတွင် ရုတ်တရက် မေးလိုက်သည်။
“ ခေါင်းဆောင်၊ ဆဋ္ဌမမြောက်တောင်ထိပ်မှာ ဘာမြင်ခဲ့တာလဲ ”
ခေါင်းဆောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။ ထိုသို့ ရွှီချင်း မေးလာမည်ကို သူ စောင့်နေခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် ခရီးတစ်လျှောက် ထိုလျှို့ဝှက်ချက်ကို ထိန်းသိမ်းလာခဲ့ရပြီဖြစ်ပြီး ထပ်မံလျှို့ဝှက်မထားနိုင်တော့ပေ။ ငှက်မွေးများကို သူ သိမ်းလိုက်ပြီးနောက် ဘေးဘီဝဲယာကို ကြည့်၍ ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ မင်းကို ငါ အဖြေမပြောခင် ဒီတစ်ခေါက် ဂိုဏ်းရဲ့စစ်ပွဲလမ်းကြောင်းကို ပြန်စဉ်းစားကြည့် ”
“ အရင်ဆုံး ချီရွှဲ့ထုံဂိုဏ်းက ရေသူမကျွန်းပေါ်မှာ ပြိုင်ပွဲကျင်းပလိုက်တယ်။ အဲဒါနဲ့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဝင်တွေကို မျှားခေါ်လိုက်တယ်။ ဘိုးဘေးက အဆင့်တက်သွားပြီး ဗြုန်းစားကြီး ပေါ်လာတယ်။ အဲဒါပြီးတော့ ရေသူမကျွန်းကို ရှေ့တန်းစစ်မြေပြင်ဗဟိုဌာနအဖြစ် ထားလိုက်တယ် ”
“ အဲဒီနောက် အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို စစ်ကြေညာလိုက်ပြီး တစ်ဆင့်ချင်း ရှေ့တက်သွားတယ်။ အရံကျွန်းတွေကို ငါတို့ သိမ်းပိုက်လိုက်ပြီး အခု အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ရဲ့ ပင်မကျွန်းကြီးကို တိုက်ခိုက်နေပြီ ”
“ ဒီတော့ အစက ဝမ်ကူးဒေသကြီးနဲ့ အဝေးမှာရှိနေခဲ့တဲ့ ချီရွှဲ့ထုံဂိုဏ်းက ဝမ်ကူးဒေသကြီးနဲ့ နီးကပ်လာပြီ ”
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။
“ ဒါဆို ဂိုဏ်းရဲ့ ရည်ရွယ်ချက်အမှန်က ဘာလဲ။ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကိုပဲ တိုက်ခိုက်တာလား။ ဒါမှမဟုတ် အဲဒီထက်ပိုနက်ရှိုင်းတဲ့ ဗျူဟာမြောက်ရည်ရွယ်ချက်ပြည့်ဖို့ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ကို အစိတ်အပိုင်းတစ်ခုအနေနဲ့ တိုက်ခိုက်လိုက်တာလား ”
ခေါင်းဆောင်က ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ ဆဋ္ဌမမြောက်တောင်မှာ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်က ဘိုးဘေးရုပ်အလောင်းရုပ်ထုကိုးခုနဲ့ မတူတဲ့ ဘိုးဘေးရုပ်အလောင်းရုပ်ထုကို ငါ မြင်ခဲ့ရတယ်။ အဲဒါက ဆဋ္ဌမမြောက်တောင်စစ်ခံတပ်ကြီးရဲ့ စွမ်းအင်ရင်းမြစ်ပဲ ”